Wednesday, January 14, 2015

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော) ဆောင်းပါးအမှတ်(၂၆)

0 comments
ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော) ဆောင်းပါးအမှတ်(၂၆)        
ဆိုရှယ်လစ်တပ်မှူးများ
အပိုင်း (၂) ဗိုလ်မောင်မောင်

၁၉၅၁ ခုနှစ် သြဂုတ်လကုန်ရက်တရက်။ ဖေဖေမနက်ရုံးမသွားခင်မှာ မေမေ့ကိုမှာခဲ့တာက “ဒီနေ့ ဗိုလ်မောင်မောင်တို့ ရောက်လာလိမ့်မယ်။ မင်းတို့ လေယာဉ်ပျံကွင်းသွားကြိုပြီး ဧည့်ခံလိုက်ကြပါ”တဲ့။

အဲဒီကာလက ဖေဖေက တောင်ပိုင်းတိုင်း တိုင်းမှူးအဖြစ် မင်္ဂလာဒုံမှာရှိနေပြီး၊ ကေအင်ဒီအိုတွေနဲ့ တိုက်ပွဲအဆုံးသတ်တွေ ဆင်နွှဲနေရချိန်ပါ။ မေမေကတော့ အဲဒီခေတ်အဲဒီကာလက ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်တို့၊ ဝန်ကြီးချုပ်ဦးနုကတော်ဒေါ်မြရီတို့ နာယကများအဖြစ် ဦးစီးဖွဲ့စည်းလှုပ်ရှားခဲ့တဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်း၊ တပ်မတော်အမျိုးသမီးများအသင်း စတာတွေရဲ့ တောင်ပိုင်းတိုင်းဌာနရဲ့ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေရချိန်ပါ။
အဲဒီအသင်းအဖွဲ့တွေရဲ့ ရည်ရွယ်ချက်ကတော့ ရှေ့တန်းမှာတိုက်ပွဲဝင်နေရတဲ့တပ်မတော်သားများရဲ့ နေထိုင်စားသောက်ရေး၊ စိတ်ဓာတ်ရေးရာ တွေကို နောက်တန်းကနေကူညီပံ့ပိုးဖို့နဲ့ နောက်တန်းမှာကျန်ခဲ့တဲ့ စစ်သားမိသားစုများရဲ့ဘဝ သက်သာချောင်ချိရေးများအတွက် ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။

ဖေဖေရည်ညွှန်းပြောဆိုလိုက်တဲ့ ဗိုလ်မောင်မောင်ကတော့ ၁၉၄၉ ခုနှစ်အတွင်းက မိတ္ထီလာမှာ ကေအင်ဒီအိုတွေရဲ့ အဖမ်းအဆီးခံလိုက်ရပြီး နှစ်နှစ်ကျော်ကျော် သုံးနှစ်နီးပါး သုံ့ပန်းအဖြစ်နေရာအမျိုးမျိုး ရွှေ့အချုပ်အနှောင်ခံရပြီးမှ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၁-၂၅ ရက်နေ့အတွင်း ဗမာ့တပ်မတော်ရဲ့ကယ်တင်မှုနဲ့လွတ်မြောက်လာတဲ့ ဗိုလ်မှူးကြီးမောင်မောင်နဲ့အရာရှိတစုကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့ လွတ်မြောက်ပြီး နောက် လေယာဉ်ပျံတွေနဲ့မင်္ဂလာဒုံကို ခေါ်လာကြတာပါ။

မေမေကလည်း သူ့အဖွဲ့အတွင်းက စစ်ဗိုလ်ကတော်တွေကိုစုစည်းပြီး မင်္ဂလာဒုံလေယာဉ်ကွင်းကို သွားကြိုခဲ့ပါတယ်။ လွတ်လာသူတချို့ရဲ့ ဇနီးတွေလည်း သူတို့အုပ်ထဲမှာပါခဲ့ကြတယ်တဲ့။ မေမေတို့က သူတို့ကိုသွားကြိုဆိုပြီး မင်္ဂလာဒုံမှာရှိတဲ့ဧည့်ဂေဟာ (Guest House) မှာ နေရာချထားပေးပါတယ်။ ဒီနောက် မေမေက “ကဲ ဗိုလ်မှူးတို့ဘာစားချင်ကြသတုန်း”လို့မေးတော့ အားလုံးက တသံတည်း “မုန့်ဟင်းခါး”လို့ ဖြေကြသတဲ့။ မုန့်ဟင်းခါးစားချင်တယ်ဆိုတဲ့ အဖြေရတော့ သုံးဆယ် သူကြီးဖြစ်တဲ့ မေမေက အကြိုက်ကျသွားတော့တာပါပဲ။

ကျွန်မတို့ မွေးဇာတိ သုံးဆယ်က သုံးဆယ်မုန့်ဟင်းခါးဟာ နာမည်ကြီးပါတယ်။ အဲဒီခေတ်က ရန်ကုန်ကအလှူပွဲတွေမှာ သုံးဆယ် မုန့်ဟင်းခါးကို အော်ဒါမှာပြီးကျွေးတတ်ပါတယ်။ ကျွန်မတို့ငယ်ငယ်က “ဦးဖိုးသူ သုံးဆယ်မုန့်ဟင်းခါး”ဆိုတာ အလွန်နာမည်ကြီးပြီး ကျွန်မတို့ အဘိုးအဘွား ဆွေမျိုးသားချင်းများရဲ့အလှူပွဲတွေမှာဖြစ်ဖြစ်၊ အဘိုးရဲ့ရုံးက ဒါဘာပွဲတွေမှာဖြစ်ဖြစ် မပါရင်မပြီးပါဘူး။ ကျွန်မတို့အရပ်က အင်းတွေ၊ ကန်တွေ၊ ချောင်းတွေလည်းပေါတော့ ငါးသိပ်ပေါပါတယ်။ ငါးပေါတော့ ငါးပိ၊ ငံပြာရည်လည်းပေါတော့တာပေါ့။ မုန့်ဟင်းခါး ဆိုတာက ငါးနိုင်ရင် ငံပြာရည်နိုင်ရင် ကောင်းတာပဲလေ။ ဒါကြောင့်မေမေက မုန့်ဟင်းခါးချက်ဖို့ဆိုရင် သိပ်တက်ကြွပါတယ်။ သူပိုင်တဲ့ ဘာသာရပ်ကိုး။

ဒါနဲ့မေမေက စစ်ဗိုလ်ကတော် နှစ်ယောက်သုံးယောက်လောက်ခေါ်ပြီး ရန်ကုန် သိမ်ကြီးဈေးကို ပြေးရပါတယ်။ အဲဒီတုန်းက မင်္ဂလာဒုံဟာ တပ်မြို့နယ်လေးပဲဖြစ်ပြီး ဈေးကလည်း ချောက်ချီးချောက်ချက်ပါပဲ။ မနက် ၁ဝ နာရီလောက်ဆို ဈေးကွဲနေပါပြီ။ ဒါကြောင့် မေမေတို့က ရန်ကုန်ထိပြေး၊ ဈေးဝယ်ရတာပါ။ မေမေက မုန့်ဟင်းခါး တပင်တိုင်ဟင်းသက်သက်အတွက်သာမက ဘူးသီးကြော်ကြော်ဖို့ပါ အစုံအလင် ဝယ်ခြမ်းပြီးတနေ့လုံး လုံးပန်းချက်ပြုတ်ရပါတယ်။

သုံးဆယ်မုန့်ဟင်းခါးက ငါးခူနဲ့ချက်ပါတယ်။ ပြီးမှ အဆာပလာကို ချဲ့ချင်သမျှချဲ့ကြပါတယ်။ ဘဲဥပြုတ်၊ ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော် စတာတွေ ထပ်ထည့်စားကြပါတယ်။ တချို့အရပ် (ဥပမာ-ဟင်္သာတ၊ မိုးညို)မှာဆိုရင် ငါးသလောက်နဲ့ချက်ပြီး၊ ငါးသလောက်ဥကြော်တွေကို အဆာပလာအဖြစ် ထည့်တတ်ပါတယ်။ ဟင်းရည်ထဲလည်း ငှက်ပျောအူတို့၊ မင်းတုန်းကြက်သွန်အလုံးလိုက် စတာတွေလည်း ထည့်တတ် ပါသေးတယ်။

မေမေက မုန့်ဟင်းခါးချက်ရင် သူ့မှာ ပုံသေနည်း (ဖော်မြူလာ) ရှိပါတယ်။ လူဘယ်နှစ်ယောက်ဆိုရင် မုန့်အချိန်ဘယ်လောက်၊ ငါး ဘယ်နှစ်ပိဿာ စသဖြင့်ပေါ့။ အဲဒီနည်းနဲ့ ချက်တတ်ပါတယ်။ မေမေက အဲဒီနေ့ကအဖြစ်အပျက်ကို ပြောပြတုန်းက “တော်သေးတယ်။ မေမေက အပိုဆောင်းချက်မိပေလို့။ စားမယ့်လူတွေက အားလုံးလည်း ယောက်ျာသားချည်းဖြစ်ပြန်၊ အလွန်တောင့်တနေတဲ့ အစားလည်း ဖြစ်လို့၊ တော်တော် ပိုပိုမိုမိုလုပ်မိပေလို့ပဲ။ ဒါတောင် လာကူတဲ့ရဲဘော်လေးတွေကို ထမင်းပဲကျွေးလိုက်နိုင်တယ်။ ခေါင်းတောင် မဖော်ကြဘူး။ မြိန်ရည်ရှက်ရည် စားလိုက်ကြတာ၊ ကျွေးရတာအားရလိုက်တာ”တဲ့။ မေမေက သူခါတိုင်းချက်နေကျထက် နှစ်ဆခွဲလောက်ပိုချက်ခဲ့တာတဲ့။

မေမေက အဲဒီအဖြစ်အပျက်တွေကို ပြန်ပြောပြတုန်းက ထူးထူးဆန်းဆန်းစကားတခုလည်း ပြောခဲ့ပါသေးတယ်။ “အဲလူတွေက ဗိုလ်မောင်မောင်ကို ဖေဖေကကယ်တာလို့ပြောဆိုပြီး၊ ဖေဖေ့ကို ဗိုလ်မောင်မောင်ကိုကယ်တဲ့သူရဲကောင်းကြီးအဖြစ် အပြင်မှာ နာမည်ကြီး နေပေမယ့် ကာယကံရှင်ဗိုလ်မောင်မောင်ကိုယ်တိုင်ကတော့ ဒါကို သိပုံတောင်မရဘူး”တဲ့။ ကျွန်မက အဲဒီတုန်းကတော့ ဘာမှဆက်မမေးမိဘဲ မေမေဘာလို့ ဒီလိုပြောပါလိမ့်လို့ပဟေဠိဖြစ်နေမိပါတယ်။

အဲဒီပုစ္ဆာရဲ့အဖြေကို နောက်နှစ်ပေါင်းများစွာကြာမှ သိလာရပါတယ်။ ၂ဝဝ၆ ခုနှစ်မှာထွက်လာတဲ့ မှူးသမိန် (ဗိုလ်မှူးကြီး စောမြင့်)ရဲ့ “ဘုံဘဝ ကြုံတွေ့ရဇာတ်လမ်းများ” စာအုပ်ထွက်လာပြီး အဲဒီထဲကဆောင်းပါးတွေဖတ်ရမှ ကျွန်မ လိပ်ပတ်လည်သွားပါတော့တယ်။ အဲဒီစာအုပ်ဟာ ဗိုလ်မှူးကြီးစောမြင့်က မှူးသမိန်ဆိုတဲ့ကလောင်နာမည်အပါအဝင် ကလောင်ခွဲနာမည်အမျိုးမျိုးနဲ့ မဂ္ဂဇင်းများမှာရေးခဲ့တဲ့ ဆောင်းပါး အများအပြားထဲက သမိုင်းဝင် မှတ်တမ်းတင်နိုင်တဲ့စာမူများကိုရွေးထုတ်ပြီး လုံးချင်းထုတ်ဝေလိုက်တဲ့စာအုပ်ပါ။ အဲဒီအထဲက ၁၉၅၁ ခုနှစ် အတွင်းက အဖြစ်အပျက်တွေကို ရေးထားတဲ့ဆောင်းပါးတွေထဲမှာ ဗိုလ်မှူးကြီးမောင်မောင်တို့အဖွဲ့ကို ကယ်တင်တဲ့ကိစ္စကို အတော် ပြည့်ပြည့်စုံစုံရေးထားတဲ့ဆောင်းပါး ၅ စောင်တောင် ပါပါတယ်။ ဗိုလ်မောင်မောင်ကိုယ်တိုင်ရေးပေးထားတဲ့ ကိုယ်တွေ့မှတ်တမ်း ကောက်နုတ်ချက်လေးတောင် ပါလိုက်ပါသေးတယ်။ အဲဒီဆောင်းပါးတွေကိုဖတ်မိပြီးနောက် ကျွန်မ မေမေပြောဖူးတဲ့ “ကာယကံရှင် ဗိုလ်မောင်မောင်ကိုယ်တိုင်ကတော့ ဘာမှတောင်သိပုံမရပါဘူး”ဆိုတဲ့ စကားရဲ့အရင်းခံအကြောင်းကို တွေးမိလိုက်ပါတော့တယ်။

အဲဒီဆောင်းပါးတွေကို ဗိုလ်စောမြင့်ရေးစဉ်က (၁၉၈ဝ-၁၉၉ဝ ခုနှစ်များအကြား) ဖြစ်တာကြောင့် ဖေဖေ ဗမာပြည်ကွန်မြူနစ်ပါတီထဲ ပြန်ရောက်ပြီးကာလဖြစ်လို့ ဖေဖေ့နာမည်ကိုမထည့်ဘဲ ‘တောင်ပိုင်းတိုင်း တိုင်းမှူး’၊ ‘တောင်ပိုင်းတိုင်း စစ်ဆင်ရေးမှူးကြီး’ စတဲ့ ရာထူး တာဝန်ပိုင်းနေရာများကိုသာ ဖော်ပြထားတာတွေ့ရပါတယ်။ ဗိုလ်စောမြင့်က သူကိုယ်တိုင်ရေးတဲ့ဆောင်းပါးတွေမှာတော့၊ သူ ဗိုလ်မောင်မောင်တို့ကယ်ဖို့(ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်) ဗိုလ်ချုပ်နေဝင်းက ခေါ်တာဝန်ပေးပြီး သူနဲ့ပေါင်းစပ်ကူညီဖို့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုအမိန့်ပေးကာ သူ့ကိုလည်း တောင်ပိုင်းတိုင်းမှူး (ဖေဖေ)နဲ့ဝင်တွေ့ အစီရင်ခံဖို့လွှတ်လိုက်ကြောင်း၊ ဖေဖေကိုယ်တိုင်ကလည်း တတိုင်းတပြည်လုံးအခြေအနေ အခက်အခဲများကိုရှင်းပြပြီး လိုအပ်တဲ့ တပ်အကူအညီတွေပေးဖို့ခက်ခဲကြောင်း၊ သို့သော် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ကတိပေးပြီး ကတိအတိုင်းလည်း ဆောင်ရွက်လုပ်ကိုင်ပေးကြောင်းတွေ ရေးထားတာတွေ့ရပါတယ်။ ဖေဖေက သူ့တပ်တွေကို ရက်အတိအကျနဲ့ ဗိုလ်စောမြင့်ကိုထုတ်ပေးတာပါ။ ဒါပေမယ့် ရက်ကျော်သွားပေမယ့်လည်း ဗိုလ်စောမြင့်ကိုယ်တိုင် သွား အကျိုးအကြောင်းအစီရင်ခံတော့ ဖေဖေက ရက်တိုးပေးလိုက်လို့ ဝမ်းသာရကြောင်းလည်း ရေးထားတာတွေ့ရပါတယ်။ အမှန်အတိုင်း ရေးထားပုံရပါတယ်။

ဒါပေမယ့် ဗိုလ်မောင်မောင်ကိုယ်တိုင် ပြန်ရေးထားတဲ့ သူတို့လွတ်မြောက်လာပုံအကြောင်းအရာတွေ (ဆောင်းပါးအမည် စစ်ဆင်ရေး အလင်းရောင်-၃)ထဲမှာတော့ “ဤကယ်ယူရေးစီမံချက်သည် ဗိုလ်စောမြင့်က တောင်ငူမှ တပ်မဟာမှူးအဖြစ်နဲ့ကြိုးစား၍ ဆောင်ရွက်ခြင်း ဖြစ်သည်။ သူ့စွမ်းဆောင်မှု၊ သူ့ကြိုးပမ်းမှု၊ သူ့မလျှော့သောလုံ့လနဲ့သူ့ဇွဲဖြင့် သူအခါခါ ကြံစည်ခဲ့ခြင်းဖြစ်၏။ သူ့အထက်မှာ တောင်ပိုင်းစစ်တိုင်း၊ တပ်မှူးကြီး (ဖေဖေ့ကို ဆိုလို)က အားမပေးခဲ့ချေ။ သူကား မိမိတိုင်းအတွင်း ဗိုလ်မောင်မောင်တို့လူစုကယ်ဆယ်ရေးထက် အရေးပါသော လုပ်ငန်းပေါင်းများစွာကိုဦးစားပေး၍ လုံးပန်းနေ၏။ ဤကယ်ဆယ်ရေးစစ်ဆင်ရေးအတွက် သူက တပ်မပေးလို၊ မသုံးလိုပေ။ ဗိုလ်စောမြင့်က မိမိတပ်မဟာ၌ရှိသော တပ်မျှဖြင့်ကြိုးပမ်းပါမည်ဟု တောင်းပန်သော်လည်း သူမနှစ်မြို့နိုင်၊ ကေအင်ဒီအိုများကိုသာ မဲ၍တိုက်စေခဲ့၏။” လို့ရေးထားတာ တွေ့ရပါတယ်။

တနေရာမှာလည်း ဗိုလ်စောမြင့်က သူ့စစ်ဆင်ရေးတွေကို ဗိုလ်မောင်မောင်ကိုရှင်းပြရာမှာ စစ်ရုံးကစီစဉ်ပေးသမျှ တပ်နည်းနည်းနဲ့မရရအောင် ကြိုးစားရကြောင်း၊ ကြန့်ကြာနေလျှင် တိုင်းမှူးက သူ့စစ်ဆင်ရေးစီမံကိန်းများမှာ လှီးလွှဲသုံးမှုဖြင့် စိတ်ဆိုးခံရမှာကိုကြောက်ရကြောင်း စတာတွေလည်း ရေးထားတာ တွေ့ရပါတယ်။

ဗိုလ်မောင်မောင်က သူ့ကယ်တင်ပြီး(၁)ရက်အတွင်း သူရှိရာတောတွင်းကို သက်စွန့်ကြိုးပမ်း လေယာဉ်ပျံလေး (အဲဒီတုန်းက ဟယ်လီ ကော်ပတာ မပေါ်သေးပါဘူး။ ဗြိတိသျှလေတပ်ကချန်ခဲ့တဲ့ မီးကျိုးမောင်းပျက် Oxford လေယာဉ်လေးတွေပဲရှိတာပါ)နဲ့အပြေးအလွှား ရောက်လာကြတဲ့ဗိုလ်အောင်ကြီး (အဲဒီကာလက စစ်ရုံးချုပ်၊ စစ်ဦးစီးအရာရှိပထမတန်း)နဲ့ဗိုလ်စောမြင့်တို့ပြောသမျှကို ယုံရဟန်ရှိပါတယ်။

ဖေဖေကတော့ သူ့ရဲ့ကိုယ်တိုင်ရေးအထုတ္တပ္ပတိထဲမှာ ဗိုလ်မောင်မောင်ကယ်တင်ရေးစစ်ဆင်ရေးကြီးကို ဗိုလ်နေဝင်းရဲ့တာဝန်ပေးချက်အရ လုပ်ဆောင်ရကြောင်း။ အဲသလိုလုပ်ဆောင်ရာမှာ သေနင်္ဂဗျူဟာအရ ယောင်ပြတိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း။ ကေအင်ဒီအိုတွေရဲ့ ဗဟိုဌာနချုပ်စခန်းကြီးကို မိမိတို့တပ်မတော်က စစ်ဆင်ရေးအကြီးစားလုပ်ပြီး ချီတက်တိုက်ခိုက်မည့် ‘ဟန်ပြစစ်ဆင်ရေးကြီး’ လုပ်နေစဉ် ကာလမှာ၊ ရန်ကုန်ဘဆွေတို့ဦးစီးတဲ့ ကယ်တင်ရေးပြောက်ကျားတပ်ဖွဲ့က ဗိုလ်မောင်မောင်တို့အဖွဲ့ကိုဖမ်းချုပ်ထားတဲ့စခန်းကိုဝင်ပြီး တိုက်ခိုက် ထိုးသုတ်ကယ်တင်ရန်ဖြစ်သည်လို့ ရေးထားပါတယ်။

ဖေဖေရည်ရွယ်ချက်ကတော့ ကေအင်ဒီအိုများအနေနဲ့ မိမိဗဟိုစခန်းကယ်တင်ရေးကိုပဲ အဓိကထားနေရပြီး၊ ဗိုလ်မောင်မောင်တို့ အကျဉ်းကျအဖွဲ့ကို ဂရုမစိုက်နိုင်အောင်လုပ်တာဖြစ်ပါတယ်။ တကယ်လည်း ကယ်တင်ရေးတပ်ဖွဲ့တွေ အကျဉ်းချထားတဲ့နေရာကို ဝင်သွားတဲ့အခါ ကေအင်ဒီအိုများကဆုတ်ထားနှင့်ပြီးဖြစ်ကာ အရပ်သားများသာကျန်ခဲ့ပြီး ဘာတိုက်ပွဲမှ ကြီးကြီးကျယ်ကျယ်မဖြစ်လိုက်ပါဘူး။ ဗိုလ်မောင်မောင်တို့ကို တောလမ်းခရီးနဲ့(၂)ရက်နီးပါးလောက် ခြေကျင်လျှောက်ခေါ်ထုတ်လာရာမှာလည်း လိုက်လံတိုက်ခိုက်တာတွေ မရှိခဲ့ပါဘူး။

အဲဒီဗိုလ်စောမြင့်ရဲ့ဆောင်းပါးတွေကိုဖတ်ကြည့်ရင် ဆိုရှယ်လစ်အုပ်စုရဲ့ ဂိုဏ်းဂဏလုပ်ဆောင်မှုတွေကို ကောင်းကောင်းတွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် ဗိုလ်မောင်မောင်က လွတ်မြောက်လာပြီးနောက် စစ်ရှုံးတဲ့စစ်ဗိုလ်ဟာ စစ်တပ်ကထွက်ရမယ်ဆိုတဲ့အယူအဆနဲ့ စစ်တပ်က ထွက်မယ်လို့လုပ်တဲ့အခါ သူတို့အုပ်စုတွေ (ဗိုလ်အောင်ကြီး၊ ဗိုလ်စောမြင့်၊ ရန်ကုန်ဘဆွေ) စသူတွေက ဘယ်လိုဝိုင်းဝန်း ဖျောင်းဖျ တောင်းပန်ရတယ်ဆိုတာတွေကို တွေ့ရှိနိုင်ပါတယ်။ သူတို့အင်္ဂလိပ်တော်လှန်ရေး၊ ဂျပန်တော်လှန်ရေးစတာတွေကို ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အုပ်စု (ဗိုလ်နေဝင်းဦးဆောင်တဲ့ နောင်ဆိုရှယ်လစ်ဂိုဏ်းလို့အမည်တွင်ခဲ့တဲ့ အုပ်စုဝင်တွေ) တဦးအပေါ်တဦး ဘယ်လောက် သံယောဇဉ် ရှိကြောင်း ဗိုလ်မောင်မောင်ကို ဘယ်လောက်အားထားကြောင်း၊ ဒါကြောင့် ဗိုလ်မောင်မောင် အမြန်လွတ်ရေးအတွက် ဘယ်လောက်ဝိုင်းဝန်း ကြိုးစားရကြောင်း စတာတွေ အပြည့်အစုံရေးထားတာ ဖတ်ရပါတယ်။ ဟုတ်ပါတယ်။ တကယ်လည်း ဗိုလ်မောင်မောင်ဟာ ထူးချွန် ထက်မြက်သူတဦး၊ ဗမာ့တပ်မတော်ကို တကယ့်အသက်မွေးဝမ်းကြောငတပ်မတော် Professional Army အဖြစ် တည်ဆောက်ဖို့အတွက် အလွန်အားထားရတဲ့ပုဂ္ဂိုလ်တဦးပါ။

ဗိုလ်မောင်မောင် ဘီအိုင်အေ အစောပိုင်းကာလ တပ်ထဲဝင်လာစဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းက အလွန်သဘောကျခဲ့ပြီး၊ သူ့အနား ခေါ်ထားတာ မြေတောင်မြှောက် ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်ဗြိတိသျှတွေနဲ့ လွတ်လပ်ရေးအတွက် ပြောဆိုဆွေးနွေး ရယူဖို့ပြင်ဆင်ရာမှာ အင်္ဂလိပ်တွေနဲ့ဆက်ဆံရာမှာ အမြင်ကောင်းစေဖို့အတွက် မိမိအနားမှာ အင်္ဂလိပ်စကားကျွမ်းကျင်တဲ့၊ အင်္ဂလိပ်တွေရဲ့ ထုံးတမ်းစဉ်လာတွေကိုနားလည်တဲ့လူတွေကို ထားခဲ့ပါတယ်။ (သတင်းထောက်ဦးပုကလေးရေးတဲ့ “ငါတို့ ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ” စာအုပ်ကိုဖတ်ကြည့်ပါ) ဗိုလ်မောင်မောင်ကိုယ်တိုင်ကလည်း သူတပ်ထဲသာ ဝင်လာရတယ်၊ ဘာစစ်ပညာမှ မတတ်သေးဘူးဆိုပြီး နှိမ့်ချစွာနဲ့ ဖေဖေရဲ့ စံပြကျောင်း (ပဲခူး)ကို လာတက်ခဲ့ပါသေးတယ်။ တကယ်လည်း မျိုးချစ်ပြည်ချစ်စိတ်အပြည့်အဝနဲ့ လွတ်လပ်ရေးလှုပ်ရှားမှု အရေးတော်ပုံကြီးမှာပါဝင်ခဲ့တာပါ။ ဂျပန်တော်လှန်ရေးအတွင်းမှာလည်း ကောင်းမှုတွေရှိခဲ့ပါတယ်။

ဒါပေမယ့် ဗိုလ်မောင်မောင်ရဲ့ အဓိကအားနည်းချက်ဟာ အလွန်မာန်မာနကြီးပြီး လူမှုဆက်ဆံရေးအင်မတန်ညံ့ပါတယ်။ အလွန်ထက်မြက်သူ တို့ရဲ့ထုံးစံအတိုင်း မိမိရဲ့ ဉာဏ်ရည်မမီသူတွေကို အထင်အမြင်သေးတတ်ပါတယ်။ ဒါ့အပြင် လူတန်းစားလည်း အင်မတန်ခွဲခြားပါတယ်။ အင်္ဂလိပ်ခေတ် မင်းမှုထမ်းမျိုးရိုးကဆင်းသက်ပြီး ပညာရေးအခြေခံကလည်း (သာသနာပြုကျောင်းတွေနေပြီး) အလွန်ခိုင်မာကောင်းမွန် တာလည်းပါ။ မိသားစုထဲမှာ တဦးတည်းသောသားယောက်ျားလေးဖြစ်လို့ မိဘများရဲ့ ဖူးဖူးမှုတ်မြှောက်စားခြင်းလည်းခံရလေတော့ အလွန်ကို ဘဝင်မြင့်ပါတယ်။ ဘယ်သူနဲ့မှ မတည့်ပါဘူး။ အလွန်ဘုကျသူပါ။ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်တုန်းကတော့ ဗိုလ်ချုပ်ရဲ့အရှိန်အဝါနဲ့ ထိန်းသိမ်းထားလို့ သူ့အားနည်းချက်တွေ သိပ်မပေါ်လွင်လှပါဘူး။ ဗိုလ်ချုပ်ကိုယ်နှိုက်ကလည်း ဗိုလ်မောင်မောင်ရဲ့ အင်မတန်ကြီးမားတဲ့ အားကောင်းချက်တွေ (ဥပမာ မျိုးချစ်ပြည်ချစ်စိတ်၊ ထက်မြက်မှု စသဖြင့်)ကိုသာအာရုံထားပြီး နောင်တပ်မတော် တည်ဆောက်ရေးအတွက် အားထားခဲ့ပုံရပါတယ်။

ဒါပေမယ့် BIA ကာလ (၁၉၄၃-၄၄ ခုနှစ်များ) များမှာတော့ သူတို့ရဲ့ ပင်ကိုလူတန်းစားဗီဇတွေ ပေါ်လာပါတယ်။ BIA ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းရလှုံ့ဆော်ချက်နဲ့ တပ်ထဲလှိမ့်ဝင်လာတဲ့ပညာတတ်အုပ်စုကို ဗိုလ်မောင်မောင်နဲ့ဗိုလ်အောင်ကြီးပေါင်းပြီး ဂိုဏ်းအုပ်စု ဖွဲ့ပါတယ်။ “ဂျပန်တော်လှန်ရေးလုပ်ရန်”ဆိုတဲ့ အကြောင်းပြချက်နဲ့ စုစည်းလှုပ်ရှားကြတာပါ။ တကယ်တော့ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးဟာ အလွန်ဘက်ညီပါတယ်။ ဗိုလ်မောင်မောင်ဟာ ဆက်ဆံရေးတွေမှာဘုကျပေမယ့် ဗိုလ်အောင်ကြီးကတော့ (သူကိုယ်တိုင် ပြောဆိုချက်အရ ကုန်သည်ပွဲစားမျိုးရိုးကဆင်းသက်လာသူပီပီ) အလွန်ဆက်ဆံရေးညက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနား အတွင်းရေးမှူးအဖြစ်ရောက်နေတဲ့ဗိုလ်မောင်မောင်နဲ့ ကပ်ပြီး ရသမျှအခွင့်အရေးအသုံးချပါတော့တယ်။ ဗိုလ်အောင်ကြီးအကြောင်း ရေးပြီးဖြစ်လို့ ဗိုလ်မောင်မောင်အကြောင်းပဲ ဆက်ရေးပါရစေတော့။

အဲဒီ BIA ကာလ ‘ဂျပန်တော်လှန်ရေး’အတွက် လျှို့ဝှက်လှုပ်ရှားစဉ်ကစလို့ သူတို့ ပြည်သူ့အရေးတော်ပုံပါတီ (ဝါ) နောင်ဆိုရှယ်လစ်ပါတီ ဆိုတာ သန္ဓေတည်ခဲ့ပြီး ရဲဘော်သုံးကျိပ်ဝင်ထဲက ‘ဗိုလ်နေဝင်း’ကိုဆရာတင်ကာ တပ်တွင်းအာဏာရရေးကို ကြိုးပမ်းခဲ့ကြတာပါ။ သူတို့အတွက် အရေးသာသွားရတဲ့အချက်တွေကတော့ ဗမာပြည် လက်ဝဲသမားအများအကြား အကွဲကွဲအပြားပြားဖြစ်ကုန်တာ (အလံနီ၊ အလံဖြူ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါအမျိုးမျိုးကွဲတာ)၊ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားရတာ၊ ဖဆပလအဖွဲ့ချုပ်အတွင်း (ဦးနုက ဝန်ကြီးချုပ် ဖြစ်ပေမယ့်) အာဏာကို ဆိုရှယ်လစ်အုပ်စုက အဓိကကိုင်ထားခွင့်ရသွားတာ စတာတွေကြောင့် ဖြစ်ပါတော့တယ်။
လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းစစ် စတောက်လောင်စဉ်ကာလမှာ ဗိုလ်မောင်မောင်ဟာ ကေအင်ဒီအိုတွေရဲ့စစ်သုံ့ပန်းအဖြစ်နေခဲ့ရပေမယ့် အဲဒီကာလက လွန်မြောက်လာပြီး ကေအင်ဒီအိုအရေးအခင်းတွေ ညှိုးခြောက်သွားပြီး ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်ပြင်းထန်လာချိန်မှာတော့ လူတန်းစားဗီဇအရကိုက ကွန်မြူနစ်ကို အင်မတန်မှမုန်းတီးတဲ့ဗိုလ်မောင်မောင်တို့ ကံဇာတာ ထလာပါတော့တယ်။

၁၉၅ဝ ခုနှစ်လွန်နှစ်များမှာ စစ်ရုံးချုပ်ကို ဆိုရှယ်လစ်တပ်မှူးများ အုပ်စီးလိုက်နိုင်ပါတယ်။ နဝတခေတ်ထုတ် တပ်မတော်သမိုင်း၊ စတုတ္ထ (၁၉၄၈-၁၉၆၂)မှာ ရေးထားတဲ့ စာပိုဒ်တပိုဒ်ကိုကိုးကားပါရစေ။ (နှာ-၁၄၁ ကြည့်)၁၉၅၃ ခုနှစ် တပ်မှူးများညီလာခံသို့စစ်ဦးစီးဌာနဆိုင်ရာ လုပ်ငန်းရပ်များကို စစ်ဦးစီးအရာရှိ(ပထမတန်း) ဗိုလ်မှူးကြီးအောင်ကြီးကလည်းကောင်း၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စများကို စစ်ဦးစီးအရာရှိ (လေ့ကျင့်ရေး) ဗိုလ်မှူးကြီးမောင်မောင်ကလည်းကောင်း၊ စစ်ရေးချုပ်ဌာနဆိုင်ရာလုပ်ငန်းလုပ်ရပ်များကို စစ်ရေးချုပ် ဗိုလ်မှူးချုပ်ကျော်ဝင်းက လည်းကောင်း၊ စစ်ထောက်ချုပ်ဌာနဆိုင်ရာလုပ်ငန်းလုပ်ရပ်များကို စစ်ထောက်ချုပ်ဗိုလ်မှူးကြီးတင်ဖေကလည်းကောင်း၊ အစီရင်ခံစာများ တင်သွင်းကြပြီး စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက နိဂုံးချုပ်မိန့်ခွန်း မြွက်ကြားပါသည်လို့ရေးထားတာ တွေ့ရပါတယ်။

ဗိုလ်အောင်ကြီးနဲ့ဗိုလ်မောင်မောင်တို့ဟာ ဆိုရှယ်လစ်တပ်မှူးထိပ်သီးတွေအဖြစ် အားလုံးသိပြီးသားပါ။ ဗိုလ်မှူးချုပ်ကျော်ဝင်းဆိုတာကတော့ မဆလခေတ်အထိ ဗိုလ်နေဝင်းလူယုံအဖြစ်ပါခဲ့ပြီး၊ ဦးမောင်မောင်ကျော်ဝင်းဆိုတဲ့အမည်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာသံအမတ်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ တပ်ထဲကို BIA ကာလမှ ဝင်လာတာပါ။ ဒါပေမယ့် ပညာတတ်ကြီးဖြစ်တာကို အကြောင်းပြပြီး ဗိုလ်အောင်ကြီးတို့က အတော် ဦးစားပေးပြီး ရာထူးဝါ စီစဉ်တဲ့နေရာမှာ ဖေဖေရှေ့ကထားတတ်လို့ ဖေဖေကမကျေမနပ်ဖြစ်ပြီး ဗိုလ်နေဝင်းကိုတိုင်တန်းဖူးကြောင်း ဖေဖေက သူ့စာအုပ်ထဲမှာ ရေးဖူးပါတယ်။ ဗိုလ်တင်ဖေကတော့ မဆလခေတ်မှာ ကုန်သွယ်ရေးဝန်ကြီးလုပ်ခဲ့ဖူးသူပါ။

ဒီတော့ ၁၉၅၃ ခုနှစ်တဝိုက်မှာ စစ်ရုံးချုပ်လုပ်ငန်းတွေအားလုံးကို သူတို့ချုပ်ကိုင်ထားပြီဆိုတာ ရှင်းနေပါတယ်။ (ဒီနေရာမှာ စကားချပ်တရပ် အနေနဲ့ရေးချင်တာတခု ရှိပါသေးတယ်။ အဲဒီစာအုပ်ထဲမှာ ၁၉၅၃ ခုနှစ်မှာ ဗိုလ်အောင်ကြီးကို စစ်ဦးစီးအရာရှိ (ပထမတန်း)လို့ ဖော်ပြထားပေမယ့် မှူးသမိန်ရဲ့ဆောင်းပါးတွေမှာတော့ ၁၉၅၁ ခုနှစ်က အဖြစ်အပျက်တွေကိုရေးရာမှာ ဗိုလ်အောင်ကြီးကို ဒုကာကွယ်ရေး ဦးစီးချုပ်လို့ သွယ်ဝိုက်ရေးထားပါတယ်။ အဲဒါ သူတို့ရဲ့လုပ်ဟန်ပါ။ မိမိတင်ချင်သူတွေကို မသိမသာ တင်မြှောက်ပေးတဲ့လုပ်ဟန်ပါပဲ)

အဲဒီ တပ်မတော်သမိုင်းစာအုပ်ကိုဖတ်ကြည့်ရင် တပ်မတော်ကို ဘက်စုံ ဘယ်လိုတည်ဆောက်ကြောင်းတွေ ပါပါတယ်။ ဒီနေရာမှာ အခရာနေရာကပါဝင်ခဲ့သူနှစ်ဦးဟာ ဗိုလ်အောင်ကြီးနဲ့ဗိုလ်မောင်မောင်ပါ။ (ဒါပေမယ့် ဒီစာအုပ်ထဲမှာတော့ နာမည်တွေကို တချို့ နေရာများမှာသာဖော်ပြပြီးတချို့နေရာမှာတော့ ရာထူးတွေကိုသာ ရေးထားတာတွေ့ရပါတယ်)။

ဗိုလ်မောင်မောင်ကို နောင်ဗိုလ်မှူးချုပ်ရာထူးအထိ တိုးမြှင့်ပေးပါတယ်။ လေ့ကျင့်ရေးညွှန်ကြားရေးမှူးအဖြစ် နေရာပေးကာ အနောက်နိုင်ငံ အသီးသီးသို့ ပို့လွှတ်လေ့လာစေကာ တပ်ကို ဘက်စုံကတည်ဆောက်စေပါတယ်။ တပ်မတော် ထောက်လှမ်းရေးဌာနတို့၊ စိတ်ဓာတ် စစ်ဆင်ရေးဌာနတို့၊ ကာကွယ်ရေးတက္ကသိုလ်တို့ စတာတွေဟာ သူ့ရဲ့လက်ရာတွေပါ။ အိမ်စောင့်အစိုးရခေတ်ကစလို့ ပေါ်ပေါက်ခဲ့တဲ့ ကိုကိုးကျွန်းစခန်းဆိုတာဟာ ဗိုလ်မောင်မောင်ရဲ့ Brainchild ပါ။ သူက အစ္စရေးရဲ့မော့ဇက်(ထောက်လှမ်းရေးအဖွဲ့)ကို အလွန်အားကျ လေ့လာခဲ့သူပါ။ အဲဒီကနည်းတွေကိုယူပြီး ထောက်လှမ်းရေးအဖွဲ့ကို တည်ဆောက်ခဲ့တာပါ။

ဗိုလ်အောင်ကြီးက စစ်တပ်ကို ဥစ္စာဓနပြည့်ဝအောင် စီးပွားရေးလုပ်ငန်းများနဲ့ထူထောင်ပေးပြီး ပြည်သူလူထုကို ဖိနှိပ်ဖို့နဲ့ ပြည်တွင်းစစ်ကို မီးကုန်ယမ်းကုန်တိုက်ဖို့ လိုအပ်တဲ့အခြေခံအဆောက်အအုံတွေကိုတော့ ဗိုလ်မောင်မောင်က တည်ဆောက်ပေးခဲ့တာပါ။

အဲဒီလုပ်ငန်းတွေအတွက် လေ့လာရေးခရီးတွေအဖြစ် အမေရိကန်အပါအဝင် အနောက်နိုင်ငံအတော်များများကို ဗိုလ်မောင်မောင်က သွားခဲ့ဖူးပါတယ်။ ဘရင်ဂျီဘာသာထဲပြောင်းဝင်ပြီး အနောက်နိုင်ငံများရဲ့ယဉ်ကျေးမှုနဲ့ဓလေ့များကို အလွန်သဘောကျ နှစ်ခြိုက်ပြီး စိတ်ဓာတ်အရလည်း အနောက်တိုင်းဆန်နေတဲ့ဗိုလ်မောင်မောင်ကို အဲဒီခေတ် အဲဒီအခါက အရှေ့အာရှဒေသတွေထဲ ကိုလိုနီဟောင်းတွေ (အင်္ဂလိပ်၊ ပြင်သစ်)ကိုဖယ်ပြီးတိုးဝင်လာနေတဲ့ အမေရိကန်ကသဘောကျပြီး ချဉ်းကပ်ပုံရပါတယ်။ ဒါမျိုးမှာ ချက်ဆိုနားခွက်ကမီးတောက်တဲ့ ဗိုလ်နေဝင်းကရိပ်မိပြီး လက်ဦးမှုရှိစွာဘေးဖယ်ခဲ့တာပါပဲ။ တပ်က အနားပေးတယ်ဆိုပြီး သံအမတ်ကြီးအဖြစ်ခန့်ကာ ကတ္တီပါလမ်းခွဲ လုပ်လိုက်တာပါပဲ။

တကယ်တော့ ၁၉၅၈ ခုနှစ် ပထမအကြိမ်အာဏာသိမ်းပွဲမှာ ဗိုလ်မောင်မောင်တို့၊ ဗိုလ်အောင်ကြီးတို့ရဲ့အခန်းကဏ္ဍ အတော်ကြီးပါတယ်။ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးနဲ့ဗိုလ်တင်ဖေတို့သုံးဦး (အဲဒီကာလဝန်ကြီးချုပ်ဦးနုကို ဖိအားပေးပြီး၊ ဗိုလ်နေဝင်းကိုအာဏာအပ်ခိုင်းအပြီး) ဦးနုအိမ်ဝင်းထဲကထွက်လာတဲ့ကားပေါ်မှာ ပြုံးရွှင်စွာရယ်မောပြောဆိုနေတဲ့ဓာတ်ပုံတပုံ အဲဒီကာလက ကြေးမုံသတင်းစာမျက်နှာဖုံးမှာ ဖော်ပြဖူးပါတယ်။

ဗိုလ်အောင်ကြီးတို့၊ ဗိုလ်မောင်မောင်တို့ ဘယ်လောက်ပဲ သူ့အပေါ်ကိုအကျိုးပြုခဲ့ပြုခဲ့၊ သူ့နေရာထိပါးလာတော့မယ်လို့ မြင်လာတဲ့အခါ ဗိုလ်နေဝင်းဟာ ဘယ်သူ့ကိုမှ မညှာပါဘူး။ ၁၉၆ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ သန့်ရှင်းပထစ အပြတ်အသတ်နိုင်လိုက်တဲ့အခါ ဗိုလ်နေဝင်းအနေနဲ့ ဆိုရှယ်လစ်တွေနဲ့ လမ်းခွဲချိန်တန်ပြီဆိုတာနားလည်သွားပြီး အစီအစဉ်ရှိစွာနဲ့ ဆိုရှယ်လစ်တပ်မှူးထိပ်သီးများကို တပ်ထဲကနေ တစတစဖယ်ရှားတော့တာပါပဲ။

ဗိုလ်မောင်မောင်ကတော့ သံအမတ်အဖြစ်က ပင်စင်ယူပြီးနောက်မှာတော့ ပညာရေးလောကထဲဝင်ပြီး ပညာရှင်တဦးဖြစ်အောင်ကြိုးစားရာမှာ အောင်မြင်တာ တွေ့ရပါတယ်။ သြစတြေးလျတက္ကသိုလ်တခုမှာ နောက်ပိုင်း စာပေပို့ချတာတွေလုပ်ဆောင်ပါတယ်။ တိုင်းပြည်အတွက်တော့ အဖိုးတန်ပညာတတ်တဦးပါ။ ဒါပေမယ့် အခြေခံစိတ်နေစိတ်ထားက ပြောင်းပုံမရပါဘူး။

၁၉၉ဝ ခုနှစ်များက သူပြုလုပ်တဲ့တွေ့ဆုံမေးမြန်းခန်းတခုမှာ ဗမာပြည်လွတ်လပ်ရေးရပြီးအခုချိန်အထိ မတိုးတက်တာ ဗမာတွေ လွတ်လပ်ရေးနဲ့မထိုက်တန်လို့ လို့ပြောသွားပြီး သူနဲ့အင်မတန်အတွဲညီခဲ့တဲ့ ဗိုလ်အောင်ကြီးကိုတောင် “ဗိုလ်အောင်ကြီးအကြောင်းတော့ မပြောပါနဲ့။ သူက ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်တဲ့သူ မဟုတ်ပါဘူး”လို့ပယ်ပယ်နယ်နယ် ပြောသွားပါသေးတယ်။

ဖေဖေက အဲဒီဟာတွေနားထောင်ပြီးနောက် “သြော် ဗိုလ်မောင်မောင် အသက်တွေလည်း ရလာနေပြီပဲဟာ အခုအထိ မာနမချသေးပါလား” လို့ မြည်တွန်တောက်တီးပါတယ်။ ဖေဖေက ဆက်ပြီး“ကျွန်တော် အမေရိကန်မှာလူမဖြစ်ရတာ သိပ်နာတယ်ဗျာလို့ မပြောတာ တော်သေး တာပေါ့”လို့လည်း ကောက်ချက်ပေးလိုက်ပါသေးတယ်။
ဗိုလ်မောင်မောင်ဟာ အဲသလို လူစားပါ။
၁၇-၅-၂ဝ၁၂

0 comments:

Post a Comment