Saturday, January 31, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၅)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၅)

နောက်နေ့ ကျနော်သင်္ဘောဆင်းရမည့်နေ့ ညဦးပိုင်း ၇ နာရီလောက်တွင် ကိုညိုပြောလိုက်သော ရန်ကုန်အရှေ့ပိုင်းရပ်ကွက် လူမရှိသော အိမ်တအိမ်သို့ ကျနော်သွားပြီး တခါးကို အသာတွန်းဝင်သွားပါသည်။ အိမ်တွင် အိမ်ထောင်ပရိဘောဂတွေအစုံရှိသော်လည်း အိမ်ရှင်များ မရှိပါ၊ အိမ်တွင်းမှာ အတော်မှောင်နေပါသည်။ နောက် ကိုညိုမှာလိုက်သည့်အတိုင်း အိမ်ခန်းအတွင်း ၂ ယောက်အိပ်ကုတင်အောက်မှ ဂျပန်ရေတပ်ဝတ်စုံကိုယူရန် ကုတင်အောက်ကိုဝင်လိုက်ရာ ကုတင်အောက်တွင် လူတယောက်နှင့်တွေ့ထိမိပါတော့သည်။ ၂ ဦးစလုံးက ပြိုင်တူ ခင်ဗျားဘယ်သူလဲဟု မေးကြပါသည်။ နောက်စကားသံကိုကျက်မိသဖြင့် ကျနော်က ခင်ဗျားသခင်သန်းတင်လားဟု လည်းကောင်း သူကလဲ ခင်ဗျားသခင်ရွှေမဟုတ်လားဟုပြောကြပြီး ကုတင်အောက်ကထွက်၍ ခပ်မှောင်မှောင်တွင် လက်ချင်းဆက်ပြီး ၂ ယောက်စလုံး ဒီည ဂျပန်သင်္ဘောကိုဆင်းကြတော့မည်၊ ဂျပန်စစ်ပညာသင် သွားကြရမည်ကိုပြောကြပြီး ဂျပန်သင်္ဘောသားဝတ်စုံကို ဝတ်ဆင်ကြပါသည်။ ကျနော်တို့မှာ တယောက်တည်းမဟုတ် ရဲဘော်မိတ်ဆွေနှင့် ၂ ယောက် အတူတူသွားကြရမည်ဖြစ်၍ အလွန်ဝမ်းသာသွားကြပါသည်။

သခင်သန်းတင်မှာ ခေါင်းဆောင်ကြီးသခင်မြအိမ်တွင်နေပြီး ကျနော်တို့ကို ဗမာ့လက်ရုံးတပ် စစ်သင်တန်းလေ့ကျင့်ခန်းများ လာပြီးပေးခဲ့သူ ရဲဘော် ဖြစ်ပါသည်။ ၂ ယောက်စလုံး ဂျပန်အတူသွားရမည်ဖြစ်၍ ဝမ်းသာနေကြပါသည်။

ကျနော်တို့ ၂ ယောက်သည် ကိုညိုမှာလိုက်သည့်အစီအစဉ်အတိုင်း ထိုအိမ်မှနေပြီး အတွင်းဝန်ရုံးကြီးဘက်ကို သွားကြပါသည်။ အတွင်းဝန် ရုံးကြီးနားရောက်သောအခါ ကျနော်တို့ လန်ချားစီးပြီး အတွင်းဝန်ရုံးကြီး၏အနောက်ဘက်မျက်နှာပြင်ကို တပတ်ပတ် ပါသည်။ ထိုအတွင်း အတွင်းဝန်ရုံးကြီး၏ အနောက်မြောက်ထောင့် စပတ်လမ်းပေါ်ရောက်သောအခါ ကျနော်က ကိုသန်းတင်ကို ထောင့်သုံးရာပြည့် ကျနော်တို့ ကျောင်းသားတွေ အရိုက်ခံရသောနေရာကိုရောက်သောအခါ ဒီနေရာမှာ ထောင့်သုံးရာပြည့်တုန်းက ကျနော်တို့အရိုက်ခံရတဲ့နေရာဟု ပြောပြ ပါသည်။ ဤတွင် လန်ချားကုလားက ဂျပန်အဝတ်အစားနှင့် ဗမာစကားပြောသံကိုကြားပြီး အံ့သြတကြီး လန်ချားဆွဲနေရာက နောက်ပြန် လှည့်ကြည့်တော့မှ ကျနော်တို့အမှားကို သတိပြုမိပါသည်။

ကျနော်တို့ အချိန်နည်းနည်းစောနေသဖြင့် လန်ချားမှဆင်းပြီးလမ်းလျှောက်ကာ ကိုညိုမှာလိုက်သည့်အတိုင်း အတွင်းဝန်ရုံးကြီး၏ အရှေ့မြောက်ထောင့်နေရာ ညာဘက်လမ်းမပေါ်သို့ ငှက်ပျောသီးတဖီးစီကိုင်ပြီးလျှောက်လာရာ ဂျပန်သင်္ဘောသားတစု ကျနော်တို့နောက်က သင်္ဘောဆိပ်ဘက်သို့ သွားနေသည်ကိုတွေ့ရသဖြင့် ကိုညိုမှာလိုက်သည့်အတိုင်း ၎င်းဂျပန်သင်္ဘောသားအုပ်စုနှင့် ရောပြီးလိုက်သွားပြီး နောက်ဆုံး ဂျပန်သင်္ဘောပေါ်သို့ ရောက်သွားပါတော့သည်။

နောက်ဂျပန်တဦးက ကျနော့်တို့ ၂ယောက်ကို ဂျပန်သင်္ဘောဆန်အိတ်တွေတင်ရာတွင် တမင်လုပ်ထားသော ဆန်အိတ်လိုဏ်ခေါင်းတခုသို့ ငုံ့လျှိုးပြီး ခေါ်ဆောင်သွားပါသည်။ ထိုနေရာသည် ကျနော်တို့ပုန်းခိုနေရမည့်နေရာ ဖြစ်ပါသည်။ ရေပုလင်းအနည်းငယ်လည်း ရှိပါသည်။

ကျနော်တို့ နောက်မှသိရသည်မှာ ကျနော်တို့သင်္ဘောပေါ်အတက်တွင် တံခါးဂိတ်ဝတွင် အင်္ဂလိပ်အစိုးရဘက် အကောက်ဌာနတာဝန်ခံရှေ့က ဖြတ်သန်းသွားရရာ ထိုအင်္ဂလိပ်အကောက်ဌာနတာဝန်ခံက ကျနော်တို့ ၂ယောက်ကိုဖမ်းဆီးလိုက်ရင် ဂျပန်တယောက်က မြန်မာငွေတွေ အများကြီးပေးပြီး လာဘ်ထိုးကယ်ယူဖို့ ဂျပန်တဦး ငွေထုပ်နှင့် ကျနော်တို့အနားတွင် ရှိနေသည်ဆိုသည်။ ကျနော်တို့ချောမောစွာ လွတ်မြောက်ပြီး ဂျပန်သင်္ဘောပေါ်သို့ ကောင်းစွာရောက်ရှိခဲ့ပါသည်။ ဒီတော့မှ ကျနော်တို့ စိတ်အေးရပါသည်။

နောက်နေ့ ၁၁ နာရီလောက်ကစပြီး လိုဏ်ခေါင်းထဲမှာ အတော်ပူပြင်း အိုက်စပ်လာပါသည်။ ကျနော်တို့ထံသို့ ဦးလေးအရွုယ် ဂျပန်လူကြီး တယောက်က ထမင်းစားချိန် ထမင်းဟင်း လာပို့တတ်ပါသည်။ သူ့ကိုယ်သူ “အိုကြီးစံ”ဟု မိတ်ဆက်ထားပါသည်။ (ကျနော်သည်ထိုဂျပန် အဘိုးကြီး၏ယုယကြင်နာမှုများကြောင့် သူပြောသောနာမည်ကို ယခုအထိမမေ့ပေ၊ ကျနော့်စိတ်ထင် ထို“အိုကြီးစံ”ဆိုသောနာမည်မှာလည်း သူ့နာမည်ရင်းဟုတ်မည်မထင်။ ဂျပန်လို ဦးလေးကြီးဟုခေါ်သော စကားလုံးဖြစ်ပုံရသည်)

ခဏကြာသောအခါ ၎င်းအိုကြီးစံသည် မျာက်နှာသုတ်ပဝါကလေးများယူလာပြီး ကျနော်တို့ကို ပေးသည်။ ကျနော်တို့ ပူအိုက်ပြီး ချွေးထွက်နေတာကို သူတွေ့သွား၍ ချွေးများသုတ်ရန် နောက်တခေါက်လာပေးခြင်းဖြစ်သည်။

၏မှတ်ချက်၊  ၊ ကျနော်သည် ဂျပန်ပြည်စစ်ပညာသင်သွားမှတ်တမ်းကို ဗမာပြည်ကစထွက်သည့်နေ့မှ BIA တပ်နှင့် ရန်ကုန်မြို့သို့ ပြန်ဝင်လာ ခါနီးအထိ လအချို့၏အဖြစ်အပျက်များကို မှတ်တမ်းစာအုပ် ၂ အုပ်။ ဗလာစာအုပ်နှစ်အုပ်နှင့် ရေးသားထားခဲ့ပါသည်။ ၎င်းစာအုပ် ၂အုပ် အကြောင်းကို ဗမာ့တပ်မတော်မော်ကွန်းတိုက်များကိုအုပ်ချုပ်ရသော ဗမာ့တပ်မတော်ဌာနချုပ်ရုံးမှ ဒုဗိုလ်မှူးကြီးဘသန်းကို ကျနော် ဗမာ့တပ်မတော်မြောက်ပိုင်းတိုင်းမှူးဖြစ်စဉ် ၁၉၅၅ ခုနှစ်လောက်က ပြောမိသည်။ ထိုစာအုပ်များကို စစ်ကြီးအတွင်း ကျနော်သိမ်းဆည်း ထားခဲ့ကြောင်းပြောမိသည်။ ဤတွင် ဒုဗိုလ်မှူးကြီးဘသန်းက ဟာ ဒါသိပ်အရေးကြီးတာပဲ၊ ဒီစာအုပ် ၂အုပ်ဟာ သမိုင်းဝင်တဲ့စာအုပ်တွေ ဖြစ်တယ်၊ ခင်ဗျားထံမှာသိမ်းထားရင် နောင်ဆွေးမြေ့ပျက်စီးသွားနိုင်တယ်၊ နောက် ခင်ဗျားမရှိတော့ရင်လည်း ဒီစာအုပ်တွေ ပျောက်ပျက်လည်း သွားနိုင်တယ်၊ ဒီကိစ္စဘယ်မှာမှ မှတ်တမ်းရှိတာမဟုတ်ဘူး၊ ဒီတခုသာ ရှိတာ။ အလွန်အဖိုးတန်တာ၊ ထာဝရမပျက်စီးအောင် ကျနော်တို့ မော်ကွန်းတိုက်က သိပ္ပံနည်းကျ လေလုံမိုးလုံမှာထိန်းသိမ်းထားချင်ပါတယ်၊ ထာဝရ ထိန်းသိမ်းထားနိုင်ပါတယ်၊ နောင်ခင်ဗျားကြည့်ချင်လည်း မော်ကွန်းတိုက်က ယူကြည့်နိုင်ပါတယ်၊ ကျနော်တို့ မော်ကွန်းတိုက်ကို ပေးထားပါ၊ ထာဝရ ထိန်းသိမ်းထားသွားပါ့မယ်ဟု အတင်းနင်းပြီး အားတိုက်ခွန်တိုက် ပြောပါတော့သည်။ ကျနော်လည်း တုန်လှုပ်သွားသော်လည်း ဒီစာအုပ်များ ကျနော်တဦးတည်းပိုင် ဖြစ်ရတာထက် နိုင်ငံတော်ပိုင်ဖြစ်သွားတော့မှာမို့ သဘောတူပြီးပေးလိုက်ပါသည်။

၎င်းမှတ်တမ်းစာအုပ် ၂အုပ် တပ်မတော်မော်ကွန်းတိုက်တွင်ရှိနေကြောင်း ကျနော်ရန်ကုန်မှာရှိနေစဉ်က သိနေရပါသည်။ ၁၉၉ဝ ခုနှစ် မိမိ၏ မိသားစု ပြေးရင်းလွှားရင်း တရုတ်ပြည်သို့ရောက်လာပြီး တရုတ်အစိုးရစောင့်ရှောက်မှုနှင့် တရုတ်ပြည်မှာနေစဉ် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် မိမိ၏ဇနီးသည် ဒေါ်သန်းစိန်ကွယ်လွန်ပြီးနောက် ၂ဝဝဝ ခုနှစ်တွင် သားကိုမြမောင်က ရွှေလီမြို့မှနေပြီး မြန်မာပြည် ဗမာ့တပ်မတော်မော်ကွန်း တိုက်မှ ၁၉၉၄ ခုနှစ်တွင်ထုတ်ဝေသော တပ်မတော်သမိုင်းစာအုပ်တွဲများကိုပို့ပေးရာတွင် ထိုစာအုပ်ပါ အချက်အလက်အချို့ကို “ဗိုလ်မှူးချုပ် ကျော်ဇော ဂျပန်စစ်ပညာသင်သွားမှတ်တမ်းမှ” ဟုကိုးကားဖော်ပြပြီး ရေးသားထားသည်ကိုတွေ့ရ၍ မိမိမှတ်တမ်းစာအုပ်နှစ်အုပ် တပ်မတော် မော်ကွန်းတိုက်တွင် ဆက်ရှိနေသည်ကိုသိရပါသည်။

၎င်းမှတ်တမ်းများမပေးလိုက်ခင် ကျနော်ကော်ပီတစောင် ကူးယူထားလိုက်ပါသည်။ ကော်ပီကူးစဉ် ကူးပေးသူ မြောက်ပိုင်းတိုင်းစစ်ရုံး လက်နှိပ်စက်စာရေးက ကျနော့်ထံလာပြီး ထိုမှတ်တမ်းများမှာ အလွန်စိတ်ဝင်စားစရာကောင်းသဖြင့် သူ့ကိုကော်ပီတစောင် ရယူခွင့်ပြုပါရန် လာတောင်းပါသည်။ ကျနော်က ဒီမှတ်တမ်းတွေဟာ ကျနော်ပိုင် မဟုတ်တော့ဘူး၊ တိုင်းပြည်က ပိုင်သွားပြီဖြစ်သဖြင့် မပေးနိုင်တော့ပါဟု တောင်းပန်လိုက်ပါသည်။ ကျနော်နှင့်သားသမီးများ (၁၉၇၆) ခုနှစ်က တောခိုလာရာတွင် ထိုမှတ်တမ်းကော်ပီမှာ ကျနော့်စမ်းချောင်းအိမ်တွင် ကျန်ရစ်ပါသည်။ ထိုစဉ်က ကျနော့်ဇနီးဒေါ်သန်းစိန်ထံမှ ကျနော်သိမ်းထားသော ဓာတ်ပုံပေါင်း(၄၉၉)ပုံကို ထောက်လှမ်းရေးကသိမ်းယူသွား ပါသည်။ ၁၉၈ဝ ခုနှစ်တွင် ဒေါ်သန်းစိန် ကျနော်တို့နောက်လိုက်လာရာ ကျနော့်အိမ်တွင် ဒုတိယသမီး စန်းစန်းတို့အိမ်ထောင်စုသာရှိရာမှ သမီးစန်းစန်းကို ၁၉၈၉ ခုနှစ်တွင် နဝတအစိုးရကဖမ်းပြီး ကျနော့်စာအုပ်စာတမ်းအားလုံးကို ကားနဲ့တိုက်ပြီး ထောက်လှမ်းရေးက သိမ်းယူ သွားရာ ထိုစာတမ်းများပါသွားနိုင်ပါသည်။ ထိုအကြောင်းများကို ဒေါ်သန်းစိန်နှင့် စန်းစန်းတို့က ပြန်ပြောပြဖူးပါသည်။

ကျနော် ၎င်းမှတ်တမ်းရေးရခြင်း၏ အဓိကအကြောင်းရင်းမှာ နောင်ကျနော်တို့ဗမာပြည်ပြန်ပြီး ဗမာစစ်တပ်ဖွဲ့စည်းရာတွင် ကျနော်တို့ကပြန်ပြီး စစ်သင်တန်းပေးလျှင် မမေ့မလျော့ ပြန်ပြီးသင်ကြားနိုင်ရန်အတွက် ဂျပန်ဆရာများက ကျနော်တို့ကို ၁၉၄၁ ခုနှစ်က ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာသင်ပေးသော သင်ကြားချက်များကို နေ့စဉ်မှတ်စုထုတ်ထားခြင်းဖြစ်ပါသည်။ သို့သော် ၎င်းမှတ်တမ်းများတွင် စစ်ပညာမှတ်စုများသာမက ထိုစဉ်ကကျနော်တို့ နေထိုင်စားသောက်သွားလာရပုံ။ ဂျပန်ဆရာများနှင့် မသင့်မမြတ်ဖြစ်ပြီး ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်များ ထိုစဉ်ကတည်းကဝင်ခဲ့ပုံတွေပါ ပါဝင်နေပါသည်။ ထို့ပြင် ထိုစဉ်က မြန်မာမျိုးချစ်လူငယ်တဦး၏ စိတ်နေသဘောထားကိုလည်း ဖော်ပြထားသလို ဖြစ်ပေသည်။

ယခုတွင် ထိုကျနော်၏ ဂျပန်စစ်ပညာသင်သွား မှတ်တမ်းစာအုပ်နှစ်အုပ်မှာ ဗမာ့တပ်မတော်မော်ကွန်းတိုက်တွင် တိုင်းပြည်၏ သမိုင်းဝင်ပစ္စည်း အဖြစ် ကောင်းစွာထိန်းသိမ်းထားပြီဖြစ်၍ စိတ်အေးချမ်းရပေသည်။

ကျနော်တို့ ဂျပန်ဆန်တင်ကုန်သင်္ဘော၏လိုဏ်ခေါင်းထဲနေရသည်မှာ နေ့လည်ပိုင်းရောက်လေ ပူပြင်းအိုက်စပ်လာလေဖြစ်ရာ အတော်အနေရ ခက်လာပါသည်။ မတတ်သာ၍ ကျနော်တို့အဝတ်အစားများချွတ်ကာ အတွင်းခံဘောင်းဘီတိုနှင့်စွပ်ကျယ်နှင့်သာ ပင်ပန်းခက်ခဲစွာနေခဲ့ ရသည်။ အပူဒဏ်မှာ နေဝင်ပြီး ညဦး ညနေ ၆ နာရီ ၇ နာရီလောက်ကျမှ သက်သာလာပါသည်။ ညစာထမင်းလာပို့သော “အိုကြီးစံ”မှာ ကျနော်တို့အဖြစ်ကိုကြည့်ပြီး များစွာစိတ်မကောင်း ဖြစ်သွားပုံရသည်။ ကျနော်တို့လည်း အပူဒဏ်ကြောင့် ညစာကောင်းစွာ မစားနိုင်ကြပေ၊

ထိုည ကျနော်တို့အိပ်ခါနီး ကျနော်တို့လိုမြန်မာလူငယ် ၂ ဦးကို အိုကြီးစံက ကျနော်တို့ထံ လာပို့ပါသည်။ ကျနော်တို့အံ့အားသင့်ပြီး အချင်းချင်း မိတ်ဆက်ကြတော့မှ သူတို့လည်း ကျနော်တို့လို ဂျပန်ကိုစစ်ပညာသင်သွားရန်စေလွှတ်ခြင်းခံရသော လူငယ်တွေဖြစ်ကြောင်း ဝမ်းမြောက်စွာ သိရှိရပါတော့သည်။

နောက်နေ့တွင်လည်း ယမန်နေ့လိုပင် အပူဒဏ်ကို ခံကြရပြန်ပါသည်။ ကျနော်တို့က လူသစ် ၂ ယောက်ကို ထိုအပူဒဏ်အကြောင်း မိတ်ဆက် ထားပါသည်။ ထိုအတွင်း ကိုသန်းတင်မှာ ပူအိုက်လွန်းသဖြင့်ပင်ပန်းနွမ်းနယ်ပြီး မူးဝေလဲကျသွားပါသည်။ ကြမ်းပြင်ကလည်း အလွန်ပူ နံရံကလည်းအလွန်ပူ ဖြစ်သဖြင့် ကျနော်ကသူ့ကိုဖေးမပြီး လဲမကျအောင် မှေးဖက်ထားရပါသည်။ အတော်လေးကြာမှ သူသက်သာလာ ပါသည်။ နေ့လည်လောက်တွင် သင်္ဘောပေါ်ပါလာသူ ကျနော်တို့ကို ဂျပန်သို့ခိုးထုတ်သူ ဂျပန်တာဝန်ခံလူကြီးထံမှ အင်္ဂလိပ်လို စာတိုလေး တစောင်ကို အိုကြီးစံက ထမင်းပို့ရင်းပေးသွားပါသည်။ စာမှာ “ကျနော်တို့ အပူဒဏ်ဒုက္ခကိုခံနေရကြောင်း သူသိရပါသည်။ စိတ်မကောင်းပါ၊ တခြားလည်းစီစဉ်မပေးနိုင်ပါ၊ ခင်ဗျားတို့မျိုးချစ်တွေ ဒီဒုက္ခကိုခံသွားနိုင်မည်ဟု ယုံကြည်ကြောင်း”ဟူသော သဘောဖြစ်ပါသည်။  ကျနော်တို့လည်း ထိုအပူဒဏ်ဒုက္ခကို ကြိတ်မှိတ်ပြီးခံရပါသည်။ သို့သော် ကျနော်တို့မှာ နောက်ထပ် ၂ ဦးတိုးလာ၍ အားတက်ဝမ်းသာ နေပါသည်။

ထိုညတွင်လည်း နောက်ထပ်မြန်မာလူငယ် ၂ ဦး ကျနော်တို့လိုဏ်ခေါင်းသို့ ထပ်ရောက်လာပြန်ပါသည်။ ကျနော်တို့အားလုံးမိတ်ဆက်ကြပြီး ပျော်ရွှင်ဝမ်းမြောက် ကြပါသည်။ နောက်နေ့ညတွင်လည်း နောက်ထပ်မြန်မာလူငယ်တဦး လိုဏ်ခေါင်းသို့ ထပ်ရောက်လာပါသည်။
ထိုညပြီး နောက်ညတွေမှာ မလာတော့ပါ၊ အားလုံးစုံပြီလို့ ယူဆရပါသည်။ ကျနော်တို့အားလုံး၏အမည်များမှာ သခင်စောလွင်(ဗိုလ်မင်းခေါင်)။ သခင်သန်းတင်(ဗိုလ်မြဒင်)။ နောက်ကျနော် သခင်ရွှေ(ဗိုလ်ကျော်ဇော)။ သခင်ထွန်းရွှေ(ဗိုလ်လင်းယုံ)။ ကိုအောင်သိန်း(ဗိုလ်ရဲထွဋ်)။ သခင်တင်အေး(ဗိုလ်ဘုန်းမြင့်)။ သခင်စိုး(ဗိုလ်မြင့်အောင်)။ ပေါင်း ရဲဘော် (၇)ယောက်ဖြစ်ပါသည်။

နောက်ဆုံးရဲဘော် ရောက်လာပြီးနောက် တရက်နှစ်ရက်ကြာသောအခါ ကျနော်တို့သင်္ဘောကြီး စက်ခုတ်မောင်းသံကြားရပြီး မကြာမီ သင်္ဘောကြီးသွားနေသည်ဟု ယူဆရပါတော့သည်။ ထိုနေ့ကို ကျနော်တို့ကောင်းစွာ မှတ်မိနေပါတော့သည်။ ကျနော်တို့ ဂျပန်သင်္ဘောကြီး ဂျပန်သို့စပြီး ထွက်ခွာပြီဟုသိရှိနားလည်ပြီး ကျနော်တို့ များစွာပျော်ရွှင်ကြကာ မြန်မာသင်္ကြန်တွင်းကာလလည်းဖြစ်၍ မိမိတို့ကိုသောက်ဖို့ ပို့ပေးထားသော သောက်ရေပုလင်းမှရေနှင့် ကျနော်တို့အချင်းချင်း လိုဏ်ခေါင်းထဲတွင် ရေပက်ကစားကြပါသည်။

ထိုနေ့ဟာ ဗမာ့တပ်မတော်သမိုင်းစာအရရော(ကျနော်မှတ်မိသလောက်ပါ)၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ဖြစ်ပြီး ကျနော်တို့စီးနေသော သင်္ဘော၏အမည်မှာ “ကိုင်ရှိမာရူး”ဖြစ်ပါသည်။

မှတ်ချက်၊  ၊ ယခုကျနော်သည် ကျနော်တို့ဂျပန်ပြည် စစ်ပညာသင်သွားသည့်အကြောင်း ရေးရတော့မည်ဖြစ်ရာ ထိုအကြောင်းများကို ကျနော် ရေးထားသောမှတ်တမ်းများ ကျနော့်ထံတွင် မရှိတော့ပါ၊ ဗမာ့တပ်မတော်မော်ကွန်းတိုက်တွင်သာ ရှိနေပါသည်။ ထို့အပြင် ထိုအကြောင်း ကိုးကားကြည့်ရှုရန် တပ်မတော်သမိုင်းစာအုပ်နှင့် စာအုပ်အချို့သာရှိပါသည်။ အဓိက ကျနော်၏မှတ်ဉာဏ်ကိုသာအားကိုးပြီး ရေးရပါမည်၊ ကျနော့်အသက်မှာလည်း ၈၄ နှစ် ရှိနေပြီဖြစ်၍ အတော်ကြိုးစားအားထုတ်ပြီး တဖြည်းဖြည်းခြင်းရေးရပါတော့သည်။

0 comments:

Post a Comment