ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၂)
ကျနော် မြန်မာ (၇)တန်းအောင်ပြီးနောက် ညောင်ဝိုင်းဆရာတော်က ကျနော်နှင့်အတူ ညောင်ဝိုင်း မူလတန်းကျောင်းအုပ်ဆရာကြီးဦးအုံးပန်း၏ သား ကျနော်ကဲ့သို့ (၇)တန်းအောင်လာသော မောင်သိန်းဟူသောကျောင်းသားနှင့် ကျနော်တို့ (၂)ယောက်ကို ၁၉၃၆ ခုနှစ်လောက်တွင် သူ့ဆရာတော်ရှိရာ ဟင်္သာတမြို့ လယ်တီကျောင်းတိုက်တွင် မြန်မာ (၁ဝ)တန်းအထိ အထက်တန်းကျောင်းရှိရာသို့ အထက်တန်းဆက်သင် ကြားရန် စေလွှတ်လိုက်ပါသည်။
ကျနော်တို့ ဟင်္သာတလယ်တီကျောင်းတွင် သင်္ကန်းဝတ်ပြီးနောက် (၈)တန်းကစ၍ စာသင်ရပါသည်။ ကျနော့်အတွက် ကောင်းတာတခုက ကျနော်မှာ အပြင်စာပေ၊ မဂ္ဂဇင်း စာစောင်စသည်တို့ကို ဖတ်ရှုတဲ့ဝါသနာရှိသူဖြစ်ရာ လယ်တီကျောင်းတွင် စာကြည့်တိုက်ကလေးတခုရှိသဖြင့် စာပေ။ မဂ္ဂဇင်း စသည်တို့ကို အားလပ်ချိန်တွင် ကျနော်ဖတ်ရှုနိုင်ခဲ့ပါသည်။
လယ်တီကျောင်းမှ (၈)တန်းကျောင်းသားတချို့ကို တနှစ်အတွင်း မြန်မာ (၉)တန်း အစိုးရစစ်စာမေးပွဲကို ခုန်ကျော်ပြီးဖြေဆိုရန်စီစဉ်ပါသည်။ ဤသို့စီစဉ်ရာတွင် (၈)တန်းကျောင်းသား (၃)ယောက်ကိုရွေးပါသည်။ (၂)ယောက်မှာ ကျနော်၊ ကျနော်နှင့် ညောင်းဝိုင်းကျောင်းမှလာသူ မောင်သိန်းတို့ဖြစ်ပြီး၊ ကျန်တယောက်မှာ လယ်တီကျောင်းမှ ကျောင်းသား (၁)ယောက်တို့ဖြစ်ပါသည်။
နောက် (၉)တန်းစာမေးပွဲကို ၁၉၃၆ ခုနှစ်တွင် ကျနော်နှင့် လယ်တီကျောင်းသားတို့က ခုန်ကျော်အောင်မြင်ပြီး မောင်သိန်း ကျ ကျန်ခဲ့ပါသည်။
နောက်နှစ်တွင် ကျနော်ဟင်္သာတ လယ်တီကျောင်းတွင်မနေတော့ဘဲ။ ကျနော့်အဒေါ်ရှိရာ ရန်ကုန် ကြည့်မြင်တိုင်အိမ်မှာသွားနေပြီး ထိုမှ ၁၉၃၇ ခုနှစ်လောက်တွင် ရန်ကုန် ပုဇွန်တောင်မြူနီစပယ်အထက်တန်းကျောင်းတွင် မြန်မာ (၁ဝ)တန်းကို ဆက်၍သင်ပါသည်။
ကျောင်းတက်ခါစ အနည်းငယ်ခက်ခဲသော်လည်း အတော်ကြာသောအခါ ကျနော်ကောင်းစွာလိုက်နိုင်ပြီး ထိုနှစ် (၁ဝ)တန်းကို ကောင်းမွန်စွာ အောင်မြင်ပါသည်။
ရန်ကုန်တွင် ကျနော့်အတွက် ကျောင်းနေရတာ တခုကောင်းသည်မှာ စာကြည့်တိုက်များပေါများသဖြင့် ကြည့်လိုသော စာပေမဂ္ဂဇင်းများ ငှားရမ်းကြည့်နိုင်ပါသည်။ ထို့ပြင် အိမ်နီးနားချင်းကလည်း စာဖတ်သူပေါများ၍ စာအုပ်များငှားရမ်းကြည့်နိုင်ပါသည်။ ထို့ကြောင့် ကျနော့်တွင် အချိန်ရှိသမျှ စာပေမဂ္ဂဇင်းများဖောဖောသီသီ ဖတ်ရှုချင်သမျှကို ဖတ်ရှုနိုင်ခဲ့ပါသည်။
ကျနော် ရန်ကုန်တွင် ကျောင်းတက်နေသော ပုဇွန်တောင် မြူနီစပယ်အထက်တန်းကျောင်း ကျောင်းဆရာတချို့မှာ သခင်အသင်းဝင်များဖြစ်ပြီး ကျောင်းသားများမျိုးချစ်စိတ်ကို အခွင့်ကြုံတိုင်းသွင်းပေးပါသည်။ ဤကျောင်းမှာ ကျနော့်နိုင်ငံရေးအသိနှင့် မျိုးချစ်စိတ်ကို တဆင့်မြှင့်တင် ပေးလိုက်သော ကျောင်းဖြစ်ပါသည်။
ကျနော်ငယ်စဉ်က ဗန္ဓုလအကြောင်းဖတ်ပြီး စစ်ဘက်ဝါသနာပါလာရာ အရပ်ထဲတွင်လည်း ဦးမောင်ကြီးရဲတပ်ဗိုလ်များဖြစ်သည့် ဆရာ ဦးဘစိန်၊ ဦးမြစိန်တို့နှင့်ရင်းနှီးလာပြီး ၎င်းတို့၏ ရဲတပ်သို့ဝင်လိုက်တော့သည်။ ၁၉၃၇ ခုနှစ် ရန်ကုန်အမျိုးသားအောင်ပွဲလှည့်လည်ပွဲတွင် ကျနော်သည် ရဲတပ်သားဝတ်စုံဖြင့် ပါဝင်ခဲ့သည်။
ကျနော် မြန်မာ (၁ဝ)တန်းအောင်ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ဆက်ပြီး ပညာသင်လိုပါသည်။ ထိုစဉ် အင်္ဂလိပ်ခေတ်ပညာရေးစနစ်အရ ကျနော်တက္ကသိုလ်တက်ခွင့် မရှိပါ၊ အင်္ဂလိပ်ပညာရေးစနစ်မှာ ယခုခေတ်လို တမျိုးတစားတည်းမဟုတ်ဘဲ (၃)မျိုး ခွဲခြားထားပါသည်။
ပထမအမျိုးမှာ အင်္ဂလိပ်စာသက်သက် သင်ကျောင်း။ ဒုတိယမှာ အင်္ဂလိပ်-မြန်မာနှစ်ဘာသာသင်ကျောင်းနှင့် တတိယ မြန်မာစာသက်သက် သင်ကျောင်းဖြစ်ပါသည်။ ပထမအမျိုးနှင့်ဒုတိယအမျိုးသင်ကျောင်းမှ (၁ဝ)တန်းအောင်သူတို့သာ တက္ကသိုလ်သို့တက်ခွင့်ရှိပြီး မြန်မာ သက်သက်နှင့် (၁ဝ)တန်းအောင်သူများ တက္ကသိုလ်တက်ခွင့်မရှိပါ၊ တက္ကသိုလ်တက်လိုပါက နောက်ထပ် အင်္ဂလိပ်စာ တဘာသာနှင့် (၁ဝ) တန်းအောင်မြင်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် ကျနော်တက္ကသိုလ်တက်နိုင်ရန် အင်္ဂလိပ်စာတဘာသာ (၁ဝ)တန်းစာမေးပွဲအောင်ရန် လိုပါသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် အင်္ဂလိပ်စာ တဘာသာတည်း (၁ဝ)တန်းအထိ အလွတ်သင်ပေးသော ပုဂ္ဂလိကကျောင်းများကို စုံစမ်းလေ့လာပါသည်။ ဘယ်မှာမှ ထိုကျောင်းမျိုး ဟုတ္တိပတ္တိမရှိပါ၊ ထို့ကြောင့် အင်္ဂလိပ်စာသင်ရန်အ}ကံကို စွန်ဏ္ဍလွှတ်လိုက်ရပါသည်။
ကျနော်မြန်မာ (၁ဝ)တန်းအောင်ပြီးနောက် မြန်မာလိုဆက်ပြီးသင်ကြားနိုင်ရန် အတန်းတတန်းကျန်နေပါသည်။ ၎င်းမှာ “Highergrade” (ဟိုင်းရားဂရိတ်) ခေါ် အထက်တန်းဆရာဖြစ် သင်တန်းဖြစ်ပါသည်။ ထိုသင်တန်းကိုသာ တက်ရောက်သင်ကြားရမည် ဖြစ်ပါသည်။
ထို့ကြောင့် ကျနော်သည် အသက် (၁၉)နှစ် ၁၉၃၈-၃၉ ခုနှစ်တွင် ကြည့်မြင်တိုင် အထက်တန်းဆရာဖြစ်သင်တန်းကျောင်းသို့တက်ပြီး သင်ကြားပါသည်။ ထိုကျောင်းတွင် ကျောင်းသားသမဂ္ဂ မရှိသဖြင့် ကိုမိုးဟုထင်ရသောကျောင်းသားတဦးကို ဥက္ကဌတင်ပြီး ကျနော်က အတွင်းရေးမှူးလုပ်၍ ကျောင်းသားသမဂ္ဂတည်ထောင်ခဲ့ပါသည်။
ထိုနှစ်တွင် ဗမာပြည်တွင် ကုလား-ဗမာရိုက်ပွဲ အဓိကရုဏ်းဖြစ်သောနှစ်ဖြစ်ပါသည်။ ထိုကိစ္စ ကျနော်တို့ထံသို့လည်း ရိုက်ခတ်လာပါသည်။ ကျနော်တို့စာသင်ကြားနေစဉ် ဘတ်စ်ကားတစီး ကျနော်တို့ကျောင်းရှေ့ထိုးရပ်ကာ ဘတ်စ်ကားထဲက လူတယောက် မျက်နှာမှာသွေးသံရဲရဲနှင့် ဘတ်စ်ကားအမိုးပေါ်တက်ပြီး “ဟေ့ မြန်မာတွေ ကုလားပြည်က ကုလားတွေဟာ တို့ဗမာပြည်ထဲလာပြီးစီးပွားရှာကြတယ်၊ ငါတို့ဗမာတွေရဲ့ စီးပွားရေးကိုဝင်လုပြီး လုပ်ကြတယ်၊ ဒီလိုစီးပွားရှာရုံမကဘူး၊ ငါတို့လဲ စော်ကားကြတယ်၊ အခုငါ့မျက်နှာပေါ်ကဒဏ်ရာတွေ သွေးတွေဟာ ဒီကုလားတွေက ခုတ်လွှတ်လိုက်တာဖြစ်တယ်၊ ဒီကုလားတွေကို မောင်းထုတ်ရမယ်၊ လက်စားချေရမယ်၊ အခုငါ့ကို ခုတ်လွှတ်လိုက်တဲ့ ကုလားတွေကို ပြန်ပြီးလက်စားချေဖို့ ငါတို့သွားမယ်၊ ခင်ဗျားတို့ မလိုက်ကြဘူးလား”ဟု အော်ဟစ်ပြောဆိုပါသည်။
ထိုအခါ ကျနော်အပါအဝင် ကျောင်းသား ၁၄-၅ ယောက် နီးရာတုတ်တို တုတ်စတွေကောက်ယူကြပြီး ၎င်းဘတ်စ်ကားပေါ် ပြေးတက် ကြသည်။ ဒဏ်ရာနှင့်လူက ကားကိုရန်ကုန်မြို့ဘက်ကို မောင်းသွားစေပါသည်။ ရန်ကုန် ကြည့်မြင်တိုင်နယ်စပ် မော်တော်ကားလမ်းပေါ်က သံချောင်းမောင်းတံကြီးကို ချထားပြီး ကားလမ်းကိုပိတ်ထားပါသည်။ ပုလိပ်တချို့ရပ်စောင့်နေပြီး ကျနော်တို့ ဘတ်စ်ကားကို ပြန်လှည့်စေ ပါသည်။ ကျနော်တို့ဘာမှမတတ်နိုင်ဘဲ လှည့်ပြန်ခဲ့ရပါသည်။
နောက်တနေ့ ကျနော်ကျောင်းကအပြန် ကြည့်မြင်တိုင်ဘူတာရုံ ဂုံးတံတားကြီးထိပ်ရှိ ကုလားဆိုင်ကြီးတဆိုင်ကို ဗမာတချို့ ဝင်ရောက်ဖျက်ဆီး ထုခွဲနေရာ ကျနော်လည်း မှားယွင်းသောမျိုးချစ်စိတ်နှင့် ထိုလူစုထဲပါဝင်ပြီး ထိုကုလားဆိုင်ကြီးကိုဝင်ရောက် ဖျက်ဆီးမိပါသည်။
ကျနော်တို့ မြန်မာဆရာဖြစ်သင်ကျောင်းတွင် ကျနော်တို့ကျောင်းသားသမဂ္ဂကကြီးမှူးပြီး အပြင်လူကြီးတချို့ကိုဖိတ်ပြီး တရားဟောပြောပွဲများ ကျင်းပပါသည်။ ရန်ကုန်တက္ကသိုလ်သမဂ္ဂအမှုဆောင်လူကြီးများကိုလည်း ဖိတ်၍ဟောပြောမှုများပြုလုပ်ပါသည်။ တချီတွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂအမှုဆောင်လူကြီး ကိုထွန်းရှိန်ဆိုသောကျောင်းသားကြီး ပါလာပါသည်။ ၎င်းကိုထွန်းရှိန်ဆိုသူမှာ နောင်ကျနော်တို့ရဲဘော်သုံးကျိပ်ဝင် ဟိုင်နန်ကျွန်းတွင် ကျနော်တို့အတူတူ ဂျပန်စစ်ပည်သင်ကြားခဲ့ကာ ဘီ၏အိုင်၏အေတပ်ကြီးဖွဲ့ပြီး အင်္ဂလိပ်တို့ကို ကျနော်တို့နှင့်အတူ တိုက်ခိုက်ခဲ့သော နာမည်ကျော်တပ်မှူးကြီးဗိုလ်ရန်နိုင်ဆိုသူ ဖြစ်ပါသည်။
ကျနော်တို့ကျောင်းသည် ရန်ကုန်မြို့ကျောင်းသားများ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပါသည်။ ထိုနှစ်မှာ ၁၉၃၈-၃၉။ ၁၃ဝဝပြည့် အရေးတော်ပုံနှစ် ဖြစ်ပါသည်။
၁၃ဝဝပြည့်နှစ် ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့ ကျောင်းသူကျောင်းသားများက ရန်ကုန်မြို့ အင်္ဂလိပ်အစိုးရ၏ အတွင်းဝန် ရုံးကြီးကို ဝိုင်းရံပိတ်ဆို့သပိတ်တားသည့် အရေးအခင်းကြီး ဖြစ်ပွားပေါ်ပေါက်လာပါသည်။
အတွင်းဝန်ရုံးကြီးမှာ ဗမာပြည်ကို အင်္ဂလိပ်ကိုလိုနီအစိုးရတို့ကအုပ်ချုပ်လွှမ်းမိုးထားသော ဗဟိုရုံးချုပ်ကြီးဖြစ်ပါသည်။ ဗြိတိသျှအုပ်စိုးမှုကို အရှိုက်ထိုးလိုက်သော ထိုးနှက်ချက်ဖြစ်ပါသည်။
ထို့ကြောင့်လည်း အင်္ဂလိပ်တို့က ကျောင်းသားများကိုရိုက်နှက်တိုက်ခိုက်ရာတွင် မြန်မာတိုင်းရင်းသား ပုလိပ်လက်နက်ကိုင်တွေ အသုံးမပြုဘဲ မျက်နှာဖြူ အင်္ဂလိပ်ဂေါ်ရာပုလိပ်တွေကိုသာ အသုံးပြုသည်။ မှတ်လောက်အောင်လည်း ဖိနှိပ်ရိုက်နှက်လိုက်မည်ဟု ဆုံးဖြတ်ထားပုံလည်း ရသည်။
ကျနော်တို့ရန်ကုန်ကျောင်းသားများသည် အတွင်းဝန်ရုံးကြီးသို့ ထိုနေ့ (ဒီဇင်ဘာ ၂ဝရက်) နံနက်ခပ်စောစော (ရုံးမဖွင့်မီ)ရောက်လာကြပြီး အတွင်းဝန်ရုံးကြီး၏ သံတိုင်ခြံစည်းရိုးရှိ တခါးပေါက်အားလုံးကိုပိတ်ဆို့ သပိတ်တားကြပါတော့သည်။
ကျနော်တို့ ဆရာဖြစ်သင်ကျောင်းမှ တကျောင်းလုံး (လူ ၆ဝ လောက်ရှိ)ကို အတွင်းဝန်ရုံးကြီး၏ဗဟို အဓိကဝင်ပေါက်ထွက်ပေါက်ကြီးတွင် သပိတ်တားရန် တာဝန်ကျပါသည်။ ၎င်းဗဟိုသံတခါးပေါက်မှာ စပတ်လမ်းဘက်က ဖြစ်ပါသည်။
ကျောင်းသားများသည် အတွင်းဝန်ရုံးကြီးကို တဦးတယောက်မှ မဝင်နိုင်မထွက်နိုင်အောင် တားဆီးနိုင်ကြပါသည်။ ထိုနေ့ ရုံးမတက်နိုင် ကြတော့ပါ၊
ကျနော်တို့၏ အတွင်းဝန်ရုံးသပိတ်တားဆီးမှုမှာ အားလုံးချောမောစွာ အောင်မြင်ထမြောက်ပြီးကြသဖြင့် နေ့လည် ၂ နာရီကျော်လောက်တွင် သပိတ်တားမှုကိုရုပ်သိမ်းပြီး အသီးသီးမိမိတို့ကျောင်းသို့ တပ်ဖွဲ့လိုက်ပြန်ကြရန် စီစဉ်ကြသည်။ ကျောင်းသားတပ်ဖွဲ့များမပြန်မီ အတွင်းဝန် ရုံးကြီးကို အပြင်မှတပတ်တန်းစီပြီး ကျောင်းတပ်ဖွဲ့လိုက် လှည့်ပတ်ကြသည်။ ကြွေးကြော်သံများတိုင်တည်ပြီး လှည့်ပတ်ကြရာ ပထမ ရှေ့ဆုံးက တက္ကသိုလ်ကျောင်းသားတပ်ဖွဲ့ဖြစ်၍ ၎င်းနောက် ဒုတိယတပ်ဖွဲ့မှာ ကျနော်တို့ဆရာဖြစ်သင်ကျောင်း တပ်ဖွဲ့ဖြစ်သည်။ လှည့်လည်မှု တပတ်ပြည့်ခါနီး ကျနော်တို့သည်အတွင်းဝန်ရုံးကြီးနှင့် စိန်ပေါကျောင်းအကြား အနော်ရထာလမ်းကြီးအတိုင်းချီတက်လာရာ တပ်ဦး တက္ကသိုလ်ကျောင်းသားတပ်ဖွဲ့သည် အတွင်းဝန်ရုံးကြီးထောင့် အနော်ရထာလမ်းနှင့် စပတ်လမ်းဆုံသည့်ထောင့်သို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် စပတ်လမ်းအတိုင်း အင်္ဂလိပ်မျက်နှာဖြူ ဂေါ်ရာပုလိပ်များ အချို့ မြင်းစီး၍လည်းကောင်း။ အချို့ ခြေလျင်ဖြင့်လည်းကောင်း သုံးလေးဆယ်လောက် (ထင်ရသည်)ပြေးဆင်းလာပြီး စပတ်လမ်းအတွင်းရောက်နေသော ထိပ်ဆုံးမှတက္ကသိုလ်ကျောင်းသားများတပ်ဖွဲ့ကို ဝင်ပြီးရိုက်နှက်ဖြိုခွဲပါသည်။ ၎င်းတက္ကသိုလ်ကျောင်းသားတပ်ဖွဲ့နောက်က ကပ်ပါလာသော ဒုတိယကျောင်းသားတပ်ဖွဲ့ဖြစ်သည့် ကျနော်တို့ ဆရာဖြစ်သင်ကျောင်းသားတပ်ဖွဲ့တပ်ဦးမှာ စပတ်လမ်းနှင့်အနော်ရထာလမ်းထောင့် စပတ်လမ်း၏ အရှေ့ဘက်နှုတ်ခမ်းသို့ရောက်လာပြီ ဖြစ်၍ ပထမတက္ကသိုလ်ကျောင်းသားတပ်ဖွဲ့ကို မျက်နှာဖြူဂေါ်ရာများ နင်းရိုက်နေသည်ကို ကျနော်တို့ကျောင်းသားတပ်ဦးက ကောင်းစွာ မြင်နေ ရသည်။ ကျနော်မှာ ကျနော်တို့ဆရာဖြစ်သင်ကျောင်း တပ်ဦးကဦးဆောင်လာသူဖြစ်၍ ထိုရိုက်ပွဲကို စပတ်လမ်း၏ အရှေ့ဘက်နှုတ်ခမ်းပေါ်က ကောင်းစွာမြင်တွေ့နေရသည်။ တက္ကသိုလ်ကျောင်းသားတပ်ဖွဲ့မှ ဗိုလ်အောင်ကျော် ဆင့်ကာဆင့်ကာအရိုက်ခံရပြီး လဲကျသွားသည်ကိုလည်း မြင်တွေ့ရသည်။
ဗိုလ်အောင်ကျော် လဲကျသွားပြီးနောက် တက္ကသိုလ်ကျောင်းသားတပ် ပြိုကွဲသွားပြီးသောအခါ ဂေါ်ရာပုလိပ်များက ဒုတိယတပ်ဖြစ်သော ကျနော်တို့ဆရာဖြစ်သင် ကျောင်းသားတပ်ဘက်သို့လှည့်လာပြီး ဆက်ရိုက်ပါသည်။ ပြီးနောက် နောက်က တပ်ဖွဲ့အချို့ကိုလည်း ဆက်လက်ပြီး ရိုက်သွားကြသည်။
ထိုသို့ရိုက်ပြီး လူစုခွဲနေစဉ် အတွင်းဝန်ရုံး သံတိုင်ခြံစည်းရိုးအပြင်က ခါးလောက်နက်သည့်ရေမြောင်းထဲသို့ ဂေါ်ရာပုလိပ်
နှစ်ယောက်လောက် အားလွန်ပြီးကျသွားရာ ကျောင်းသားအချို့က အပေါ်ကအုတ်ခဲတွေ ကျောက်ပြားတွေနှင့်ပေါက်သဖြင့် တယောက်လဲကျ သွားသည်ကိုလည်း မြင်တွေ့လိုက်ရပါသည်။ နောင် အစိုးရကြေညာချက်တွင် ဂေါ်ရာပုလိပ်နှစ်ဦးသုံးဦး ဒဏ်ရာရကြောင်း ကြေညာတာ မှတ်မိပါသည်။
ခဏအကြာတွင် အတွင်ဝန်ရုံးကြီးဝိုင်းရံသော ကျနော်တို့ကျောင်းသားတပ်ကြီး ပြိုကွဲသွားပါတော့သည်။
ကျနော်တို့ မိမိကျောင်းအသီးသီးမှ ဒဏ်ရာရကျောင်းသားများကို ကောက်ကြသည်။ ကျနော်တို့ကျောင်းမှ ဒဏ်ရာရသူ (၁ဝ)ယောက်နီးပါး လောက်ရှိရာ မိန်းကလေးကျောင်းသူထဲမှ တယောက်မှမပါချေ၊ ကျနော်တို့ကျောင်းမှ ဒဏ်ရာရသူများထဲတွင် ကိုခင်မောင်ရွှေဟူသော ကျောင်းသားမှာ နည်းနည်းပြင်းသည်။ ကျောင်းသူတချို့မှာလည်း သွေးသံရဲရဲနှင့်ဒဏ်ရာရနေကြသော မိမိမိတ်ဆွေကျောင်းသားများကို ကြည့်ပြီး ငိုယိုကြသည်။
ဒဏ်ရာရသူ ကိုခင်မောင်ရွှေကိုတွေ့ရှု ကျနော်အံ့သြပါသည်။ အကြောင်းမှာ ၎င်းသည် နောင်ဟာသစာရေးဆရာကြီးသော်တာဆွေ ဖြစ်လာမည့် ကျောင်းသား ကိုကြင်မောင်ဆိုသူနှင့်အတွဲဖြစ်ပြီး ကျနော်တို့ ကျောင်းသားလှုပ်ရှားမှုများတွင်မပါဝင်ကြဘဲ ဘေးထိုင်နေတတ် သူများ ဖြစ်သောကြောင့်ဖြစ်ပါသည်။ ကိုခင်မောင်ရွှေမှာ သော်တာဆွေလို ရုပ်ရည်ခန့်ညားချောမောသူဖြစ်သည်။
ကိုခင်မောင်ရွှေကို နောင်နှစ်ပေါင်းများစွာကြာမှ ကျနော် ထပ်ပြီးတွေ့ရသည်။ တွေ့ရပုံမှာ ၁၉၅၇ ခုနှစ်က ကျနော်တပ်မတော်မှ ထွက်ရပြီး နောက် တရုတ်ဖြူများ ဒုတိယအကြိမ် ဗမာပြည်ကိုကျူးကျော်လာသဖြင့် ယင်းကို ဆန့်ကျင်တိုက်ထုတ်ရန် ပြည်သူတို့ကို လှုံဆော်စည်းရုံးဖို့ ကျနော်သည် “တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေးကော်မတီ” ဥက္ကဌအဖြစ် တိုင်းပြည်တဝှမ်း လှည့်လည်ဟောပြော လှုံဆော် ရာတွင် မြို့နာမည်မမှတ်မိသော ဗမာပြည်အလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြို့တမြို့က ဖိတ်ကြား၍ရောက်သွားရာ ကျနော်တို့ကို ကြိုဆိုနေသောလူအစုထဲတွင် ၎င်းကျောင်းသားဟောင်းကိုခင်မောင်ရွှေကို တွေ့ရတော့သည်။ ကျနော်တို့ ဝမ်းသာအားရနှုတ်ဆက်မိကြသည်။
အတွင်းဝန်ရုံးရိုက်မှုပြီးနောက် ဗိုလ်အောင်ကျော်ကျဆှုံး ဗိုလ်အောင်ကျော်ဈာပနကို ကျောင်းသားများ လိုက်ပို့ကြရသည်။ ဗိုလ်အောင်ကျော် သည် ရန်ကုန်ဂျပ်ဆင်ကောလိပ်မှကျောင်းသားဖြစ်သည်။ ဈာပနတွင် ဗိုလ်အောင်ကျော့်မိခင်ကြီးက မိန့်ခွန်းတိုလေးပြောကြားရာ လူတွေ အတော်စိတ်ထိခိုက်ကြသည်။
အတွင်းဝန်ရုံးတွင် ကျောင်းသားတွေရိုက်မှုကြီးပြီးလျှင်ပြီးချင်း နိုင်ငံအဝှမ်းကျောင်းသားတွေ သပိတ်မှောက်လာကြတော့သည်။ ရန်ကုန်မြို့ ကျောင်းအားလုံးလည်း သပိတ်မှောက်လိုက်ကြတော့သည်။ ရန်ကုန်မြို့ကျောင်းသားများသပိတ်စခန်းကို ရန်ကုန်မြို့ မြို့မကျောင်းကြီးတွင် ဖွင့်လိုက်သည်။ မြို့မကျောင်းကြီးလည်း ကျောင်းလုံးဝပိတ်ထားသည်။ ရန်ကုန်မြို့ရှိ ကျနော်တို့ကျောင်းအသီးသီးမှ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များနှင့် နောက်လိုက်အချို့တို့သည် မြို့မကျောင်းကြီးသို့ ပြောင်းရွှေ့နေထိုင်ကြတော့သည်။ ထိုစဉ်က မြို့မကျောင်း သပိတ်စခန်းတွင် ကျောင်းသားသုံးရာ (၃ဝဝ)ကျော်လောက် ရှိမည်ထင်ရသည်။ ကျနော်တို့သည် စောင်တထည်ပိုက်ပြီး မြို့မကျောင်းကြီးသို့ ပြောင်းရွှေ့ နေထိုင်ကြတော့သည်။ သပိတ်မှောက်ကျောင်းသူတွေကတော့ နေ့ကို မြို့မကျောင်းလာပြီး ညတွင် မိမိတို့အိမ် ပြန်အိပ်ကြသည်။ များစွာသော သပိတ်မှောက်ကျောင်းသားများ ကိုယ့်အိမ်တွင်ပင်နေကြပြီး တခါတရံမြို့မကျောင်းသို့ လာတတ်သည်။ မြို့မကျောင်းသပိတ်စခန်း စားသောက်ရေးမှာ ရန်ကုန်မြို့အတွင်း အလှည့်ကျရပ်ကွက်လိုက် ထမင်းထုပ်များကောက်စားကြသည်။
အတွင်းဝန်ရုံးကျောင်းသားရိုက်မှုကြီးကြောင့် တပြည်လုံးပြည်သူလူထု တုန်လှုပ်ချောက်ချားသွားပြီး နယ်ချဲ့အင်္ဂလိပ်အစိုးရကို မုန်းတီးမှုနှင့် ကျောင်းသားများအပေါ် များစွာချစ်ခင်လေးစားမှုကြီး တဟုန်ထိုးဖြစ်လာကြတော့သည်။ အထူးသဖြင့် ရန်ကုန်မြို့လူထုက နယ်ချဲ့အင်္ဂလိပ် အစိုးရကို ပြတ်ပြတ်သားသားမုန်းတီးပြီး ကျောင်းသားတွေကို ထောက်ခံလာကြသည်။
ကျောင်းသားခေါင်းဆောင်များက ကျောင်းသားအရေး ဒုတိယခြေလှမ်းအဖြစ် ရန်ကုန်ကျောင်းသားခေါင်းဆောင်များ တိုင်းပြည်တဝှမ်း နယ်အသီးသီးသို့ဆင်းကြပြီး ကျောင်းသားများအရေးအခင်းဖြစ်ပျက်ပုံကို ပြည်သူလူထုအား တိုင်ကြားဟောပြောမှုလုပ်ရန် စီစဉ်ကြသည်။
ထိုအတောအတွင်း သုံးဆယ်မြို့ ကျနော့်မိဘများက ကျနော် မြင်းအနင်းခံရသည်ကြားရပြီး ကျနော့်အဖေ ရန်ကုန်မြို့သို့လိုက်လာကာ ကျနော့်ကို မြို့မကျောင်းတွင်လာတွေ့ဆုံသည်။ ကျနော်က ခြေမကပတ်တီးကိုဖွင့်ပြပြီး ဒဏ်ရာ ဘာမှမကြီးကြောင်းပြောရသည်။ အဖေက ကျနော့်ကို သုံးဆယ်မြို့သို့ ပြန်ခေါ်သွားချင်နေသည်။ ခေါ်လို့မရနိုင်ကြောင်းလည်း သူသိပုံရသည်။ ထို့ပြင် တခြားဒဏ်ရာရသော ကျောင်းသား အချို့ ခေါင်း၊ လက်စသည်တို့တွင် ပတ်တီးများဖြင့်သွားလာလှုပ်ရှားနေကြသည်ကိုလည်း သူမြင်တွေ့နေရသဖြင့် ဘာမှမပြောဘဲ သုံးဆယ်မြို့သို့ ပြန်သွားပါသည်။
နယ်များသို့ ကျောင်းသားများ တရားဟောဆင်းရန်အစီစဉ်အရ ကျနော့်မှာတခြားကျောင်းသားနှစ်ဦးနှင့်အတူ ပုသိမ်ခရိုင်သို့သွားရန် တာဝန်ကျ ပါသည်။ ပုသိမ်မြို့သို့သွားပြီး ပုသိမ်မြို့အပါအဝင် အခြားမြို့ (၄)မြို့လောက်မှာ တရားဟောရသည်။ ပုသိမ်ခရိုင်ကျောင်းသားအဖွဲ့၏ အစီအစဉ်ဖြင့် လှည့်ပြီးဟောပြောရသည်။
ကျနော့်မှာ လူထုကိုတရားဟောဖူးသော အတွေ့အကြုံမရှိ။ ငယ်ငယ်ရွယ်ရွယ်ကျောင်းသားက လူထုကိုတရားဟောရမှာဖြစ်သည်။ ထိုစဉ်က ကျနော့်အသက် (၁၉)နှစ်အရွယ်သာဖြစ်ရာ အတော်ထိတ်လန့် ကြောက်ရွံ့နေသည်။
ကျနော်တို့သည် အဓိကကျောင်းသားများအရေးအခင်းကိုသာ ဟောပြောရာ အဓိကအတွင်းဝန်ရုံး ကျောင်းသားများအရိုက်ခံရသော အရေးအခင်းကိုသာ ပြောပြသည်။ ထိုကိစ္စမှာ လတ်လတ်ဆတ်ဆတ် ဖြစ်ပျက်သောကိစ္စ။ ကျနော်တို့ စိတ်အထိခိုက်ဆုံးကိစ္စ။ လူထု စိတ်အဝင်စားဆုံးကိစ္စဖြစ်၍ စိတ်ပါလက်ပါ တိတိကျကျအသေးစိတ်လည်းပြောနိုင်သဖြင့် ပရိတ်သတ်လူထု အတော်စိတ်ဝင်စားကြသည်။ တပွဲနှစ်ပွဲဟောပြောပြီးနောက် ကျနော်တို့ ပြောဆိုမှုရဲတင်းလာသည်။ နောက်ပိုင်းတွင် ကျနော်တို့ကျောင်းသားအရေးအခင်းသာမက ဗမာပြည်အပေါ် အင်္ဂလိပ်တို့ဘယ်လို သွေးစုပ်အမြတ်ထုတ်နေပုံတွေပါ ဗမာပြည်မှ ဆန်စပါးအပေါ် ဘယ်လိုဘယ်လောက် သွေးစုပ်သည်။ ကျွန်းသစ်၊ ရေနံ၊ ဓာတ်သတ္တုတွေအပေါ် ဘယ်လိုဘယ်လောက် သွေးစုပ်ကြသည်ကို ကျနော်တို့အထူးသဖြင့် “နဂါးနီ” စာအုပ်တိုက်ထုတ် စာအုပ်များမှ ဖတ်မိမှတ်မိသလောက်တွေပါ ထည့်ပြောတတ်လာ၍ တရားပွဲမှာ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးတရားပွဲကြီးဖြစ်လာပြီး လူထု ကလည်း ကျနော်တို့ ကလေးတွေမျှသာဖြစ်သော်လည်း အတော်လေးစားချစ်ခင်လာကြပါသည်။
0 comments:
Post a Comment