Friday, January 16, 2015

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)ဆောင်းပါးအမှတ် (၂၉)

0 comments
ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)ဆောင်းပါးအမှတ် (၂၉)
မင်္ဂလာဒုံ

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ဗမာပြည်ကြီးလွတ်လပ်ရေးရပြီးစမှာ ဗမာပြည်ကို စစ်တိုင်းကြီးနှစ်တိုင်း၊ မြောက်ပိုင်းတိုင်းနဲ့ တောင်ပိုင်းတိုင်းဆိုပြီး ခွဲခြားထားပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မေမြို့ (ယခုအခေါ် ပြင်ဦးလွင်)နဲ့ တောင်ပိုင်းတိုင်းကိုတော့ မင်္ဂလာဒုံမှာအခြေစိုက်ပါတယ်။ ရန်ကုန်မှာတော့ စစ်ရုံးချုပ် War Office  ရှိပါတယ်။ ဖေဖေဟာ မြောက်ပိုင်းတိုင်းမှူးတလှည့် တောင်ပိုင်းတိုင်းမှူးတလှည့် တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်လို့ ကျွန်မတို့ မောင်နှစ်မတတွေ အဲဒီမြို့နှစ်မြို့မှာ ငယ်စဉ်ဘဝ ဖြတ်သန်းခဲ့ရပါတယ်။

၁၉၄၈ ခုနှစ်အကုန်မှာ ဖေဖေဟာ မြောက်ပိုင်းတိုင်းမှူးဖြစ်ပြီး မေမြို့ကိုပြောင်းရပေမယ့် အဲဒီမှာ ကြာရှည်မနေလိုက်ရဘဲ ကေအင်ဒီအိုပုန်ကန်မှု ပေါ်လာတဲ့ ၁၉၄၉ ခုနှစ်ဆန်းပိုင်းမှာ တောင်ပိုင်းတိုင်းမှူးအဖြစ် မင်္ဂလာဒုံကိုပြန်ပြောင်းရွှေ့ပြီးနာမည်ကျော် အင်းစိန်တိုက်ပွဲကို တိုက်ရ ပါတော့တယ်။

အဲဒီ ၁၉၄၉ ခုနှစ်ကစလို့ ဖေဖေတရုတ်ဖြူတိုက်ဖို့ မေမြို့ကို မြောက်ပိုင်းတိုင်းမှူးအဖြစ်ပြန်ပြောင်းရတဲ့ ၁၉၅၃ ခုနှစ် မေလပိုင်းအထိ မင်္ဂလာဒုံမှာ ၅ နှစ်နီးပါး ကျွန်မတို့မိသားစုနေခဲ့ရပါတယ်။ ဒီကြားထဲမှာ ၆ လလောက် မိတ္ထီလာကို ဆေးခွင့်နဲ့သွားပြီးဖေဖေ အနားယူရပါတယ်။ ဒါကတော့ အင်းစိန်တိုက်ပွဲအပြီး(၁၉၅ဝ ခုနှစ်အကုန်လောက်မှာ) ဖေဖေ သိပ်ပင်ပန်းနွမ်းနယ်လာလို့ တီဘီရောဂါပြန်ထလာမှာစိုးလို့ ဆရာဝန်တွေက အတင်းအနားယူခိုင်းလို့ သွားအနားယူရတာပါ။

မင်္ဂလာဒုံဟာ အရင်အင်္ဂလိပ်ခေတ်ကတည်းက အင်္ဂလိပ်အရာရှိတွေရဲ့စစ်ဌာနချုပ်အဖြစ်ရှိခဲ့တာကြောင့် အဆောက်အအုံကောင်းတွေ အခိုင်အမာရှိပါတယ်။ ရုံးဌာနကြီးတွေလည်း အများကြီးဆောက်ထားပါတယ်။ စစ်တပ်မြို့အဖြစ် တည်ဆောက်ထားတာဖြစ်လို့ အဲဒီတုန်းက အရပ်သားမရှိသလောက်ပါပဲ။ ရွာနီးချုပ်စပ်ရွာတွေက စစ်တပ်တွေထဲမှလာ နေ့စားအလုပ်လုပ်ကြတဲ့ရွာသူရွာသားများ အရပ်သား အနည်းအကျဉ်းပဲရှိပါတယ်။

လေယာဉ်ကွင်းလည်းရှိပြီး ဗမာ့တပ်မတော် လေတပ်ကလည်း မင်္ဂလာဒုံမှာပဲဖွင့်လှစ်ပြီး အခြေစိုက်ပါတယ်။ အစောပိုင်းက အင်္ဂလိပ် လေယာဉ်မှူးတွေနဲ့ပဲ လေယာဉ်တွေပျံသန်းနေတာပါ။ နောက်ပိုင်း ဗမာပိုင်းလော့တွေပေါ်လာမှ အင်္ဂလိပ်တွေပြည်တော်ပြန်ကြပါတယ်။

မင်္ဂလာဒုံမှာ အင်္ဂလိပ်အရာရှိထိပ်ပိုင်းတပ်မှူးကြီးများအတွက် ပြောစမတ်ပြုလောက်အောင် အလွန်ကောင်းမွန်ခိုင်ခံ့ပြီး အပျံစားဖြစ်တဲ့ ဆောက်လုပ်ပေးထားတဲ့နေအိမ်များရှိပါတယ်။ အုတ်အနီနဲ့ဆောက်ထားတဲ့ နှစ်ထပ်တိုက်ကြီးများဖြစ်ပါတယ်။ အိမ်တွင်းဖွဲ့စည်းမှု (အခန်းဖွဲ့စည်းပုံ၊ လှေကားအထားအသို) အနည်းအကျဉ်းကွဲပြားပေမယ့် ယေဘုယျတော့ အတော်တူညီစွာ တည်ဆောက်ထားပါတယ်။ အဲဒီခေတ်က လေအေးစက်ပေါ်တဲ့ခေတ်မဟုတ်ပေမယ့် အဲဒီတိုက်ကြီးများ တည်ဆောက်ထားမှုဟာ နွေအခါမှာအေးပြီး ဆောင်းအခါမှာ နွေးနေတဲ့အတွက် လေအေးစက်နဲ့နေရသလိုပါပဲ။ အိမ်တွေရဲ့ဆင်ဝင်တွေနဲ့ မျက်နှာစာအချို့မှာလည်း နွယ်တက်နေတဲ့ နံရံကပ်ရွက်လှပင်တွေ လည်းရှိပါတယ်။ အိမ်နောက်ဘက်မှာလည်း အိမ်ဝန်ထမ်းတွေအတွက်အိမ်ထောင်တွေ (ကိုယ်ရံများ၊ အလုပ်သမားများ၊ ကားမောင်း သမားများ)နေဖို့အတွက် တန်းလျားဆောင်လည်းရှိပါတယ်။ အိမ်ပေါက်ဝမှာ ကင်းတွေရှိပါတယ်။

အထူးသဖြင့် တောင်ပိုင်းတိုင်းမှူးများအစဉ်အဆက်နေထိုင်ခဲ့တဲ့ မင်္ဂလာဒုံခရေပင်လမ်းထိပ်ကတိုက်ကြီးဟာ အလွန်ကျယ်ပြန့်တဲ့ ဥယျာဉ်ကြီးနဲ့အတူ အလွန့်ကိုခံ့ညားကြီးမားပါတယ်။ ခြံထဲမှာကို တင်းနစ်ကွင်းရှိပြီး အိမ်ဘေးကမြေကွက်မှာလည်း ကလေးများကစားကွင်း။ (ဒန်း၊ ဆီးဆော၊ လျှောစင် စသဖြင့်) ရှိပါတယ်။ ခြံထဲမှာ ပိတောက်ပင်ကြီးအချို့လည်း ရှိပါတယ်။ သင်္ကြန်မိုးလေး တဖြိုက်နှစ်ဖြိုက်ကျရင် တပင်လုံး ရွှေရောင်သန်းလာအောင် ဝေနေအောင်ပွင့်တဲ့ပိတောက်ပန်းများကို ကျွန်မတို့ ငယ်ဘဝကတည်းက မြတ်နိုးခဲ့ကြရပါတယ်။ ကျွန်မတို့အဘွားတွေက ဖေဖေ့ ကိုယ်ရံရဲဘော်လေးတွေကို အပင်ပေါ်တက်ပြီး ဦးဦးဖျားဖျား ဘုရားတင်ဖို့ပန်းခူးခိုင်းတတ်တာတွေ သတိရမိပါတယ်။ ခရေပင်တွေလည်း အများကြီးပါ။

ကျွန်မက အဘွားတွေနဲ့အတူ မနက်စောစောထပြီး ခရေပန်းတွေကောက်၊ သီကုံးပြီး ဘုရားတင်ရပါတယ်။ အဘွားတွေက ဒီလို ကိုယ့်အိမ်ကိုယ့်ရာက ပန်းတွေကိုယ်တိုင်ကောက်ပြီး၊ ကိုယ်တိုင်သီပြီး ဘုရားတင်ရင် ပိုကုသိုလ်ရတယ်လို့ပြောတတ်ပါတယ်။ အဲဒီကာလက ကျွန်မတို့ဇာတိ သာယာဝတီ၊ သုံးဆယ်ကို ပါတီတပ်များနဲ့ ပြည်သူ့ရဲဘော်တပ်များကသိမ်းထားတဲ့အတွက် ကျွန်မအဘိုး အဘွားများနဲ့ ဆွေမျိုးအတော်များများ မင်္ဂလာဒုံအိမ်မှာလာပြီး လအချို့ စစ်ပြေးနေကြရပါတယ်။ ကျွန်မတို့နယ် အေးချမ်းသွားတော့မှ အဘိုးတို့တတွေ ပြန်ကုန်ပါတယ်။ ဒီတခေါက်မှာတော့ ကျွန်မအဘိုးနဲ့ ပြန်မလိုက်ရတော့ဘဲ ဖေဖေတို့နဲ့ပြန်နေခဲ့ရပြီး ကျောင်းစနေရပါတော့တယ်။

ဒီအိမ်ကြီးရှေ့မှာ ၁၉၅၂ ခုနှစ် အစောပိုင်းမှာ ကျွန်မတို့မိသားစု (အငယ်ဆုံး တွတ်တွတ်မမွေးသေးပါ) ရိုက်ထားတဲ့ ဓာတ်ပုံတပုံရှိပါတယ်။ အဲဒီဓာတ်ပုံအကြောင်းလည်း ပြောပြချင်ပါတယ်။ အဲဒီဓာတ်ပုံရိုက်တုန်းက ဖေဖေက အရပ်ဝတ်နဲ့ရိုက်ထားတာပါ။ အဲဒီကာလက ဖေဖေ့ကို အရပ်ဝတ်နဲ့ အင်မတန်တွေ့ရခဲပါတယ်။ ယူနီဖောင်းစစ်ဝတ်ကိုပဲ တောက်လျှောက် မြတ်မြတ်နိုးနိုး ဝတ်ဆင်သူဖြစ်လို့ သူ့ဓာတ်ပုံအားလုံးဟာ လည်း (အဲဒီကာလအထိ)ယူနီဖောင်းနဲ့ချည်းပါပဲ။ ဒါကြောင့်ပဲ ၁၉၅၇ ခုနှစ် ဖေဖေ ပင်စင်ပေးခံရပြီးနောက် ကျွန်မတို့ အရပ်ထဲ ပြောင်းလာ ရတဲ့အချိန် ကျွန်မတို့ ဆီဆုံလမ်းအိမ်ကလေးထဲကဧည့်ခန်းမှာထားဖို့ ဓာတ်ပုံရှာတဲ့အခါ အရပ်ဝတ်နဲ့ ရှားရှားပါးပါးအဲဒီတပုံသာ ရှိပါတယ်။ ဖေဖေက အရပ်ထဲမှာနေကြပြီဖြစ်လို့ အရပ်ဝတ်နဲ့သာထားချင်ပါတယ်။ ဒါကြောင့် ဒီမိသားစုပုံပဲ ကယားတပ်ကလက်ဆောင်ပေးထားတဲ့ ဖားစည်ကြီးပေါ်မှာ တင်ထားပါတယ်။

အဲဒီဓာတ်ပုံထဲ မပါရတဲ့ ကျွန်မတို့မောင်အငယ်ဆုံးလေး တွတ်တွတ်က ဒါကို စိတ်ကောက်ပါတယ်။ သူ့မွေးပြီးမှ မေမြို့မှာရိုက်ထားတဲ့ပုံက ဖေဖေက စစ်ဝတ်စစ်စားအပြည့်အစုံနဲ့မို့ ဖေဖေက အဲဒီပုံကို မထားတာပါ။ ကျွန်မတို့ စမ်းချောင်းရောက်မှ တွတ်တွတ်က ကျောင်းစတက် တာပါ။ သူက ကျောင်းဆင်းလာရင် သူ့ဘွတ်ဖိနပ်လေးကို ခြေစွပ်ကိုချွတ်ပြီး  ကျန်လူတွေလို အိမ်ရှေ့ကပြင်ကဖိနပ်စင်မှာမတင်ဘဲ အဲဒီဓာတ်ပုံရှေ့ ဖားစည်ပေါ်မှာသွားတင်တတ်ပါတယ်။ အစပိုင်းမှာ တော့ သူ့ရဲ့ဒီသပိတ်မှောက်လုပ်ရပ်ကလေးကို ဘယ်သူမှသတိမပြုမိပါဘူး။ မနက်ကျောင်းသွားခါနီးရင် သူ့ဟာ သူ့ဖိနပ်လေးသွားယူပြီးစီးပါတယ်။ နောက်မှ မေမေက စသတိပြုမိပြီးသူ့ကို သားက သားပုံမပါလို့ ဒီပုံကို စိတ်ဆိုးနေတာလား။ သားလည်း ဒီပုံထဲပါပါတယ်။ သားက အဲဒီတုန်းက မေမေ့ဗိုက်ထဲမှာလေလို့ သူ့ကို ချော့မော့ဖျောင်းဖျတော့မှ တွတ်တွတ် သူ့ဖိနပ်ကို အဲဒီဓာတ်ပုံရှေ့မတင်တော့တာပါ။

တွတ်တွတ်ကို ၁၉၅၂ ခုနှစ် နိုဝင်ဘာလမှာ မင်္ဂလာဒုံမှာ မွေးတာပါ။ မင်္ဂလာဒုံမှာ စစ်ဆေးရုံကြီးရှိပါတယ်။ အစောပိုင်းက အမျိုးသားများ၊ စစ်သားများအတွက်သာဖြစ်ပေမယ့် နောက်ပိုင်း အမျိုးသမီးဆောင်ကိုတိုးချဲ့ဖွင့်လှစ်ပါတယ်။ အဲဒီစစ်ဆေးရုံကြီးရဲ့ဆေးရုံအုပ်ဟာ ဒုဗိုလ်မှူးကြီးချိုင်းပါ။ ဗမာပြည်ပေါက် တရုတ်အမျိုးသားဖြစ်ပြီး သူ့ဇနီး ဒေါ်ရိုစီချိုင်းကတော့ တရုတ်ကရင်ကပြားပါ။ သူလည်း ဆရာဝန်ပါပဲ။ ဇနီးမောင်နှံနှစ်ယောက်လုံး ဒေါက်တာဘသန်းရဲ့တပည့်များဖြစ်ကြပြီး ဒေါ်ကစ်တီဘသန်း (ဒေါ်ခင်မေသန်း နောင် ဗိုလ်ချုပ်နေဝင်းရဲ့ဇနီး) နဲ့လည်း ရင်းနှီးခင်မင်ကြပါတယ်။ အဲသလို ပုဂ္ဂိုလ်ရေးခင်မင်မှုများအပြင် ဒုဗိုလ်မှူးကြီးချိုင်းတို့ဇနီးမောင်နှံရဲ့ လူနာစစ်သည်များအပေါ် ထားရှိတဲ့စေတနာကောင်းမွန်မှုတို့ကြောင့် ဒုဗိုလ်မှူးကြီးချိုင်းဟာ ဆေးရုံအုပ်ကြီးအဖြစ် တောက်လျှောက်မြဲခဲ့ပါတယ်။ သူ အဲဒီကပဲ ပင်စင်ယူပါတယ်။

မေမေက အဲဒီတုန်းက တောင်ပိုင်းတိုင်း တိုင်းမှူးကတော်ဘဝနဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းတို့၊ တပ်မတော် အမျိုးသမီးအသင်း တို့မှာ တောင်ပိုင်းတိုင်းရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ အဲဒီကာလမှ အဲဒီဆေးရုံအုပ် ဆရာဝန်ဇနီးမောင်နှံနှစ်ယောက် ဦးဆောင်မှုနဲ့ မေမေဟာ တောင်ပိုင်းတိုင်းလက်အောက်ခံတပ်များက အရာရှိကတော်များနဲ့ပူးပေါင်းပြီးအမျိုးသမီးဆောင်(သားဖွားဆောင်)ကို ထူထောင်ခဲ့တာပါ။

မေမေက အောက်ခြေရဲဘော်လေးများရဲ့ဇနီးမယားများဟာ သိပ်သနားဖို့ကောင်းတာ၊ ယောကျာ်းတွေ ရှေ့တန်းထွက်သွား ရင် လခက အဲဒီစစ်သားနဲ့ပါသွားတာ၊ ကျန်အိမ်သူအိမ်သားများက တပ်ကထုတ်ပေးတဲ့ ရာရှင်(ရိက္ခာ)နဲ့ပဲ စားရတာတဲ့။ (ဒါတောင် အဲဒီကာလက ထုတ်ပေးတဲ့ရိက္ခများဟာ အတော်ကောင်းမွန်ပါတယ်။ ကုလားပဲတို့၊ အမဲသားတို့၊ နို့ဆီဘူးတို့၊ ဘဲဥ စတာတွေပါတာ ကျွန်မမှတ်မိပါတယ်) အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ မီးနေသည်တွေ နောက်တန်းကျန်ခဲ့ရင် ပိုဒုက္ခရောက်ရှာတာ၊ ဒါကြောင့် သားဖွားဆောင်ကို မေမေတို့ စဖွင့်ကြတာပါလို့ ကျွန်မကို ပြောပြဖူးပါတယ်။ မေမေတို့ကို ဆေးရုံအုပ်ကြီးဇနီးမောင်နှံက ဆေးသင်တန်းတွေ၊ ရှေးဦးသူနာပြုနည်းတွေကို သင်ပေးပါတယ်။ ဒါ့အပြင် မေမေက ကျန်ဗိုလ်ကတော်များနဲ့ အလှည့်ကျ အဲဒီသားဖွားဆောင်မှာ ကျွေးမွေးရေးတာဝန်ယူပါတယ်။ သိမ်ကြီးဈေးအထိသွားပြီး မီးနေသည်တွေအားရှိဖို့ နို့ကောင်းကောင်းထွက်ဖို့၊ အနာကျက်ဖို့ လိုအပ်တဲ့အာဟာရစတာတွေကိုဝယ်ပြီး စနစ်တကျ ချက်ပြုတ်ကျွေးမွေးပါတယ်။ တကိုယ်ရေသန့်ရှင်းရေးတွေနားလည်အောင်လည်း သင်ကြားပေးပါတယ်။

(၁၉၇ဝ ခုနှစ်များက ဆေးတက္ကသိုလ်(၂)မှာ အလုပ်လုပ်နေတဲ့သူငယ်ချင်းက အလည်ခေါ်လို့ မင်္ဂလာဒုံစစ်ဆေးရုံကြီးကိုရောက်သွားတုန်းက ဆေးရုံဧည့်ခန်းမမှာ မေမေအပါ တောင်ပိုင်းတိုင်း မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းရဲ့ဓာတ်ပုံကြီးချိတ်ထားပြီး မင်္ဂလာဒုံစစ်ဆေးရုံကြီးရဲ့ အမျိုးသမီးအဆောင်ကို စတင်ထူထောင်သူများလို့ ဓာတ်ပုံအောက်မှာရေးထားတာ တွေ့ဖူးပါတယ်)
အဲဒီသားဖွားဆောင်မှာတက်ပြီး မေမေက တွတ်တွတ်ကိုမွေးတာပါ။ မွေးခါစ တွတ်တွတ်က အသားလေးတွေနီရဲနေလို့ ကျွန်မတို့အဘွားက ‘နီတွတ်ကလေး’လို့ စခေါ်ရာက တွတ်တွတ်ဆိုတဲ့နာမည် တွင်သွားတာပါ။ သူ့နာမည်အပြည့်အစုံက ‘ထွန်းအေးကျော်ဇော’ပါ။ မေမေက အဲဒီကာလက စစ်ဗိုလ်ကတော်တသိုက်နဲ့ နေခဲ့ရတဲ့ဘဝတွေကို တမ်းတမ်းတတ လွမ်းလွမ်းဆွေးဆွေး ပြန်ပြောပြတတ်ပါတယ်။

အဲဒီစစ်ဗိုလ်ကတော်အုပ်စုထဲမှာ ရန်ကုန်အပါအဝင် မြို့ကြီးသူတွေ၊ တက္ကသိုလ်ကျောင်းထွက် ပညာတတ်တွေလည်းပါခဲ့ကြပေမယ့် အားလုံး ရင်းရင်းနှီးနှီးတန်းတူညီမျှစွာနဲ့ ဆက်ဆံကြတယ်။ မေမေ့ကိုလည်း လေးလေးစားစားဆက်ဆံကြတယ်။ ဘာအပြိုင်အဆိုင်မှ မရှိဘူး။ ဘာစီးပွားရေးလုပ်ငန်းမှ လုပ်တာလည်းမရှိဘူးတဲ့။ ရတဲ့လခလေးတွေနဲ့ပဲ လောက်အောင်သုံးကြတယ်။ အောက်ခြေရဲဘော်တွေ အကြပ် တပ်သားတွေနဲ့ သူတို့အိမ်ထောင်တွေအပေါ်မှာလည်း ညှာညှာတာတာ ဆက်ဆံခဲ့ကြတယ်တဲ့။

သြော် အဲဒီတုန်းကတော့ တော်လှန်ရေးကပေါက်ဖွားလာတဲ့ဗမာ့တပ်မတော်ကြီးက စစ်ဗိုလ်တွေဖြစ်ကြတော့ တော်လှန် ရေးအခြေခံ စိတ်ကလေးတွေ အနည်းအကျဉ်းကျန်နေသေးဟန် တူပါတယ်။

နောက်ပိုင်း (မေမေကတော့ နာမည်နဲ့တကွအတိအကျပြောပါတယ်။) စစ်ဗိုလ်ကတော်အချို့ရောက်လာပြီးနောက် မေမေတို့ စစ်ဗိုလ်ကတော်အုပ်တွေထဲ စိတ်ဝမ်းတွေကွဲပြီး အပြိုင်အဆိုင်တွေဖြစ်လာပါတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း တဖက်တလမ်းက ရှာဖွေ လုပ်ကိုင်လာကြတယ်။ မိန်းမတွေကစခဲ့တဲ့မီးဟာ ယောကျာ်းတွေဆီလည်း ကူးစက်သွားပါတယ်။ (ဒါကလည်း လူတင်ပါလို့ နွားကျားကိုက် ခံရတာပါ။) တချို့စစ်ဗိုလ်ကတော်တွေဟာ တပ်ကရာရှင်ကိုပဲ မလောက်မချင်းပိုတောင်းပြီး ရတဲ့လခကိုစုကာ အောက်ခြေရဲဘော်တွေနဲ့ အိမ်ထောင်သည်တွေကို ငွေတိုးချေးစားတာတွေလုပ်ပါတယ်။ အဲလို အသေးအဖွဲလုပ်ငန်းလေးတွေ မရဲတရဲလုပ်ရင်းက လောဘဇောတွေ တဖြည်းဖြည်းတက်လာပြီးနောက် အခိုင်အမာလုပ်ငန်းတွေအဖြစ် DSI တို့၊ BEDC တို့ စတဲ့ လုပ်ငန်းတွေဖြစ်ပေါ်လာပြီး နောက်ဆုံး အခုခေတ်ပေါ် ဦးပိုင်ကုမ္ပဏီလီမိတက်ဘဝသို့ ရောက်လာတော့တာပါပဲ။ ဒီလိုနည်းနဲ့ စစ်ဗျူရိုကရေစီယန္တရားကြီး ပေါ်ပေါက်ခဲ့ရတာပါပဲ။

ဒါကြောင့်ပဲ အရေအတွက်တွေ စုစည်းများပြားလာရင် အရည်အချင်းတရပ်ကိုပြောင်းလဲသွားတယ်လို့ ဆိုကြတာကိုး။ ဒီလိုနည်းနဲ့ ဗမာပြည်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေး၊ လွတ်လပ်ရေးတွင်းကပေါ်ထွက်လာတဲ့ ဗမာ့တပ်မတော်ကြီးဟာ ဗိုလ်နေဝင်း စိတ်ကြိုက် လက်ကိုင်တုတ်ကြေးစားတပ်ကြီး ဖြစ်သွားရတာပါပဲ။ အခုထိ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံကိုကြည့်ရင် ဒီစက်ယန္တရားကြီးကို အကာအကွယ် ပေးထားတုန်းဆိုတာ ထင်ရှားပါတယ်။ ဒီစက်ယန္တရားကြီးကိုမဖျက်နိုင်မချင်း ဗမာပြည်အရေးကတော့ ရင်အေးဖွယ်မမြင်ပါဘူး။
၁၈-၁၂-၂ဝ၁၂

0 comments:

Post a Comment