Saturday, January 31, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၄)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း (၄)

ကျနော်သည် ဟဲရားဂရိတ်ခေါ် မြန်မာအထက်တန်းဆရာဖြစ်သင် စာမေးပွဲအောင်ပြီးခဲ့ပြီး မြန်မာလိုပညာရေးအရ ရှေ့ဆက်သင်စရာ အတန်းကျောင်းမရှိတော့ပေ၊

ထိုအချိန်တွင် ကျနော့်မှာ ပညာဗဟုသုတလဲ အတော်ပြည့်စုံကြယ်ဝလာသဖြင့် အင်္ဂလိပ်စာတတ်ချင်သောစိတ် အတော်ပြင်းထန်နေပါသည်။ ရန်ကုန်မြို့တွင် ကိုယ်ပိုင်အင်္ဂလိပ်စာတဘာသာ အလွတ်ပညာသင်တန်းဖွင့်ထားသော “အိမ်ကျောင်း” တချို့ ရှိပါသည်။ ထိုကျောင်းကလေးများ တွင် အင်္ဂလိပ်စာတဘာသာကို ဆက်ပြီးသင်ကြားလိုသောဆန္ဒရှိပါသည်။

သို့ရာတွင် ကျနော်မိဘတို့က ကျနော်ဟာ မြန်မာအထက်တန်းကျောင်း ဆရာလည်းဖြစ်လာပြီ။ သင်စရာအတန်းလဲဆုံးပြီ။ အသက်မွေး ဝမ်းကြောင်း လုပ်ကိုင်စားသောက်နိုင်ပြီဖြစ်၍ အင်္ဂလိပ်စာသင်ကျောင်းဆက်မထားလိုဘဲ မိဘများထံ ပြန်လာရန်သာ ပြောပါတော့သည်။ နောက်မိဘများက ကျနော်ရန်ကုန်တွင် ကျောင်းသားသပိတ်ခေါင်းဆောင်လုပ်ခဲ့သဖြင့်လည်း ရန်ကုန်မြို့တွင် ကြာကြာနေပါက ကျနော် လူလည်ကြီးတယောက် ဖြစ်သွားမှာလည်းစိုးပုံရသည်။ ထို့ကြောင့် ကျနော်ကျောင်းဆက်နေရေး ဆက်ပြောသော်လည်း မရတော့ပြီဖြစ်၍ ကျနော်သုံးဆယ်မြို့ ဇာတိဆိုင်းစုရွာသို့ မိဘများထံပြန်ခေါက်ခဲ့ရပါသည်။ ကျနော့် ပညာရေးအတွက်ဝမ်းနည်းစွာနှင့် မိဘများထံ ပြန်ခဲ့ ရပါသည်။

ကျနော်မိမိဇာတိပြန်ရောက်ပြီး ဘာမှလည်းအထွေအထူးအလုပ်မရှိသဖြင့် အင်္ဂလိပ်စာကိုဆက်ပြီးသင်ရန် ကြိုးစားပါသည်။ သုံးဆယ်မြို့တွင် နေထိုင်သော အင်္ဂလိပ်-မြန်မာကျောင်းဆရာ ဆရာပိုင်ဟုခေါ်သော ဆရာတယောက်နှင့်သိကျွမ်းလာပြီး ကျနော့်ကို အင်္ဂလိပ်စာ သင်ကြားပေး ပါရန် ပန်ကြားပါသည်။ ဆရာကလည်းသဘောကောင်း၍သင်ကြားပေးရန် သဘောတူသဖြင့် ဆရာအားလပ်ချိန် ဆရာ့အိမ်ကိုသွားပြီး အင်္ဂလိပ်စာ ဆက်သင်ပါသည်။

သို့သော် ဆရာပိုင်မှာ ကိုယ်ရေးကိစ္စများ၍ အချိန်သိပ်မပေးနိုင်လို့ စာသင်ချိန်နည်းပါးသည်က တကြောင်း။ နောက် ဆရာပိုင်မှာ သက်ကြီး အရွယ်များ ပညာသင်ကြားပေးရသောနည်းနာ မကျွမ်းကျင်၍တကြောင်း တို့ကြောင့် ကျနော် အင်္ဂလိပ်စာသင်ကြားမှုမှာ သိပ် ထိထိရောက်ရောက် မရှိလှပါ၊ သို့သော် ကျနော် ဤအတိုင်း ဆက်လက်သင်ကြားသွားပါသည်။

ထိုအတွင်း သုံးဆယ်မြို့မြောက်ပိုင်း ဆင်ခြေဖုံးရှိ ပန်းဆွဲရွာ မြန်မာစာသင်ကျောင်းတွင် မူလတန်းဆရာတယောက်ကိစ္စဖြင့် ခွင့် ၂ လ ယူပါသည်။ ထိုကျောင်း၏ ကျောင်းအုပ်ဆရာကြီးက ကျနော်နှင့်သိရှိနေပြီး ကျနော့်ပညာရေးအခြေအနေအကြောင်းလည်း သိနေ၍ ကျနော့်ကို ထိုနေရာသို့ ခေတ္တယာယီ ဆရာဝင်လုပ်ရန်လာပြီး ပြောပါသည်။ ကျနော့်ကိုသာမက ကျနော့်မိဘများအိမ်သို့ပါလိုက်လာပြီး မိဘများကိုပါ ပြောပါသည်။ သို့ဖြင့် ထိုကျောင်းတွင် ကျနော်မူလတန်းပြဆရာ ယာယီဝင်လုပ်ပါတော့သည်။

ထိုကျောင်းမှ ဆရာများကလည်း ကျနော်ရန်ကုန်က အထက်တန်းဆရာဖြစ်စာမေးပွဲအောင်လာသူဖြစ်၍ လေးစားကြပါသည်။ နေ့လည် လက်ဖက်ရည်သောက်ချိန်တွင် ထိုဆရာများကိုကျနော်က နိုင်ငံရေးတရားများဟောပြောပါတော့သည်။ ဆရာများမှာ တဖြည်းဖြည်း စိတ်ဝင်စား နှစ်ခြိုက်လာကြပါသည်။ ကျနော့်ကိုလည်း များစွာလေးစားလာကြပါသည်။ ကျနော်လည်း နောက်ဆုံး ခွင့်ရက်ကုန်ဆုံးသည်အထိ ထိုဆရာများနှင့် ရင်းနှီးစွာဟောပြောသွားပါတော့သည်။

ထိုအတောအတွင်း သာယာဝတီမြို့တွင် တို့ဗမာသခင်အစည်းအရုံးမှ လူထုတရားပွဲတပွဲလုပ်ရာ ကျနော်သွားပြီးတက်ပါသည်။ တရားပွဲတွင် စီမံလုပ်ကိုင်နေသော ခေါင်းဆောင်လူကြီး သခင်ခင်အောင်အား ကျနော်ကဝင်ပြီး ကျနော်သခင်အသင်းဝင်ဖြစ်ကြောင်းနှင့် ကျနော့် အကြောင်းတို့ကိုမိတ်ဆက်ပြီး ကျနော်သာယာဝတီခရိုင် တို့ဗမာအစည်းအရုံးတွင် အကူအညီပေးလိုကြောင်းပြောရာ သခင်ခင်အောင်က များစွာသဘောကျသဖြင့် ယခုတရားပွဲမှာ ကျနော်တို့သခင်အသင်းဝင်တွေချည်း ဖြစ်တယ်၊ ခင်ဗျားနည်းနည်းတက်ပြီး ဟောပြောပါလားဟု ပြောရာ ကျနော်သဘောတူပြီး မကြာခင် သခင်ခင်အောင်က ကျနော့်ကို လူထုနှင့်မိတ်ဆက်ပေးပြီး တရားတက်ဟော ခိုင်းပါသည်။

ကျနော်ကထွက်ပြီး ယခုမြန်မာပြည်ကို အင်္ဂလိပ်နယ်ချဲ့တို့လာသိမ်းပိုက်ပြီး ကျွန်လုပ်ထားကြောင်း။ ကျနော်တို့ထံမှ ပစ္စည်းတွေကို သွေးစုပ်နေကြောင်း။ ကျနော်တို့အင်္ဂလိပ်အောက်မှလွတ်မြောက်အောင် အင်္ဂလိပ်တွေကို တိုက်ထုတ်ကြရမည်ဖြစ်ကြောင်းတို့ကို ပွင့်ပွင့် လင်းလင်းဟောပြောရာ လူထုက တော်တော်သဘောကျ ကြပါသည်။ ထိုမှစပြီး သာယာဝတီခရိုင်တရားပွဲများတွင် ဟောပြောရန် ကျနော့်ကို ဖိတ်ပါသည်။ ထိုတရားပွဲတွင် ကျနော်တို့ရွာမှ သခင်များလည်းတက်ရောက်သဖြင့် ရွာပြန်ရောက်သောအခါ ၎င်းတို့ကကျနော့်ကို လေးစားလာ ကြပါသည်။

ကျနော့်ဇာတိတွင် ကျနော်နေထိုင်စဉ် ကိုယ်ရေးကိုယ်တာကိစ္စတခု ဖြစ်ပျက်လာပါသည်။ သုံးဆယ်မြို့တွင် ကျနော်တို့နှင့် ဆွေမျိုးနီးစပ် တော်သော သာယာဝတီအရေးပိုင်ရုံး ရုံးအုပ်စာရေးကြီး ဦးဘအုံး-ဒေါ်တင်တို့အိမ် ရှိပါသည်။ ကျနော်မှာ ထိုအိမ်သို့ဝင်ထွက် သွားလာ နေပါသည်။ သူတို့တွင် ကျနော့်ထက်အသက် ၂ နှစ်မျှငယ်သော သမီးတယောက်နှင့်သားငယ်တယောက် ရှိပါသည်။ သမီးမှာ မသန်းစိန်ဆိုသူ ဖြစ်ပါသည်။ မိဘများက သမီးမူလတန်းအောင်ပြီးနောက် ကျောင်းဆက်မထားဘဲ အိမ်မှာပဲထားပါသည်။

ကျနော်နှင့် မသန်းစိန်မှာ ရင်းနှီးသိကျွမ်းလာ၍ ကျနော်က နိုင်ငံရေးတရားတွေဟောပြောပြီး နိုင်ငံရေးစာအုပ်များလည်း ပေး၍ ဖတ်စေခဲ့ ပါသည်။ မသန်းစိန်နှင့် ကျနော်မှာ ရင်းနှီးခင်မင်လာပြီး ဘာကြောင့်မှန်းမသိ တဦးနှင့်တဦး စိတ်ရင်းသဘောထားခြင်းတူညီလာသည်ကို တွေ့ရပါသည်။ နောက် တဦးနှင့်တဦးခင်မင်ရာက မေတ္တာရှိလာကြပါသည်။ ကျနော်က မေတ္တာရှိကြောင်းဖွင့်ပြောပြီးနောက် မကြာခင်ပင် သမီးရည်းစား ဖြစ်လာပါတော့သည်။ ကျနော်တို့များစွာ ပျော်ရွှင်မိကြပါသည်။

ကျနော်သည် သခင်ခင်အောင်တို့နှင့်ပေါင်းပြီး ကျနော့်ဇာတိရွာတွင် တို့ဗမာအစည်းအရုံးသခင်ပါတီ၏ ဗမာ့လက်ရုံးတပ်ကလေးတခုကို လူ ၁၄-၅ ယောက်ဖြင့် စတင်ထူထောင်ပါသည်။ ကျနော့်မှာ ရဲတပ်စစ်လေ့ကျင့်ခန်းသာတက်ဖူးပြီး ဗမာ့လက်ရုံးတပ် စစ်သင်တန်းမတက်ဖူး၍ စစ်သင်တန်းပေးရန် သခင်ခင်အောင်ကိုအကူအညီတောင်းရာ သခင်ခင်အောင်က သူတို့အိမ်တွင်အတူနေသော သခင်သန်းတင်ဆိုသော ရဲဘော်တယောက်ကိုစေလွှတ်ပြီး သင်တန်းပေးစေပါသည်။ ထိုသခင်သန်းတင်ဆိုသည်မှာ နောင် ကျနော်နှင့် ဂျပန်စစ်ပညာသင်သွားဘက် ရဲဘော် ဖြစ်ပါသည်။

ကျနော်ထိုသိုဏ္ဍနေထိုင်ရင်း မိမိသည်လုပ်ငန်းကြီးများကိုလုပ်ရတော့မည်ကို သိနားလည်လာပါသည်။ ထိုစဉ်က ကျနော် အင်္ဂလိပ်စာ မတတ်သေးသည်ကိုတွေးမိပြီး များစွာစိတ်အားငယ်လာပါသည်။ အင်္ဂလိပ်စာမတတ်မချင်း မိမိလူ့ဘဝမပြည့်စုံသေးဟုယူဆပြီး များစွာ စိတ်အားငယ်ခဲ့ပါသည်။

ကျနော့်ကို အင်္ဂလိပ်စာသင်ရန် အကြီးအကျယ် လှုံ့ဆော်လာသောအကြောင်းမှာ ၁၃ဝဝ ပြည့်အရေးတော်ပုံ ကျောင်းသားအရေးအခင်း လှုပ်ရှားမှုတွင် ဖြစ်ပါသည်။ နောက် ယခုသာယာဝတီခရိုင်တွင် နိုင်ငံရေး စတင်လုပ်ဆောင်လာသောအခါ ထိုစိတ်ဓာတ် ထပ်မံ ပြင်းထန် လာပါသည်။

ထိုအတွင်း BA Bed ဆရာဖြစ် ဘွဲ့ရဆရာမကြီးဒေါ်မမက ရန်ကုန်မြို့တွင် အင်္ဂလိပ်စာအလွတ်သင်ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်သင်ကြားနေရာ တော်တော်အောင်မြင် ကောင်းမွန်နေသည့်သတင်းကိုလည်း ကျနော်ကြားသိလာရာ ထိုအခွင့်ကောင်းကြုံခိုက် ထိုကျောင်းသို့ ကျနော် သွားရောက် သင်ကြားလိုစိတ် ပြင်းထန်လာသည်။

ထို့ကြောင့် ကျနော့်မိဘများကို ထိုအကြောင်းတွေတင်ပြပြီး ကျနော်ရန်ကုန်သွှုား ထိုကျောင်းတွင် အင်္ဂလိပ်စာသင်လိုကြောင်း ပန်ကြားပြောဆို ပါသည်။ မိဘများက ကျနော်ရန်ကုန်ကိုသွားပြီး ထပ်မံကျောင်းနေမှာကို နည်းနည်းမှသဘောမတူပါ၊ သို့သော် ကျနော်က ထိုအခွင့်ကောင်းများ ကြုံဖို့မလွယ်ကြောင်း ကျနော်အင်္ဂလိပ်စာတတ်မှ ကျနေည့်ဘဝ ပိုအဆင်ပြေ ပြည့်စုံမည်ဖြစ်ကြောင်း ဇွဲနှင့်အကြိမ်ကြိမ် ပြင်းထန်စွာတောင်းပန် ပြောကြားလာရာ မိဘများမှာ ကျနော့်အပေါ် သနားလာသည်ထင်သည်။ နောက်ဆုံးခွင့်ပြုတော့သည်။

ခွင့်ရလျင်ရချင်း ကျနော်ရန်ကုန် ကြည့်မြင်တိုင်ရှိ အဒေါ့်အိမ်ကိုသွားပြီး ဆရာမကြီးဒေါ်မမ၏ အင်္ဂလိပ်စာအလွတ်သင်ကျောင်းသို့ အမြန် တက်ရောက်သင်ကြား ပါတော့သည်။

ကျနော် ရန်ကုန်မသွားမီ သာယာဝတီရှိ သခင်ခင်အောင်ထံသွားပြီး ကျနော် ခေတ္တရန်ကုန်တွင်ကျောင်းသွားနေမည့်အကြောင်း သတင်း သွားပို့ခဲ့ပါသည်။
ဆရာမကြီးဒေါ်မမသည် ကျနော်၏ စာသင်ကြားရေးစိတ်အားထက်သန်မှုကို သဘောကျပုံရပြီး သူကိုယ်တိုင် ကျနော့်ကို အင်္ဂလိပ်စာ တနေ့ကို ၁နာရီခွဲ (၂)နာရီမျှ သင်ကြားပေးပါတော့သည်။

ကျနော်သည် အင်္ဂလိပ်စာသင်ရင်း တနေ့တနေ့တွေ့ရသော အင်္ဂလိပ်ဝေါဟာရစကားလုံးအသစ် အလုံး ၂ဝလောက်၏ အဓိပ္ပါယ်များကို အလွတ်မခံ အကုန်ညက်ညက်ကျေအောင် ကျက်မှတ်လေ့ကျင့်ပါသည်။

ကျနော်၏ အင်္ဂလိပ်စာသင်ကြားမှုမှာ လျင်မြန်စွာတိုးတက်လာနေပါသည်။ ယခုကဲ့သို့ စာကို အားခဲသင်ကြားနေစဉ် တဖက်ကလည်း အဒေါ့်အိမ်မှ အိမ်မှုလုပ်ငန်းများလည်း ကူညီလုပ်ကိုင်နေရရာ ကျနော့်အဖို့တနေကုန် အားလပ်ချိန်မရှိ ပင်ပန်းနွမ်းနယ်နေပါသည်။ သို့သော် ကျနော်၏စိတ်အားထက်သန်မှုကြောင့် ရွှင်ရွှင်လန်းလန်းရှိနေပါသည်။

ဤလိုနှင့် ကျနော်သင်ကြားလာရာ (၆)လမျှ ကြာသောအခါ ကျနော့်အင်္ဂလိပ်စာမှာ တဟုန်ထိုးသိသာထင်ရှားစွာ အောင်မြင်တိုးတက် လာပါတော့သည်။ ကျနော်ဤအတိုင်း သင်ကြားသွားပါလျှင် နောက် (၆လ)ကြာလျှင် ကျနော်မုချ အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်ဖြစ်တော့မည်ဟု ကောင်းစွာ ယုံကြည်လာပါတော့သည်။ လူလည်းထက်သန် တက်ကြွနေပါတော့သည်။ ကျနော့်ဦးနှောက်လည်း တော်တော်ကောင်းနေသည် ထင်ပါသည်။

ကျနော် ထိုနေ့ကို ကောင်းစွာမှတ်မိနေပါသည်။ ၁၉၄၁ ခုနှစ် ဧပြီလဆန်း ၈ ရက်ဖြစ်ပါသည်။ ကျနော့် အင်္ဂလိပ်စာဖတ်စာအုပ်ဖြစ်သော “မွန်တီခရစ္စတို” ဆိုတဲ့ အင်္ဂလိပ်စာအုပ်ကလေး ကုန်ဆုံးသောနေ့ဖြစ်ပါသည်။ ကျနော်ဖတ်စာအုပ်အသစ်ကို ကိုင်ရတော့မည်ဖြစ်၍လည်း ဝမ်းသာနေပါသည်။

ကျနော်ထိုနေ့ နေ့လည် ဆရာမကြီးဒေါ်မမ၏ကျောင်းရှိရာ ကြည့်မြင်တိုင် မအူပင်လမ်းအတိုင်းလျှောက်၍ ကျနော့်အိမ် ဇလွန်လမ်းရှိရာသို့ အပြန်တွင် မအူပင်လမ်းဆုံနှင့်ရှမ်းလမ်းမကြီးတို့ ဆုံတဲ့နေရာရောက်သောအခါ ရဲစစ်လေ့ကျင့်ရေးတာဝန်ခံသင်ကြားပေးသူ ရန်ကုန်ရဲတပ်ဖွဲ့မှ ကိုညိုဆိုသောသူက လက်ဖက်ရည်ဆိုင်တဆိုင်က လမ်းဆုံသို့ထွက်လာပြီး ကျနော့်ကို ပြုံးရွှင်စွာနှုတ်ဆက်ကာ လမ်းထောင့်တနေရာသို့ ခေါ်သွားပါသည်။

နောက်သူကပြောသည်မှာ ကျုပ်တို့ဗမာပြည်အရေးတော့ ပေါ်လာပြီ၊ ခင်ဗျား ဗမာပြည်လွတ်လပ်ရေးအတွက် ဘာမဆိုလုပ်မယ်မဟုတ်လား ဟု မေးပါသည်။ ကျနော်က လုပ်မည့်အကြောင်း စိတ်အားတက်ကြွစွာပြန်ပြောသောအခါ သူက ဆက်ပြောတာက ကျနော်တို့အင်္ဂလိပ်ကို တိုက်ဖို့ စစ်ပညာကို ဂျပန်ကသင်ပေးမည်ဆို၍ ဂျပန်ပြည်ကို မျိုးချစ်လူငယ်တွေ စေလွှတ်မယ်၊ ခင်ဗျားလိုက်မယ်မဟုတ်လား ဟုမေးပါသည်။ ကျနော်က စိတ်အားတက်ကြွလာသော်လည်း တဖက်ကအင်္ဂလိပ်စာသင်နေတာကိုသတိရပြီး ကျနော်လိုက်ချင်ပါတယ်၊ ဒါပေမယ့် ကျနော် အင်္ဂလိပ်စာသင်နေတာ နောက် (၆လ)ဆိုရင် တကယ်တတ်တော့မှာ။ နောက် (၆ လ)လောက်ကြာမှ သွားလို့မဖြစ်ဘူးလားလို့ ပြန်မေးပါတယ်၊ သူကရယ်မောပြီး အင်္ဂလိပ်စာသင်တာက ဘယ်တော့မဆို သင်နိုင်ပါတယ်ဗျာ။ တော်လှန်ရေးဆိုတာက အချိန်အခွင့်အခါသင့်သလို လုပ်ကြရ တာဗျ။ အခွင့်သင့်တုန်းသွားကြရမှာဖြစ်တယ်လို့ ပြောသည်။

ကျနော်က နောက်မှစဉ်းစားမိသည်။ ဂျပန်သွားရေးကိစ္စ ဘယ်ပါတီကလုပ်နေတာလဲ သိဖို့လိုသည်။ ဦးစောလည်းဂျပန်နှင့်ဆက်နေသဖြင့် ဦးစောတို့ကများလွှတ်တာလားဟု သံသယဝင်လာပါသည်။ သူက ဘယ်ပါတီကလွှတ်တယ်ဆိုတာ လျှို့ဝှက်ချက်ဖြစ်လို့ မပြောနိုင်ဟုဆို ပါသည်။ ကျနော်လည်း ဒီကိစ္စအရေးကြီးသည်။ ငါ့ဘာသာငါစုံစမ်းမယ်ဆိုပြီး ကျနော်လိုက်မလိုက်ဆုံးဖြတ်ချက်ကို နောက် ၂ရက်မှာ ခင်ဗျား အိမ်ကိုလာပြောမယ်ဗျာ၊ ကျနော့်ကိုစိတ်ချပါ၊ ဒီကစ္စ ကျနော်လျှို့ဝှက်ထားပါ့မယ်ဟုပြော၍ လူချင်းခွဲကြသည်။ သခင်ပါတီကလွှတ်တာ မဟုတ်ရင် မသွားဘူးဟု စိတ်ထဲရှိထားပါသည်။

နောက်နေ့တွင် ကျနော်သည် လွှတ်တော်အစည်းအဝေးတက်နေသော သခင်မြထံသွားတွေ့ပါသည်။ သခင်မြသည် လွှတ်တော်မှထွက်ပြီး ကျနော့်ကို တွေ့ပါသည်။ ကျနော်က ကိုညိုပြောပြသော ဂျပန်သွားရေးကိစ္စကိုအတိုချုံးပြောပြပြီး ကျနော်သည် ဂျပန်သွားရေးကိစ္စကို သခင်မြတို့၏ သခင်ပါတီမှစေလွှတ်မှသာ သွားလိုသည်။ ထို့ကြောင့် တိုက်ရိုက်လာပြီးမေးမြန်းရကြောင်း ပြောပြပါသည်။

သခင်မြသည် ရုတ်တရက်ပြန်ဖြေရန် ခက်နေပုံရသည်။ ထို့ကြောင့် နက်ဖန်နံနက် သူတည်းခိုနေသောရွှေတောင်တန်းအိမ်သို့ လာပြီးတွေ့ဖို့နှင့် သူ့လိပ်စာ ကျနော့်ကိုပေးလိုက်ပါသည်။
နောက်တနေ့နံနက် ကျနော်သခင်မြအိမ်ခန်းသို့သွားပြီး သခင်မြနှင့်တွေ့ဆုံပါသည်။ သခင်မြတည်းခိုသောအခန်းမှာ ရွှေတောင်တန်းရှိ တိုက်တတိုက်အောက်ဆုံး မြေညီထပ်ရှိ အခန်းတခန်းဖြစ်ပါသည်။ ကော်ဇောကြီးတချပ်ခင်းထားသည်ကို မှတ်မိနေပါသည်။

သခင်မြထွက်လာပြီး ကျနော့်ကိုလက်ခံတွေ့ဆုံပြီး ကျနော့်အကြောင်းအနည်းငယ်မေးမြန်းပြီး ဂျပန်စစ်ပညာသင် သွားရေးကိစ္စဟာ တို့လုပ်နေတာဖြစ်တယ်ဟု တိတိလင်းလင်းပြောပြီး ဂျပန်လိုက်သွားဖို့လည်းတိုက်တွန်းပါသည်။ ကျနော်လည်း စိတ်ထဲကြည်လင် ဝမ်းမြောက် သွားပြီး ကျနော်နက်ဖန် ကိုညို့ကို ဂျပန်သွားမယ်လို့ ပြောလိုက်ပါတော့မယ်ဟု ပြောပါသည်။ သခင်မြက ဂျပန်သွားရေးကို ကိုညိုတို့ ဆက်စီစဉ်ပါလိမ့်မယ်ဟု ပြောပါသည်။ ကျနော်သခင်မြအိမ်မှ ပြန်လာခဲ့ပါသည်။

ကျနော် နောက်နေ့ ကိုညို့အိမ်သွားပြီး ကျနော်ဂျပန်သွားမည်ဟု ကတိပေးပါသည်။ ကိုညိုကဝမ်းသာပြီး ဂျပန်သွားဖို့ ရက်မဝေးတော့ပါဘူး ပြောပြီး နောက်ထပ်တွေ့ဆုံရန် ရက်ချိန်းလိုက်ပါသည်။ နောက် ကိုညိုပြောလိုက်တာက ဂျပန်သွားရင် သင်္ဘောနှင့်သွားရမှာ၊ သင်္ဘောပေါ် သင်္ဘောဘေးက လှေခါးနဲ့တက်ရမှာ။ ဂျပန်သင်္ဘောသားတွေနဲ့ရောပြီးတက်ရာမှာ သူတို့လို မြန်မြန်တက်နိုင်အောင် အိမ်ကလှေခါးမှာ အတက် လေ့ကျင့်ထားရင်ကောင်းမယ် ပြောပါတယ်၊ ဆက်ပြီးပြောတာက သင်္ဘောအတက်မှာဖမ်းမိသွားရင်တော့ ရေထဲခုန်ချလိုက်ဟုပြောရာ ကျနော်က ဟာ ကျနော်ရေမကူးတတ်ဘူးလို့ပြောတော့ ကိုညိုက စိတ်တိုပြီး ဒီတော့ သေလိုက်ပေါ့ဗျာလို့ ခပ်တည်တည်နဲ့ပြောတော့ ကျနော်လည်း တရားအတိုင်းလည်း ဟုတ်မှန်နေ၍ ဟုတ်ပါပြီဗျာဟု ပြန်ပြောခဲ့ရသည်။

ကျနော်အိမ်ပြန်သွားပြီး ကိုညိုချိန်းသည့်ရက်ကို စောင့်နေပါသည်။ ထိုအတွင်း သူမှာလိုက်တဲ့အတိုင်း လှေခါးအတက်ကို အိမ်သားတွေ အလစ်တွင်လေ့ကျင့်ပါသည်။ တကြိမ်တွင် လေ့ကျင့်နေစဉ် ကျနော့်အဒေါ် မီးဖိုချောင်ကအထွက်တွင်တွေ့မြင်သွားပြီး ဒါလောက် ဆော့ရသလားဟု ကြိမ်းမောင်းသွားပါသည်။

ကျနော်ထိုရက်အတွင်း ကျနော်တို့ကျောင်းသားတွေကို ၁၃ဝဝပြည့် ဒီဇင်ဘာ ၂ဝ ရက်က ဗမာပြည် အင်္ဂလိပ်နယ်ချဲ့အစိုးရ ရိုက်နှက်ဖြိုခွဲ ခဲ့သော အတွင်းဝန်ရုံးကြီး၏ အနောက်မြောက်ထောင့် စပတ်လမ်း (ယခုဗိုလ်အောင်ကျော်လမ်း)နေရာကိုသွားကြည့်ပြီး အင်္ဂလိပ်အစိုးရအပေါ် မုန်းတီးရေးစိတ်ဓာတ်ကို မြှင့်တင်ခဲ့ပါသည်။

နောက် ကိုညိုချိန်းသည့်ရက်ကို ရောက်လာပြီး ကိုညိုနှင့်တွေ့ပါသည်။ သူက ခင်ဗျားနက်ဖန်ည သင်္ဘောဆင်းရမည်ဟုပြောပြီး အသေးစိတ် အစီအစဉ်တွေ ပြောပါသည်။ နောက် ကိုညိုက ခင်ဗျားပျောက်သွားရင် ခင်ဗျားမိဘက အကြီးအကျယ်လိုက်ရှာပြီး မတွေ့ရင် တိုင်ကြားမှုတွေ ဖြစ်မှာစိုးရတယ်၊ ဒီတော့ ခင်ဗျားက ခင်ဗျားမိဘထံကိုစာရေးပို့လိုက်ပါ၊ ကျနော်ဟာ “မိဘတို့ထက်ပိုပြီး ချစ်တဲ့သူနောက်လိုက်သွားပါသည်” ဟူတဲ့သဘော စာရေးပါဟုမှာကြားပြီး နှုတ်ဆက်ကာ လူချင်းခွဲကြပါသည်။

ထိုရဲတပ်ဗိုလ် မြန်မာကျောင်းဆရာ ရဲဘော်ကြီးကိုညိုဆိုသူမှာ နောက်ကျနော်တို့ ဗမာ့ကာကွယ်ရေးတပ်မတော် BDA တွင် ပါဝင်လာပြီးနောက် ဗိုလ်မှူးသူရဖြစ်လာပြီး ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်ရေးအတွင်းဝန်ဖြစ်လာသူ ဖြစ်သည်။ လူချစ်လူခင်ပေါများသူလည်းဖြစ်သည်။ နောင် တပ်မတော်တပ်ရင်းမှူးဖြစ်လာပြီး မကြာမီ ငှက်ဖျားရောဂါဖြင့် BDA ကာလအတွင်း စောစွာ ဝမ်းနည်းဖွယ်ကွယ်လွန်ကျဆုံးသွားရသူ မျိုးချစ် ပုဂ္ဂိုလ်ကြီးဖြစ်သည်။

ကျနော် အဒေါ်အိမ်ပြန်သွားပြီး ကပြာကယာပင် မိဘများထံစာရေးပါသည်။ မိဘထက်ချစ်သူနောက် လိုက်သွားပြီ စကားလုံးကို အဘက်ဘက်က လိုအပ်သဖြင့် ရေးထည့်လိုက်ရသည်ကို စိတ်မကောင်းပါ၊ နောက် ကျနော် ရက်ရှည်ခရီးထွက်မည့်အကြောင်းတနည်းတဖုံ ကျနော့်ရည်းစား မသန်းစိန်ထံလည်းစာရေးသင့်သည်ထင်သော်လည်း တိုင်းပြည်၏ လျှို့ဝှက်ရေးလုံခြုံရေးကြောင့် မရေးတော့ပါ၊

0 comments:

Post a Comment