ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ လှကျော်ဇော ဆောင်းပါးအမှတ်စဉ် (၃၅) (အပြီးသတ်ဆောင်းပါးပါခင်ဗျား)
အရပ်သားဘဝခံယူခြင်း။
မေမြို့မှာကျန်ခဲ့တဲ့ ကျွန်မတို့မောင်နှမတတွေ မတ်လစာမေးပွဲကြီး ပြီးတဲ့အခါ၊ ဖေဖေရှိရာ မင်္ဂလာဒုံကို လိုက်လာခဲ့ရပါတယ်။ ကျွန်မတို့ကို မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ဖေဖေလာကြိုနေ ပါတယ်။ မိသားစု တစုတစည်းတည်း ပြန်စုစည်းမိလို့၊ အားလုံး စိတ်လက်ပေါ့ပါးသွားကြပြီး ဖေဖေ့ကို အကျယ်ချုပ်နဲ့ထားတယ်ဆိုတဲ့ မင်္ဂလာဒုံကဧည့်ဂေဟာ (Guest House)မှာ နေထိုင်ခဲ့ကြပါတယ်။ ကျွန်မတို့ကို ရန်ကုန်မှာရှိတဲ့ ဆွေမျိုးတွေရော၊ သုံးဆယ်ကဆွေမျိုးတွေရော၊ အားလုံးလာကြိုကြပါတယ်။ သူတို့တတွေလည်း ကျွန်မတို့ မင်္ဂလာဒုံအိမ်မှာ ၃-၄ ရက် နေကြပါသေးတယ်။ ကျွန်မတို့ကို လာအားပေးဟန်ရှိပါတယ်။ အကျယ်ချုပ်သာဆိုတာ၊ ဖေဖေလည်း လွတ်လွတ်လပ်လပ်သွားလို့လာလို့၊ ဧည့်သည်တွေလည်း လာကြ၊ အိမ်မှာအိပ်ကြနဲ့ ဘာအကန့်အသတ်မှ သိပ်မရှိလှပါဘူး။ တခုဘဲထူးခြားလာတာကတော့ ဖေဖေ့ကို အရပ်ဝတ် စဝတ်လာတာ တွေ့ရတာပါပဲ။ ဟာဝေယံရှပ်အဖြူနဲ့ ရခိုင်ပုဆိုးစိမ်း အကွက်စိပ်စိပ်ကလေးနဲ့ဖေဖေ့ကိုတွေ့ရတာ ကျွန်မတို့မျက်စိထဲ တမျိုး ထူးဆန်းနေပါတယ်။ နဂိုတိုင်းမှူးဘဝတုန်းကလည်း အိမ်မှာ ကင်းတွေနဲ့ နေလာရတာဖြစ်တော့၊ အခုကင်းရှိလည်း ကျွန်မတို့အတွက်ကတော့ သိပ်အထူးအဆန်း ဖြစ်မနေပါဘူး။ ဒါပေမယ့် မေမေကတော့ ကျွန်မတို့တတွေအပြင်ထွက်ရင် နောက်က အမ်အိုင် (ထောက်လှမ်းရေး) လိုက်တတ်တယ်လို့ ပြောပြဖူးပါတယ်။ တို့ကတော့ ဘယ်ဘဝရောက်ရောက် သွားလေရာ Escort (ကင်းအစောင့်အရှောက်) နဲ့ဟေ့လို့ ရယ်စရာလုပ် ပြောတတ်ပါတယ်။
အဲဒီနှစ်သင်္ကြန် ကျမတို့ မင်္ဂလာဒုံမှာ ကျပါတယ်။ သင်္ကြန်တွင်း တနေ့ခင်း တက္ကသိုလ်ကျောင်းသားများအဖွဲ့တဖွဲ့ ကျွန်မတို့အိမ်ရှေ့ ရောက်လာပြီး၊ ရန်ကုန်မြို့ကြီး ချောက်ထဲကျဖို့ လက် ၂ လုံးအလိုကယ်တင်ခဲ့တာ ဗိုလ်ကျော်ဇော ဗိုလ်ကျော်ဇောဆိုပြီး သံချပ်ထိုးတာ ကျမ မှတ်မိနေပါတယ်။
နောက် ကျွန်မမှတ်မိနေတဲ့မြင်ကွင်းတခုလည်း ရှိပါသေးတယ်။ ၁၉၅၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ဖေဖေအငြိမ်းစားစယူရတဲ့နေ့က မြင်ကွင်းပါ။ အဲဒီနေ့ညနေကျွန်မတို့ မင်္ဂလာဒုံအိမ်ကနေ စမ်းချောင်းအိမ်လေးကိုပြောင်းဖို့ ပြင်ဆင်နေချိန်ပါ။ ကျွန်မတို့မောင်နှမတတွေက အကြီးဆုံးကျွန်မ တောင် ၁ဝ နှစ်ပဲရှိသေးတော့၊ မိဘတွေရဲ့အပူအပင်ကို သိပ်နားမလည်လှပါဘူး။ လူကြီးတွေ မျက်စိမျက်နှာမကောင်းရင် ကိုယ်ရှိန်သတ်နေ လိုက်ကြ၊ လူကြီးတွေလစ်တာနဲ့ ကစားကောင်းဆဲ၊ ဆော့ကောင်းဆဲပါပဲ။ အဲဒါကြောင့် အဲဒီညနေက ခြံထဲဆင်းကစားနေတဲ့ကျမတို့ကို ရေချိုး အဝတ်အစားလဲဖို့ အဘွားတွေက အိမ်ပေါ်ကနေလှမ်းခေါ်လို့ ကျွန်မတို့ အိမ်ထဲဝင်လာကြပါတယ်။ အိမ်ထဲအဝင် ဧည့်ခန်းအဝမှာ၊ စစ်ဗိုလ် တဦးကို မတ်တပ်တွေ့လိုက်ရပြီး ဖေဖေကတော့ ဧည့်ခန်းထဲမှာထိုင်နေပြီး လက်ထဲမှာလည်း စာရွက်တရွက်ကိုင်ထားတာ တွေ့ရပါတယ်။ ဖေဖေက အသံခပ်မာမာနဲ့ မင်းတို့လူကြီးတွေကိုပြောလိုက်ပါ။ ငါဒီအိမ်မှာ ညနေ (၆)နာရီထိရှိမယ်။ လုပ်ချင်သလိုလုပ်လို့ရတယ်လို့ ပြောလိုက်လို့ ပြောနေတာကြားလိုက်ရပါတယ်။ (နောင်မှသိရတာက စစ်ရုံးချုပ်က ဖေဖေ့ကို ရာထူး ၂ ဆင့်ချပြီး ဒုဗိုလ်မှူးကြီးရာထူးနဲ့ ပင်စင်ပေးလိုက်ကြောင်း အကြောင်းကြားစာလာပို့တာတဲ့) အဲဒီစစ်ဗိုလ်လေးပြန်ထွက်ကာနီး ဖေဖေ့ကိုအလေးပြုနေတဲ့ပုံ ကျွန်မအခုအထိ မျက်စိထဲက မထွက်ဘူး။ အလေးပြုနေတဲ့လက်ဟာ တဆက်ဆက်တုန်နေပြီး မျက်လုံးထဲမှာလည်း မျက်ရည်တွေဝဲနေပါတယ်။
ကျွန်မတို့မိသားစု အဲဒီညနေက စမ်းချောင်းရပ်ကွက်၊ ဆီဆုံလမ်း၊ အိမ်နံပါတ်(၃၆)ကို အပြီးပြောင်းလာခဲ့ကြပါတယ်။ အဲဒီအိမ်လေးဟာ ပေ ၂၅×၅ဝ မြေကွက်လေးပေါ်ကမြေစိုက်တလိုင်း အိမ်လေးပါ။ အရင်ကနေခဲ့ရတဲ့အိမ်ကြီးတွေရဲ့ အိပ်ခန်းတခန်းစာတောင် မရှိပါဘူး။ ကျွန်မတို့လည်း ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ရုတ်တရက်ချက်ချင်း အရှင်လတ်လတ် နိဗ္ဗာန်ဘုံက ရဲပြည်ခုန်ဆင်းလိုက်ရသလိုပါပဲ။ ဒီကြားထဲ ပိုဆိုးတာက၊ အဲဒီတုန်းက မိလ္လာစနစ်က ဇလားအိမ်သာစနစ်ပါ။ ကျွန်မတို့မောင်နှမတတွေ ဘယ်သူမှ အဲဒီအိမ်သာမျိုးမတက်တတ်လို့ ငိုကြ၊ ယိုကြ ဖြစ်ကြရပါသေးတယ်။
သြော် အခုပြန်စဉ်းစားကြည့်တော့၊ မေမေတို့ ဖေဖေတို့ ကျွန်မတို့တတွေကိုကြည့်ပြီး ဘယ်လောက်များ စိတ်ဆင်းရဲကြမယ် မသိပါဘူး။ လူမမယ်သားသမီး ၅ယောက်လူလားမြောက်ဖို့အရေး ပညာတတ်ဖို့အရေး ဘယ်လောက်များ ရင်လေးပူပန်နေကြမယ်မသိပါဘူး။ ဒါတွေ စဉ်းစားမိတော့ ဖေဖေနဲ့မေမေကို သနားလိုက်တာလေ။
အဲဒီအိမ်လေးပေါ် ရောက်တဲ့နေ့မှာတော့၊ ကျွန်မတို့ငယ်သေးပေမယ့် ကျွန်မတို့ဘဝ အပြောင်းလဲကြီးပြောင်းလဲသွားပြီဆိုတာ ရင်ထဲကကို ဒိတ်ခနဲ သတိပြုလိုက်မိပါတော့တယ်။ မွေးကတည်းကစလို့ အလွန်ခန်းနားကြီးကျယ်၊ ကျယ်ဝန်းလှတဲ့အိမ်ကြီးအိမ်ကောင်းများမှာ ခြွေရံ သင်းပင်းများစွာနဲ့ နေနေခဲ့ရတဲ့ဘဝကနေ နေ့ချင်းညချင်း အိမ်မှောင်မှောင်ကျဉ်းကျဉ်း ကုပ်ကုပ်ကလေးပေါ် ပြောင်းရွှေ့ရောက်ရှိခဲ့ရ ပါတော့တယ်။
ဒါပေမယ့် ဒီအိမ်လေးရဲ့ကျေးဇူးကလည်း မသေးပါဘူး။
အိမ်လေးကကျဉ်းတော့၊ ဖေဖေမေမေတို့နဲ့အတူ ကျွန်မတို့မောင်နှမတတွေ အတော်ရင်းရင်းနှီးနှီး ပူးပူးကပ်ကပ်နေလိုက်ရပြီး၊ ဆင်းဆင်းရဲရဲ၊ ကျပ်ကျပ်တည်းတည်း၊ ချွေချွေတာတာလည်းနေရလို့ တမိသားစုလုံး အပြန်အလှန်ညှာတာ ထောက်ထားငဲ့ညှာနဲ့ အလွန်ကြီးမားတဲ့ သံယောဇဉ်တွေ တွယ်ကပ်ချုပ်နှောင်မိသွားပါတော့တယ်။
ဒါကြောင့်ဘဲ ဖေဖေက သူ့ကိုယ်ရေးအထုတ္တပ္ပတိမှာ ‘ဆီဆုံလမ်းမှအိမ်ကလေး’ဆိုတဲ့ခေါင်းစဉ်နဲ့ အခန်းတခန်းရေးထားပြီး အဲဒီအခန်းအဖွင့်မှာ “ကျနော် တပ်ကထွက်ပြီးနောက်၊ ၁၉၅၇ခုနှစ်၊ ဇူလိုင်လဆန်း (ယခုနောက်ပိုင်းရရှိတဲ့ သတင်းစာဟောင်းဖြတ်ပိုင်းများအရ၊ ဇွန်(၆)ရက်နေ့ ဖြစ်ပါတယ်။ စာရေးသူ)မှစ၍ ၁၉၇၄ ခုနှစ် နှစ်လယ်ပိုင်းအထိ နှစ်ပေါင်း ၁၇ နှစ်နီးပါး နေထိုင်ခဲ့သည့် စမ်းချောင်းရပ်ကွက်တွင်းရှိ ဆီဆုံလမ်း အိမ်နံပတ် (၃၆)နေအိမ်လေးသည် ကျနော်တို့မိသားစု စုံစုံလင်လင်နဲ့ အရှည်ကြာဆုံးနေခဲ့ရသည့်အိမ်ကလေးဖြစ်ကာ ကျနော်တို့ မိသားစု အတွက် မမေ့နိုင်ဖွယ်ရာကလေး ဖြစ်ပါတော့သည်”လို့ ရေးထားပါတယ်။
အဲဒီအိမ်လေးပေါ်ကပဲ၊ ဖေဖေဟာ သူ့ရဲ့နိုင်ငံရေးသမားဘဝကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ အဲဒီအိမ်လေးပေါ်မှာပဲ သတင်းစာရှင်းလင်းပွဲ တွေ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ အများကြီးပြုလုပ်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်သွား တဲ့ကာလအထိပေါ့။ အဲဒါတွေထဲက ပထမဆုံးပွဲဦးထွက်ကတော့ ၁၉၅၇ ခုနှစ် ဇွန်လ(၂၇)ရက်နေ့ကကျင်းပခဲ့တဲ့ ဖေဖေရဲ့ ‘ပြည်သူလူထုသို့ ရှင်းတမ်း’ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲပါပဲ။ ဖေဖေက သူ့အမှုကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကိုတိုင်တည်တဲ့သဘောနဲ့ ပြုလုပ်တာပါ။
အဲဒီ သတင်းစာရှင်းလင်းပွဲဟာ ၄ နာရီနီးပါး ကြာခဲ့ပါတယ်။ ဖေဖေရဲ့ရှင်းလင်းချက်မှာ သူ့ကိုစနစ်တကျ တရားရုံးမှာ ဥပဒေအကြောင်းနဲ့အညီ မစစ်ဆေးပဲ သံသယနဲ့ပင်စင်ပေးလိုက်မှုကို မကျေနပ်ကြောင်း သူ့ကို ငဲ့ညှာတယ်ဆိုတာမဟုတ်တဲ့အကြောင်း၊ အစိုးရက ဖေဖေ့အမှုကိစ္စ အပေါ် ထုတ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကိစ္စဆိုတဲ့စာအုပ်ကြီးထဲက မတော်မတည့်မဆီမလျှော်တဲ့ အချက်အလက်တွေအကြောင်း၊ အဲဒီထဲက တချို့စွပ်စွဲချက်တွေကို သက်ဆိုင်ရာလူတွေ(ဝန်ကြီးတွေ) ကို ဘယ်လိုရှင်းပြကြောင်းစတဲ့ အကြောင်းအရာအတော်များများ ပြည့်ပြည့်စုံစုံ ပါဝင် ပါတယ်။ အဓိကကတော့ သူ့မှာ နိုင်ငံသားတဦးအနေနဲ့ရော တပ်မတော်သားတဦးအနေနဲ့ရော အခြေခံဥပဒေအခွင့်အရေးတွေ ဆုံးရှုံးပြီး မတရားသဖြင့် (သံသယမှုနဲ့) ပြန်လည်ဖြေရှင်းခွင့်မပေးပဲ၊ အုပ်ချုပ်မှုအာဏာနဲ့ အငြိမ်းစားပေးလိုက်ခြင်းခံရကြောင်းကို ပြည်သူလူထုကို ရှင်းပြတာပါပဲ။ အစိုးရရဲ့ တဖက်သတ်ရေးသားပြောဆိုနေမှုတွေကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
နောက်နေ့ထုတ်သတင်းစာများမှာတော့ သတင်းစာရှင်းလင်းပွဲဓာတ်ပုံများနဲ့အတူ ဖေဖေရဲ့ရှင်းလင်းချက်အပြည့်အစုံ ပါရှိလာပါတယ်။ ဒီနောက် ဆက်တိုက်ပဲ သတင်းစာဂျာနယ်တွေက(အထူးသဖြင့် လက်ဝဲယိမ်းများက) ခေါင်းကြီးပိုင်းတွေရေးပြီး ‘ဗိုလ်ကျော်ဇောလိုပုဂ္ဂိုလ်ပင်လျှင် ပြည်ထောင်စုသားတိုင်းရရှိခံစားရမည့် အခြေခံဥပဒေအခွင့်အရေးများ ဆုံးရှုံးနေရပြီလော’ရုံးတင်စစ်ဆေးပါ။ စသဖြင့် ဖေဖေ့ကို ထောက်ခံ ရေးသားပေးခဲ့ကြပါတယ်။ ဖေဖေရဲ့တိုင်းပြည်အကျိုးအပေါ် စွမ်းစွမ်းတမံဆောင်ရွက်မှုများအကြောင်း၊ တိုက်ပွဲများအတွင်း အောက်ခြေရဲဘော် များနှင့် အတူနေအတူစား အတူဖြတ်သန်းခဲ့ပုံများအကြောင်း ဆောင်းပါးတွေလည်းတွေ့ရပါတယ်။ တပ်တွင်းကပဲ တပ်မှူး တပ်သားတချို့ ရေးကြတာပါ။ အဲဒီခေတ်ထုတ် လင်းယုန်ဂျာနယ်တို့ ပြည်သူ့ဂျာနယ်တို့ စတာတွေမှာပါတာပါ။
အဲဒီကာလက ဖဆပလအစိုးရတွင်း ခြစားမှုတွေ၊ လာဘ်စားမှုတွေ၊ အချင်းချင်းအပြန်လှန်စွပ်စွဲချက်တွေနဲ့ နာမည်ပျက်စပြုလာချိန်နဲ့လည်း တိုက်ဆိုင်နေလို့ အစိုးရကိုတိုက်ခိုက်ဝေဖန်တဲ့အရှိန်နဲ့လည်း ရောနေဟန်ရှိပါတယ်။
သြော် "အဲဒီတုန်းက တော့၊ ပါလီမန်ဒီမိုကရေစီအခွင့်အရေးတွေ၊ သတင်းစာလွတ်လပ်ခွင့်တွေကလည်း အသင့်အတင့် တစုံတရာရှိနေသေး တာကိုး။
ဒါ့အပြင် သခင်သန်းထွန်းရဲ့ဖိုင်တွဲတွေကိုမိတယ်ဆိုတဲ့ အောင်မာဃစစ်ဆင်ရေးကိုဦးစီးခဲ့သူ ဗိုလ်မှူးကြီးကြည်ဝင်းဟာ တပ်တွင်း ဆိုရှယ်လစ်တပ်မှူးအမာခံတဦးဖြစ်တာ သိကြလို့လည်း ဒီဖိုင်တွဲကိစ္စကို ပိုမယုံကြည်ဖြစ်ကြတာလည်း ပါပါတယ်။
တချို့သတင်းတွေကဆို ဖေဖေရဲ့အဲဒီနေ့ကပုံရိပ်ကို အသေးစိတ် စိတ်ထိခိုက်ဖွယ်ရေးသားထားတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ၁၉၅၇ ဇူလိုင်လ ၆ ရက်နေ့က ပြည်သူ့ဂျာနယ် အယ်ဒီတာတဦးရေးခဲ့တဲ့ဆောင်းပါးတစောင်မှာ ဒီလိုရေးထားပါတယ်။
“တလုံးချင်း တလုံးချင်းပြောဆိုရှင်းလင်းနေသော ဗိုလ်မှူးချုပ်ကျော်ဇော၏အသွင်မှာ တည်ငြိမ်အေးဆေးနူးညံ့ ပျော့ပျောင်းသောအသွင်ကို ဆောင်နေပါသည်။ စစ်မြေပြင်တွင် ရဲရင့်ပြတ်သားလှသောစစ်သူကြီးတယောက်အဖြစ် ထင်ရှားကျော်ကြားလှသူတယောက် ဖြစ်သော်လည်း လူပုဂ္ဂိုလ်အရမှာမူ မာကြောခက်ထန်သောအသွင်သဏ္ဌာန်လုံးဝမရှိဘဲ နူးညံ့ပျော့ပျောင်း ပြေပြစ်သိမ်မွေ့သူတယောက်ဖြစ်ကြောင်းကို ပုဂ္ဂိုလ်အရ မြင်ဖူးသူတိုင်းနှင့်ဆက်ဆံဖူးသူတိုင်းက သိကြပါသည်” တဲ့။
အဲဒီနေ့မှာပဲ ဖေဖေက သတင်းစာဆရာများမှတဆင့် တိုင်းပြည်ကို ကတိတခု ပေးလိုက်ပါတယ်။ အဲဒါကတော့"သူဟာ တိုင်းပြည်ကို ချစ်တဲ့သူတဦးဖြစ်တာကြောင့် သူ့ကိုယ်သူ တိုင်းပြည်အကျိုးအတွက်ပဲအသုံးချပြီး တိုင်းပြည်ကိုအလုပ်အကျွေးပြုမယ် တမျိုးသားလုံး ကာကွယ်ရေးနဲ့ တမျိုးသားလုံးကြုံတွေ့ခံစားနေရတဲ့ပြဿနာများကိုကျောမခိုင်းပဲ ဆက်လက်ဆောင်ရွက်မယ်။ ‘ယနေ့သည် မြန်မာနိုင်ငံ၏ ရာဇဝင် ဘယ်အခါကနှင့်မျှမတူအောင် အမှောင်ဆုံးအချိန်ဖြစ်နေပါသည်။ မှောင်ကြီးကျနေပါသည်’။ ‘အဲဒီလို အရေးအခင်းတွေကို ကျောခိုင်း မထားပဲ သူအစွမ်းရှိသလောက် ဖြေရှင်းဆောင်ရွက်ပါ့မယ်’ တဲ့။
ဖေဖေအလွန်ကတိတည်ပါတယ်။
အဲဒီနေ့ကစလို့ ဖေဖေဟာ ဒီအိမ်လေးပေါ်ကပဲ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားကော်မတီဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေကလည်း ဖေဖေ့ကို ဒီအိမ်လေးပေါ်မှာပဲ လာတွေ့ဆုံကြပြီး နိုင်ငံရေးအခြေအနေတွေဆွေးနွေးကြ မိမိတို့ရဲ့နစ်နာချက်များကို တိုင်တည်ကြ အကြံဉာဏ်တောင်းကြနဲ့ ဒီအိမ်လေးဟာ အစိုးရရဲ့အတိုက်အခံဌာနလေးတခု ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတော့တယ်။
ကျွန်မတို့တတွေအတွက်လည်း ဒီနိုင်ငံရေးအကြောင်းအရာတွေဟာ မကြားချင့်အဆုံး ကြားနေရပြီး မလွှဲမရှောင်သာရော၊ မသိမသာရော နိုင်ငံရေးသင်တန်းတွေတက်နေရသလို ဖြစ်လာပါတော့တယ်။
ဒါနဲ့ပဲ ဖေဖေနှင့် ကျွန်မတို့ မိသားစုဝင်တွေအားလုံး တပ်မတော်ကြီးနှင့်ကင်းကွာသွားပြီး ပြည်သူလူထုဘဝနဲ့ တထပ်တည်းကျသွား ပါတော့တယ်။ ပြည်သူလူထုရဲ့ဒုက္ခအဝဝကို နားလည်စာနာသူများ ဖြစ်လာပါတော့တယ်။
ဒါကြောင့်ပဲ ကျွန်မက ဒီအိမ်လေးကို ကျေးဇူးကြီးတယ်လို့ ပြောတာပေါ့။
၃ဝ-၅-၂ဝ၁၄။
0 comments:
Post a Comment