Wednesday, January 21, 2015

လူထုဆန္ဒကို လူထုအင်အားဖြင့်သာ ဖော်ဆောင်နိုင်မည် (တူမောင်ညို)

0 comments
လူထုဆန္ဒကို လူထုအင်အားဖြင့်သာ ဖော်ဆောင်နိုင်မည် (တူမောင်ညို)
(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်) 
ဇန်နဝါရီလ ၂၀ ရက်နေ့ ကြေးမုံသတင်းစာ၊ ရှေ့ဖုံးတွင်ဖော်ပြထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏၊ သတင်းထုတ်ပြန်ချက် (၁/၂၀၁၅) ကိုဖတ်ပြီးနောက် ဤဆောင်ပါးကို ရေးသားဖြစ်ပါသည်။ 
သမ္မတ(ဗိုလ်) ဦးသိန်းစိန်၏ အချိန်ဆွဲလှည့်စားနေသည့်နည်းဗျူဟာကို လွှတ်တော်ဥက္ကဋ္ဌ(ဗိုလ်)ဦးရွှေမန်း ပေးထားသည့် “အထိုက်အလျောက် နိုင်ငံရေး space” ကလေးထဲမှ ဝေဖန်၊ ပြောဆိုကန့်ကွက်နေရုံမျှဖြင့် ဒီမိုကရေစီရှေ့ခရီး ဆက်နိုင်လိမ့်မည်မဟုတ်သည်ကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီခေါင်းဆောင်များသိရှိနားလည် သဘောပေါက်ပြီးဖြစ်လိမ့်မည်ဟု ယူဆပါသည်။
အချိန်ဆွဲလှည့်စားနေသည့်နည်းဗျူဟာသည် (ဗိုလ်)ဦးသိန်းစိန် တစ်ဦးတည်းတစ်ယောက်တည်း၊ တစ်ဖက်သတ်ကစား၍မဖြစ်သည့် နည်းဗျူဟာဖြစ်ပါသည်။ “ဖဲသုံးချပ်သမားများ”ကဲ့သို့၊ “လေးကောင်ဂျင်ဝိုင်းများ”မှာကဲ့သို့ အလံရှူးများ၊ အတွဲအဖက်ကောင်းများလိုပါသည်။ သို့ပါ၍ သမ္မတ(ဗိုလ်)ဦးသိန်းစိန်သည်လည်း ဖြစ်ပေါ်လာသည့် အခြေအနေ၊ အခင်းအကျင်းအပေါ်မူတည်၍ လိုအပ်လျှင်လိုအပ်သလို လွှတ်တော်ဥက္ကဋ္ဌ(ဗိုလ်)ဦးရွှေမန်းနှင့်လည်းကောင်း၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်နှင့်လည်းကောင်း အပေးအယူ၊ အချိတ်အဆက်မိမိ ကစားနေကြခြင်းသာဖြစ်သည်။ လိုအပ်လာလျှင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ဗိုလ်)ဦးတင်အေးကိုလည်း တွဲဖက်ခေါ်ယူကစားလေ့ရှိပါသည်။ 
ဤသို့ကစားခြင်းဖြင့် “ ၆ ပွင့်၊ ၁၂ ပွင့်၊ ၄၈ ပွင့်” စသည့် ဖြစ်ရပ်များပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ နောက်ထပ်လည်း ဖြစ်ပေါ်လာသည့် အနေအထားအပေါ်မူတည်၍ ကစားကွက်မျိုးစုံခင်းကျင်း ကစားနေကြပါလိမ့်ဦးမည်။ 
သူတို့ စိတ်ကောင်းစေတနာရှိလာအောင် တရားပြ၊ နားချလျက် ကောင်းလာမည့်နေ့ရက်ကို မျှော်လင့်စောင့်စားနေမည်ဆိုလျှင် အရိမေတ္တယျဘုရားသာ ပွင့်လာမည်၊ သူတို့ကား စိတ်ကောင်းစေတနာ ရှိလာလိမ့်မည်မဟုတ်ချေ။ သူတို့ကို အကြပ်ကိုင်၍ဖိအားပေးရမည်။ ပြည်တွင်းပြည်ပဖိအားပေး၍ အကြပ်ကိုင်ရမည်၊ ပြည်သူလူထုအင်အားဖြင့် ဖိအားပေးအကြပ်ကိုင်ရလိမ့်မည်။ အခြားနည်းလမ်းမရှိ၊ ထိုနည်းလမ်းပဲရှိသည်။ “သပိတ်စုံ - အကုန်ရ” ဟူ၍ မှာတမ်းစကားချွေခဲ့သော ဆရာဦးဝင်းတင်၏စကားကိုနားထောင်၍ ဖြစ်မြောက်လာအောင် အကောင်အထည်ဖော်ကြရလိမ့်မည်။ သို့ပါ၍ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ အလုပ်သမား၊ လယ်သမား၊ကျောင်းသား၊ လုပ်ငန်းရှင်ကလေးများ အစရှိသော လူထုလူတန်းစားအလွှာအသီးသီးသည် တစုတစည်းတည်း ညီညွတ်ကြလျက် သမ္မတ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအား ဝိုင်းဝန်းအကြပ်ကိုင်ကြရမည်။ 
ထိုသို့ ပြည်သူလူထုက ညီညွတ်စွာဖိအားပေးအကြပ်ကိုင်နိုင်လျှင် “ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ” ဆိုသကဲ့သို့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် ကျိုးနွံ၊ ယဉ်ကျေး၊ လိမ္မာလာလိမ့်မည်။ စစ်မှန်သောဒီမိုကရေစီနှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုလိုလားသည့် နိုင်ငံရေးအင်အားစုများ ယခုကဲ့သို့အဆက်အစပ်မရှိ တကွဲတပြားဆောင်ရွက်နေကြလျှင် ဆင်ဆိုးဆင်မိုက်၏ ပိုင်းခြားနင်းချေခြင်းကို ခံမြဲတိုင်းခံနေကြရပေလိမ့်ဦးမည်။ “နောက်ထပ် ကိုပါကြီးတွေ၊ နောက်ထပ်ဒေါ်ခင်ဝင်းတွေ” ပေါ်ပြီးရင်းပေါ်နေရသည့် ကြမ္မာဆိုးထဲက လွတ်မြောက်လိမ့်မည် မဟုတ်ချေ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ဆိုလျှင် ကိုယ့်ပြည်သူလူထု၏အင်အားကို ကိုးစားယုံကြည်၊ စည်းရုံးဖော်ထုတ်ပြီး (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကို ရင်ဆိုင်ကြရလိမ့်မည်။ အရေးဆိုကြရလိမ့်မည်။ တိုက်ပွဲဝင်ကြရလိမ့်မည်။ 
ပြည်သူလူထုအင်အား ကြီးမားအားကောင်းလာလျှင် “၂၀၀၈အခြေခံဥပဒေ” ကို ပြုပြင်ရုံမျှမက၊ ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီစံနှုန်းများနှင့်ပြည့်ဝကိုက်ညီပြီး တိုင်းရင်းသားပြည်သူများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုကို ပြတ်ပြတ်သားသားတည်ဆောက်နိုင်မည့် “အခြေခံဥပဒေသစ်” ပင် ရေးဆွဲချမှတ်နိုင်မည်ဖြစ်သည်။ 
၂၀၁၅ ခုနှစ်ကို အရေးကြီးသည့်နှစ်၊ အဆုံးအဖြတ်ပေးမည့်နှစ်ဟူ၍ နိုင်ငံရေးခေါင်းဆောင်များက အကဲဖြတ်ပြောဆိုနေကြသည်။ ဒီချုပ်ပါတီနှင့် UNA ညှိနှိုင်းကြသည့်ဆွေးနွေးပွဲကထွက်ပေါ်လာသည့် နိုင်ငံရေးလုပ်ငန်းစဉ် ၃ ခု ကို သတိပြုမိပါသည်။ ထို လုပ်ငန်းစဉ် ၃ ခု ဖြစ်မြောက်လာစေရန် မည်သည့်နည်းလမ်းဖြင့်ဖော်ဆောင်ကြမလဲ။ ဖော်ဆောင်မည့်နည်းလမ်းသည် အင်အားရှိသည့်နည်းလမ်းဖြစ်မှသာ နိုင်ငံရေးရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ အကောင်အထည် ဖြစ်မြောက်လာမည်ဖြစ်ပါသည်။ သို့ပါ၍ အဓိကကျပြီးအဆုံးအဖြတ်ပေးမည့်အရာမှာ မည်သည့်နည်းလမ်းဖြင့် အကောင်အထည်ဖော်မည်လဲဆိုသည့်ကိစ္စဖြစ်ပါသည်။ 
(နဝတ-နအဖ)စစ်အစိုးရကာလတလျှောက်လုံးမှသည် ယနေ့အချိန်ထိ “တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး”တို့ကို ဂင်းနစ်စာအုပ်၌စံချိန်တင်လောက်အောင် တောင်းဆိုဖူးခဲ့ပြီ။ မည်သို့မျှ အရာထင်မလာခဲ့။ လူထုမပါ၍ အရာမထင်ခြင်းဖြစ်သည်။
သို့ပါ၍ ပြည်သူလူထုအင်အားဖြင့် အရေးဆိုကြည့်စေချင်ပါသည်။ တိုက်ပွဲဝင်စေချင်ပါသည်။ ပြည်သူလူထုက ချစ်ခင်လေးစားအားကိုးသောခေါင်းဆောင်ရှိနေသော ယနေ့အချိန်အခါတွင် လူထုခေါင်းဆောင်မှ လူထုအားခေါင်းဆောင်လျက် လက်ရှိအုပ်စိုးသူအစိုးရအား ဖိအားပေးအကြပ်ကိုင်သည့်နည်းလမ်းကို သုံးစွဲကြည့်စေလိုပါသည်။ လူထုကချစ်ခင်လေးစားအားကိုးသော လူထုခေါင်းဆောင်ညွန်ပြသည့်လမ်းကို ပြည်သူလူထုက တညီတညွတ်တည်း ရဲရဲရင့်ရင့်လိုက်ပါလျှောက်လှမ်းကြလိမ့်မည်ဟုလည်း ယူဆပါသည်။
လူထုခေါင်းဆောင်သည် လူထုကို ခေါင်းဆောင်ရမည့်တာဝန်ရှိပါသည်။ အောင်ပွဲခံနိုင်မည့်နည်းလမ်း၊ အောင်ပွဲရမည့်လမ်းကို ရွေးချယ်၊ ညွန့်ပြ၊ ရှေ့ဆောင်၊ စည်းရုံး၊ လျှောက်လှမ်းသွားရမည့်တာဝန်လည်းရှိပါသည်။ 
အာဏာနှင့်ငွေကြေးချမ်းသာကြွယ်ဝမှုမရှိသောလူထုခေါင်းဆောင်သည် လက်နက်၊အာဏာ၊ ငွေကြေးပြည့်စုံသောအုပ်စိုးသူများကိုရင်ဆိုင်ရာတွင် မိမိအား လေးစား၊အားကိုး၊ချစ်ခင်၊ ယုံကြည်သော ပြည်သူလူထုအင်အားဖြင့်သာ အဓိကတိုက်ပွဲဝင်ရလိမ့်မည်။ ယင်းသို့ တိုက်ပွဲဝင်ခြင်း၊ အရေးဆိုခြင်းသည်တရားမျှတပြီးထာဝစဉ်မှန်ကန်နေမည့် နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ယူဆပါသည်။ 
ဤသို့ဆိုလျှင် “သမ္မတကြီးကိုယုံသည်၊ နာယကကြီးကဖြောင့်မတ်သည်” ဆိုသည့် စကားများကို ၂၀၁၄ ခုနှစ်အတွင်း အပြီးအပိုင်ထားရစ်ခဲ့ကြရလိမ့်မည်။

0 comments:

Post a Comment