Tuesday, January 13, 2015

“၂၀၁၅ နှစ်သစ်မှာ ပြည်ထောင်စုနိုင်ငံတော်သစ်တရပ်ပေါ်ထွန်းဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့”

0 comments
“၂၀၁၅ နှစ်သစ်မှာ ပြည်ထောင်စုနိုင်ငံတော်သစ်တရပ်ပေါ်ထွန်းဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့”
ယနေ့ခေတ်ဟာ ၂၁ ရာစု ခေတ်ဦးဖြစ်တယ်။ ၂၀ ရာစု ခေတ်ဦး ခေတ်လယ်လို စစ်နဲ့တော်လှန်ရေးခေတ် မဟုတ်တော့ဘူး။ ကမ္ဘာစစ်ကြီးနှစ်ခုကိုဖြတ်သန်းပြီးနောက် စစ်နဲ့တော်လှန်ရေးကာလမှာ ကိုလိုနီနယ်ချဲ့စနစ်ပြိုကွဲပြီး ကိုလိုနီ-ကိုလိုနီတပိုင်းနိုင်ငံများ လွတ်လပ်လာကြတယ်။ ကျွန်တော်တို့ရဲ့ရှေ့မျိုးဆက်တွေ အမြော်အမြင်ရှိရှိ လုံးပမ်း တိုက်ခိုက်ခဲ့ကြလို့ အမျိုးသားလွတ်လပ်ရေးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တယ်။ ဗမာပြည် ကွန်မြူနစ်ပါတီဟာလည်း လွတ်လပ်ရေးနဲ့အတူ အောင်ပွဲရပါတီအဖြစ်နဲ့ပေါ်ထွန်းခဲ့တယ်။
စစ်အေးခေတ်၊ စစ်အေးလွန်ခေတ်တို့ကိုဖြတ်သန်းပြီး ယခု ၂၁ ရာစုခေတ်ဦး အရင်းရှင်စနစ် အကျပ်အတည်းများနဲ့အတူ ကမ္ဘာမှုခေတ်၊ နည်းပညာခေတ်ကြီးမှာ ဆင်းရဲချမ်းသာ အစွန်းနှစ်ဖက်ကွာခြားမှုကို တကမ္ဘာလုံးရင်ဆိုင်နေကြရတယ်။ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သတင်းထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ နည်းပညာအဆောက်အအုံနဲ့ အခင်းအကျင်းတရပ်လုံး ဘက်စုံ ပြောင်းလဲသွားပြီဖြစ်တယ်။ ရှေ့လျှောက်လည်း အကောင်းကောအဆိုးပါ ကြီးကြီးမားမား ဆက်လက်ပြောင်းလဲဦးမှာ ဖြစ်တယ်။
ယနေ့ခေတ်ကို တချို့က ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးခေတ်လို့ ဆိုကြတယ်။ အင်အားကြီးနိုင်ငံများကြား ထိပ်တိုက်တိုးမှုကိုရှောင်ရှားပြီး တတိယကမ္ဘာစစ် ဥဿုံစစ်ပွဲကိုရှောင်လွှဲကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်ဦးနှစ်ဖက်ဖွံ့ဖြိုးရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြလို့ပဲ။ တဖက်မှာ ကုန်သွယ်ရေးစစ်၊ ငွေကြေးစစ်၊ ဆိုက်ဘာစစ်၊ လေယာဉ်တင် စစ်သင်္ဘောအင်အားပြစစ်၊ ဒဏ်ခတ်ပိတ်ဆို့မှု၊ စစ်လက်နက် ပြိုင်ဆိုင်မှု၊ နည်းပညာပြိုင်ဆိုင် မှုတွေလည်းတိုးလာတယ်။ ဒေသန္တရစစ်တွေလည်း တိုးပွားလာတယ်။ စစ်မဟုတ်၊ ငြိမ်းချမ်းရေးမဟုတ်တဲ့ မရေမရာအခြေအနေတရပ်နဲ့ ကြုံတွေ့နေရတယ်။
ပထဝီနိုင်ငံရေးအရ၊ ပထဝီစီးပွားရေးအရ အရေးပါတဲ့ နိုင်ငံငယ်လေးတွေ၊ ချည့်နဲ့နေတဲ့ နိုင်ငံလေးတွေဟာ အမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲကာ အလွယ်တကူပဲ အချုပ်အချာအာဏာ ဆုံးရှုံးကာ အပူကွက်ဒေသတွေ ဖြစ်လာနိုင်နေတယ်။
ဗမာပြည် ကွန်မြူနစ်ပါတီအနေနဲ့ ပြည်တွင်းပြည်ပအပြောင်းအလဲကို မျက်ခြေမပြတ်ဘူး။ နိုင်ငံတိုင်းလိုလိုမှာ ထိန်းညှိမှုတွေအပြောင်းအလဲတွေလုပ်နေတဲ့ ၂၁ ရာစုမှာ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ နောက်ကျကျန်နေလို့မဖြစ်ဘူး။ အတိတ်တုန်းကလို ဆွမ်းကြီးလောင်းပွဲလည်း မမီ၊ ထီးတင်ပွဲလည်းမမီ ဖြစ်မှာစိုးပါတယ်။
ယခုချိန်ဟာ ပြည်တွင်းပြည်ပ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ရမယ့်အချိန်ပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အားသွန်လုပ်ရမယ့်အချိန်ပဲ။ စစ်အာဏာရှင်အသိုင်းအဝိုင်း အဟောင်းအသစ်ထဲက အမြော်အမြင်ရှိတဲ့အစိတ်အပိုင်းကလည်း ဒါကို မြင်ပုံရတယ်လို့ယူဆပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက်လည်း ရွေးစရာလမ်းမရှိလို့ပဲ။ လွတ်လပ်ရေး ၆၇ နှစ်ကာလ စစ်အာဏာရှင်စနစ်အောက်မှာ တိုင်းပြည်ဟာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ဘက်စုံချွတ်ခြုံကျသွားကာ လူထုက စစ်အာဏာရှင်စနစ်ကို တူးတူးခါးခါးရွံမုန်းတာကို နေ့စဉ်နဲ့အမျှ စိတ်မသက်မသာရင်ဆိုင်နေရလို့ပဲ။ နည်းလမ်းဟောင်းအတိုင်း သွားလို့မရတော့ဘူး။ နည်းအသစ်နဲ့လိမ်လို့လည်း မရတော့ဘူး။ နောက်တခါ အာဏာသိမ်းပြီး သွေးခင်းတဲ့လမ်းကိုလျှောက်ရင် တန်ဖိုးကြီးကြီးပေးဆပ်ပြီးမှ သမိုင်းတရားခံအဖြစ် ဇာတ်သိမ်းရ ပါလိမ့်မယ်။
ကျွန်တော်တို့ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ထိုမှ အမျိုးသားစည်းလုံးညီညွတ်ရေးကို အမြော်အမြင်ကြီးကြီးနဲ့ တည်ဆောက်ရပါလိမ့်မယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းများနဲ့ကိုက်ညီတဲ့၊ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအရ) အမျိုးသားတန်းတူမှုရှိတဲ့ ဖွဲ့စည်းပုံအသစ်နဲ့အစားထိုးဖို့ လိုပါတယ်။
ကွဲလွဲမှုတွေကို အကြမ်းဖက်နည်းနဲ့မဖြေရှင်းဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ အပြန်အလှန်ထောက်ထားကာ အပေးအယူရှိရှိ စိတ်ရှည်လက်ရှည် ပျော့ပျော့ပြောင်းပြောင်း ညှိနှိုင်းဖို့လိုပါတယ်။
တောင်ပေါ်မြေပြန့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အမျိုးသားပြည်သူအသီးသီးအတွက် တရားမျှတ လွတ်လပ် ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအခြေခံအခွင့်အရေးများရရှိခံစားစေဖို့ အာမခံချက် ရှိရပါမယ်။
နိုင်ငံရေးပါတီ အဖွဲ့အစည်းအသီးသီး၊ အမျိုးသားအင်အားစုအသီးသီး၊ တသီးပုဂ္ဂလ ပြည်ချစ်ပုဂ္ဂိုလ်များ၊ အမြော်အမြင်ရှိတဲ့ စစ်ဘက်-စစ်ထွက်အင်အားစုများ၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရေးကိုလိုလားတဲ့ အမျိုးသားညီညွတ်ရေးအင်အားစုကြီးတရပ်ကို ဝိုင်းဝန်းတည်ဆောက်ကြဖို့ လိုပါတယ်။
ဗမာပြည် ကွန်မြူနစ်ပါတီအနေနဲ့ တတပ်တအား ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကြီးစိုးတဲ့ ပြည်တွင်းစစ်အမှောင်ကမ္ဘာထဲမှ ရုန်းထွက်ဖို့၊ ၂၁ ရာစုနဲ့အမီ ထွန်းပြောင်တဲ့ ပြည်ထောင်စုနိုင်ငံတော်သစ်တရပ်ပေါ်ထွန်းဖို့ စုစုစည်းစည်း ဝိုင်းဝန်းကြိုးပမ်းကြပါစို့။ ။
(ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုက်ကစာကို Nanda Tintswe ဆီကနေ ကူးယူဖော်ပြတာဖြစ်ပါတယ်)

0 comments:

Post a Comment