ပြည်သူဆိုတာဘယ်သူလဲ (ဗသြ)
ကြံ့ဖွတ်တွေက သူတို့ကိုသူတို့ ပြည်သူဆိုပြီးနေရာတကာ ရမ်းနေကြတယ်။ တန်ရာ-တန်ရာ မပြောကြဘူး။ သာမာန်အရပ်သားပြောသာ ပြောရရင် ဒီကောင်တွေဘုန်းမရှိ၊ တုန်းပိလို့ သေကုန်ကြမှာ။
ကြံ့ဖွတ်တွေက သူတို့ကိုသူတို့ ပြည်သူဆိုပြီးနေရာတကာ ရမ်းနေကြတယ်။ တန်ရာ-တန်ရာ မပြောကြဘူး။ သာမာန်အရပ်သားပြောသာ ပြောရရင် ဒီကောင်တွေဘုန်းမရှိ၊ တုန်းပိလို့ သေကုန်ကြမှာ။
ပြည်သူဆိုတာ ကိုယ့်ကိုယ်ကို သတ်မှတ်ချင်တိုင်း သတ်မှတ်လို့မရပါဘူး။ တိုင်းပြည်တပြည်မှာနေတဲ့လူတိုင်းဟာ ဒီနိုင်ငံသားဆိုတာတော့ မှန်ပါတယ်။ ပြည်သူလို့လဲ အလွယ်ပြောရင်တော့ ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးဝေါဟာရနယ်ပယ်မှာသုံးတဲ့ ပြည်သူဆိုတာကျတော့ သီးသန့်အဓိပ္ပါယ်ဆောင်တာပါ။ နိုင်ငံသားတိုင်းကို ပြည်သူလို့မဆိုပါဘူး။ ပြည်သူဆိုတာက ကာလတခုမှာ သမိုင်းအခန်းကဏ္ဍအရရော၊ အရေအတွက်အရပါ အဓိကကျတဲ့၊ ပြဋ္ဌာန်းနိုင်တဲ့လူထုကြီးကိုပြောတာ ဖြစ်ပါတယ်။
ရှင်းအောင်ပြောရရင် ဗမာနိုင်ငံရဲ့လက်ရှိသမိုင်းကာလဟာ နိုင်ငံရေးအားဖြင့် ဘာကာလလဲ။ အဓိကအသွင်အပြင်ဟာ ဘာလဲ။ ဒါကို ပထမ ရှင်းအောင်လုပ်ရတယ်။ ဗမာပြည်လူ့အဖွဲ့အစည်းကို ရှေ့တိုးအောင်လုပ်မယ်ဆိုရင် ဘယ်ပဋိပက္ခကို အရင်ဆုံးဖြေရှင်းရမလဲဆိုတာ စဉ်းစားရွေးချယ် တတ်ရတယ်။ ပဋိပက္ခဆိုတာကတော့ နေရာတကာမှာရှိနေတာပဲ။ စီးပွားရေးနယ်ပယ်မှာ ပဋိပက္ခ အမျိုးမျိုးရှိသလို၊ လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ နယ်ပယ်တိုင်းမှာ ရှိတယ်။ ကုန်ကုန်ပြောရင် အိမ်ထောင်တခုအတွင်းမှာတောင် ရှိတယ်။ ဒါတွေအားလုံးကို တတန်းတည်းထား ဖြေရှင်းလို့ဘယ်ဖြစ်မလဲ။ အကုန်ရှုပ်ထွေးကုန်မှာပေါ့။ အင်အားတွေ၊ အစွမ်းတွေဖြုန်းတီးရာပဲကျမယ်။ ဒီပဋိပက္ခတွေအထဲမှာ အခရာကျတဲ့ အဓိကပဋိပက္ခဆိုတာ ရှိတယ်။ အဲဒါကိုဖြေရှင်းနိုင်ရင် တခြားနယ်ပယ်ကပဋိပက္ခ တော်တော်များများကိုလည်း အခြေခံအားဖြင့် ဖြေရှင်းနိုင်တာပဲ။
အလွယ်ဆုံးဉပမာကိုပြရရင် ဗြိတိသျှကိုလိုနီကာလတုန်းက ဗမာပြည်တွင်းမှာ အဓိကပဋိပက္ခဟာ ကိုလိုနီအုပ်စိုးသူတွေနဲ့ အဲဒီအုပ်စိုးမှုဒဏ်ကိုခံစားနေကြရတဲ့ ပြည်သူတွေပဲ။ အဲဒီတုန်းက သမိုင်းရဲ့ အဓိကဦးတည်ချက်ဟာ ကိုလိုနီနိုင်ငံတွေလွတ်လပ်ရေးရရှိခြင်းဖြစ်တယ်။ ဒါဟာ ဗမာပြည်ရှိ အများတကာ့အများစု ပြည်သူလူထုကြီးရဲ့ဆန္ဒမှန်လည်းဖြစ်တယ်။ အဲဒီကာလမှာလည်း ပဋိပက္ခပေါင်းစုံရှိနေတာပဲ။ ဗမာနိုင်ငံသားတွေ အချင်းချင်းအကြားမှာကိုပဲ ပဋိပက္ခအမျိုးမျိုးရှိတယ် မဟုတ်လား။ နိုင်ငံရေးပါတီတွေလည်းပေါ်နေပြီဆိုတော့ တပါတီနဲ့တပါတီမတူတာတွေ နည်းတာမှ မဟုတ်တာ။ ဒါ့အပြင် ကုလား-ဗမာအဓိကရုဏ်းလိုဟာမျိုးတောင် ပေါ်ခဲ့သေးတယ်။
အဲဒီပဋိပက္ခတွေဟာ တခါတရံမှာထိပ်ကို တက်လာသလိုလိုရှိပေမယ့် အဓိကဖြေရှင်းရမယ့် လွတ်လပ်ရေးအတွက်လုံးပမ်းနေကြတဲ့ ဗြိတိသျှကိုလိုနီသမားတွေနဲ့ ဗမာပြည် ပြည်သူတွေအကြားကပဋိပက္ခဟာ အဓိကဖြစ်မြဲဖြစ်နေတာပဲ။ တနိုင်ငံလုံးရဲ့အကျိုးကို ဦးထိပ်ထားသူတွေဟာ ဒါကို မျက်ခြေမပြတ်ဘူး။ အဲဒီလို အဓိကပဋိပက္ခကိုအခြေခံပြီးပြည်သူလား၊ ပြည်သူ့ရန်သူလားဆိုတာကို ခွဲခြားတာဖြစ်တယ်။ ဘက်နှစ်ဘက်မှာ ဘယ်ဘက်ရပ်သလဲဆိုတာနဲ့ ခွဲခြားတာဖြစ်တယ်။
ဒီနေ့ဗမာပြည်မှာ အဓိကပဋိပက္ခဟာ အင်မတန်ထင်ရှား၊ ရှင်လင်းပါတယ်။ နအဖစစ်အစိုးရနဲ့ စစ်အစိုးရအုပ်စိုးမှုဒဏ်ကြောင့် အခွင့်အရေးမျိုးစုံဆုံးရှူံးပြီးကိုယ် စိတ်နှစ်ပါးဆင်းရဲနေကြသူတွေက တဖက်ဖြစ်ပွားနေတဲ့ပဋိပက္ခဟာ အဓိကပါ။လူတယောက်ဟာ ဒီပဋိပက္ခမှာ ဘယ်ဘက်က ပါဝင်သလဲဆိုတာအပေါ်မူတည်ပြီး သူဟာ ပြည်သူလား၊ စစ်အာဏာရှင်စနစ်ဘက်သားလား ဆိုတာကို ခွဲခြားရမှာပါ။
အထက်က ကြံ့ဖွတ်တွေရဲ့အခြေအနေဟာ သိပ်ရှင်းပါတယ်။ ဒီနေရာမှာ တဆက်ထဲပြောသင့်တာက ဒီနိုင်ငံမှာ ဒီလို ဘက်နှစ်ဘက်ပဲရှိတယ်။ တခြားမရှိဘူးလို့ဆိုရင်တော့ မှားပါတယ်။ ဘယ်ဘက်မှမပါတဲ့ ကြားအင်အားစုတွေလည်းရှိတယ်ဆိုတာကို သိဖို့လိုသလို အသိအမှတ်ပြုဖို့လည်းလိုပါတယ်။ နိုင်ငံရေးအတွေ့အကြုံကြွယ်ဝသူဟာ အဲဒီကြားအင်အားစုကို ကိုယ့်ဘက်ပါအောင်ကြိုးစားပြီး နိုင်ငံရေးအတွေ့အကြုံနုသူကတော့ အဲဒီအင်အားစုကို တိုက်ခိုက်ပါတယ်။ တဘက်ကိုတွန်းပို့သလိုတောင် ဖြစ်စေတတ်ပါတယ်။
နောက် မပြောမဖြစ်တတ်တာက ပြောင်းလဲတတ်တဲ့သဘောပါ။ ပြောင်းလဲတတ်တယ်ဆိုရာမှာ နှစ်မျိုးရှိပါတယ်။ ပထမတမျိုးက အဓိကပဋိပက္ခကိုယ်တိုင် ပြောင်းသွားတာဖြစ်ပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်ရဲ့အဆင့်တခုမှာ ဗမာနိုင်ငံရဲ့အဓိကပဋိပက္ခဟာ မူလက အင်္ဂလိပ်နဲ့ ဗမာနိုင်ငံသားတွေအကြားကပဋိပက္ခဖြစ်ပေမယ့် ဂျပန်ကျူးကျော်ဝင်ရောက်ပြီးလို့ ဂျပန်က ဖက်ဆစ်လက္ခဏာတွေဖော်ပြလာတဲ့အခါမှာတော့ ဂျပန်ဖက်ဆစ်တွေနဲ့ ဗမာပြည်ပြည်သူတွေအကြားကပဋိပက္ခဟာ အဓိကပဋိပက္ခဟာဖြစ်သွားပါတော့တယ်။
ဒုတိယတမျိုးကတော့ အဲဒီလို အဓိကပဋိပက္ခပြောင်းလဲတာနဲ့ ပါဝင်သူတွေ ဘက်ပြောင်းတတ်တာပါပဲ။ နဂိုက ရန်သူဖြစ်တဲ့အင်္ဂလိပ်ဟာ မဟာမိတ်ဖြစ်လာပါတယ်။ ဒီလိုသာဓကတွေ အများကြီးပြလို့ရပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ထူးခြားချက်တခုဟာလည်း အဲဒီလိုပဲ တချိန်ကရန်ဘက်တွေ မိတ်ဆွေဖြစ်လာတာပါ။
ပြည်သူဆိုတာ အဓိကပဋိပက္ခအပေါ်မှာမူတည်ပြီး ခွဲခြားသတ်မှတ်တယ်လို့ပြောခဲ့ပေမယ့် အချက်တချက်ကို ထပ်ပြီး အလေးအနက်ပြုဖို့လိုတယ်။ အဲဒါကတော့ နိုင်ငံတနိုင်ငံမှာ အလုပ်သမား လယ်သမားတွေဟာ အမြဲပဲ အခြေခံပြည်သူဖြစ်တယ်ဆိုတဲ့အချက်ပဲ။ ဒီစာရင်းထဲမှာ မြို့နေဆင်းရဲသားတွေကို ထည့်သွင်းရင်လည်းရတယ်။ အကြောင်းက အဓိကပဋိပက္ခ ဘယ်လိုပဲပြောင်းပြောင်း သူတို့ဟာ အမြဲပဲ ဓားမနောက်ပိတ် အဖိနှိပ်ခံရဆုံးသူတွေဖြစ်နေလို့ပါပဲ။ နောက်ပြီး နိုင်ငံတိုင်းမှာလည်း အရေအတွက်အားဖြင့် သူတို့ဟာ အများဆုံးဖြစ်တယ်ဆိုတာကိုလည်း မမေ့ဖို့လိုတယ်။
ဒီအခြေခံလူတန်းစားရဲ့သားသမီးတွေဖြစ်နေလို့လည်း အခု နအဖစစ်တပ်ထဲက အောက်ခြေတပ်သားတွေကို ကြားနေအောင်၊ ကိုယ့်မိဘဘက်ပြန်ရပ်အောင် စည်းရုံးနေကြရတာပါ။ အလားတူပဲ အခုအခါမှာ အခွင့်အရေးအကြောင်းပြုပြီးတက်ကြွနေတဲ့ ကြံ့ဖွတ်တွေထဲမှာလည်း အခြေခံလူတန်းစားတွေရဲ့သားသမီးတွေလည်း ပါနေတယ်။ သူတို့ကိုလည်း ရနိုင်သလောက် အစွဲချွတ်ကြရလိမ့်မယ်။
ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ ဒီ ပြည်သူကို ဗဟိုပြုထားတဲ့တပ်ဖွဲ့ကြီးတခု ပြန်ဖွဲ့ဖို့အခြေအနေက တောင်းဆိုနေတယ်။ ဒီတပ်ဖွဲ့ကြီးပေါ်ပေါက်ရေးအတွက် အနှောင့်အယှက်အတားအဆီးတွေဟာ နအဖဆီကသာ လာတာမဟုတ်ပဲ ပြည်တွင်းပြည်ပက သဘောတရားအမျိုးမျိုးထုတ်နေကြတဲ့ ဗမာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေဆီကလည်း ပေါ်ထွက်လာနေတယ်။
ပြည်သူချင်း အိုးမည်းသုတ်ပေးတာကို သတိထားရမယ်။ တချို့က ဒီလိုခြေထိုးရာမှာ အင်မတန်ကျွမ်းကျင်တယ်။ အင်မတန်သိမ်မွေ့တယ်။ အတွေ့ကြုံလည်း ရှိလှပြီကိုး။ ဗမာပြည်သားတွေဟာ ဗမာပြည်အနေအထားနဲ့ကိုက်ညီတဲ့ လှုပ်ရှားမှုတွေဖော်ထုတ်ရမယ်။ ဗမာပြည်သမိုင်းထဲက အောင်ပွဲရအတွေ့အကြုံတွေကို ပြန်သုံးသပ်ရမယ်။
တကယ်က ချီလီ၊ ဖိလိပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ စစ်အာဏာရှင်တွေကိုဖြုတ်ချတဲ့ နိုင်ငံတိုင်းမှာ ကိုယ့်ပြည်သူတွေပဲ အသေခံ၊ အနာခံပြီး စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်၊ ဖြုတ်ချ ခဲ့ကြတာဖြစ်တယ်။ ပြည်ပက နှမ်းဖြူးတာလောက်တောင် အနိုင်နိုင်ပါ။ ဗမာပြည်လွတ်လပ်ရေး ရခဲ့တာလည်း ဒီလိုပဲမဟုတ်လား။
ဗသြ
(ရဲမော်ထူးဆီကနေတဆင့် ကူးယူဖော်ပြပါတယ်)
ဗသြ
(ရဲမော်ထူးဆီကနေတဆင့် ကူးယူဖော်ပြပါတယ်)
0 comments:
Post a Comment