Thursday, January 15, 2015

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော) ဆောင်းပါးအမှတ် (၂၈)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးအမှတ် (၂၈)
သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ။

ကျွန်မဆောင်းပါးအမှတ် (၂၇) ဗိုလ်လက်ျာအကြောင်းရေးပြီးတော့ ရဲဘော်တချို့က ဗိုလ်လက်ျာနဲ့တတွဲတည်းအဖြစ် ဗိုလ်ဇေယျအကြောင်း လည်း ရေးပါဦးလို့တိုက်တွန်းလာကြပါတယ်။ ကျွန်မက ဗိုလ်ဇေယျအကြောင်း ဖေဖေပြောပြဖူးတဲ့ နည်းနည်းပါးပါးပဲသိတယ်။ ဗိုလ်လက်ျာကြီးလို သိပ်ရင်းရင်းနှီးနှီးမဟုတ်ခဲ့လို့ ရေးရတာမဝံ့မရဲဖြစ်မိပါတယ်။ ဒါပေမယ့် သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတယောက်အကြောင်း မိမိတို့နဲ့ပတ်သက်ခဲ့တဲ့အဖြစ်အပျက်လေးတွေကို တဒေါင့်တနေရာက ရေးကြည့်ချင်လာပါတယ်၊

ကျွန်မ ဗိုလ်ဇေယျအကြောင်းရေးဖို့ပြင်တော့ ဒီဆောင်းပါးနဲ့အတူ ထည့်ဖော်ပြချင်တဲ့ဓာတ်ပုံနှစ်ပုံကို အသည်းအသန်ရှာမိပါတယ်။ တပုံကတော့ ၁၉၆၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့က ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးဖို့ ပဏာမကိုယ်စားလှယ် အဖွဲ့အဖြစ်လာကြတဲ့ ရဲဘော်ဌေးနဲ့ဗိုလ်ဇေယျတို့အဖွဲ့ စမ်းချောင်း ချမ်းသာလမ်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်ကို ဂါရဝပြုဖို့လာတုံးက ဖေဖေနဲ့ဗိုလ်ဇေယျ တယောက်နဲ့တယောက်ဖက်ပြီး မျက်ရည်တွေစီးကျနေတဲ့ပုံဖြစ်ပါတယ်၊ အဲဒီဓာတ်ပုံဟာ ဆွေးနွေးပွဲတွေပျက်ပြီးနောက် အဲဒီကာလက ဓာတ်ပုံများအတွက်ပြိုင်ပွဲပြုလုပ်ရာမှာ ‘တတိယဆု’ရရှိခဲ့ပါတယ်။ (ပထမရတဲ့ပုံကတော့ အဲဒီကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြီးနောက် ပေါက်ခေါင်းချောင်း (နဝင်းချောင်း)ကိုဖြတ်နေတဲ့ပုံ။ ရှုဒေါင့်ဂျာနယ်က ‘ပြည်သူကိုသူတို့ ကျောခိုင်းကြလေပြီ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးအဖြစ်ဖော်ပြခဲ့တဲ့ပုံဖြစ်ပါတယ်)

နောက်တပုံကတော့ ၁၉၆၃ စက်တင်ဘာလ ၁၂ ရက်နေ့က အဲဒီကိုယ်စားလှယ်အဖွဲ့ ကျွန်မတို့ ဆီဆုံလမ်းအိမ်ကို လာလည်စဉ်က ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ အဲဒီကာလ သတင်းစာတွေထဲမှာတော့ အထင်ကရဖော်ပြခံရတဲ့ဓာတ်ပုံတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီပုံတွေရမရ မသေချာပါဘူး။ (သတင်းစာဖြတ်ပိုင်းဟောင်းတခုရလို့ ထည့်ထားပါတယ်) ကျွန်မဆီမှာတော့ ၁၉၄၁ ဂျပန်ရောက် ရဲဘော်သုံးကျိပ်ဝင်တချို့ကို ရိုက်ကူးထားတဲ့ပုံတပုံတော့ ရှိပါတယ်။ အဲဒီထဲမှာတော့ ဖေဖေရော ဗိုလ်ဇေယျရော ပါပါတယ်။ (ရှေ့ကဆောင်းပါးတစောင်မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။)

တကယ်တော့ ဗိုလ်ဇေယျဟာ အစဉ်အလာကြီးပါတယ်။ ရဲဘော်သုံးကျိပ် မသွားခင်ကတည်းက ကျောင်းသားခေါင်းဆောင်တဦး ၁၃ဝဝ ပြည့်အရေးတော်ပုံအတွင်း မန္တလေးအရေးတော်ပုံကို သွားပြီးခေါင်းဆောင်ခဲ့ပါတယ်။ ရန်ကုန်မှာ ဆန္ဒပြကျောင်းသူကျောင်းသား ၂ဝဝ ကျော် ဒဏ်ရာရခြင်းနှင့် ဗိုလ်အောင်ကျော် ကျဆုံးရခြင်းတို့နှင့်ပတ်သက်၍ အရေးယူပေးရန် စီတန်းလှည့်လည်ဆန္ဒပြရာမှာ အင်္ဂလိပ်အစိုးရက ပစ်ခတ်လို့ အာဇာနည် ၁၇ ဦးကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူများအထဲမှာ ဗိုလ်ဇေယျပါပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ သမဂ္ဂခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီကမှ ရဲဘော်သုံးကျိပ်အဖြစ် ပါသွားတာပါ။ အဲဒီမှာလည်း သူဟာ ခေါင်းဆောင်တဦးပါပဲ။ အထူးသဖြင့် ဖေဖေတို့ ဆရာကြီးမှိုင်းအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗိုလ်လက်ျာပြီးရင် ဗိုလ်ဇေယျက တတိယ ခေါင်းဆောင်ပါ။ (ဗိုလ်နေဝင်းကတော့ ကံကောင်းထောက်မစွာနဲ့ သခင်ထွန်းအုပ် သခင်ဗစိန်ဂိုဏ်းရဲ့ ခေါင်းဆောင်နေရာကိုရခဲ့တာပါ။ ဒီအကြောင်း ကျွန်မရေးပြီးပါပြီ)

ဂိုဏ်းနှစ်ဂိုဏ်း ညီညွတ်စေလိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့စေတနာကြောင့်သာ ဗိုလ်နေဝင်း ဒီနေရာတွေရလာတာပါ။ ဗိုလ်ဇေယျနဲ့ တန်းတူ နေရာမျိုးပါ။ တခါတရံ ဗိုလ်ဇေယျကိုအထက်မှာထားပြီး တခါတရံ ဗိုလ်နေဝင်းကို အထက်မှာထားပါတယ်။

ဂျပန်တော်လှန်ရေးအပြီးဖွဲ့တဲ့ မျိုးချစ်ဗမာ့တပ်မတော်မှာ ဗိုလ်ဇေယျကိုစစ်ဦးစီးချုပ်ပေးပြီး ဗိုလ်နေဝင်းကိုတော့ ရှေ့တန်းစစ်ဌာနချုပ်မှူးပဲ ပေးထားပါတယ်။

၁၉၄၅ စက်တင်ဘာမှာချုပ်ဆိုတဲ့ ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းက အရပ်ဘက်ကူးပြောင်း တော့မယ်လို့ဆုံးဖြတ်ပြီးကျန်လူများကို ကိုယ်ပိုင်အမှတ်စဉ်တွေ ထုတ်ပေးရာမှာ-

            ဗိုလ်လက်ျာ          BC ၃၅ဝ၁
            ဗိုလ်နေဝင်း          BC ၃၅ဝ၂ 
            ဗိုလ်ဇေယျ           BC ၃၅ဝ၃
            ဗိုလ်ကျော်ဇော      BC ၃၅ဝ၎
            ဗိုလ်အောင်ရွှေ(NLD) BC ၃၅ဝ၅
            ဗိုလ်ရဲထွဋ်           BC ၃၅ဝ၆
စသဖြင့် ဗိုလ်နေဝင်းအုပ်စုကိုလည်း တစုံတရာနေရာပေးထားတာ တွေ့ရပါတယ်။

(ဒီနေရာမှာ ကျွန်မကြုံကြိုက်လို့ ကိစ္စတခုပြောပါဦးမယ်။ ဖေဖေတို့က သူတို့ကိုယ်ပိုင်နံပါတ်ကို အတော်စွဲလမ်းပုံရပါတယ်။ ဖေဖေ နေထိုင်မကောင်းဖြစ်နေတဲ့အခါ ကျွန်မက စိတ်ပြေလက်ပျောက်စကားစမြည်ပြောရင်း အော် ဒါထက် ဖေဖေ့ ဘီစီနံပါတ်က ဘယ်လောက် ပါလိမ့်လို့ ဖြတ်မေးလိုက်ရင် ဖေဖေက ‘သရီး-ဖိုက်-အို-ဖိုး’တဲ့။ မဆိုင်းမတွကို ဖြေနိုင်ပါတယ်။)

အဲဒီ ကန္ဒီစာချုပ်အရ ဗြိတိသျှကဖွဲ့စည်းပေးခဲ့တဲ့ အမြဲတမ်းဗမာ့တပ်မတော်မှာ သေနတ်ကိုင်ခြေလျင်တပ်ရင်း ၃ ရင်း (သနက-၃-၄-၅)မှာ ဖေဖေရယ် ဗိုလ်နေဝင်းရယ် ဗိုလ်ဇေယျရယ် ဒုတပ်ရင်းမှူးများ အသီးသီးဖြစ်လာပါတယ်။ အင်္ဂလိပ်လူမျိုးတွေကတော့ တပ်ရင်းမှူးတွေပေါ့။ အဲဒီကမှ တပ်ရင်း ၃ ရင်းက အရာရှိ ၁ဝ ဦးစီရွေးပြီး (၁၉၄၆)ခုနှစ် မေမြို့မှာ အထူးဗိုလ်သင်တန်းဖွင့်ပြီး အင်္ဂလိပ်တွေက ဖေဖေတို့ကို စစ်သင်တန်းတွေ ပေးခဲ့ပါတယ်။

အဲဒီဗိုလ်သင်တန်းနဲ့ပတ်သက်လို့ ဖေဖေက သူ့ကိုယ်ရေးအထုတ္တပ္ပတိမှာ အသေးစိတ်ဖော်ပြထားခြင်းမရှိပေမယ့် ဗိုလ်မှူးကြီးဟောင်း တင်မောင် (စာရေးဆရာ မြတ်ထန်)ရဲ့ ‘တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်မှာ’ တော်တော် ပြည့်ပြည့်စုံစုံရေးထားပါတယ်။ တနေရာမှာ ရေးထားတာကတော့
ထိုသင်တန်းသည် တမျိုးတော့ ပျော်စရာကောင်းလှပါသည်။ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီးနောက် အင်္ဂလိပ်စစ်တပ်သို့ ဝင်ရောက်ခဲ့ကြရပြီးမှ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့သည် တစုတဝေးပြန်လည်တွေ့ဆုံကြရခြင်းဖြစ်သည်။ ထို့ကြောင့် ရောက်စကမူ ရင်ဆိုင်ကြရမည့် သင်တန်း၏ပင်ပန်းမှု ပြင်းထန်မှုတို့ကိုသတိမရနိုင်ကြဘဲ တဲတတဲမှတတဲ ကူးကြသန်းကြ အတွေ့အကြုံခြင်းဖလှယ်ကြ ရှေးဖြစ်နှောင်းဟောင်းတွေပြောကြ တဝါးဝါး တဟားဟားလို့ရေးထားတာ တွေ့ရပါတယ်။

ဟုတ်ပါတယ်။ အဲဒီကာလက ပျော်စရာတွေအကြောင်း ဖေဖေလည်း ပြောပြခဲ့ဖူးတာတွေရှိပါတယ်။

ဖေဖေက အဲဒီသင်တန်းတက်တုန်းက ဗိုလ်ဇေယျနဲ့အတူတက်ခဲ့ပြီး နောက်ပိုင်း မတွေ့ဖြစ်တော့တာဟာ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ကာလကျမှ ပြန်တွေ့ကြတာဖြစ်တယ်လို့လည်း ပြောပြခဲ့ဖူးပါတယ်။

ဖေဖေက ‘ဗိုလ်ဇေယျကြီးဟာ သိပ်သဘောကောင်းတာ လက်အောက်ငယ်သားတွေ ဖေဖေတို့လို သူ့ထက်ငယ်သူတွေအပေါ်မှာလည်း ညှာတာတယ်။ လူကလည်းလူချောကြီး အသားကဖွေးနုနေတော့ အမျိုးသမီးတွေက အတော်လိုက်ကြတယ်’လို့လည်း ပြောပြဖူးပါတယ်။

ဗိုလ်ဇေယျက ဘီအိုင်အေခေတ်အစောပိုင်းမှာပဲ မန္တလေးက အချောအလှစာရင်းဝင် ကျောင်းသူလေးမခင်တင့်နဲ့ အိမ်ထောင်ကျပါတယ်။ မခင်တင့်ကသိပ်လှတာ အိမ်ထောင်ကျတော့ ငယ်ငယ်လေးရှိသေးတယ်လို့ မေမေက ပြောပြဖူးပါတယ်။

(မကြာမီက ဒေါ်ခင်တင့်ကွယ်လွန်တော့ သတင်းစာထဲ နာရေးကြော်ငြာထည့်ရာမှာ ‘ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ဇေယျ၏ဇနီး’လို့ ထည့်ထားတာကို သတင်းစာတိုက်တာဝန်ခံများကတဆင့် ဖိအားပေးဖြုတ်ခိုင်းလို့ ဖြုတ်ပေးလိုက်ရတယ် တဲ့။ အဲသလောက် အာဃာတကြီးကြပါတယ်။)

ဒေါ်ခင်တင့် ဘယ်လောက်လှလဲဆိုတာတော့ ကျွန်မ မတွေ့ဖူးလို့မသိပါဘူး။ ဒါပေမယ့် မမခင်မာလာ (ဗိုလ်ဇေယျ ဒေါ်ခင်တင့်တို့၏သမီးကြီး) လှတာကိုတော့ ကောင်းကောင်းသတိပြုမိပါတယ်။ အသားအရည်ကဝင်းနေပြီး မျက်နှာဝိုင်းဝိုင်းလေး မျက်လုံးတောက်တောက်လေးနဲ့ အတော်ကျက်သရေရှိပါတယ်။ ယခုနာမည်ကျော်သရုပ်ဆောင် (ဗိုလ်ဇေယျမြေးတဦးလည်း ဖြစ်တဲ့) အိနြေ္ဒကျော်ဇင်တို့ မျက်နှာပေါက်ပဲ။

မမခင်မာလာက ၁၉၆၂ ဇူလိုင် ၇ ရက်နေ့မှာ ကောလိပ်ဂျင်နေဝင်းနဲ့ မင်္ဂလာဆောင်ပါတယ်။ အဲဒီတုန်းက အသက် ၂ဝ တောင်မပြည့်သေး ပါဘူး။ ကောလိပ်ဂျင်နေဝင်းက ခရစ်ယာန်ဖြစ်လေတော့ ခရစ်ယာန်ဘုရားကျောင်းမှာလည်း လက်ထပ်ဖို့လိုပါတယ်။ အဲဒီဘုရားကျောင်းမှာ လက်ထပ်တော့ သတို့သမီးကိုတွဲထုတ်ဖို့ သတို့သမီးဖခင်နေရာမှာ နေပေးဖို့ ဖေဖေ့ကို ဦးစိုးဝင်း (ဗိုလ်ဇေယျညီ)က လာဖိတ်ခေါ်လို့ ဖေဖေ သွားလက်ထပ်ပေးရပါတယ်။ တရားရုံးမှာလက်ထပ်တုန်းကတော့ ဗိုလ်လက်ျာတို့ဇနီးမောင်နှံက ဦးစီးလက်ထပ်ပေးခဲ့တာပါ။

ဗိုလ်ဇေယျညီ ဦးစိုးဝင်းဆိုတာ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ဆက်သွယ်မှုနဲ့ထောင်ကျပြီး ထောင်ထဲမှာပဲ ကျဆုံး ကွယ်လွန်သွားရတဲ့ နိုင်ငံရေးအကျဉ်းသမားတဦးပါ။ မမခင်မာလာတို့ညီအမတတွေကို တောက်လျှောက် အုပ်ထိန်းသူအဖြစ် စောင့်ရှောက် လာခဲ့သူပါ။

ကောလိပ်ဂျင်နေဝင်းကြီးကလည်း ဘယ်လောက်သရုပ်ဆောင်ကောင်းကောင်း ဘယ်လောက်လူကြိုက်များများ မမခင်မာလာနဲ့ယူမိလို့ တော်တော်နဲ့ အကယ်ဒမီမရနိုင်ခဲ့ပါဘူး။ ကောလိပ်ဂျင်နေဝင်းကြီးဟာ ရုပ်ရှင်ထဲမှာသာ နောက်တီးနောက်တောက်နေပေမယ့် အပြင်မှာ ကျတော့ အလွန်အိနြေ္ဒကြီး တည်ကြည်ပါတယ်။ ကျွန်မမောင်တွေ ၁၉၆၃ ဧပြီလထဲမှာရှင်ပြုတော့ သူတို့ဇနီမောင်နှံလာလို့ ကျွန်မ နီးနီးကပ်ကပ်တွေ့ဖူးလိုက်တာပါ။ နိုင်ငံရေးစိတ်ဓာတ် အခြေခံကောင်းပုံရပါတယ်။ စာရေးဆရာကြီးဒဂုန်တာရာကို အိမ်ပေါ်တင်ထားပြီး ပြုစုစောင့်ရှောက်ရုံသာမက ဆရာကြီးဒဂုန်တာရာနဲ့ပတ်သက်ရာ ပတ်သက်ကြောင်း စာပေမိတ်ဆွေတွေ ကဗျာဆရာတွေ ဝင်ထွက်သွားလာ နေမှုကိုလည်း ကြည်ကြည်ဖြူဖြူလက်ခံ ဆက်ဆံတယ်လို့လည်း ကြားဖူးပါတယ်။ သူတို့အများစုက လက်ဝဲနွယ်တွေဖြစ်ပြီး အစိုးရရဲ့ အငြိုငြင်ခံရသူတွေပါ။

ဗိုလ်ဇေယျမှာ သမီးချည်း ၅ ယောက်ရှိပါတယ်။ အငယ်ဆုံး သမီးလေး ရိုးရိုး ၇ လသမီးမှာ သူတို့သားအမိတတွေ အစိုးရထိုးစစ်တခုမှာ အဖမ်းခံလိုက်ရပါတယ်။ အဲဒီတုန်းက ပါတီကလည်း ၅၅ လမ်းစဉ်အရ အိမ်ထောင်သည်များ မြို့ပြန်ပို့ရေးအစီအစဉ်တွေရှိနေလို့ သူတို့ သားအမိတတွေ တောထဲပြန်မရောက်တော့ပါဘူး။ ဒါကြောင့်ဘဲ ရိုးရိုးက သူ့အဖေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ တပတ် နှစ်ပတ်လောက်ပဲတွေ့ဖူးလိုက်လို့ ဖေဖေ့အကြောင်း ဘာမှမသိလိုက်ရပါဘူးလို့ပြောတယ်လို့ ကြားရဖူးပါတယ်။ အခုလည်း ရိုးရိုးဟာ ‘ရဲဘော်သုံးကျိပ်ဝင်မိသားစု’အဖွဲ့မှာ တက်တက်ကြွကြွ ခေါင်းဆောင်ပါဝင်နေကြောင်း ကြားရပါတယ်။ ဖခင်ကြီးရဲ့မပြီးဆုံးသေးတဲ့တာဝန်ကို တတောင့်တနေရာက ပါဝင်ထမ်းဆောင်ရွက်နေပုံပါပဲ။

ဗိုလ်ဇေယျကြီးဟာ ပဲခူးရိုးမအတွင်း အစိုးရရဲ့ ဖြတ် ၄ ဖြတ် စစ်ဆင်ရေးများအတွင်း ၁၉၆၈ ခုနှစ် ဧပြီလ ၁၆ ရက်မှာ ကျဆုံးသွားခဲ့ပါတယ်။ တလောက လွတ်လပ်တဲ့အာရှအသံကလွှင့်သွားတဲ့ (ဗိုလ်ချုပ်ကြီးဟောင်း) ဦးတင်ဦးရဲ့ (ပြည်သူ့ဖက်ကဗိုလ်ချုပ်ကြီးတဦး) ပြန်ပြောင်း ပြောဆိုချက်ထဲမှာ တော်တော် အသေးစိတ်ပြောထားပါတယ်။

စစ်ကြောင်းနှစ်ကြောင်းက ဗကပ ခေါင်းဆောင်တွေခိုအောင်းနေတယ်လို့သတင်းရတဲ့ တောင်ကြောနှစ်ကြောကို ပိတ်ပြီးရှင်းလင်းရေး လုပ်ရာမှာ ခြုံပုတ်တခုထဲအဝင် အပေါ့အပါးသွားမယ့်လူတယောက်တွေ့ရာမှာ အဲဒီလူထွက်ပြေးလို့ ပစ်လိုက်ရာမှာ အသေဖမ်းမိသူ မျက်မှန်နဲ့ ပုဂ္ဂိုလ်တဦးကို လာပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကြည့်ရှုစစ်ဆေးပေးဖို့ တိုင်းမှူး (ဗိုလ်ချုပ်)ဦးတင်ဦးကိုခေါ်လို့ သွားကြည့်ရာမှာ ဦးတင်ဦးက ‘အလွန်ဝမ်းနည်းစရာကောင်းစွာနဲ့ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ဇေယျ ဖြစ်နေတာတွေ့ရတယ်’လို့ ပြောပြထားပါတယ်။

ဒီလိုနဲ့ အလွန်ရင်နာဖွယ် ဗမာပြည် ပြည်တွင်းစစ်အတွင်း အဖိုးတန်ဗမာ့သားကောင်းတဦး (ဗမာပြည် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အတွင်းက သူရဲကောင်းတဦး) အချိန်မတိုင်မီ ကျဆုံးသွားခဲ့ရပါတယ်။ ဗမာပြည်ရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေအရ ဗိုလ်ဇေယျရဲ့ သမိုင်းဝင် စာမျက်နှာများဟာ မေ့ပျောက်ခြင်းသော်လည်းကောင်း မှေးမှိန်ထားခြင်းသော်လည်းကောင်း ခံနေရပါသေးတယ်။

ဒီလိုပုဂ္ဂိုလ်ကြီးတွေ သမိုင်းမှန်နေရာမှန် ပြန်ရရေးအတွက် ဆက်လက်ကြိုးစားကြပါစို့။
တဆက်တည်း အလျဉ်းသင့်တုန်း ကျွန်မတို့တော်လှန်ရေးအတွင်း ရဲဘော်များအတွင်းခေတ်စားခဲ့တဲ့ ရဲဘော်ဗိုလ်ဇေယျရဲ့ ‘မိခင်ပါတီ’ သီချင်းကိုဖော်ပြရင်း ဗိုလ်ဇေယျအပါအဝင် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအတွင်းကျဆုံးသွားရတဲ့ အာဇာနည်အထောင်အသောင်းကို ဦးညွတ်အလေးပြုလိုက်ပါတယ်။

မိခင်ပါတီသီချင်း
ရေးစပ်သူ- ဗိုလ်ဇေယျ
(ဂုဏ်ရောင်ပြောင်တယ် ပစ္စည်းမယ့် တို့ပါတီရယ်+ စာဖွဲ့ရမယ်+သီကုံးလို့ရယ် + သွေးလှူပေးအပ်ထားတဲ့ + ချစ်မိခင်ပါတီမြတ်ရယ်)၂ အူသည်းလှိုက်ဆူ + (ဂုဏ်ယူမိတယ်)၂ + ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။

မာက်စ် လီနင် မော်အတွေးအခေါ် ဦးထပ်ပန်လို့ရယ် + ရင့်ကျက်သံမဏိနှယ် + ကျောက်ဆိုင်ပမာသို့ကွယ် + ခိုင်မာတယ် + အောင်လံနီစိုက်ကာလွှင့်မယ် + ရန်သူကို တိုက်ကာခွင်းမယ် + ပြည်သူကိုခေါင်းဆောင်လို့ရယ် + အောင်ပွဲသို့သာချီကာရယ် + (အာဏာနီထူမယ်)၂ + လက်နက်ကိုင်လို့ တိုက်ကြပါစို့ကွယ် + (အာဏာနီထူမယ်) ၂ လက်နက်စွဲလို့ ရဲရဲတောက်နီ ဆန္ဒပြုမယ် + အမှန်ပင် အောင်မြင်စေရမယ် + အဓွန့်ရှည်ပါစေလို့ + မိခင် + ပါတီ + အလီလီကြွေးကြော်တယ် +++

သဘောတရားကရှေ့ဆောင်တယ် + လက်တွေ့နဲ့ရယ်ပေါင်းစပ်မယ် + လက်နက်ကိုင် + ကြီးပြင်းခဲ့လို့ လူလားမြောက်တဲ့ ဒီချိန်ခါဝယ် + အသက်နဲ့ထပ်တူချစ်ခင်ရမယ် + သွေးနဲ့ရင်းကာ သစ္စာပြုမယ် + တူတံဇင်ရွှေရောင်အဆင်းနဲ့ + လမ်းပြတံခွန်ကြယ် ++ ရဲဘော်အပေါင်းရယ် ++ လွှင့်ထူစို့ကွယ် + အဓိဋ္ဌာန်ပြုမယ် ++ အောင်စေဖွယ် ++ ဗမာပြည်အနီရောင်လွှမ်းလို့ ++ ချမ်းမြေ့စေမယ် ++ (အလေးနီ)၃ +++ အဓိဋ္ဌာန်ပြုပါတယ်။

အို ++ ရဲဘော် ++ ချစ်ရဲဘော်ရယ်+ ငုပ်မိသဲထိုင် တက်နိုင်ဖျားရောက် အောင်ရမယ်+ တနေ့တလံ ပုဂံ ဘယ်ပြေးမယ်+ ဟုတ်တယ်+ဟုတ်တယ်+ ဟုတ်တယ်+ ဟုတ်တယ်+ မာ့က်စ်လီနင်ဝါဒ +အောင်ပွဲရတဲ့ခုချိန်မယ် + အနာဂတ်ကို + တို့ပိုင်တယ် + တို့ပိုင်တယ်+ တို့သာပိုင်ရမယ် +++

(တို့တတွေ + ပေးအပ်ထားတဲ့တာဝန်ရယ် + မဆုတ်မနစ်ကြိုးစားလို့ဖြင့် ++ အောင်စေရမယ် ++ အောင်စေရမယ်)၂ +++
သံမဏိစည်းကမ်း + လိုက်နာလို့ရယ် + ပါတီတောင်းဆိုချက်ကို + ပြည့်စုံစေမယ် + ကိုယ်ကျိုးမဖက်တယ် + အသက်ကိုပင် + ပေးလှူဖြူစင်ကြယ်
၁၄-၁၁-၂ဝ၁၂

0 comments:

Post a Comment