Thursday, January 29, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁)
ကျနော့်ကို ကျနော်တို့လေးစားသောပုဂ္ဂိုလ်တဦးက လွန်ခဲ့သော ၃ - ၄ နှစ်ခန့်က ကျနော့်အထုပ္ပတ္တိကိုရေးသားရန် တိုက်တွန်းခဲ့ပါသည်။ ကျနော်က အလွန်ခက်မည်ထင်၍ ငြင်းပယ်ခဲ့ပါသည်။ ယခုကျနော့်အသက် ၈၄ နှစ်ရောက်မှ မိမိအထုပ္ပတ္တိရေးလျှင် အများအတွက် အကျိုးရှိနိုင်မည်ယုံကြည်ယူဆလာသဖြင့် မသေခင်တာဝန်တရပ်အနေဖြင့် ရေးသားရန်ဆုံးဖြတ်ပြီး ရေးသားရပါတော့သည်။

၁၊ ကျနော့်မွေးနေ့မှာ ၁၉၁၉ ခုနှစ်။ ဒီဇင်ဘာ (၃) ရက် ဖြစ်သည်။ ဇာတိမှာ မြန်မာပြည် သာယာဝတီခရိုင်။ သုံးဆယ်မြို့ ဆိုင်းစုရွာဖြစ်သည်။

၂၊ လယ်သမားကြီးဦးပန်း-ဒေါ်တင့်တို့၏သားသမီး (၆)ယောက်အနက် ဒုတိယသား ဖြစ်ပါသည်။

၃၊ မိဘများမှာ ချစ်တီးထံမှ လယ်ဧက ၄ဝ ကျော်ကို အငှားချပြီး စာရင်းငှားများနှင့် လယ်သီးစားလုပ်သောသူများဖြစ်သည်။ ချမ်းသာတဲ့လယ်သမားအနေအထား ဖြစ်ပါသည်။ အသင့်အတင့်ချောင်ချိသော လယ်သမားများဖြစ်ပါသည်။

၎၊ ကျနော်တို့သည် ငယ်စဉ်က မိမိဖခင်၏နှမ အပျိုကြီးဒေါ်စောနှင့်နေခဲ့ရပြီး မိဘနှင့်ဒေါ်စောတို့၏ ဆုံးမပဲ့ပြင်မှုနှင့်ကြီးပြင်းခဲ့ရသည်။ အဒေါ် ဒေါ်စောမှာ ကွပ်ညပ်မှုအတော်တင်းကျပ်သဖြင့် အများတန်းတူမကစားရ၊ မပျော်ရွှင်ရဘဲ မိန်းခလေးတယောက်လို ပိပိရိရိနေခဲ့ရသည်။

ကျနော်တို့ဆိုင်းစုရွာမှာ သုံးဆယ်မြို့ မြောက်ပိုင်းမှစပြီးစီးလာသော သုံးဆယ်ချောင်းကမ်းပါးတွင်ရှိရာ အများရေကူးတတ်ကြသော်လည်း ကျနော်တို့မှာ အဒေါ်ရဲ့ပညတ်ချက်ကြောင့် ရေမကူးတတ်ခဲ့ပါ၊ ရေကူးအတတ်ကို စစ်ပညာသင်ရာ ဟိုင်နန်ကျွန်းရောက်မှသာ နည်းနည်း တတ်ခဲ့ရပါသည်။ ထို့ကြောင့်လည်း ကျနော့်မှာ ငယ်စဉ်ကတည်းက စာတတ်ပြီးနောက် စာဖတ်ဝါသနာကြီးခဲ့ပြီး တွေ့သမျှ မြန်မာစာအုပ်မှန်သမျှဖတ်ခဲ့မိသည် ထင်ပါသည်။ ကျနော်ငယ်စဉ်က ဖတ်မိစွဲလန်းနေမိသော စာအုပ် တအုပ်မှာ ဦးဖိုးကျား၏ “မြန်မာ့ဂုဏ်ရည်” စာအုပ် ဖြစ်ပါသည်။ ကျနော် (၃)တန်းအရွယ်လောက်တွင် ဖတ်မိခြင်း ဖြစ်သည်ထင်ပါသည်။ စာဖတ်ခြင်းကြောင့် ကျနော့်မှာ ငယ်စဉ်ကတည်းက မျိုးချစ်စိတ်ဝင်ခဲ့ပုံရပါသည်။ ပညာတတ်တယောက်လည်း ဖြစ်ချင်စိတ်ရှိခဲ့ပါသည်။ ကျနော်ကလေးအရွယ်တွင် သူငယ်နာရောဂါဖြစ်ခဲ့သဖြင့် အသက်ကယ်ခဲ့ရသည် ဟုဆိုပါသည်။

၅၊ ကျနော့်အသက် (၇) နှစ်အရွယ်တွင် မိဘများက သုံးဆယ်မြို့နှင့် ကျနော်တို့ ဆိုင်းစုရွာအကြား ရွာမရွာရှိ မြန်မာမူလတန်းကျောင်းကို အပ်ပါသည်။

၆၊ ကျောင်းတွင် ကျနော်တို့ အတန်းငယ်ကို ကိုင်သောဆရာမမှာ အမည်ဒေါ်သိန်းခင်ဟုထင်ရသော အပျိုဆရာမ ဖြစ်ပါသည်။

၇၊ ဆရာမမှာ အတော်အတန်ချောမောသော်လည်း စိတ်ထားတင်းမာသဖြင့် ကျနော်တို့ကြောက်ရပါသည်။ ကျနော့်မှာ ငယ်စဉ်က သူငယ်နာ ရောဂါစွဲကပ်ခဲ့ဖူးသဖြင့် ဉာဏ်နည်းနည်းထိုင်းနေပါသည်။ အထူးသဖြင့် သင်္ချာဘာသာတွင် ထိုင်းမှိုင်းခြင်းဖြစှု ဆရာမ၏ ပြစ်ဒဏ်ပေးခြင်းကို ခဏခဏခံရပါသည်။ ကျနော်၏ ဉာဏ်ထိုင်းမှုမှာ အသက် (၁၄) နှစ် (၁၅) နှစ် အရွယ် (၇) တန်းကျောင်းသား အရွယ်လောက်ထိ ဖြစ်ပါသည်။  ယင်းနောက်မှ ဉာဏ်ထိုင်းမှုက သက်သာလွတ်မြောက်လာပါသည်။    

ကျနော် (၉) နှစ်သားအရွယ် (၂) တန်းရောက်ပြီးနောက် ကျနော့်မိဘများက ကျနော်နှင့် ကျနော့်အစ်ကိုကို ကျနော်တို့ရွာ၏ တဖက်ကမ်းတွင် ရှိသော ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းတွင် အတော်အသင့်ခမ်းနားစွာဖြင့် ရှင်ပြုပွဲလုပ်ပေးပါသည်။ ညောင်ဝိုင်းဘုန်းကြီးကျောင်းတွင်လည်း အစိုးရမူလတန်းကျောင်း ဖွင့်ထားသဖြင့် သင်္ကန်းဝတ်ကိုရင်ဘဝမှထွက်ပြီး နောက် ရွာမ မူလတန်းကျောင်းသို့ ပြန်မသွားတော့ဘဲ ညောင်ဝိုင်း ကျောင်းမှာပဲ ဆက်ပြီး (၂)တန်းကစပြီး ကျောင်းနေပါတော့သည်။  မိုးဥတုတွင်  သုံးဆယ်ချောင်းကို လှေဖြင့်ဖြတ်ပြီး ကျောင်းတက်ခဲ့ရပါသည်။

ကလေးဘဝကျောင်းနေစဉ် နေအိမ်၏အသေးအဖွဲအလုပ်ကိစ္စများ လုပ်ခဲ့ရပါသည်။ အဒေါ်အိမ်ထောင်ပြုသွားသော်လည်း ကျနော်တို့မိခင် အမေမှာအလွန် လုံ့လဝိရိယရှိပြီး စိတ်ထားအလွန်ကြံ့ခိုင်တင်းမာပြီး စိတ်ဓာတ်အလွန်ကောင်းသူ ဖြစ်သည်။ သားသမီးများအပေါ်လည်း အလွန်စည်းကမ်းကောင်းသူဖြစ်ပါသည်။ စာရိတ္တလည်း အလွန်ဖြောင့်မတ် ကောင်းမွန်သူဖြစ်သည်။ အိမ်မှုဝတ္တရားများကိုလည်း ကျနော်တို့ စေ့စေ့စပ်စပ်လုပ်ကိုင်ခဲ့ရပါသည်။ အဒေါ်လိုပင် အမေကလည်း ကျနော်တို့ကို ကစားခုန်စားမှု သိပ်မလုပ်ရပါ၊
ကျနော့်မှာ မိုးတွင်း ဝါတွင်း (၃)လတွင် သင်္ကန်းစီးခြင်းကို (၂)တန်းမှ (၆)တန်းပြီးသည်အထိ(၅ နှစ် ၅ ဝါ) ဝါဆို သင်္ကန်းဝတ်ခဲ့ပါသည်။ မိဘများကလည်း မိုးတွင်း၌ချောင်းကိုဖြတ်၍သွားရတာအန္တရာယ်များ၍ သင်္ကန်းစီးပြီး ဝါဆိုတာကို ကြိုက်ပါသည်။ ကျနော်လည်း ညောင်ဝိုင်း ဆရာတော်နှင့်ကျောင်းကို ခင်မင်နေပါသည်။

ကျနော်ညောင်ဝိုင်းကျောင်းတွင်နေစဉ် (၅) တန်းကျောင်းသား အရွယ်လောက်တွင် ကျနော်ထီပေါက်သည်ဟူသောသတင်း ဖြစ်လာပါသည်။ ဖြစ်ပုံမှာ ကျနော့်အဖေမှာ သာယာဝတီရုံးအမှုတခုတွင် သမာဓိလူကြီးအဖြစ် လိုက်ရပါသည်။ သာယာဝတီရုံးတွင် ဗေဒင်ဆရာတယောက် တွေ့ရသဖြင့် ဗေဒင်တွက်ရာ ဗေဒင်ဆရာက ခင်ဗျားသားသမီးတွင် ဗုဒ္ဓဟူးသားဖြစ်သူက ထွန်းကားလာပြီး မိဘတွေကို အကူအညီပေး လိမ့်မည်ဟု ဟောပါသည်။ ဗုဒ္ဓဟူးသားမှာ ကျနော်ဖြစ်နေ၍ အဖေက နာမည်။ ရွာလိပ်စာနှင့် ချက်ချင်း သာယာဝတီရုံးတွင်ရှိနေသော ထီစာရေးထံသွား၍ အိုင်ယာလန်ထီကိုထိုးပါတော့သည်။

မကြာခင် ကျနော်တို့ရွာကို မောင်ရွှေနာမည်နှင့် အိုင်ယာလန်ထီရုံးက စာတစောင်လာရာ ရွာမှမောင်ရွှေကြီးဆိုသောလူကြီးက ထိုစာကိုရယူပြီး အင်္ဂလိပ်စာတတ်သော စာရေးကြီးဗိုလ်စိန်မှန်ကိုသွားပြရာ ဗိုလ်စိန်မှန်က အိုင်ယာလန်ထီရုံးကပေးသောစာဟုဆိုသဖြင့် ထီပေါက်သည်ထင်၍ စာကိုသိမ်းထားပါသည်။ အဖေကသတင်းကြား၍ စာကိုသွားတောင်းပါသည်။ မပေးပါ၊ ထို့ကြောင့် အဖေက သာယာဝတီ ထီစာရေးကို သွားပြောရာ ထီစာရေးက စာဟာအရေးမကြီးပါ၊ ခင်ဗျားထီထိုးတာငွေရကြောင်း ပြန်ကြားစာသာဖြစ်သည်။ ထီလက်မှတ်သာ ခင်ဗျားလက်ထဲ ရှိပါစေဟု ပြောသဖြင့် အဖေကရွာပြန်ပြီး မောင်ရွှေကြီးထံပြန်ပြောပြပြီး စာရွက်တောင်းပါသည်။

ကျနော်မူလတန်းအောင်ပြီး အလယ်တန်းကို သုံးဆယ်မြို့ အာရ်စီအမ် ကျောင်းတွင် နေရမည်ဖြစ်သော်လည်း မူလညောင်ဝိုင်းကျောင်းက ထွက်ပြီး ရန်ကုန်က အလယ်တန်းဆရာဖြစ် စက္ကင်ဒရီစာမေးပွဲအောင်ထားသော ဆရာဆင်ဆိုသူဆရာက ညောင်ဝိုင်းမူလတန်းကျောင်းကို အလယ်တန်းကျောင်းဖြစ်အောင်လုပ်နေသည်ဆို၍ အလယ်တန်းကို သုံးဆယ်မြို့ သွားမသင်ဘဲ ၅ တန်း ၆ တန်းကို သူ့ထံတွင်ပင် သင်ကြား နေပါသည်။

နောက် ၇ တန်းရောက်သောအခါ ညောင်ဝိုင်းကျောင်းလည်း အလယ်တန်းကျောင်း ဖြစ်မလာဘဲရှိသည်။ ကျနော်လည်း မြန်မာ (၇)တန်းမှာ အစိုးရစာမေးပွဲ စစ်ခံရမည်ဖြစ်၍ တရားဝင်အလယ်တန်းကျောင်းတက်ရန်လိုသဖြင့် သုံးဆယ်မြို့ အာရ်စီအမ်ကျောင်းသို့ နေအိမ်မှ သွားတက် ပါသည်။

(၇) တန်းဆရာမှာ ဦးစိန်ခဲဆိုသော ခရစ်ယာန်ဆရာ ဖြစ်ပါသည်။ ကျနော်ဘုန်းကြီးကျောင်းသားမှန်းသိ၍ ဘာသာရေးနှင့်ပတ်သက်ပြီး မကြခဏ ကျနော်ကို စ ပါသည်။ ကျနော်လည်း ပြန်လည်ချေပသဖြင့် တဖြည်းဖြည်း ဆရာနှင့်ကျနော် ရင်းနှီးလာပါသည်။

ကျနော် (၇) တန်း ပထမနှစ်ဖြေဆိုရာ ကျောင်းပြောင်း ကျောင်းလဤဲတွေကြောင့် ကောင်းကောင်းစာမလိုက်နိုင်ဘဲ စာမေးပွဲကျခဲ့ပါသည်။

နောက်(၇) တန်း ဒုတိယနှစ်ကို ၎င်း အာရ်စီအမ်ကျောင်းတွင်ပင် ဆက်နေပါသည်။ (၇)တန်းဆရာမှာ အသစ်ဖြစ်ပြီး အသက်သိပ်မကြီး သေးသော ဆရာဖြစ်ပါသည်။ ကျနော်သူ၏ နာမည်မေ့နေပါသည်။ ၎င်းဆရာသင်ပုံပြပုံမှာ အလွန်ကောင်းပါသည်။ ကျနော် ဉာဏ်ရွှင်လန်း ထက်မြက်လာပါသည်။ ၎င်း၏သင်ကြားပုံနည်းကို နောင်ကျနော် Highergrade ခေါ် အထက်တန်းဆရာဖြစ်သင်တန်း တက်ရောက်သင်ကြား ရတော့မှ သဘောပေါက်လာပါသည်။

၎င်းသင်နည်းမှာ ဆရာဖြစ်သင်ဆရာများ၏လက်စွဲဖြစ်သော ပြဿနာတခုသင်ကြားရာတွင် ဆရာကပြဿနာ၏အဖြေကို တိုက်ရိုက် ပြောမပြဘဲ တပည့်များ မူလသိရှိထားသည့်အချက်များမှ တပည့်များ၏ မူလဉာဏ်ပညာကိုဆွဲဆန့်ထွက်လာအောင် တဖြည်းဖြည်း မေးခွန်းများမေးပြီး ပြဿနာ၏အဖြေကို တပည့်များ တဖြည်းဖြည်း အလိုအလျောက်သိရှိလာစေသောနည်းမျိုးဖြစ်ပါသည်။

ဥပမာ - သုံးနှင့်သုံးပေါင်းခြင်းကို သင်မည်ဆိုလျှင် ဆရာကအဖြေဟာခြောက်ဟုမပြောဘဲ တပည့်များသိပြီးဖြစ်သော လက်တဖက်စီကို လက် (၃)ချောင်းစီထောင်စေကာ ၎င်းလက်ချောင်းကလေးများကို ရေတွက်စေပါသည်။ ပထမလက်မှ (၃)ချောင်းကို တစ်။ နှစ်။ သုံး ဟုရေတွက်စေ ပြီးမှ ဒုတိယလက်မှ (၃)ချောင်းကိုဆက်ပြီး ရေတွက်ရပါသည်။ တပည့်ဖြစ်သူက လေး၊ ငါး၊ ခြောက်ဟုဆက်ပြီး ရေတွက်ရပါသည်။ သို့ဖြင့် သုံးနှင့်သုံးပေါင်းလျှင် အဖြေ ခြောက်ဆိုတာ တပည့်ကိုယ်တိုင် သိလာစေခြင်းဖြစ်ပါသည်။ ဤသင်နည်းမျိုးကို ကျနော်တို့၏ (၇) တန်းဆရာ အသစ်က သင်ကြားပေးသဖြင့် ကျနော်တို့ ဉာဏ်ပွင့်လင်းပြီး လျင်မြန်စွာတက်မြောက်လာခဲ့ပါသည်။ ကျနော့်မှာ အတန်းထဲတွင်လစဉ် စာမေးပွဲ အစမ်းစစ်များတွင် အမြဲတန်း ပထမ။ ဒုတိယ ရပြီး အမြဲဝမ်းသာ ရွှင်လန်းနေပေသည်။

သို့သော်လည်း ထိုနှစ် (၇)တန်း အစိုးရစစ်စာမေးပွဲတွင် မမျှော်လင့်ဘဲ ကျနော်စာမေးပွဲကျပြန်သည်။ ကျနော်များစွာ ထိတ်လန့် ဝမ်းနည်းသွား ပါသည်။

နောက်မှ အကြောင်းကိုရှာရာတွင် ကျနော်သည် ငယ်စဉ်ကတည်းက ဘုန်းကြီးကျောင်းတွင်ပညာသင်ကြားခဲ့ရာ အတန်းထဲတွင် ပထဝီ ဘာသာအစား ပါဠိဘာသာကိုသာ သင်ယူခဲ့ရာ အာရ်စီအမ်ကျောင်း (၇)တန်း ဒုတိယနှစ်ကျမှ (ပါဠိဘာသာသင်ပေးမည့်ဆရာ မရှိသဖြင့်) ပထဝီဘာသာရပ်ကို ပြောင်းပြီးသင်ပါသည်။ သို့သော် ကျနော်သည် နောက်မှလိုက်သင်ရသည့် ပထဝီဘာသာရပ်ကို အာရုံစိုက်ဖိပြီး မကြိုးစားမိဘဲ ထိုဆရာ အသင်အပြကောင်းသော တခြားဘာသာရပ်တွေသာ ပျော်ရွှင်စွာအာရုံစိုက်မိသဖြင့် စာမေးပွဲကျရပေသည်။ ယင်းမှ ကျနော်ကြီးစွာနောင်တရပြီး ကျနော့်ပညာသင်ကြားရေးတွင် လေးနက်သော အတွေ့အကြုံကြီးဖြစ်ခဲ့ပါသည်။ ကျနော်သည် ပညာသင်ကြား ရေးနှင့် စာမေးပွဲများအကြောင်း တဆင့်တိုး၍နားလည်လာပါတော့သည်။ ထိုသည်နောက် ပညာရေးတွင် ကျနော်နောက်ထပ် တခါမှ စာမေးပွဲမကျတော့ချေ၊

နောက် (၇)တန်း တတိယနှစ်တွင် ကျနော် အာရ်စီအမ်ကျောင်းတွင် မနေတော့ဘဲ။ သုံးဆယ်မြို့။ လိပ်အင်းရွာ ဆရာကြီးဦးအုံး၏ အလယ်တန်းကျောင်းသို့ပြောင်းနေပြီး ထိုကျောင်းမှ (၇)တန်းကို တတိယနှစ်တွင် ချောမောစွာအောင်မြင်ပါတော့သည်။

0 comments:

Post a Comment