Sunday, January 11, 2015

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော) ဆောင်းပါးအမှတ်(၂၄)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါး အမှတ် (၂၄)       
ဗိုလ်နေဝင်းရဲ့ တကိုယ်ရေကြီးပွားလိုမှု

မေမြို့ ကရင်တွေလက်ထဲမှာ ညတထိတ်ထိတ် နေ့တထိတ်ထိတ်နေခဲ့ရတယ်လို့မေမေက ပြောခဲ့ပေမယ့် နှစ်လနီးပါးအကြာမှာ မေမေဟာ ခလုတ်မထိဆူးမငြိပဲ ရန်ကုန်ကို ပြန်ရောက်လာခဲ့ပါတယ်။

အကြောင်းကတော့ မေမေ သွားရောက်ခိုလှုံနေခဲ့တဲ့ဗိုလ်ချုပ်စမစ်ဒွန်း (ကရင်အမျိုးသားကြီး) မျက်နှာလည်းပါ။ ဖေဖေ့မျက်နှာလည်း ပါပုံရပါတယ်။ အဲဒီကာလ မေမြို့ကိုသိမ်းတဲ့ကရင်တပ်ဟာ ယခင်ဗမာ့တပ်မတော်ထဲကတပ်များကပဲဖြစ်တဲ့အတွက် ဖေဖေနဲ့တစုံတရာ ဆက်ဆံဖူးသူများ ဖြစ်ပါတယ်။ ဖေဖေ့အပေါ် အမြင်ကောင်းကြပုံရပါတယ်။ မေမေက ရန်ကုန်က လေယာဉ်ပျံလာခေါ်ပြီ၊ လူနဲ့အဝတ်အစား အနည်းအကျဉ်းပဲယူပါလို့ မှာလိုက်တဲ့အတွက် အဝတ်အစားသေတ္တာတလုံးနဲ့ သမီးအငယ်ကိုချီပြီး သားအမိနှစ်ယောက် လေယာဉ်ပျံကွင်းကို ဆင်းခဲ့ရပါတယ်။ သူ့ကိုလိုက်ပို့တဲ့ကရင်စစ်ဗိုလ်လေးကို မေမေက “ဗိုလ်ကြီးရယ် ကျွန်မတော့ရှိသမျှပစ္စည်း ဒီလိုပဲပုံထားခဲ့ရပါတယ်”လို့ ပြောတော့ အဲဒီစစ်ဗိုလ်လေးက မေမေ့ကို အစ်မကြီးစိတ်ချပါ။ အပ်တိုတချောင်း မပျောက်စေရပါဘူး။ ဗိုလ်မှူး (ဖေဖေ့ကို ရည်ညွှန်းတာပါ)က ကျွန်တော်တို့နဲ့ဆက်ဆံတဲ့နေရာမှာ ဒီလိုဆက်ဆံသူပါ။ (လက်ညှိုးကို ဖြောင့်ဖြောင့်တန်းပြတယ်တဲ့)။ တချို့စစ်ဗိုလ်တွေလို ဒီလိုဆက်ဆံသူ မဟုတ်ပါဘူး (လက်ညှိုးကို ကောက်ပြတယ်)လို့ဆိုသတဲ့။ တကယ်လည်း မေမေတို့ ဖေဖေတို့ပစ္စည်းတွေကို ကားတစင်းနဲ့တင်ပြီး မင်္ဂလာဒုံကို ပို့ပေးခဲ့ပါတယ်။ အဲဒီစစ်ဗိုလ်လေး ကတိပေးခဲ့သလိုပဲ အပ်တိုတချောင်းတောင် မပျောက်ခဲ့ပါဘူး။

တကယ်တော့ မေမြို့ကိုသိမ်းတဲ့ ကရင်တပ်ကအများစုတပ်သားများဟာ ဖေဖေအစောပိုင်းက လက်နက်ဖြုတ်ပြီးမေမြို့ အချက်ပြတပ်ရင်းထဲမှာ အကျယ်ချုပ်နဲ့ နေနေသူများပါ။ ဗမာ့တပ်မတော်ထဲက ကရင်တပ်တွေလှုပ်ရှားလာတော့ စစ်ရုံးချုပ်က မြောက်ပိုင်းတိုင်းမှူးဖေဖေ့ကို လှမ်းပြီး ကရင်တပ်တွေကို လက်နက်ဖြုတ်ခိုင်းပါတယ်။ ဖေဖေက သူတို့တတွေကို အချက်ပြတပ်ရင်း ဘောလုံးကွင်းထဲမှာ စုဝေးစေပြီး မြစ်ဝကျွန်းပေါ် အခြေအနေတွေ တိုင်းပြည်အခြေအနေတွေရှင်းပြပြီး ယာယီသဘော လက်နက်တွေအပ်ဖို့ဟောပြောတဲ့အတွက် အသာအတကြည် လက်နက်တွေအပ်ခဲ့ကြပါတယ်။
ဒီကြားထဲ သူတို့ကရင်အမျိုးသား အကြီးအကဲတဦးဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းကိုယ်တိုင် မေမြို့ရောက်လာပြီး ဖေဖေ့ဆီမှာ ခိုလှုံနေထိုင်နေတဲ့အခါ ဖေဖေက ဂရုတစိုက်တလေးတစား ဆက်ဆံပေးနေမှုတွေကိုလည်း သူတို့ကမြင်တွေ့ခဲ့ရပါတယ်။

ဗိုလ်ချုပ်စမစ်ဒွန်းဟာ အဲဒီကာလက ဗမာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပါ။ ကန္ဒီစာချုပ် ချုပ်ဆိုအပြီးဖွဲ့စည်းတဲ့ဗမာ့တပ်မတော်ထဲမှာ ပါလာတဲ့ ယခင် ဗြိတိသျှတပ်ကစစ်ဗိုလ်များဖြစ်ပါတယ်။ ဗမာ့တပ်မတော်ကို အသစ်ပြန်လည်ဖွဲ့စည်းရာမှာ ခေါင်းဆောင်အတော်များများက ကရင်အမျိုးသားများပါ။ အားလုံးဗြိတိသျှတပ်များကလာကြပြီး အင်္ဂလန်က စစ်တက္ကသိုလ်ကျောင်းဆင်းတွေပါ။ 

လွတ်လပ်ရေးရပြီးချိန်မှာ ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟာဗိုလ်လက်ျာဖြစ်ပြီး၊ ဗမာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကတော့ ဗိုလ်ချုပ်စမစ်ဒွန်း ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်စတင်ပြီး ဗမာ့နိုင်ငံရေးတွေရှုပ်ထွေးလာချိန်မှာတော့ အခွင့်ကောင်းချောင်းနေတဲ့ ဗိုလ်နေဝင်းနဲ့ ဆိုရှယ်လစ်တပ်မှူးများဟာ ဗိုလ်လက်ျာကို အတင်းဖိအားပေးနုတ်ထွက်ခိုင်းပြီး တခြား ကရင်စစ်အရာရှိကြီးများကိုတော့ ခြိမ်းခြောက် နုတ်ထွက်ခိုင်းတာတွေလုပ်ပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းလည်း နုတ်ထွက်စာတင်ပြီး သူ့မွေးရပ်မြေကလောမှာ ပြန်နေဖို့မင်္ဂလာဒုံ လေဆိပ်အဆင်းမှာ အင်းစိန်စော်ဘွားကြီးကုန်းမှာ သေနတ်နဲ့ချောင်းမြောင်းပစ်ခတ်ခြင်း ခံရပါတယ်။

ဖေဖေ့အထင်ကတော့ လုပ်ကြံခြင်းမဟုတ်ဘဲ ခြိမ်းခြောက်ရုံခြိမ်းခြောက်ပုံ ရတယ်တဲ့။ ဒီမှာတင် ဗိုလ်ချုပ်စမစ်ဒွန်းလည်း ဒီအချိန်မျိုးမှာ ဗမာအရာရှိကြီးတယောက်ယောက်ဆီမှာ ခိုလှုံနေမှဖြစ်မယ်လို့သဘောရပြီး သူ့လေယာဉ်ပျံကို ကလောကိုမပျံစေဘဲ ဖေဖေရှိရာမေမြို့ကို ပျံခိုင်းပြီး မေမြို့ကို ရောက်လာတာပါ။ ဖေဖေနဲ့သူက သိပ်ရင်းနှီးလှတာမဟုတ်ပေမယ့် တပ်တွေစစ်ဆေးဖို့ သူလာရောက်တဲ့အခါတိုင်း ဖေဖေက ကောင်းကောင်းမွန်မွန် လေးလေးစားစားဆက်ဆံထားလို့ သူက အန္တရာယ်ကြုံရချိန်မှာ အားကိုးတကြီးနဲ့ဖေဖေ့ဆီ ရောက်လာတာပါ။
(ဗိုလ်ချုပ်စမစ်ဒွန်းဟာ ကေအင်ဒီအိုခေါင်းဆောင် စောဘဦးကြီးနဲ့က ကရင်အမျိုးသားချင်းလည်းဖြစ်၊ အင်္ဂလန်ကို ပညာတော်သင်အတူ သွားဖူးတဲ့ သူငယ်ချင်းများလည်းဖြစ်လေတော့ ကေအင်ဒီအိုလှုပ်ရှားမှုတွေ ပြင်းထန်လာချိန်မှာ စစ်သားစိတ်အပြည့်ရှိတဲ့ ဗိုလ်ချုပ်စမစ်ဒွန်း အနေနဲ့ နိုင်ငံရေးအရှုပ်အထွေးထဲ မပါချင်တော့ဘဲ စစ်တပ်ကအနားယူဖို့ လုပ်တော့တာပါပဲ။ တခြားအကြောင်းတွေလည်း ရှိနိုင်ပါသေးတယ်)

တကယ်တော့ ဖေဖေတို့တတွေ ရဲဘော်သုံးကျိပ်အဖြစ် ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ကြားခဲ့စဉ်ကတည်းက သခင်ဂိုဏ်း ၂ ဂိုဏ်း (ဆရာကြီး မှိုင်းအဖွဲ့နဲ့သခင်ဗစိန်၊ သခင်ထွန်းအုပ်အဖွဲ့) နှစ်ဖွဲ့က လူများအဖြစ်ပါဝင်ခဲ့ကြတာပါ။ ဂိုဏ်းဂဏစိတ်ကင်းရှင်းတဲ့ သခင်အောင်ဆန်းဟာ ရှေ့ လွတ်လပ်ရေးခရီးကြီးအတွက် တို့လူငယ်တွေညီညွတ်ဖို့လိုတယ်ဆိုပြီး သူခေါင်းဆောင်တဲ့အဖွဲ့ကို စည်းရုံးပြောဆိုပြီး တခြားအဖွဲ့က လူတွေကိုလည်း ကောင်းမွန်သင့်တင့်စွာဆက်ဆံခဲ့တာပါ။ ဗိုလ်နေဝင်းဟာ အဲဒီသခင်ဗစိန်အဖွဲ့ကပါ။ အဖွဲ့မှူးဟာ သခင်ထွန်းအုပ်ဖြစ်ပေမယ့် သူက တိုကျိုမှာပဲကျန်ခဲ့ပြီး အုပ်ချုပ်ရေးပညာပဲ လေ့လာမယ်လို့ဆိုခဲ့ပါတယ်။ ဒုအဖွဲ့မှူးကတော့ ဗိုလ်စကြာပါ။ သူကလည်း စစ်ရေးစစ်ရာ စစ်လေ့ကျင်းခန်းတွေ ဝါသနာမပါလှတဲ့အတွက် ဗိုလ်နေဝင်းက အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။ ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း သခင်အောင်ဆန်းကို (အဲဒီကာလက သခင်အောင်ဆန်းဟာ ကျောင်းသားခေါင်းဆောင်တဦးအဖြစ်ပဲ လူတွေသိကြတာပါ) တလေးတစား ဆက်ဆံလေတော့ ဖေဖေတို့တတွေကလည်း သူ့ကို တခြားအဖွဲ့ကခေါင်းဆောင်အဖြစ် နေရာပေးဆက်ဆံလာခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကလည်း သခင် ၂ ဖွဲ့ ညီညွတ်ရေးကို အမြဲဦးထိပ်ထားလေတော့ ဗိုလ်နေဝင်းကိုလည်း အမြဲနေရာပေးဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း အထူးသတိထားလုပ်ဆောင်ခဲ့တာကတော့ ဗိုလ်နေဝင်းကို ဘယ်လိုအဆင့်နေရာပဲပေးပေး၊ ဗိုလ်ချုပ်ရဲ့လူရင်းလူယုံ ဗိုလ်လက်ျာအထက်မှာတော့ ဘယ်တော့မှနေရာမပေးမှုပါပဲ။ ဗိုလ်ချုပ်ရဲ့လက်အောက် နံပါတ်၂ နေရာမှာ ဗိုလ်လက်ျာကိုပဲ အမြဲ တသမတ်တည်း နေရာပေးခဲ့တာပါပဲ။

ဗိုလ်နေဝင်း စိုင်ကော်လို့ချုံပေါ်ရောက်ရတဲ့အဖြစ်ကို ပိုသိလာရတာကတော့ ကိုကိုမောင်ကြီး (ဦးချစ်လှိုင်) အခုတလော ရေးသားထုတ်ဝေ လိုက်တဲ့ တရံရောအခါများကစာအုပ်ထဲမှာ ဂျပန်သွားဖို့ရွေးချယ်ခံရသူဟာ သခင်ညီ(ဗိုလ်နေဝင်း-ဦးလေး)ဖြစ်ပေမယ့် သွားခါနီး သခင်ညီ ဖျားသွားလို့ဗိုလ်နေဝင်းက အစားသွားခဲ့ရတာဖြစ်တယ်ဆိုတဲ့အကြောင်း ပါပါတယ်။ ဒါကြောင့် ကျွန်မတို့အရင်က ကြားဖူးတဲ့ “သခင်ရှုမောင် ဆိုတဲ့နာမည်ဟာ ဂျပန်သွားဖို့သင်္ဘောပေါ်တက်မှ ဗိုလ်နေဝင်း ယူခဲ့တဲ့နာမည်ပါ”ဆိုတဲ့ဆိုစကားဟာ အမှန်ဖြစ်ဖို့များသွားပါတယ်။

ဗိုလ်နေဝင်းဟာ အဲဒီကာလတလျှောက် အတော်သေသေဝပ်ဝပ်နေခဲ့ပေမယ့် ဂျပန်ခေတ်ရောက်တော့ ရာထူးဌာနန္တရတွေခိုင်မြဲလာတဲ့အခါ သူ့မူရင်းစရိုက်တွေပေါ်ပြီး အပျော်အပါးလိုက်စား စာရိတ္တတွေယိမ်းယိုင်လာပါတယ်။ ဒီလိုကိစ္စတွေအပြင် နိုင်ငံရေးအရထူးခြားချက်တွေလည်း တွေ့လာရပါတယ်။ အဲဒါကတော့ ဗိုလ်နေဝင်းရဲ့ဂိုဏ်းဂဏလုပ်ဟန်တွေပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို ခေတ်မီတပ်မတော်တရပ်အဖြစ် တည်ထောင်ဖို့ရည်ရွယ်ချက်နဲ့၁၉၄၂ ခုနှစ်မှာ ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ)ကိုဖွဲ့ပြီး ပညာတတ်အမြောက်အမြား စစ်တပ်ထဲဝင်လာအောင် စည်းရုံးလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကာလမှာ ပညာတတ်တွေ လှိမ့်ဝင်လာပါတယ်။ အဲဒီလူတွေထဲမှာ နောင်ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်ပါတီ)ကို ဖွဲ့စည်းတည်ထောင်ကြမယ့် လူအုပ်စုတွေ ပါလာတယ်။ အဲဒီမှာ ဗိုလ်အောင်ကြီးတို့ ဗိုလ်မောင်မောင်တို့ပါလာတာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်မောင်မောင်ကို သိပ် သဘောကျပါတယ်။ ဉာဏ်ပညာထက်မြက်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့အတွက် အတော်အားထားပြီး မွေးမြူပါတယ်။ သို့သော် အဲဒီပညာတတ် အုပ်စုဟာ ဖေဖေတို့အပါအဝင် ဂျပန်ပြန်တွေကိုရော၊ ဘီအိုင်အေကာလက ရဲဘော်အများစုကိုပါ (သူတို့လို တက္ကသိုလ်ပညာတတ်တွေ မဟုတ်တဲ့အတွက်) အတော် အထင်အမြင်သေးခဲ့ကြပါတယ်။ အဲဒီအဖွဲ့နဲ့ ဗိုလ်နေဝင်း ပေါင်းမိကြပါတယ်။ ပထမတော့ ဂျပန်တော်လှန်ရေး လုပ်ဖို့အားမရလို့ လျှောက်ပြောနေကြတာပဲလို့ထင်ရပေမယ့် နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းဆန့်ကျင်ရေးပါ ပါလာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဒီကိစ္စ ဝင်ရောက်ဖြေရှင်းခဲ့ရဖူးပါတယ်။ ဒီအကြောင်းတွေကို ဖေဖေက သူ့စာအုပ်ထဲမှာ ရေးပြီးပပြီ။

ဖေဖေ့အမြင်ကတော့ ဗိုလ်အောင်ကြီးတို့ဂိုဏ်းဟာ တပ်တွင်းအာဏာကို ကျော်လွှားယူလိုကြပါတယ်။ ဒီနေရာမှာ ထင်ရှားတဲ့ခေါင်းဆောင် တယောက်ကို မှီခိုဖို့လိုလို့ ဗိုလ်နေဝင်းကို မြေတောင်မြှောက်ပေးပြီး ဗိုလ်နေဝင်းအရိပ်ခိုကာ တပ်ထဲဗိုလ်ကျလာခဲ့တာ၊ ဗိုလ်နေဝင်းကိုယ်တိုင် ကလည်း သူ့ရဲ့အရည်အချင်းမရှိမှု၊ အကျင့်စာရိတ္တအားနည်းမှုတို့ကြောင့် ရဲဘော်သုံးကျိပ်နဲ့ တပ်တွင်းအများစုရဲ့ လေးစားခြင်းမခံရလို့ မိမိရပ်တည်ရေး၊ တိုးတက်ရေးအတွက် ဒီလူတွေကိုမှီခိုအားထား ဖို့လိုအပ်တယ်လို့တွက်ချက်ပြီး ပေါင်းဖက်ဂိုဏ်းဖွဲ့ခဲ့ကြတာပဲလို့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောဖူးပါတယ်။

“ဖက်ဆစ်တော်လှန်ရေးအပြီး ရန်ကုန်မှာ တော်လှန်ရေးခေါင်းဆောင်တွေ ပြန်လည်စုဝေးမိတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်နေဝင်းအပေါ် အတော် မကျေမနပ်တွေဖြစ်နေပြီး တပ်ကထုတ်ပစ်ဖို့တောင် စိုင်းပြင်းခဲ့ဖူးသေးတယ်။ တိတိကျကျအကြောင်းရင်းတွေတော့ ကျွန်တော် မသိဘူး”လို့လည်း ဖေဖေက ဆောင်းပါးတစောင်မှာ ရေးခဲ့ဖူးပါတယ်။ “ဗိုလ်နေဝင်းရဲ့အန္တရာယ်ကို အစောဆုံးသိရှိသူဟာ ဗိုလ်ချုပ်အောင်ဆန်း ပဲဖြစ်တယ်။ ဗိုလ်နေဝင်းက နောင်အခွင့်အရေးရရင် နယ်ချဲ့သမားနဲ့ပေါင်းပြီး စစ်အာဏာရှင်လုပ်လာနိုင်တယ်။ တိုင်းပြည်နဲ့လူမျိုးတွေ ထိခိုက် နစ်နာနိုင်တဲ့ ဂိုဏ်းခွဲရေး၊ သွေးခွဲရေး ဆိုးဆိုးဝါးဝါးကိစ္စတွေ လုပ်လာနိုင်တယ်လို့ ဗိုလ်ချုပ်ကမြင်ပြီး တပ်က ထုတ်ပစ်ဖို့လုပ်ခဲ့တာ”လို့ ဖေဖေရေးဖူး ပြောဖူးတာတွေ ရှိပါတယ်။

ဒါပေမယ့် ဗိုလ်နေဝင်းရဲ့ အကင်းပါးပြီးကောက်ကျစ်လှည့်စားနိုင်မှုတွေက သူ့ရဲ့ တကိုယ်ရည်ကြီးပွားလိုမှုအိပ်မက်ကို အကောင်အထည် ဖော်ပေးခဲ့နိုင်ပါတယ်။ သူဟာ ဘယ်သူ့ကို ဘယ်အချိန်မှာပေါင်းရမယ်၊ ဘယ်အချိန်မှာ ခွာရမယ်၊ ဘယ်သူတွေကို နင်းပစ်ရမယ်၊ ဘယ်သူတွေကို ရေရှည်ထားဆက်ဆံရမယ်ဆိုတာတွေကို ကောင်းကောင်းတွက်ချက်နိုင်သူပါ။

သူ့အတွက် အခွင့်ကောင်းတွေပေါ်လာတာကတော့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားရတာရယ်၊ လွတ်လပ်ရေးရပြီးနောက် တိုင်းပြည် အာဏာကို ဖဆပလ လက်ယာဂိုဏ်းဆိုရှယ်လစ်ပါတီက အုပ်စီးမိလိုက်တာရယ်၊ ဗမာပြည်ရဲ့ကိုလိုနီအရှင်ဟောင်း ဗြိတိသျှနယ်ချဲ့တို့က တပည့်သစ်ရှာလာတာရယ် စတာတွေဖြစ်ပါတယ်။

ဒီမှာတင် ဗိုလ်နေဝင်းဟာ ဆိုရှယ်လစ်ဂိုဏ်းနဲ့ပေါင်းပြီး မတည်မငြိမ်ဖြစ်စပြုနေတဲ့ တိုင်းပြည်အခြေအနေကို ပိုမိုတင်းမာ ပိုမိုပေါက်ကွဲ လာအောင်ပြုလုပ်ခဲ့ပါတယ်။ ကေအင်ဒီအိုကိစ္စတွေမှာလည်း သူတို့လက်ချက်အများအပြားပါဟန် ရှိပါတယ်။ (မေမေ့ကို လေယာဉ်ကွင်း လိုက်ပို့တဲ့ ကရင်စစ်ဗိုလ်လေးပြောတဲ့ သူတို့ကို ကောက်ကောက်ကွေ့ကွေ့ ဆက်ဆံတဲ့သူတွေဆိုတာ အဲဒီ ဆိုရှယ်လစ်တပ်မှူးတွေကို ဆိုလိုတာပါ) အခုအချိန်ထိတော့ သက်သေသက်ကန်ရ ပေါ်ပေါ်ထင်ထင် ပြောနိုင်ပြနိုင်တဲ့အချက်တွေမရှိသေးပေမယ့် တချို့အစအန တွေကတော့ တဖြည်းဖြည်းပေါ်လာနေပါပြီ။ သွယ်ဝိုက် အထောက်အထားများလည်း ရှိနေပါပြီ။

နဝတ အစိုးရလက်ထက်ကထုတ်ခဲ့တဲ့ တပ်မတော်သမိုင်းစတုတ္ထတွဲမှာ ကွန်မြူနစ်တွေတောခိုပြီး ကေအင်ဒီအိုပြဿနာ ပေါ်ပေါက်လာတဲ့အခါ အဲဒီကာလ ကာကွယ်ရေးဝန်ကြီးဗိုလ်လက်ျာကို ဒီပြဿနာတွေမဖြေရှင်းနိုင်မှုကို အကြောင်းပြပြီးဗိုလ်နေဝင်းရဲ့အပေါင်းပါ ဗမာအရာရှိများက ဝေဖန်ပြောဆိုပြီး ဗိုလ်လက်ျာနုတ်ထွက်ပေးရေး တောင်းဆိုခဲ့တယ်လို့ ရေးထားပါတယ်။ ဗိုလ်လက်ျာကိုနုတ်ထွက်ခိုင်းရုံမက ကေအင်ဒီအို လှုပ်ရှားမှု ပေါ်ပေါက်နေတာတွေကိုအကြောင်းပြပြီး ဗမာ့တပ်မတော်ထဲက ထိပ်ပိုင်းရာထူးတွေရရှိထားတဲ့ကရင်ဗိုလ်ချုပ်တွေကို နုတ်ထွက် ခိုင်းလိုက်ပါတော့တယ်။ ဒီမှာတင် ဗိုလ်နေဝင်းစစ်ဦးစီးချုပ် ဖြစ်လာတာပါ။

သူ စစ်ဦးစီးချုပ်ဖြစ်လာတာနဲ့ ကေအင်ဒီအိုလှုပ်ရှားမှုတွေကိုအကြောင်းပြပြီး ဗမာ့တပ်မတော်ထဲရှိတဲ့ ကရင်တပ်ရင်းတွေကို လက်နက်ဖြုတ် ခိုင်းပါတော့တယ်။ တချို့တပ်တွေ (ဥပမာ မြောက်ပိုင်းတိုင်း)က အသာတကြည် လက်နက်အဖြုတ်ခံပေမယ့် တချို့တပ်များကတော့ လက်နက်ဖြုတ်မခံဘဲ အစိုးရကိုပုန်ကန်တော်လှန်ပြီး ကေအင်ဒီအိုတွေနဲ့ ပေါင်းသွားပါတော့တယ်။ ဒီတင် ဗမာပြည်ရဲ့ ပြည်တွင်းစစ်ကြီးဟာ ပိုမိုနက်ရှိုင်းကျယ်ပြန့်သွားပါတော့တယ်။

ဒီနောက်ပိုင်းမှာလည်း ဗမာ့တပ်မတော်မှာပဲ ဂုဏ်ထူးဆောင်ဗိုလ်မှူးချုပ်အဆင့်ရထားတဲ့ ဦးတင်ထွဋ် လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ ဒါလည်း ဗိုလ်နေဝင်းတို့ဂိုဏ်းက လုပ်ဆောင်ပုံရပါတယ်။ ဖေဖေကတော့ အဲဒီဆိုရှယ်လစ်တပ်မှူးအုပ်ထဲက “ဗိုလ် ---”ကို အခိုင်အမာ လုပ်ဆောင်သူလို့ ထင်ကြောင်းကို ကျွန်မကိုပြောဖူးပါတယ်။ “အဲဒီကာလတွေတုန်းက သူတို့ဆိုရှယ်လစ်တွေကြားမှာ “ဗိုလ် ---”ကတော့ သိပ်သွေးအေးတာ၊ လုပ်တာကိုင်တာသိပ်ပိရိတာနဲ့ အကြီးအကျယ်ချီးကျူးနေသံတွေ ကြားရတယ်”လို့ဆိုပါတယ်။ အင်္ဂလိပ်လူရင်းဦးတင်ထွဋ်ဟာ သူတို့ရဲ့ တက်လမ်းမှာ ပိတ်ဆို့နေပုံရပါတယ်။

ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း မဆလခေတ်က ပွဲတခုမှာ သူမကျေမလည်ဖြစ်နေတဲ့ မိုးကြိုးဦးအုန်းခင် (ဖဆပလခေတ်မှာတုန်းကတော့ ဗမာ့ခေတ်ဦးအုန်းခင်)နဲ့တွေ့တော့ စကားပြောနေရင်းက “ဟေ့ကိုအုန်းခင် မင်း ဦးတင်ထွဋ် ဘယ်လိုသေသွားလဲသိရဲ့လား” လို့ ခြိမ်းခြောက် ပြောဆိုဖူးကြောင်း ကျွန်မကြားဖူးခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်အတွင်းမှာ ဗိုလ်နေဝင်းဟာ နိုင်ငံခြား (အထူးသဖြင့်) အင်္ဂလန်ကိုထွက်ပြီး ပြည်တွင်းစစ်တိုက်ဖို့လက်နက်များ ဝယ်ယူရာမှာ အံ့သြစဖွယ် တောင်းတာတွေအကုန်လုံး ရလာခဲ့တယ်လို့ဖေဖေက သူ့စာအုပ်မှာရေးထားတာ တွေ့ရပါတယ်။

ဗြိတိသျှနယ်ချဲ့သမားတွေဟာ ဗမာပြည်ကဆုတ်ခွာသွားရပေမယ့် ဗမာပြည်ထဲမှာရှိတဲ့ သူတို့အကျိုးစီးပွားတွေကို ကာကွယ်ပေးမယ့် သူတို့အလိုတော်ရိလုပ်မယ့်လူမျိုးတွေကို ရှာဖွေသိမ်းသွင်းခဲ့ပါတယ်။ ဗမာ့လူထုမျက်စိထဲမှာ ပွင့်ကျပြီးသား လူဟောင်းတွေကိုမသုံးတော့ဘဲ ဗမာပြည်သူလူထုမျက်စိထဲမှာ အမြင်ကောင်းနေသေးတဲ့ တော်လှန်ရေးတွေထဲမှာ တစုံတရာပါဝင်ခဲ့ဖူးတဲ့လူသစ်တွေကို ရှာတာပါ။

ဒီလိုနည်းနဲ့ ဗမာ့ခေတ်သစ်နိုင်ငံရေးနယ်ပယ်ထဲက ဦးနုတို့၊ ဗိုလ်နေဝင်းတို့ကို ရှာဖွေတွေ့ရှိသွားတာပါပဲ။ ဒါပေမယ့် ဗိုလ်နေဝင်းဟာ ဘယ်တော့မှ တလက်ကိုင်မလုပ်ဘဲ တခြားနယ်ချဲ့သမားများ၊ ဖောက်ပြန်ရေးသမားများနဲ့လည်း ဆက်ဆံပူးပေါင်းခဲ့တာပါပဲ။ မဆလခေတ်မှာ အနောက်နိုင်ငံပေါင်းစုံက သူ့ကို အားပေးခဲ့တာတွေကိုပဲကြည့်ပါ။

တိုင်းပြည်ကြီးကို သူ့ပုဂ္ဂိုလ်ရေးကိုယ်ကျိုးအတွက် ဒီလိုအသုံးချပြီး ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံဖြစ်အောင်လုပ်သွားခဲ့တဲ့ဗိုလ်နေဝင်းကို အခုအခါ တချို့က ကျေးဇူးရှင်အဖြစ် ပြန်ပုံဖော်နေတာတွေကို အံ့သြဖွယ်၊ ရွံရှာဖွယ်တွေ့နေရပါတယ်။ သြော် ရည်ရွယ်ချက်တွေ ရှိပုံရပါတယ်။ တိုင်းပြည်အတွက်တော့ ကောင်းတဲ့နိမိတ်မဟုတ်ပါဘူး။

မနှစ်က ၂ဝ၁ဝ ဆောင်းတွင်းမှာ ဖေဖေ အသည်းအသန် မကျန်းမမာဖြစ်ပါတယ်။ အဆုတ်ရောင်ပြီး ချွဲတွေကျပ်လာ အပူတွေတက်လာနဲ့ အသက်ကယ်ခန်းသွင်းပြီး နှစ်ခါ အသက်ကယ်ယူရပါတယ်။ ရာသီဥတုနွေးလာတော့မှ နာလန်ထူပါတယ်။ ဖေဖေ စိတ်ပြေလက်ပျောက် ရှိအောင်ဆိုပြီး ကျွန်မက ဗမာပြည်က အခုနောက်ပိုင်းထုတ်လာတဲ့စာစောင်တွေ (ကျွန်မမောင် အောင်ကျော်ဇောက ရွှေလီမှာနေလို့ အဲဒီကနေ မပြတ်ပို့ပေးနေပါတယ်။ အင်တာနက်ကလည်း တခါတလေရပါတယ်) ထဲက ဖေဖေစိတ်ဝင်စားမယ့် ဆောင်းပါးတွေ၊ ရှေးဟောင်း နှောင်းဖြစ်ရေးထားတာတွေကို ဖတ်ဖတ်ပြပါတယ်။ တခါတော့ အသက် ၈ဝ တန်း နိုင်ငံရေးသမားဟောင်းကြီးတွေစုပြီး မဆလခေတ် အကြောင်း၊ ၈ လေးလုံး အရေးတော်ပုံအကြောင်း စုဆွေးနွေးတဲ့အကြောင်းအရာတွေကို မှတ်တမ်းတင်ထားတဲ့ဆောင်းပါးကို ဖေဖေ့ကို ဖတ်ပြမိပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အကြောင်း စတာတွေလည်း အတော်များများပါပါတယ်။ အဲဒီဆောင်းပါးဖတ်ပြီးတော့ ကျွန်မက “ဖေဖေရယ် ဗိုလ်နေဝင်းက ဆိုရှယ်လစ်စကားတွေပြောတော့ သူတို့တတွေလည်း မျက်စိလည်သွားဟန်တူပါတယ်”လို့ပြောမိပါတယ်။

အသားဖြူဖပ်ဖြူရော်နဲ့ ဆေးရုံခုတင်ပေါ်ပက်လက်လှဲပြီး အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ဖေဖေက “မဟုတ်ပါဘူးသမီးရယ်၊ သူတို့ လက်နက်ချတာမှန်ကြောင်း တရားထူထောင်နေတာပါ။ အဲဒီခေတ် အဲဒီကာလကိုဖြတ်သန်း လုပ်ကိုင်ခဲ့တဲ့နိုင်ငံရေးသမားတွေအားလုံး ဗိုလ်နေဝင်း ဘယ်လိုလူမျိုးဆိုတာ သိကြပါတယ်”လို့ အသံပျော့ပျော့နဲ့ဆိုပါတယ်။ ကဲ ဖေဖေက လူတန်းစားအမြင် အဲသလောက် ပြတ်သားတာပါ။
၅-၁ဝ-၂ဝ၁၁

မှတ်ချက်။            ။အမှားပြင်ဆင်ချက်
ကျွန်မဆောင်းပါးမှာ ယခင်ဗမာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (၁၉၄၆-၄၉) ဗိုလ်ချုပ်စမစ်ဒွန်းရဲ့မွေးရပ်မြေကို ကလောလို့ရေးမိပါတယ်။ ရဲဘော်တယောက်က ထောက်ပြပြီး အမှန်ပြင်ဆင်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းရဲ့ဇာတိဟာ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာ ဖြစ်ပါတယ်။ ပိုးကရင်ဘာသာနဲ့ အန်းရဲကလုံးလို့ခေါ်ပါတယ်။ သူတပ်က အနားပေးခြင်းခံရပြီးနောက်တော့ ရှမ်းပြည်တောင်ပိုင်း ကလောမြို့မှာ အသက်ထက်ဆုံး နေထိုင်သွားတာဖြစ်ကြောင်းပါ။
ကျွန်မအမှားအတွက် တောင်းပန်အပ်ပါတယ်။
လှကျော်ဇော

0 comments:

Post a Comment