Saturday, January 3, 2015

၂ဝ၁၅ ဇန်နဝါရီအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅ ဇန်နဝါရီအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
(၂ဝ၁၅ သံန္နိဌာန်)
ခုလုပ်နေတာတွေပဲ လုပ်မယ်။
ဖြတ်စရာကလည်း အသက်ရှူတာပဲ ကျန်တော့တယ်။
မှားစရာ အသစ်တွေကတော့ တပုံကြီးရှိသေးတယ်။
မသေမချင်း မှားရမှာဆိုတော့တခုတည်းကို ခါပြန် မမှားရင်မဆိုးဘူးအချိန်ကုန် သက်သာတယ်။အခြေအနေပေးရင်အမေရိကန်အပြင်ဘက် ခနတဖြုတ်ထွက်မယ်။အမေ့ကိုဇနီးကိုချစ်ရခင်ရသူမှန်သမျှအတတ်နိုင်ဆုံး စိတ်မညစ်ရအောင်နေမယ်။ကိုယ့်ကိုယ်လည်းတတ်နိုင်သလောက်ကျန်းမာရေးဂရုစိုက်မယ်စိတ်ကတော့ သူ့ဘာသာသူနေပေ့စေချမ်းသာစရာရှိချမ်းသာလိုက်ညစ်စရာရှိညစ်လိုက်ပဲမတတ်နိုင်ဘူး။

(မသာကြေးနဲ့မဲဆွယ်ခြင်း)
သတင်းတခု ထွက်နေတယ်။ ဘယ်လောက်သေချာကတော့ အချိန်နည်းနည်းစောင့်ရမယ် ထင်ပါတယ်။ ဗိုလ်ရွှေမန်းရဲ့သားတွေက ခုလောလောဆယ်ဖြစ်နေတဲ့ ရှမ်းပြည်ဘက်ကတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကကျတဲ့ စစ်ဗိုလ်စစ်သားတွေကို ငွေလှူမယ်ဆိုတာပဲ။ သူတို့စွန့်ကြဲမယ့်ငွေနဲ့ သေတဲ့သူတွက်ကြည့်တော့ ခန့်မှန်းခြေ တယောက်ကို သိန်း၃ဝ လောက်ရကြမယ်တဲ့။
တကယ်ဆို ၁၉၄၈ ခု ပြည်တွင်းစစ်စချိန်ကတည်းကနေ ခုထိ ဗကပအပါအဝင် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေတိုက်လို့သေရတဲ့ အရာရှိအရာခံ အကြပ်တပ်သားအားလုံးကို ပေးဖို့ကောင်းတာ။ ဒဏ်ရာရ ဒုက္ခိတတွေလည်းပေးပေါ့။ အဲ့ဒါဆို မဆိုးဘူး မျှမျှတတရှိတယ်လို့ သာဓုတကြိမ်လောက် ခေါ်စရာရှိသေးတယ်။
ဒါမှမဟုတ်လည်း သူတို့အဖေ သူရတံဆိပ်ရခဲ့တဲ့စစ်ဆင်ရေးတခုလုံးမှာ ကျခဲ့ ဒဏ်ရာရခဲ့သူတွေကိုပေးတယ်ဆိုလည်း ဟုတ်တုတ်တုတ်။ ခုက ရှမ်းပြည်နယ်ဘက်မှာ ကျတဲ့သူတွေချည်းပဲတဲ့။ ဒဏ်ရာရတဲ့သူလေးတွေတောင်မပါဘူး။ ကျနေတာက ကချင်မှာရော အခြားနေရာတွေမှာရော မဟုတ်ဘူးလား။ ရှမ်းပြည်တခုတည်းမှာမှ မဟုတ်တာ။ ဘာလဲ ရှမ်းဘက်မှာ ဈေးကွက်လုပ်ကွက်တွေ တွေ့နေပြန်ပလား။
၂ဝ၁၅ မှာ အဖေသမ္မတဖြစ်တော့မှ ပြန်ရှာမယ်ဆိုပြီး မဲဆွယ်ဖို့ ပုံအောတာဆိုလည်း အောပေါ့။ နေဝင်းမြေးတွေနဲ့အားကျမခံလုပ်တာဆိုလည်း လုပ်ပေါ့။ ဘာမှမပြောပါဘူး။ တိုင်းပြည်လူထုကို ဓမြတိုက်ပြီးရတဲ့ဝေစုကို စစ်သားတွေနဲ့ခွဲယူတာမဟုတ်ပဲ သူတောင်းစားစွန့်ကြဲသလိုကြဲဦးတောင် တကယ်ငတ်ပြတ်နေတဲ့စစ်သားလေးတွေကတော့ ပျော်မှာပဲ။ တကယ်သာ တယောက်သိန်းသုံးဆယ်ဆိုလို့ကတော့ ဆင်းရဲလွန်းပြီး မိဘကိုလုပ်မကြွေးဖူးတဲ့ လုပ်ကြွေးချင်စိတ်လည်းရှိတဲ့စစ်သားလေးတွေခမျာ အပြေးအလွှားတောင် တိုက်ပွဲပြေးကျချင်စိတ် ပေါက်လောက်ပါတယ်။ ခုလို စုတ်ပြတ်သတ်ဘဝတွေနဲ့တောင် ဘုမသိဘမသိနဲ့ နိုင်ငံတော်အတွက်ဆိုပြီး အလကားမတ်တင်းသေပေးနေကြတာမဟုတ်လား။
ကောင်းပါတယ် ပေးပါ စွန့်ကြဲပါ။ နောက်မှ အဖေ သမ္မတမဖြစ်လို့ ငါ့အိုးပုပ်ပြန်ပေးလုပ်ရင်တော့ အေးနေဝင်းတို့အုပ်က ဝိုင်းဟောင် ဝိုင်းကိုက် ဝိုင်းဆွဲကြလိမ့်မယ်။ အဲ့တော့ စစ်ခွေးစစ်ခွေးချင်း ခွေးချင်းကိုက်ပွဲမြင်နေရမယ်။ ရပ်ကွက်ထဲကလူတွေလည်း နားငြီးမျက်စေ့နောက်နဲ့ဖြစ်မှာ။ ခုတော့ မင်းတို့တော်သလင်းလမှာ မိုးကောင်းကြကွာ။ ခုတော့ လမ်းလည်ကောင်လည်း တပူးပူးနဲ့ မျက်စေ့ရှက်စရာ။

(အစီရင်ခံစာအကြောင်း ဘယ်သူမှမပြောဘူး)
လူတွေ အသတ်ခံနေရတာတွေ၊ ပြောဆိုနေကြတာတွေကအစီရင်ခံစာကို အကောင်အထည်မဖော်လို့မဟုတ်ဘူး။ မတရားမှုကိုဆန့်ကျင်ရင်း ကိုယ့်ဘဝကိုယ်တိုက်ယူနေရင်း အစိုးရအကြမ်းဖက်ခံ အသတ်ဖြတ်ခံနေရတာတွေကိုပြောနေတာ။ အစီရင်ခံစာလိုက်နာမနာ အကောင်အထည်ဖော်မဖော်က ခုနေမှာ စကားလုပ်ပြောနေရမှာမဟုတ်ဘူး။ ခင်ဗျားတို့စွမ်းရည်မြှင့်ပေးရမယ်လို့ပြောနေတဲ့ စစ်အုပ်စုလက်ကိုင်တုတ် အဓိကရုဏ်းနှိမ်နင်းရေး အကြမ်းဖက်ရဲတွေသတ်လို့သေနေကြတာ မျက်မြင်တွေ့နေရက်နဲ့များဗျာ။
ခင်ဗျားတို့အစီရင်ခံစာကိုက ငါ့ဘုရားမယားဘက်ခတ်ပါပါမို့ လူထုကိုယ်စားပြုသူတွေပါ ပါဝင်တဲ့ ဒီ့ထက်လွတ်လပ်တဲ့ကော်မရှင်ဖွဲ့ပြီး ထပ်စုံစမ်းပေး။ စုံစမ်းနေတုန်း စီမံကိန်းရပ်ထား၊ နောက်ဆုံး ဘယ်ကော်မရှင် ဘယ်အစိုးရလုပ်လုပ် တရားမျှတမှုမရှိရင်တော့ ဒီစီမံကိန်း အပြီးတိုင်ဖျက်ပစ်၊ တောင်သူတွေ သူတို့မြေမှာ သူတို့ဘဝတွေကို အစကနေပြန်ထွန်ယက်စိုက်ပျိုးမယ်ဆိုတာပဲ။
ကိုယ့်ကိုယ်ကိုကာကွယ်ရင်းကာကွယ်ရင်း စစ်အုပ်စုမျက်နှာသာလေးများပေးမလားလို့ တိုးလျှိုးမျက်နှာချိုသွေးအသုံးချခံရင်းခံရင်း ဇယားညပ်ပြီး လူထုချဉ်ဖတ်ဖြစ်သွားမှာလည်း တွေးဦး။ အနည်းဆုံးတော့ မတရားမှုကို ဒါ မတရားမှုလို့ပြောရဲဖို့လောက် သတ္တိလေးတော့ရှိဦး။
ဒီ အလံကိုင်အတားအဆီးဖြတ်အမျိုးသမီးကြီးက ဒေါ်စိန်ထွေးလို့ဆိုတယ်ဗျ ခု သူ အဖမ်းခံရပြီကြားတယ် ဒေါ်နော်အုန်းလှလည်း ဘယ်နားချုပ်ထားမှန်း ခုထိ မသိကြရသေးဘူးလို့ကြားနေတယ်။ ပြင်ပြင်မပြင်ပြင်ဝင်မှာပဲကတော့ ရွေးကောက်ပွဲရက်နဲ့ စည်းမျဉ်းတွေကြေညာတော့မှ ဝင်မယ်မဝင်ဘူးဆုံးဖြတ်မယ်လို့ ဆိုပြန်တယ်။ ကြေးနီစီမံကိန်းနဲ့မြစ်ဆုံစီမံကိန်းအရေးတွေပြီးပြတ်ရင် အင်န်အယ်လ်ဒီဘက်လည်း တချက်လှည့်ကြည့်ကြပါဦး။ ခမျာများလည်း ဗျာများနေရှာတယ်။


(လက်ပတောင်းနဲ့ ပညာရေးဥပဒေ)
အနီးဆုံးဖိနှိပ်မှုနဲ့အပေါ်လွင်တဲ့ကိစ္စတွေလည်းဖြစ်တဲ့အပြင် တပြည်လုံးနဲ့လည်းဆိုင်တဲ့ ဒီလက်ပန်းတောင်းအကြမ်းဖက်ခံရမှုဖြစ်စဉ်ကို အမျိုးသားပညာရေးဥပဒေဆန့်ကျင်ရေး ရက် ၆ဝ အချိန်ပေးစောင့်ဆိုင်းနေမှုအထိဆွဲယူသွားနိုင်ရင် ကောင်းမှာပဲလို့တွေးမိပါတယ်။
ပညာရေးဥပဒေဆန့်ကျင်ပွဲနဲ့ ဒါနဲ့ရောထွေးပစ်ရမယ်လို့မဆိုလိုပါ။ ဒီလှုပ်ရှားမှုအရှိန်အဝါဟာ ပညာရေးဥပဒေဆန့်ကျင်ပွဲလှုပ်ရှားမှုလိုပဲ ကြီးမားပါတယ်။ ဒီအရေး ခု စလုံးဟာ ဒီ့ထက်ပိုကြီးမား ဒီ့ထက်ပိုကျယ်ပြန့်သွားဖို့လိုပါမယ်။ ကျောင်းသားလှုပ်ရှားမှုမှာ လူထုပါဝင်နိုင်ခွင့် အခွင့်အလမ်းတခုလို့လည်း မြင်ပါတယ်။
ပညာရေးဥပဒေကိစ္စကို တချို့အမြင်တွေမှာ ကျောင်းသားအရေးသက်သက်လို့ယူထားတော့ သာမန်လူထုပါဝင်နိုင်ဖို့ ကိုယ့်ဘက်ကကန့်သတ်ပေးထားသလိုဖြစ်နေပါတယ်။
လက်ပန်းတောင်းအရေးကြတော့ အိမ်ခြံမြေကအစ လယ်သိမ်းယာသိမ်း ဘဝသိမ်းတွေပါခံနေရတာမို့ လူထုပါဝင်နိုင်မယ့် နောက်လမ်းတလမ်း ထပ်ပွင့်သွားတယ်မြင်ပါတယ်။
ကျောင်းသားအရေး(ပညာရေးဥပဒေဆန့်ကျင်)နဲ့ လူထုအရေး(မြေသိမ်းယာသိမ်းဘဝသိမ်း) ခု ပေါင်းစပ်မိဖို့ပါ။ ရောထွေးပစ်ဖို့မဟုတ်ပါ။


(အစဆွဲတဲ့ ဝမ်ရင်ဖီး)
ဝမ်ရင်ဖီး စကားကိုလက်လွတ်စပယ်မပြောနဲ့။ စစ်အုပ်စုပေးတဲ့အချက်အလက်မကိုးကားနဲ့။ ခုချိန်ထိ ဦးတည်ရန်သူနဲ့ တဲ့တဲ့တိုက်နေတာ စစ်အုပ်စုကို။ ခင်ဗျားတို့ မနေတတ်ရင် မိုးမီးလောင်လိမ့်မယ်။ ခင်ဗျားမှန်တယ်ဆိုရင် အချက်အလက်အခိုင်အမာ လူသက်သေပစ္စည်းသက်သေ အထောက်အထားနဲ့ပြပါ။ သွေးထိုးတာက နောက်ကွယ်ကမဟုတ်ဘူး အတိအလင်းဗြောင်ကျကျ ဘာခွင့်ပြုမိန့်မှမခံပဲ ရှေ့ထွက်ထိုးပြလှုံ့ဆော်ပြ ဆန့်ကျင်ပြ ကန့်ကွက်ပြနေကြတာပါ)



(တယောက်တည်းပါ ကွဲလွဲတာ)
နိုင်ငံရေးပါတီ ဒါမှမဟုတ် အဖွဲ့အစည်းထဲမှာ
ပါတီဝင်/အဖွဲ့အစည်းဝင်တွေအဖို့တော့
လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်ဆိုတာ
ဘယ်စကားမှ အရေးလုပ်စရာမလိုဘူး၊
ဘယ်မူမှ သဘောတူစရာမလိုဘူး၊ဘယ်သူမှ နာခံစရာမလိုဘူး၊ကိုယ်ထင်ရာကိုယ်ပြောကိုယ်ထင်ရာ ကိုယ်လုပ်မယ်လို့အဓိပ္ဗါယ်မထွက်ဘူး။
ကွဲလွဲတဲ့သဘောထားအမြင်ကို
ချပြခွင့်ဆွေးနွေးခွင့်ရှိတယ်၊
ဘယ်သူမှ လက်မခံဦးတောင်
မိမိဘာသာ ဆုပ်ကိုင်ထားခွင့်ရှိတယ်၊
အများလက်ခံလာအောင် ကြိုးပမ်းခွင့်ရှိတယ်၊
ပါတီ့မူ အဖွဲ့အစည်းမူဖြစ်လာတဲ့အထိ စည်းရုံးခွင့်ရှိတယ်၊
စွန့်လွှတ်စရာမလိုဘူး၊
ဘယ်သူကမှလည်း စွန့်လွှတ်ခိုင်းခွင့်မရှိဘူး။
မိမိသဘောထား အများကြိုက်ဖြစ်မလာရင်
မူဖြစ်မလာရင်
အများကြိုက်တဲ့
လက်ခံတဲ့
မူဖြစ်နေတဲ့လမ်းစဉ်ကို
အကောင်အထည်ဖော်ရမယ်
တာဝန်ခံမှုရှိရမယ်
နာခံစရာကို နာခံကိုခံရမယ်
ထင်ရာမြင်ရာတွေ
ဗိုလ်မရှိ ဘိတ်မရှိလျှောက်ပြောလို့မရဘူး။
မိမိသဘောထားလည်း မူဖြစ်မလာ
အများလက်ခံတဲ့မူလည်း မိမိမနှစ်ခြိုက်ရင်
အဲ့ဒီအဖွဲ့အစည်း အဲ့ဒီပါတီကထွက်ရုံပဲရှိမှာပါ။
အပြင်မှာပြော
လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကို
ကိုယ့်ဘာသာ ကြိုက်သလိုသုံးစား
တာဝန်ယူမှု တာဝန်ခံမှုတော့ရှိပေ့စေ။
ကျနော်ကတော့
တကိုယ်တည်းတောင်
လွတ်လပ်စွာသဘောထားကွဲလွဲလိုသူဖြစ်ပါတယ်။


(ထောင်တဲ့လူငယ်)
အိုဘားမားလာတုန်းက လူငယ်တချို့ အဲ့သလို ဆိုင်းဘုတ်ထောင်ပြကြတာ ဘာအဓိပ္ဗါယ်မှန်း ခုထိ ဆုံးဖြတ်လို့မရဘူး။ (တစ်) အိုးဘားမားကြီးမသိသေးဘူး ဒါ့ကြောင့်သိသွားအောင်ပြောတာ။ (နှစ်) ဒါအတုကြီးမှန်း ကျုပ်တို့သိတယ်။ (သုံး) တွေ့တယ်မှတ်လား ကျုပ်တို့ ထောင်ပြလိုက်တာ။
၂ဝ၁၄ ကုန်ခါနီးမှာ ထူးခြားချက်က ဖေ့စ်ဘွတ်ခ်မှာ ငှိ ငှိ ငှိ တို့ ခိ ခိ ခိ တို့ သိတ်မတွေ့ရတော့တာပဲ။ ဗုဒ္ဓဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူရင် ဒါလေး ရှယ်လိုက်ပါဆိုသူတွေလည်း ဟက်ပီး နူးယီယားတွေ အော်ကြတယ်။ သီတဂူ့ကို ကိုးကွယ်သူတွေလည်း နှုတ်ဆွံ့သွားကြတယ်။ လက်ပန်းတောင်းက ဘဝသိမ်းခံတွေဘက်မှာ လူထုပါဝင်မှု ပိုပိုကြီးလာတယ်။ ရှစ်ပူးငြိမ်းပွင့်တွေကတော့ ပန်းခြံသိမ်းခံကိစ္စဗျာများနေပုံပဲ။ အင်န်အယ်လ်ဒီကတော့ ခု ထိ ဝေ့လည်ကြောင်ပတ်။ စစ်အစိုးရဆန့်ကျင်ရေးတွေက လှိုင်းလိုတက်လာနေတယ်။ ဗကသတွေက လူထုနဲ့အမြဲသွားနေတယ်။

(မဘသ တွေ မလာစေနဲ့)
ဟို မဘသ သင်္ကန်းခြုံဘုန်းကြီးဆိုးတွေတော့ ဒီပွဲထဲ ဘယ်ပုံစံနဲ့ဝင်ဝင် အဝင်မခံဖို့ သတိရှိကြပါ။ စစ်အုပ်စုဘက်ကပင်းပြီး ဗြောင်ဝင်ဝင် အလံရှူးလိုသူ့လူကိုယ့်ဘက်သားလို ခိုးပဲဝင်ဝင် အဝင်မခံကြပါနဲ့ သတိရှိကြပါ။ လူထုဘက်ကရှိတဲ့ အဖိနှိပ်ခံဘက်ကရပ်တည်ပေးတဲ့ ကိုယ်တော်တွေမှန်သမျှကို လက်ကမ်းကြိုရုံမက ဦးတော်ပါတင်တယ်။


(သေနတ်ပြောင်းက ရေပွက်ထွက်တယ်)
ရေပွက်ဆိုတာ သေနတ်ပြောင်းကထွက်တယ်
သူတည်းတယောက် ကောင်းဖို့ရောက်မူ
တယောက်မှာကား ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်ကြငှန်းလည်းခံ မတ်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့်
ရေပွက်ပမာတသက်လျာတည်း။
ကြင်နာသနား ငါ့အားမသတ်
ယခုလွှတ်လည်း
မလွတ်ကြမ္မာ လူတကာတို့ ခန္ဓာခိုင်ကျည် အတည်မလွဲဖောက်လွှဲတတ်သည်
မချွတ်စသာ သတ္တ၀ါတည်း။
ရှိခိုးကော်ရော် ပူဇော်အကျွန် ပန်ခဲ့တုံ၏
ခိုက်ကြုံဝိပါတ် သံသာစက်၌
ကြိုက်လတွန်မူ တုံ့မယူလို
ကြည်ညိုစိတ်သန် သခင်မွန်ကို
ချန်ဘိစင်စစ် အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏
သွေးသည် အနိစ္စာငါ့ခန္ဓာတည်း။
အနန္တသူရိယအမတ်ကြီး ရေးတယ်လို့ဆိုပါတယ်။ စာအမည်ကို စာရှင်က ဘယ်လိုပေးခဲ့တယ်မပြောတတ်ပါ။ အနန္တသူရိယအမတ်ကြီးရဲ့မျက်ဖြေလင်္ကာလို့ဆိုရင် လူတိုင်းသိကြမှာပါပဲ။
တွေးမိတာက ထားပါတော့ ရေပွက်ပဲ အဲ့ဒီစည်းစိမ်တွေကို။ ရေပွက်တော့ ရေပွက်။ ဘာရေပွက်မျိုးလဲ။ အဲ့ဒီရေတွေ ဘယ်နေရာမှာပွက်သလဲ။ ဘယ်သူတွေအတွက်ပဲ ပွက်သလဲ။ ကွက်ပြီးပွက်တတ်တဲ့ ပေါက္ခရဝဿရေပွက်လား။ ဘယ်လောက်ကြာကြာ ပွက်နေသလဲ။ တသက်စာ ပွက်တာလား။ ဒီရေပွက် ပွက်ဖို့ ဘယ်ဘဝတွေ ပျက်ခဲ့သလဲ။
ပြောရရင် သေနတ်ပြောင်းဆိုတာ ရေပွက်ထွက်တာပဲ။

(ကင်ဂျုံအန်ရဲ့အင်တာဗျူး)
မြောက်ကိုးရီယား အာဏာရှင်နန်းဆက်က မြေးတော်လေးကင်န်ဂျုံအန်းကို ဟာသလုပ် သရော်လှောင်ပြောင်ထားတဲ့ The Interview ကို ညက အွန်လိုင်းကနေ ဟိုတစဒီတစ လျှောက်ကြည့်ဖြစ်တယ်။ ရုပ်ရှင်ဝေဖန်ရေး အကဲဖြတ်ဆရာတွေပြောတာလည်း ဟိုရှာဒီရှာကြည့်တော့ နည်းနည်းပါးပါးတွေ့တယ်၊ ဖတ်ကြည့်တယ်။ သူတို့အဆိုအရတော့နိုင်ငံရေးတွေပါနေလို့သာ ဟိုးလေးတကြော်ပါ အနုပညာနဲ့အတတ်ပညာအရတော့ သာမန်ထက်မပိုပါ..တဲ့။ ဝေဖန်ရေးဆရာတယောက်က ပြောသေးတယ်ကင်န်ဂျုံအန်းက ဒါမျိုးအလုပ်မခံရဖူးသေးလို့ ဆွေ့ဆွေ့ခုန်တာ..တဲ့။ ဒီက သမ္မတတွေကို ဒါမျိုးလုပ်ကြည့်ပါလား သူများနဲ့ထိုင်ကြည့်ပြီး သူတို့ကပါ ဟားတိုက်နေဦးမှာပါ..တဲ့။ ဂျော့ခ်ျဒဗလျူဘုရှ်လိုဆို ကြော်ငြာခတောင်းပြီးတောင် ကြော်ငြာပေးဦးမယ် ထင်တာပဲ..တဲ့။
ရွှေပြည်ကြီးက သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် တိုင်းညွန့်ပြည်ညွန့် လူညွန့်ခူးစားနေတဲ့ စစ်အုပ်စုဝင်တွေထဲက တမိသားစုစုကိုများ ခုလိုကား တကားလောက် ရိုက်ပြကြရင် ဘယ်လောက်ကောင်းမလဲ။ The Lady ထက်တောင် ပေါက်မယ်ထင်တာပဲ။
ခက်တာက The Lady ကိုယ်တိုင်ကဒီမိုကရေစီပြူပြင်ပြောင်းလဲရေးကိုလုပ်နေတဲ့ ခုလို ချိန်ခါသမကြီးမှာ ဒီလိုလုပ်တာတွေမကြိုက်ပါဘူးဆိုရင်တော့ခက်မယ်။ ဒါပေမယ့် ဒီမှာက ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ကြိုက်တာကိုယ်လုပ်နေကြတာပဲမဟုတ်လား။ ကိုယ်ကြိုက်တာက သူများမကြိုက်ရင် သူများအကျိုးစီးပွားသွားထိခိုက်ရင် ထိခိုက်သလောက် တန်ပြန်သက်ရောက်သလို၊ ကိုယ့်အကြိုက်က အများကြိုက်ဖြစ်သွားရင်တော့ လက်ခုပ်သံတွေတညံညံအပြင် နေ့ချင်းညချင်း သူဌေးကြီးပါဖြစ်ကရောမဟုတ်လား။
အဲ့ဒီ သူများကြိုက်ကြိုက် မကြိုက်ကြိုက်တွေကလညာ်းနိုင်ငံရေးအခြေခံတာမျိုးတွေမှာ ပိုသိသာတာလည်း အမှန်ပဲ။
ဒီမှာ နမူနာ သတင်းတခုပေါ့ဗျာhttp://www.cnet.com/…/the-interview-online-release-industr…/

(အောင်ဆန်းရာပြည့်ရန်ပုံငွေ)
NLD (လူငယ်)က ဗိုလ်ချုပ်အောင်ဆန်း နှစ်ရာပြည့်အကြို အထိမ်းအမှတ်ရန်ပုံငွေပွဲ လုပ်တယ်လို့ကြားတယ်။ ကောင်းတဲ့ကိစ္စမို့ ထောက်ခံအပ်ပါတယ်။ ဘယ်ပုံဘယ်နည်းလုပ်သလဲ ဘယ်သူတွေတက်ရောက် ဘာတွေပြောကြသလဲ။ ရန်ပုံငွေရရှိမှုအခြေအနေနဲ့ ပွဲအောင်မြင်မှု ရည်မှန်းချက် ဘယ်လောက်ပေါက်မြောက်စတာတွေတော့ ဆက်ပြောကြတာ မကြားရဘူး။
အရင်လုပ်ခဲ့တဲ့ ပွဲတွေဆို အတော့်ကို ဝေဝေဆာဆာ စည်စည်ကားကားနဲ့ ရန်ပုံငွေတွေလည်း သောက်သောက်လဲကို ရခဲ့တာကလား။ တက်လာလိုက်ကြတဲ့လူတွေမှ ကိုယ့်ဘက် သူ့ဘက်တွေရော၊ ဘယ်သူ့ဘက်မှန်းမသိတွေရော၊ ခြံစည်းပေါ်ကလူတွေရော စုံစုံညီညီနဲ့ ဝက်ဝက်ကွဲစည်ကားလှတယ်။ ပွဲပြီးတာနဲ့ ရန်ပုံငွေမည်ရွေ့မည်မျှ ပွဲရန်မှန်းချက် ဘယ်အတိုင်းအတာထိ အောင်မြင်/မမြင်စတာတွေ တန်းထွက်လာတာပဲ။ ဖြစ်ရမယ့်ကိစ္စတွေမို့ ဖြစ်ရတာသဘာဝကျသလို လူထုလည်း စိတ်ကြေနပ်မှုရကြတာပါပဲ။ ခုပွဲက ဘာသံမှထွက်မလာဆိုတော့ ပွဲပြီးမီးသေကြီးလို ဖြစ်နေသလားပဲ။
လူထုနဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေ ပါတီတွေဆို လူထုအခြေပြုအဖွဲ့အစည်းတွေဆိုတာ မိမိလှုပ်ရှားမှု မိမိအခြေအနေကို လူထုသိနေအောင် မပြတ်ထုတ်ပြန်ပြောနေရသလို မိမိတို့ ဘယ်သူ့ဘက်သားဖြစ်မှန်းလည်း မသိသိအောင်ကို လှုံ့ဆော်နေရတာမဟုတ်လား။

အဲ့သလိုမဟုတ်ရင်တော့ အတွင်းစကားတိုးတိုးတိတ်တိတ်တွေ နှစ်ကိုယ်ကြားတွေကနေ အခြေအမြစ်အားထားလို့မရတဲ့နေရာတွေကနေ ကေလဟလလို သတင်းပလင်းတွေထွက်နေမှာပဲ။ ထွက်လာလို့ လိုက်ရှင်းပြန်လည်း အချိန်ကုန်လူပမ်း၊ မရှင်းပြန်တော့လည်း ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံရာအဖြစ်မျိုးနဲ့ ဘေးကြပ်နံကြပ်ဖြစ်တာ လူထုသံသယကြီးထွားတာတွေ ဖြစ်လေ့ရှိမှန်း လူတိုင်း သတိပြုမိကြတာပါပဲ။

0 comments:

Post a Comment