ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးအမှတ် (၂၇) ။
အသက် (၁ဝဝ)ပြည့် ဗိုလ်လက်ျာ
၁၉၁၁ ခုနှစ်မှာမွေးတဲ့ ဗိုလ်လက်ျာဟာ မနှစ်က ၂ဝ၁၁ ခုနှစ်မှာ အသက် ၁ဝဝ ပြည့်ပါတယ်။ ဒါကြောင့် ဗိုလ်လက်ျာ အသက် ၁ဝဝ ပြည့် အထိမ်းအမှတ်နဲ့ ဆောင်းပါးတွေစာအုပ်တွေထွက်လာတာ တွေ့ရပါတယ်။
ဗိုလ်လက်ျာဟာ ရဲဘော်သုံးကျိပ်အသိုင်းအဝိုင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ဝါအရင့်ဆုံးခေါင်းဆောင်၊ လေးစားဖွယ် အကောင်းဆုံး ခေါင်းဆောင်အဖြစ် ဝိုင်းဝန်းကြည်ညိုလေးစားပြီး အစ်ကိုကြီးတဦးလိုချစ်ခင်ခြင်းခံရတဲ့သူတဦးလည်း ဖြစ်ပါတယ်။ အသက်ရွယ်အရလည်း ကြီးရင့်၊ စိတ်နေစိတ်ထားကလည်းပြည့်ဝ၊ ဆက်ဆံရေးကလည်း ညက်ညောနဲ့ အားလုံးရဲ့ဝိုင်းအားထားခြင်းခံရပြီး၊ ဒါကြောင့်ပဲ ရဲဘော် သုံးကျိပ်ဝင်တွေ ဗိုလ်နာမည်ခံယူရာမှာ အားလုံးက ညာလက်ရုံးလို့အားကိုးရလို့“ဗိုလ်လက်ျာ”ဆိုတဲ့အမည်ရခဲ့သူပါ။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကလည်း သူ့ရဲ့ညာလက်ရုံးအဖြစ် နံပါတ်(၂) နေရာ အမြဲထားခံခဲ့ရသူဖြစ်ပါတယ်။ (ဒါကြောင့်ပဲ ဗိုလ်နေဝင်းကမဲတာပါ)
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ဖေဖေတို့တတွေ ဗိုလ်နာမည်ခံတဲ့ဖြစ်စဉ်ကို ပြောပြလိုပါတယ်။ ဖေဖေပြောပြဖူးတာက သူတို့ ရဲဘော်သုံးကျိပ်ဝင်အားလုံးနီးပါးဟာ သခင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားအရေးလှုပ်ရှားခဲ့ကြသူများ ဖြစ်ခဲ့ကြတာကြောင့် အင်္ဂလိပ်ထောက်လှမ်းရေးအသိုင်းအဝိုင်းမှာ သူတို့က စာရင်းပေါက် လူမိုက်စာရင်း (Black List) ဝင်တွေ ဖြစ်နေကြပြီတဲ့။ သူတို့ စစ်ပညာသင်ပြီးလို့ ဗမာပြည်ထဲပြန်ဝင်ကြဖို့ပြင်ဆင်ချိန်မှာ (ပြန်ဝင်ရင် အင်္ဂလိပ်ဆန့်ကျင်ပုန်ကန်ရေးဖြစ်တဲ့အတွက်) ဗမာပြည်ထဲ ကျန်ရစ်ခဲ့တဲ့ မိဘတွေမျိုးတွေအပေါ် အန္တရာယ်ကျမှာစိုးရိမ်မိကြလို့ သခင်နာမည်တွေဖျောက်ပြီး ဗိုလ်နာမည်တွေခံယူဖို့ စီစဉ်ကြတာတဲ့။ နာမည်တွေပေးရာမှာလည်း ကိုယ်မစဉ်းစားမိရင်လည်း သူများကပေးတဲ့နာမည်ယူလိုက်တာပဲတဲ့။ ဖေဖေကလည်း အများကဝိုင်းပေးတဲ့ “ဗိုလ်ကျော်ဇော”ဆိုတဲ့ နာမည်ယူလိုက်တာပဲတဲ့။
ဗိုလ်ဗလရေးတဲ့စာအုပ် “ခရီးတထောက်” (အမှတ် ၂၄၃ အတွေးအမြင်မှ မောင်မောင်အေး (စစ်ကိုင်း)ရဲ့ ဆောင်းပါးကောက်နုတ်ချက်) ထဲမှာတော့ “ကျော်ဇောထင်ရှားလာမယ့်သူ ဖြစ်လို့‘ဗိုလ်ကျော်ဇော’လို့ပေးလိုက်တယ်”လို့ ရေးထားပါတယ်။ အဲဒီဆောင်းပါးထဲမှာတော့ ဗိုလ်နာမည်အတော်များများ ဘယ်လိုဖြစ်လာတယ်ဆိုတာ ရေးထားပါတယ်။
အဲဒီ ဟိုင်နန်မှာ သူတို့ စစ်ပညာသင်ကြားစဉ်ကတည်းက ဗိုလ်လက်ျဟာ သူ့ရဲ့ ခေါင်းဆောင်ကောင်းတယောက် အရည်အချင်းတွေ ပြသခဲ့တယ်လို့ဖေဖေက သူ့ကိုယ်ရေးအထုတ္တပ္ပတိထဲမှာ ရေးထားတာတွေ့ရပါတယ်။ အဲဒီထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လက်ျာတို့အကြား ဆက်ဆံရေးအလွန်ကောင်းမွန်ကြောင်းဆိုတာတွေကိုလည်း တွေ့ရပါတယ်။ ဟုတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အသက်ထင်ရှားရှိစဉ် ဗိုလ်လက်ျာထမ်းဆောင်ခဲ့ရတဲ့ တာဝန်တွေကိုပဲကြည့်ပါ။
၁။ ၁၉၄၂ ခုနှစ် ဘီအိုင်အေဖွဲ့စည်းစဉ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဒုတိယလက်ထောက်
၂။ ၁၉၄၂-၄၃ ခုနှစ် ဘီဒီအေဖွဲ့စဉ် စစ်ဦးစီးချုပ်
၃။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးကာလ (တိုင်း ၂ တိုင်း ၃ အကြား ဆက်သွယ်ကွပ်ကဲသူ)
၎။ တော်လှန်ရေးအပြီးမျိုးချစ်တပ်မတော် ပီဘီအက်စ်ဒုစစ်သေနာပတိချုပ်
၅။ ကန္ဒီစာချုပ်အပြီး ပြန်လည်ဖွဲ့စည်းတဲ့ဗမာ့တပ်မတော် ကော်မရှင်ရဗိုလ်မှူးကြီး
၆။ ၁၉၄၇ ခုနှစ် ဗိုလ်မှူးချုပ် စသည်တို့ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကျဆုံးပြီးကာလများမှာရော လွတ်လပ်ရေးရပြီးခါစ ဖဆပလအစိုးရ အစောပိုင်းကာလများမှာရော တာဝန်ကြီးများကို ထမ်းဆောင်ပြီး ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းရဲ့ အစဉ်အလာကြီးမားလှတဲ့ အမျိုးသားခေါင်းဆောင်တယောက် ဖြစ်ခဲ့ပါတယ်။
ဖဆပလ အစိုးရခေတ်မှာ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ်ထမ်းဆောင်နေရာမှ ၁၉၄၉ ခုနှစ်မှာ အတင်းဖိအားပေး နုတ်ထွက်ခိုင်းခြင်းခံရပြီး ၁၉၅၂ ခုနှစ်မှာ တပ်မှထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။
ဗိုလ်လက်ျာအနေနဲ့ ကန္ဒီစာချုပ် ချုပ်အပြီး ပြန်ဖွဲ့စည်းခဲ့တဲ့ ဗမာ့တပ်မတော်ထဲပါဝင်လာတဲ့ ထိပ်တန်း ကရင်ဗိုလ်ချုပ်များနဲ့ရင်းနှီးပါတယ်။ တချို့ဟာ သူ တက္ကသိုလ်ကျောင်းသားဘဝကတည်းက သူငယ်ချင်းတွေပါ။ ဒါ့အပြင် ဗိုလ်လက်ျာရဲ့စဉ်းစားချက်က ဗမာ့လွတ်လပ်ရေးရပြီးရင် ဗမာ့တပ်မတော်ကို တကယ့်အသက်မွေးဝမ်းကျောင်း Professional အဆင့်မီ တပ်မတော်ကြီးအဖြစ် တည်ဆောက်ချင်ပါတယ်။ သူတို့ ရဲဘော်သုံးကျိပ်ခမျာမှာတော့ ဂျပန်သင်ပေးတဲ့စစ်ပညာဟာ အဆင့်သိပ်မမြင့်မှန်းသိတဲ့အတွက် အင်္ဂလန် ဆင်းဟာ့ဒ်စစ်တက္ကသိုလ်ဆင်း ကရင်စစ်ဗိုလ်ချုပ်ကြီးတွေကို အားထားခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်ကစလို့ အကွက်ချောင်းနေတဲ့ဗိုလ်နေဝင်းဟာ အဲဒီအကွက်ကိုအချက်ယူပြီး ကရင်ပုန်ကန်မှုတွေ စတင် လာတဲ့အခါ (တကယ်တော့ အဲဒီကာလက ကေအင်ဒီအိုပုန်ကန်မှုတွေမှာ ဗိုလ်နေဝင်းအပါအဝင် ဆိုရှယ်လစ်တပ်မှူးများရဲ့ရန်စချက်တွေ အခု တဖြည်းဖြည်းချင်း ပြန်ပေါ်လာနေပါပြီ) ဗိုလ်လက်ျာကို အတင်းဖိအားပေးထွက်ခိုင်းပါတော့တယ်။ ဖဆပလ ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်လည်း ဆိုရှယ်လစ်ပါတီကို မလွန်ဆန်ဝံ့ပါဘူး။ ဒါကြောင့် ဦးကျော်ငြိမ်းတို့အလိုကျ ဗိုလ်လက်ျာကိုဖယ်ပြီး ဗိုလ်နေဝင်းကိုတင်ပေးလိုက်ရတာပါ။
ဗိုလ်လက်ျာအနေနဲ့ကလည်း တိုင်းပြည်ကြီးလည်း လွတ်လပ်ရေးရပြီဖြစ်လို့ အသာတကြည်ပဲ ဖယ်ပေးလိုက်ပြီး အေးအေးပဲနေတော့မယ်လို့ စိတ်ကူးခဲ့ဟန်တူပါတယ်။ ဒါတောင် သံယောဇဉ်မပြတ်နိုင်ရှာဘဲ ကွန်မြူနစ်ပါတီနဲ့ လက်နက်ကိုင်တိုက်ပွဲများစတင်လာတဲ့အခါ လက်ဝဲ ညီညွတ်ရေးဆိုတဲ့အဖွဲ့မှာ ဝင်ရောက်လှုပ်ရှားပြီး ဖျန်ဖြေဖို့ကြိုးစားခဲ့ပါသေးတယ်။ (တကယ်တော့ သူဟာ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ထူထောင်စဉ်က ‘သခင်လှဖေ’ အဖြစ်ပါဝင်ခဲ့ပြီး ဘဏ္ဍာရေးမှူးတာဝန်ယူခဲ့သူပါ)
တပ်မတော်က ၁၉၅၂ ခုနှစ်မှာ ထွက်လိုက်ရပြီးနောက် မုတ္တမကုမ္ပဏီကိုထူထောင်ပြီး ပင်လယ်ငါးလုပ်ငန်းများကို လုပ်ဆောင်ရာမှာတော့ အတော်အောင်မြင်လာပါတယ်။ ဖဆပလ အစောပိုင်းခေတ် အမျိုးသားအရင်းရှင်ကြီးများ အပြိုင်းအရိုင်းပေါ်လာရာမှာ ဗိုလ်လက်ျာဟာ အလွန်အောင်မြင်ပြီး ဗမာပြည်မှာ မာစီဒီးကား ကိုယ်ပိုင် ပထမဆုံးစီးနိုင်သူတွေထဲ ပါဝင်လာပါတော့တယ်။ ဒီလိုပြောချိန်မှာပဲ ဗမာ့တပ်မတော်ဟာ နိုင်ငံရေးထဲဝင်ရောက်ပတ်သက်လာပြီး ၁၉၆၂ အာဏာသိမ်းပြီးချိန်မှာတော့ ပုဂ္ဂလိကပိုင်အားလုံးကို ပြည်သူပိုင် သိမ်းရာမှာ ဗိုလ်လက်ျာကုမ္ပဏီတွေလည်း ပါသွားပါတော့တယ်။
ဒါပေမယ့် ဗိုလ်လက်ျာဟာ ဗိုလ်နေဝင်း သူ့အပေါ်မလိုမုန်းတီးကြောင်းသိပြီး သတိထားခဲ့ဟန်ရှိပါတယ်။ သူတို့အင်းလျားလမ်းခြံကျယ်ကြီး အတွင်း သုံးထပ်တိုက်တလုံးဆောက်ပြီး သံရုံးတရုံးကိုငှားစားထားပြီး သူတို့မိသားစုကတော့ အဲဒီအိမ်ကြီးဘေးက တထပ်တိုက်ကလေးမှာပဲ နေကြပါတယ်။ အဲဒီအိမ်ငှားခက အဲဒီခေတ်အဲဒီအခါကတောင် တလ ကျပ်ငွေသုံးထောင် ရပါတယ်။ ဒါကြောင့် ဗိုလ်နေဝင်းက ဘာတွေ သိမ်းသိမ်း ဗိုလ်လက်ျာ ဟန်မပျက်နေထိုင်နိုင်ခဲ့ပါတယ်။
ဒီမှာတင် ဗိုလ်နေဝင်းဟာ ဗိုလ်လက်ျာကို စီးပွားရေးပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ထဲ ထည့် ညှဉ်းဆဲတော့တာပါပဲ။ ၁၉၆၃ မှ ၁၉၆၈ ခုနှစ်အထိ ငါးနှစ်တိုင်တိုင် အင်းစိန်ထောင်ထဲမှာနေခဲ့ရပြီး အဲဒီနေခဲ့ရစဉ်ကာလခံစားချက်များကို ပန်းချီကားများဆွဲပြီး မိသားစုဆီပို့ဆောင်ခဲ့ရာမှာ အခု အသက် ၁ဝဝ ပြည့်အထိမ်းအမှတ်အဖြစ် သမီးဖြစ်သူ ဒေါက်တာခင်လက်ျာက “ဖေဖေရဲ့စိတ်ကူးပန်းချီကားများ”ဆိုတဲ့ နာမည်နဲ့အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ စာအုပ်များထုတ်လာတာ တွေ့ရပါတယ်။ ပန်းချီကားလေးတွေရဲ့ အဓိပ္ပာယ်ဖော်ဆောင်ချက်တွေကိုဖတ်ရတဲ့အခါ အတော် စိတ်ထိခိုက်မိပါတယ်။
ဒီနေရာမှာ ဗိုလ်လက်ျာအင်းစိန်ထောင်နေခဲ့ရစဉ်က အဖြစ်အပျက်တခု ကျွန်မကြားဖူးထားတာရှိပါတယ်။ ဗိုလ်လက်ျာနဲ့အတူ ထောင်တွင်း နေခဲ့ရတဲ့ အန်ကယ်ကြည်မောင် (ဗိုလ်မှူးကြီးဟောင်း ကြည်မောင် NLD)က ထောင်ကထွက်လာစဉ် ဖေဖေ့ကိုပြောပြဖူးတဲ့ အဖြစ်အပျက် တရပ်ပါ။ ထောင်ထဲမှာ တနေ့ MIS စစ်ဗိုလ်တယောက်က ဗိုလ်လက်ျာကို မရိုမသေမချေမငံဆက်ဆံပါတယ်။ ဒီတင် အန်ကယ်ကြည်မောင်က ဒေါသထွက်ပြီး“ဟေ့ကောင်တွေ၊ မင်းတို့ ဘယ်လိုလုပ်တာလဲ။ ဒီလူကြီးဟာ ငါတို့ အားလုံးရဲ့ကျေးဇူးရှင်၊ အမျိုးသားသူရဲကောင်း၊ ဗိုလ်ချုပ် အောင်ဆန်းပြီးရင် သူပဲ။ မင်းတို့အဘ (ဗိုလ်နေဝင်းကိုဆိုလို)ထက် သမ္ဘာရင့်တယ်”လို့ပြောလွှတ်လိုက်တယ်တဲ့။ (အဲဒီ MIS တွေဟာ ဗိုလ်လက်ျာ အကြောင်းသာ မသိရင်ရှိမယ်။ အန်ကယ်ကြည်မောင်ကိုတော့ တိုင်းမှူးကြီးအဖြစ် သူတို့ကသိထားပါတယ်။ ဒါကြောင့် အန်ကယ် ကြည်မောင်ရဲ့အရှိန်က သူတို့အပေါ်ရှိနေဟန်တူပါတယ်) အဲဒီနောက်ပိုင်းတော့ အတော်သတိထားဆက်ဆံလာကြတယ်လို့ ကြားဖူးပါတယ်။ အဲဒီနေ့က ဗိုလ်လက်ျာကြီးက ဘာမှလည်းမစား၊ ဘာစကားမှလည်းမပြောဘဲ တနေကုန်ထိုင်ငေးနေတယ်လို့ အန်ကယ်ကြည်မောင်က ပြန်ပြောဖူးပါတယ်။ ဒါပေမယ့် ဗိုလ်လက်ျာကတော့ သူ့ထောင်တွင်းကိစ္စတွေ ဘယ်သူ့ကိုမှပြန်ပြောမသွားပါဘူး။ အခု ဒီပန်းချီကားတွေ ထွက်လာမှပဲ သူ ဘယ်လိုခံစားခဲ့ရတယ်ဆိုတွေ သိရတာပါ။
ဖေဖေက “အစ်ကိုကြီး ဗိုလ်လက်ျာဟာ သိပ်လူကြီးဆန်တယ်၊ ဘယ်သူ့အကြောင်းမှ မကောင်းပြောတာ မကြားဖူးဘူး”လို့ပြောဖူးပါတယ်။ ဗိုလ်လက်ျာ ထောင်ကထွက်လာပြီးနောက်မှာလည်း ကျွန်မတို့အိမ် လာလည်တာတွေရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်သူ့အကြောင်းမှ မပြောပြ ခဲ့ပါဘူး။ ဗိုလ်လက်ျာအနေနဲ့ ဖေဖေကို ဗိုလ်နေဝင်းအကြောင်း တခါပဲပြောပြဖူးပါတယ်တဲ့။ အဲဒါကတော့ ဘီဒီအေ ခေတ်ကစလို့ စစ်ဦးစီးမှူး ဖြစ်တဲ့ ဗိုလ်လက်ျာရဲ့အမိန့်တွေကို တပ်ရင်းမှူးဖြစ်တဲ့ဗိုလ်နေဝင်းက မနာခံဘဲ တောက်လျှောက် သူ့ကို ဒီလိုပဲ အာခံဆက်ဆံခဲ့တယ်တဲ့။
ဗိုလ်နေဝင်းဟာ သူ့ပင်ကိုစရိုက်ကိုက အလွန်သေးသိမ်သူဖြစ်ပါတယ်။ ဗိုလ်လက်ျာရဲ့ အလွန်အားကောင်းချက်ကြီးဖြစ်တဲ့အကျင့်စာရိတ္တ ကောင်းမွန်မှုကြောင့် တပ်မတော်သားအားလုံးရဲ့ချစ်ခင်ကြည်ညိုခြင်းခံရမှုအပေါ် အတော် မလိုလားတာပါ။ ဒါကြောင့်ပဲ ဗိုလ်လက်ျာကိုသာမက ဗိုလ်လက်ျာမိသားစုဝင်များကိုပါ ဒုက္ခပေးခဲ့တာပါပဲ။
ဗိုလ်လက်ျာရဲ့ တဦးတည်းသောသား အောင်လက်ျာကိုလည်း ဘာအမှုမှ ကြီးကြီးကျယ်ကျယ်နာမည်မတတ်နိုင်ဘဲ ဖမ်းဆီးပြီး တနှစ်ကျော် နှစ်နှစ်နီးပါး တိုက်ပိတ်ထားခဲ့ဖူးပါတယ်။ အောင်လက်ျာ (ကျွန်မတို့အခေါ် ကိုအောင်ကြီး)ဟာ နိုင်ငံရေးစိတ်ဝင်စားသူ မဟုတ်ပါဘူး။ ထောင်က ထွက်လာတော့ ထောင်ကို အကြောက်ကြီးကြောက်သွားပြီး သူ့အဖေရဲ့ ပြည်ချစ်အဖွဲ့မှာသွားပူးပေါင်းခဲ့တာပါ။ သူ့အဖေထက် ၄ လလောက် စောပြီးလုပ်ကြံသတ်ဖြတ် ခံလိုက်ရပါတယ်။
ဗိုလ်လက်ျာရဲ့သမီးကြီး ဒေါက်တာခင်လက်ျာကိုလည်း မဟာသိပ္ပံသင်တန်း တက်ခွင့်မပြုဘဲထားလို့ ခင်လက်ျာက သူ့ဟာသူ နိုင်ငံခြားထွက် အလုပ်လုပ်ပြီး သူ့ငွေနဲ့သူ သင်တန်းတက်ကာ ထိုင်း မဟီဒေါတက္ကသိုလ်၊ အမေရိကန် လော့စ်အိန်ဂျလိpfတက္ကသိုလ်တို့ကနေ ဒီပလိုမာတွေ၊ မဟာသိပ္ပံဘွဲ့တွေ သွားယူခဲ့ရပါတယ်။ အခုတော့ စာရေးဆရာမကြီး ဖြစ်လို့နေပါပြီ။
“ဗိုလ်လက်ျာနဲ့ဖေဖေ”
ဖေဖေက သူ့ရဲ့ကိုယ်ရေးအထုတ္တပ္ပတိစာအုပ်မှာ “၁၉၄၁ ခုနှစ် ကျွန်တော်တို့ ဟိုင်နန်ကျွန်း ဂျပန်စစ်ပညာသင်ရဲဘော်သုံးကျိပ်တွင် ကျွန်တော်နှင့်ရင်းနှီးခင်မင်ဆုံးပုဂ္ဂိုလ်တဦးမှာ ဗိုလ်ချုပ်လက်ျာဖြစ်သည်”လို့ရေးထားတာ တွေ့ရပါတယ်။
ဖေဖေက “အစ်ကိုကြီး”လို့ဗိုလ်လက်ျာကိုခေါ်ပြီး ဘာကိစ္စမဆို ဗိုလ်လက်ျာဆီ သွားအကူအညီတောင်း၊ အကြံဉာဏ်တောင်း၊ ဆွေးနွေးတိုင်ပင်နဲ့ တကယ့်ညီရင်းအစ်ကိုလို ဆက်ဆံတာတွေ့ရပါတယ်။ ဒါကြောင့် ၁၉၅၇ ခုနှစ် ဖေဖေ တပ်ကထွက်ရတော့ တချို့သူတွေက ဖေဖေက ဗိုလ်နေဝင်းကိုကျော်ပြီး ဗိုလ်လက်ျာကိုလေးစားလွန်းလို့ ဗိုလ်နေဝင်းက ငြိုးပြီးချတာလို့တောင် ပြောကြဆိုကြတာတွေ ရှိခဲ့ပါသေးတယ်။
ဖေဖေကလည်း အသက် ၂ဝ ကျော်လေးနဲ့ ကျောင်းသားခေါင်းဆောင်ဘဝကနေ ဗြုန်းဆို အောက်ဗမာပြည်တာဝန်ခံကြီး (ဘီအိုင်အေ)လို တာဝန်ကြီးမျိုးထမ်းဆောင်ရတော့ သူ့ခမျာ ဟိုလူ့အကူအညီတောင်းရ၊ ဒီလူ့အကူအညီတောင်းရနဲ့ တာဝန်တွေကို မနိုင်မနင်းထမ်းရရှာတာပါ။ ရန်ကုန်မြို့ တိရစ္ဆာန်ရုံနားက ရပ်ကွက်ကြီး (နောင် မင်းမနိုင်ရပ်ကွက်) မီးလောင်သွားတော့ သူက ဗိုလ်လက်ျာဆီသွား အခြေအနေတွေ အစီရင်ခံကာ ဘာဆက်လုပ်ရမလဲမေးတော့ ဗိုလ်လက်ျာက အခုလောလောဆယ်တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေပဲ လုပ်ထားဦးပေါ့ကွာ။ နောင် ငါးနှစ်စီမံကိန်းဆွဲမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ကြတာပေါ့လို့ ပြောသတဲ့။ ဗိုလ်ချုပ်အောင်ဆန်းရော၊ ဗိုလ်လက်ျာရော အဲဒီခေတ် အဲဒီအခါက ထွန်းတောက်လာတဲ့ ဆိုဗီယက်ယူနီယံက ဆိုရှယ်လစ်ဝါဒကိုတိမ်းညွတ်ခဲ့ကြပုံရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း ဖေဖေ့ကို ပြောဖူးတာတခုရှိတယ်တဲ့။ ပင်လုံစာချုပ်အပြီးနောင် ၁ဝ နှစ်ကြာလျှင် ခွဲထွက်ချင်က ခွဲထွက်ခွင့်ပြုမည်ဆိုတဲ့စာပိုဒ်အပေါ် ဖေဖေတို့တပ်မှူးငယ်တွေ မကျေမနပ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဝိုင်းမေးကြမြန်းကြပါတယ်။ ဗိုလ်ချုပ်က နောင် ၁ဝ နှစ်ဆိုရင် ငါးနှစ်စီမံကိန်း ၂ ခုစာပဲ။ အဲဒီကာလအတွင်း တို့တတွေဟာ သူတို့ဒေသဖွံ့ဖြိုးရေးတွေကို ထိထိ ရောက်ရောက် ဖိဖိစီးစီးလုပ်ပြရင် တို့တတွေနဲ့ဘယ်ခွဲချင်ပါတော့မလဲကွာလို့ ရှင်းပြဖူးပါတယ်လို့ဖေဖေ ပြောဖူးရေးဖူးတာတွေရှိပါတယ်။
သြော် သူတို့တတွေမျှော်မှန်းခဲ့တဲ့ တိုင်းပြည်ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုတာတွေဟာလည်း မျှော်တိုင်းဝေးနေပါသေးရော့လား။
ဖေဖေဟာ သူ့ရဲ့တာဝန်ပိုင်းများမှာသာ ဗိုလ်လက်ျာကိုအားကိုးတာ မဟုတ်ပါဘူး။ သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာလည်း အားကိုးအားထား ပြုခဲ့တာတွေရှိပါတယ်။ မေမေ ဖေဖေ့နောက်လိုက်လာတော့လည်း ဖေဖေက ဗိုလ်လက်ျာကြီးဆီပဲ သွားပြီး အကူအညီတောင်းရတာပါ။ ဗိုလ်လက်ျာစီစဉ်ပေးလို့ ဖေဖေနဲ့မေမေတို့ သခင်မြအိမ်မှာ မင်္ဂလာပွဲကျင်းပနိုင်ခဲ့တာပါ။ ဒါ့အပြင် သမီးအကြီးဆုံးကျွန်မကို မွေးပြီးတော့ ဖေဖေက သူ သမီးလေးရကြောင်း ဗိုလ်လက်ျာကိုသွားပြောပြသတဲ့။ ဗိုလ်လက်ျာက ဘာနေ့သမီးလေးလဲလို့မေးသတဲ့။ ဗုဒြွဟူးသမီးလို့ ဖေဖေပြောတော့ ဗိုလ်လက်ျာက “ဗုဒ္ဓဟူးသမီးဆို ‘လှကျော်ဇော’ပေါ့၊ ကိုယ့်သမီးကတော့ တနင်္လာသမီးနဲ့‘ခင်လက်ျာ’ပေါ့”လို့ နာမည် ပေးလိုက်လို့ကျွန်မ ‘လှကျော်ဇော’ ဖြစ်သွားရတာပါ။ တကယ်တော့ ကျွန်မကိုမွေးတဲ့ အဘိုးအဘွားတို့ရဲ့သုံးဆယ်အိမ်မှာ ဇာတာဖွဲ့စဉ်က နာမည်ဟာ နေ့သင့်နံသင့် ‘တင်တင်လှ’ပါ။ ခင်လက်ျာက ကျွန်မထက် ၂ ရက် ကြီးပါတယ်။
ဗိုလ်လက်ျာကို ဖေဖေသာမက မေမေကလည်း အလွန်ခင်မင်လေးစားပါတယ်။ “အစ်ကိုကြီးဟာ သိပ်နောက်တတ် ပြောင်တတ်တယ်”ဆိုပြီး မေမေ ပြောပြဖူးတဲ့အဖြစ်အပျက်တွေ ရှိပါတယ်။
ဗိုလ်လက်ျာဟာ ၁၉၄၃ ခုနှစ် ဘီဒီအေကာလ စစ်ဦးစီးချုပ်ဘဝမှာ သူ့ငယ်ရည်းစားနဲ့လက်ထပ်ပါတယ်။ မေမေက သူတို့လက်ထပ်စဉ်ကပုံကို ကြည့်ပြီး“ဟာ အစ်မကြီးက လှတယ်နော်။ ကိုယ်လုံးလည်း သွယ်သွယ်လေးပဲ”လို့ အမှတ်တမယ့် ပြောလိုက်မိသတဲ့။ တကယ်လည်း ဗိုလ်လက်ျာရဲ့ဇနီးဟာ အတော်လှပချောမောသူပါ။ ဒါပေမယ့် မေမေတို့နဲ့တွေ့တော့ အတော်ဝလာနေပြီဖြစ်ပါတယ်။ ဒီတင် ဗိုလ်လက်ျာက “အေးကွယ် ကိုယ်လည်းယူတုန်းကတော့ ဂီတာရှိပ်လေးယူတာ၊ ကိုယ့်လက်ထဲကျမှ ဘင်ဂျိုပုံပေါက်သွားတာကတော့ မတတ်နိုင်ဘူးကွယ်”လို့ ခပ်တည်တည်နဲ့ပြောလို့ မေမေ့မှာ အတော် အားတောင့်အားနာဖြစ်ခဲ့ရသတဲ့။ ဒါ့အပြင် မေမေ့ကိုလည်း ခဏခဏ “နငယ်လေး”လို့ ခေါ်တယ်တဲ့။ မေမေက အရပ်ကလည်းပု၊ လူကလည်း တုတ်တုတ်ဝဝဖြစ်ပြီး(မရိုသေ့စကား) ကလေးကလည်းနီးလေတော့ ကိုယ်ဝန်ဆောင် ထားရပြီဆိုရင် ဝိုင်းလုံးနေတာပါ။ အဲသလို အချိန်မျိုးမှာ ဗိုလ်လက်ျာနဲ့တွေ့လို့ကတော့ “စိန်တို့ကတော့ ဘယ်တော့ကြည့်လိုက်ကြည့်လိုက် ‘န’ငယ်လေးပဲဟေ့”လို့ စတတ်တယ်လို့မေမေက ပြန်ပြောပြဖူးပါတယ်။
ဗိုလ်လက်ျာဟာ ဖေဖေတင်မကပါဘူး။ ရဲဘော်သုံးကျိပ်ဝင် တော်တော်များများကိုရော တော်လှန်ရေးပြန် ရဲဘော်အတော်များများကိုရော၊ အတော်သံယောဇဉ်ထား ဆက်ဆံပါတယ်။ ဆရာကြီးမှိုင်းသခင်အဖွဲ့ကဖြစ်ပေမယ့်လို့ သခင်ဗစိန်၊ သခင်ထွန်းအုပ်အဖွဲ့က ရဲဘော် သုံးကျိပ်တွေကလည်း သူတို့လူကြီးဗိုလ်နေဝင်းထက်ပိုပြီး ဗိုလ်လက်ျာကိုလေးစားပါတယ်။ ပိုအားကိုးတာ တွေ့ရပါတယ်။
သူနောက်ပိုင်း စီးပွားရေးမှာ (ပင်လယ်ငါးလုပ်ငန်း)အောင်မြင်လာတော့ အဲဒီ ရဲဘော်ရဲဘက်တွေကို မမေ့မလျော့ထောက်ပံ့ပါတယ်။ အခါကြီးရက်ကြီးတွေဖြစ်တဲ့ လွတ်လပ်ရေးနေ့တို့ တော်လှန်ရေးနေ့တို့မှာဆိုရင် ထမင်းစားပွဲ သို့မဟုတ် ပျော်ပွဲစားပွဲစတာတွေကို စီစဉ်ပြီး စုစည်းကျင်းပပေးတာတွေရှိပါတယ်။
သူဟာ ဗမာပြည်ရဲ့ ဗိုလ်နေဝင်းစစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တိုက်ခိုက်ရင်း ၁၉၇၈ ခုနှစ်မှာ ရေတိမ်နစ်သွားခဲ့ရပါတယ်။ တိုင်းချစ် ပြည်ချစ်စိတ်ပြင်းထန်ရုံမက မိမိလုပ်ဖော်ကိုင်ဘက်များအပေါ်မှာလည်း တာဝန်ဝတ္တရားမပျက်အောင် အမြဲကြိုးစားလုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်တွေအပေါ်မှာ တနေ့သမိုင်းက ကျေးဇူးတင်ကမ္ဗည်းထိုးခံရမယ့်သူ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုသမိုင်းကြောင်းမှာ ဗိုလ်လက်ျာကို တတ်နိုင်သမျှမှေးမှိန်ထားကြပါတယ်။ ဒါဟာလည်း ဗိုလ်နေဝင်း အာဃာတကြီးကြီးနဲ့လုပ်ကြံမှုရဲ့ အဆက်ပါပဲ။
သူ့အခြေခံစိတ်ဓာတ်ကိုကိုင်စွဲပြီး သူ့မိသားစုကကျန်ရစ်သူနှစ်ဦးဖြစ်တဲ့ သမီးခင်လက်ျာနဲ့ယုလက်ျာက အခုအခါ “ရဲဘော်သုံးကျိပ်ဝင် မိသားစုများ”ဆိုတဲ့အဖွဲ့အစည်းမှာ ကမကထလုပ်ကြပြီး အဲဒီမိသားစုမျိုးဆက်ဝင်များရဲ့ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေကို အတတ်နိုင်ဆုံး ဝိုင်းဝန်းလုပ်ဆောင်နေတယ်လို့ ကြားသိရလို့ သာဓုခေါ်မိပါတယ်။
ဒီလိုပါပဲလေ။ ကျန်ရစ်သူ သားသမီးများက သွားလေသူမိဘတွေရဲ့ မပြည့်ဝသေးတဲ့စိတ်ဆန္ဒတွေ၊ မျှော်မှန်းချက်တွေ၊ အိပ်မက်တွေကို ဆက်အကောင်အထည်ဖော်မှသာ သားသမီးဝတ္တရားကျေပွန်မှာပေါ့။ ဒါဟာလည်း သမိုင်းပေးတာဝန်တရပ်ပါပဲ။
၂ဝ-၈-၂ဝ၁၂
0 comments:
Post a Comment