Saturday, January 3, 2015

လက်ပံတောင်းဒေသခံပြည်သူများ၏ လိုလားချက်သည် အဓိကနှင့်ပထမ ဖြစ်ရမည်(တူမောင်ညို)

0 comments
လက်ပံတောင်းဒေသခံပြည်သူများ၏ လိုလားချက်သည် အဓိကနှင့်ပထမ ဖြစ်ရမည်(တူမောင်ညို)
(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်) 
လက်ပံတောင်းဒေသခံပြည်သူများအပါအဝင် တပြည်လုံးရှိလယ်သမားများက အဓမ္မနည်းမျိုးစုံဖြင့်အသိမ်းပိုက်ခံနေရသော သူတို့ပိုင် လယ်မြေ၊ ယာမြေ၊ ခြံမြေများအတွက် ခုခံတိုက်ပွဲဝင်နေကြသည်မှာ တရားမျှတပြီး မှန်ကန်သောလုပ်ဆောင်ချက်ဖြစ်ပါသည်။
လက်ပံတောင်းဒေသခံပြည်သူများ၏ ရဲရင့်သောအရေးဆိုမှု၊ သွေးမြေကျရမှုများအပေါ် တတိုင်းတပြည်လုံးက၊ ပြည်သူတစ်ရပ်လုံးက သွေးစည်းမှု၊ အားပေးကူညီမှု၊ စာနာထောက်ထားမှုများကို ပုံစံမျိုးစုံဖြင့် ဖော်ပြပါဝင်လုပ်ဆောင်နေကြသည်မှာလည်း အားတက် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။ 
မိုက်မဲသော၊ အမြင်တို၍ အလိုရမ္မက်ကြီးသော (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည် အကြမ်းဖက်မှု၌ သွေးဆာလက်ယဉ်နေသူများပီပီ၊ လက်ပံတောင်းဒေသခံပြည်သူများအပေါ်တွင်သာမက တပြည်လုံးအနှံ့ တောင်ပေါ်မြေပြန့်မကျန် ဖြစ်ပေါ်နေသော ပြည်သူများ၏အရေးဆို လှုပ်ရှားမှုများကို အကြမ်းဖက်ဖိနှိပ်လျက်ရှိသည်။
ယင်းသို့ တပြည်လုံးအနှံဖြစ်ပွားခဲ့/ဖြစ်ပွားဆဲ ဖြစ်ရပ်များနှင့် လက်ပံတောင်းဒေသတွင် လက်တလောဖြစ်ပေါ်နေသောဖြစ်ရပ်က အထင်အရှားဖော်ပြနေသည့်အချက် ၂ ခုရှိပါသည်။ 
၎င်းတို့မှာ 
(၁) အုပ်စိုးသူအစိုးရသည် ပဋိပက္ခတစ်ရပ်ပေါ်ပေါက်လာသောအခါ လက်နက်ဖြင့်အကြမ်းဖက်ခြင်း
(၂) ဒေသခံပြည်သူများ၏အကျိုးစီးပွားကို လျစ်လျူရှုမျက်ကွယ်ပြုပြီး ဦးပိုင်/ဝမ်ပေါင် စသော သက်ဆိုင်ရာခရိုနီများ၊ ကုမ္ပဏီများ၏ အကျိုးစီးပွားကိုသာ ရွပ်ရွပ်ချွံချွံကာကွယ်နေကြသည့် အချက်များပင်ဖြစ်သည်။ 
အဖိနှိပ်ခံ ပြည်သူများသည် သူတို့၏လိုလားချက်များကိုတောင်းဆိုရာတွင် ဘယ်သောအခါမှာမှ အကြမ်းဖက်ခြင်းကိုမပြုခဲ့၊ ငြိမ်းချမ်းစွာ စည်းကမ်းရှိစွာ တောင်းဆိုဆန္ဒပြခဲ့ကြသည်သာဖြစ်သည်။ ပြည်သူများတွင် အကြမ်းဖက်စရာ မည်သည့်လက်နက်မျှမရှိခဲ့၊ အကြမ်းဖက်မှုကို စတင်ပြုလုပ်သူမှာ အုပ်စိုးသူများဘက်ကဖြစ်သည်။ အုပ်စိုးသူများသည် ဖိနှိပ်ရေးလက်နက်မျိုးစုံတပ်ဆင်ထားသော၊ စနစ်တကျ လေ့ကျင့်ထားသော စစ်တပ်၊ရဲတပ်များဖြင့် ပြည်သူများအပေါ် ရက်ရက်စက်စက်အကြမ်းဖက်ကြခြင်းသာဖြစ်သည်။
(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ သည် ၎င်းတို့၏ အကြမ်းဖက်ဖိနှိပ်ရေးလက်နက်ယန္တယားများထဲတွင် စစ်တပ်၊ ရဲတပ်၊ လုံထိန်းတပ်များ၊ နံပတ်ဒုတ်၊ သေနတ်မျိုးစုံ၊ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံး၊ မီးသတ်ပိုက်၊ သံဆူးကြိုးတို့သာမက ဘူဒိုဇာနှင့်အသံချဲ့စက် (လော်စပီကာ)တို့ကိုပါ ထည့်သွင်းထားခဲ့ပြီဖြစ်ပါသည်။ ဤကား မြင်သာထင်သာသော အကြမ်းဖက်လက်နက်ကရိယာများဖြစ်သည်။
အခြားတစ်ဖက်မှလည်း ရုပ်သံလိုင်းများ၊ စာနယ်ဇင်းများ၊ ဆိုရှယ်မီဒီယာများကိုအသုံးချ၍ ပြည်သူများ၏တောင်းဆိုလှုပ်ရှားမှုများကို သေးသိမ်အောင်၊ ဦးတည်ချက်ဝေဝါးပြီး၊ ပြိုကွဲသွားစေရန် ဘာသာရေးလူမျိုးရေး လှုံ့ဆော်ရေးသားမှုစသော နည်းမျိုးစုံဖြင့် မှိုင်းတိုက် လေ့ရှိသည်၊ ဖြိုခွဲလေ့ရှိသည်။ ပြည်သူများအချင်းချင်း သွေးကွဲစေရန်၊ ရန်တိုက် ဘေးတီးပေးလေ့ရှိသည်။ 
“၈၈ အရေးတော်ပုံကြီး” တွင် ကျဆုံးခဲ့ကြရသော ကိုဖုန်းမော်၊ ကိုစိုးနိုင်၊ မဝင်းမော်ဦးအစရှိသော ကျောင်းသားလူငယ်များ၊ ပြည်သူများနှင့် အလွတ်သတင်းထောက်ကိုပါကြီး၊ ယခုနောက်ဆုံး လက်ပံတောင်းတွင်ကျဆုံးရသည့် ဒေါ်ခင်ဝင်းတို့၏လက်ထဲတွင် မည်သည့် အကြမ်းဖက်လက်နက်မျှ မပါရှိပါ။
ဒေါ်ခင်ဝင်း၏ ဦးခေါင်းကိုပစ်ခတ်ခဲ့သောကျည်ဆံသည် (ရာဘာကျည်ဆံ ဟုတ်သည်/မဟုတ်သည်ထက်) မတော်တဆထိမှန်ခြင်းမဟုတ်။ လိုင်ဇာစစ်သင်တန်းကျောင်းကို ၁၀၅ မမဖြင့် ပစ်ခတ်သကဲ့သို့ စနစ်တကျ ချိန်ရွယ်ပစ်ခတ်ခြင်းသာဖြစ်သည်။
ဤကဲ့သို့ ခေတ်မီသေနတ်လက်နက်များတပ်ဆင်ထားပြီး ခြေဆုံးခေါင်းဆုံးအကာအကွယ်များ ဝတ်ဆင်ထားသည့်ရဲများကို ဝါးခမောက် ဆောင်းထားပြီး“လောက်လေးခွနှင့်ဓါးမတို”သာ ကိုင်ထားသည့် ဒေသခံပြည်သူများသည် မည်သို့ ယှဉ်ပြိုင်နိုင်ဖွယ်ရှိပါအံ့နည်း။
အစိုးရပိုင်သတင်းစာများမှနေ၍ လောက်လေးခွနှင့် ပြန်လည်ပစ်ခတ်သောဒေသခံပြည်သူများကို အကြမ်းဖက်သူများဟု ဖော်ပြရေးသား နေသည်မှာ မည်မျှအရှက်ကင်းမဲ့ဖွယ် ဖြစ်ပါသနည်း။ ဓါးမတိုတစ်ချောင်းပင် လက်ထဲမပါခဲ့သော တောင်သူဒေါ်ခင်ဝင်း၏ဦးခေါင်း အား ခေတ်မီသေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်သူအား “သူရဘွဲ့” ပေးအပ်ကြမည်လော။ 
ယခုကဲ့သို့ သွေးမတိတ်နိုင်ပဲ၊ ပြည်သူများ၏ သွေးများချွေးများ အကြိမ်ကြိမ် စွန်းထင်းနေရသည့်လက်ပံတောင်းပြဿနာကို ထိထိရောက်ရောက်နှင့် အမြန်ဆုံးဖြေရှင်းဖို့လိုအပ်ပါသည်။ 
ထိထိရောက်ရောက်ဖြေရှင်းရေးဆိုသည်မှာ လက်ပံတောင်းဒေသခံပြည်သူများ၏ (စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိသော) အကျိုးစီးပွားအတွက် လတ်တလောနှင့် ရေရှည်အာမခံချက်ရှိသည့်ဖြေရှင်းမှုကို ဆိုလိုပါသည်။ ပြဿနာဖြေရှင်းမှု၏ အဓိကဦးတည်ချက်သည် လက်ပံတောင်းဒေသခံပြည်သူများ၏လိုလားချက်နှင့် လုံးဝကိုက်ညီစေရမည်။ 
ယင်းသို့မဟုတ်ဘဲ၊ တစ်နပ်စားဉာဏ်ဖြင့် ဦးပိုင်လီမီတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့၏အကျိုးစီးပွားကိုသာ တစ်ဖက်သတ်ကြည့်နေမည်ဆိုလျှင် ယခုကဲ့သို့ အကြိမ်ကြိမ်ထပ်မံ သွေးစွန်းနေပေလိမ့်ဦးဖြစ်မည်သည်။
ထို့အပြင် စုံစမ်းရေးကော်မရှင်များကိုလည်း ပြည်သူများက အယုံအကြည်မရှိတော့ပါ။ ဖွဲ့စည်းခဲ့သမျှသော စုံစမ်းရေးကော်မရှင်များသည် အုပ်စိုးသူများအကြိုက်သာ စုံစမ်းခဲ့ကြသည့် ဘောင်းတော်ညိတ်စိတ်တော်သိ ကော်မရှင်များသာဖြစ်ပါသည်။ သို့ပါ၍ ဒေသခံပြည်သူများ အကျိုးကို ထိထိရောက်ရောက် ဆောင်ကျဉ်းပေးနိုင်မည့် ဒေသခံပြည်သူများဆန္ဒနဲ့အညီ ရွေးချယ်ဖွဲ့စည်းသည့် “ဒေသခံပြည်သူ့ အကျိုးဆောင်ရေးနှင့်ကာကွယ်ရေးကော်မတီ”တစ်ရပ် ဖွဲ့စည်းရန်လည်း အရေးတကြီးလိုအပ်ပါသည်။
ထိုကော်မတီသည် ဒေသခံပြည်သူများအကျိုးကို ဖော်ဆောင်ရလိမ့်မည်။ ကာကွယ်ရလိမ့်မည်။ ထိခိုက်နစ်နာမှုရှိမရှိ၊ ဒေသခံပြည်သူများ လိုလားသည့် လျှော်ကြေးနှင့်နစ်နာဆုံးရှုံးမှုကြေးများ တိကျမှန်ကန်စွာရရှိခြင်းရှိ/မရှိ လေ့လာစိစစ်နိုင်ရမည်။ လျှော်ကြေးနှင့် နစ်နာဆုံးရှုံးမှု ကြေးများ တရားမျှတခြင်းမရှိသည်ကိုတွေ့ရှိရလျှင် ချက်ချင်းဖော်ထုတ် ပြောကြားတောင်းဆိုပိုင်ခွင့်ရှိသောကော်မတီလည်း ဖြစ်စေရမည်။ ထိုကော်မတီအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာအသင်းအဖွဲ့များက လိုအပ်သော ပညာရပ်ဆိုင်ရာအထောက်အကူများ၊ အသိအမြင်များပေးအပ်ခြင်းဖြင့် အမြဲမပြတ်စောင့်ကြည့်ဝန်းရံ ကူညီပေးသင့်သည်ဟုယူဆပါသည်။ 
လက်ပံတောင်းဒေသည်လည်းကောင်း၊ ဧရာဝတီမြစ်ဆုံသည်လည်းကောင်း မြန်မာပြည်သူလူထုနှင့်ခွဲခွာ၍ မရသောအစိတ်အပိုင်းများ ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး၏ အရေးသည်လည်းကောင်း၊ မြန်မာနိုင်ငံအစိတ်အပိုင်းတစ်ခုချင်းစီ၏ာအရေးသည်လည်းကောင်း မြန်မာပြည်သူတစ်ရပ်လုံးနှင့်သက်ဆိုင်သော အရေးအရာများပင်ဖြစ်သည်။ မြန်မာပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သောအရေးပင်ဖြစ်သည်။
“အညာသားသည် အညာဒေသကိစ္စကိုသာ ပြောရမည်”၊ “တောင်ပေါ်သားသည် တောင်ပေါ်ကိစ္စနှင့်သာသက်ဆိုင်သည်”၊ “မြစ်ဝကျွန်းပေါ် သားသည်လည်း မြစ်ဝကျွန်းပေါ်ကိစ္စများ၌သာ အာရုံစိုက်ရမည်”ဟု ကန့်သတ် စည်းခြား၍ လုံးဝ(လုံးဝ)မရနိုင်ပါ။
တစ်ခုလုံးကိစ္စဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိစ္စဖြစ်စေ၊ ပြည်သူတစ်ရပ်လုံး၏ အရေးအရာဖြစ်စေ၊ ပြည်သူတစ်စိတ်တပိုင်း၏အရေးအရာ ဖြစ်စေ၊ ပြည်သူတိုင်းက အရေးထားစိတ်ဝင်စားနေကြရမည်သာဖြစ်သည်။ အရေးကြီးသည်ဖြစ်စေ/အရေးမကြီးသည်ဖြစ်စေ၊ သွေးနီးပြီး၊ သွေးစည်းနေကြရမည်သာဖြစ်သည်။ 
သို့ပါ၍ လက်ပံတောင်းပဋိပက္ခကို တကယ်တန်းပြေလည်အောင် ဖြေရှင်းမည်ဆိုလျှင် “နိုင်ငံရေးသမား၏ သွေးထိုးမှုပယောဂကြောင့်” ဟူသောအမြင်နှင့်အစွဲကို အုပ်စိုးသူအစိုးရ၊ ဦးပိုင်လီမီတက်နှင့်ဝမ်ပေါင်ကုမ္ပဏီတို့ဘက်မှ ချက်ချင်းစွန့်လွှတ်ရလိမ့်မည်။
ထိုအမြင်နှင့်အစွဲကို လက်ကိုင်ထားနေသမျှ လက်ပံတောင်းပဋိပက္ခသည် မည်သည့်အခါမျှ ဖြေရှင်းလိမ့်မည်မဟုတ်ချေ။
ယင်းအမြင်နှင့်ယင်းအစွဲသည် အကြမ်းဖက်ရေးနှင့် သွေးစွန်းရေးသို့ ထာဝစဉ်ဦးတည်နေသည့်အမြင်လည်းဖြစ်သည်။ အုပ်စိုးသူအစိုးရ၊ ဦးပိုင်လီမီတက်နှင့်ဝမ်ပေါင်ကုမ္ပဏီတို့သည် ထိုအမြင် ထိုအစွဲဖြင့် ပြဿနာကိုချဉ်းကပ်ပြီး မတန်မရာလျှော်ကြေးပေးခြင်း၊ အကြမ်းဖက်ခြင်း စသည့်နည်းလမ်းများဖြင့် လက်ပံတောင်းပဋိပက္ခကို ဖြေရှင်းလျက်ရှိသည်။ 
အရင်းစစ်လိုက်လျှင် လက်ပံတောင်းပဋိပက္ခ၏ဇစ်မြစ်သည် အုပ်စိုးသူအစိုးရ၊ စစ်တပ်ပိုင်ဦးပိုင်လီမီတက်နှင့်ဝမ်ပေါင်ကုမ္ပဏီတို့၏ ကိုယ်ကျိုးစီးပွားကိုသာ တစ်ဖက်သတ်ကြည့်ပြီး ဒေသခံပြည်သူများ၏အကျိုးစီးပွားကို မျက်ကွယ်ပြုခြင်းကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ သို့ပါ၍ လက်ပံတောင်းဒေသခံပြည်သူများ၏ လိုလားချက်အပေါ် အဓိကနှင့်ပထမထားပြီးဖြေရှင်းမည်ဆိုလျှင် လက်ပံတောင်း ပဋိပက္ခသည် မပြေလည်နိုင်စရာအကြောင်းမရှိချေ။

0 comments:

Post a Comment