Monday, January 26, 2015

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးအမှတ်(၃၂)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးအမှတ်(၃၂)               
မေမြို့ (သို့မဟုတ်)ပြင်ဦးလွင်

မေမြို့ဟာ ကျွန်မတို့မိသားစုအတွက် ‘ခိုက်’တယ်လို့ အဘွားများက ဆိုလေ့ရှိပါတယ်။ ပြောလည်းပြောစရာပါပဲ။ ကျွန်မတို့မိသားစု မေမြို့ကို ဖေဖေစစ်မှုထမ်းကာလတလျှောက် သုံးကြိမ်သုံးခါ ပြောင်းဖူးပါတယ်။

(၁) ၁၉၄၆-၄၇။ ကျွန်မ ၆ လသမီးအရွယ်မှာ အင်္ဂလိပ်တွေဖွင့်တဲ့ ‘အထူးဗိုလ်သင်တန်း’ကို ဖေဖေတက်ဖို့ ကျွန်မတို့မိသားစုသုံးဦး (ဖေဖေ၊ မေမေနှင့် ကျွန်မ)ပြောင်းရွှေ့သွားခဲ့တာဟာ ပထမဆုံးအကြိမ်ပါ။ အဲဒီအခေါက်က တနှစ်တောင် မကြာလိုက်ပါဘူး။ ဘာပြဿနာမှလည်း မတက်ခဲ့ပါဘူး။

(၂) ၁၉၄၉။ ဖေဖေမြောက်ပိုင်းတိုင်းမှူးအဖြစ်တာဝန်ထမ်းနေရာက ရန်ကုန်စစ်ရုံးချုပ်က ပြန်ခေါ်ပြီး၊ တောင်ပိုင်းတိုင်းမှူးအဖြစ်ခန့်အပ်ကာ နာမည်ကျော် ‘အင်းစိန်တိုက်ပွဲ’တိုက်ရပါတယ်။ မေမြို့မှာကျန်ခဲ့တဲ့ မေမေနဲ့ဒုတိယသမီးစန်းတို့ ကေအင်ဒီအိုများရဲ့ဖမ်းဆီးခြင်းကို လအချို့ ခံရပါတယ်။

(၃) ၁၉၅၃။ တရုတ်ဖြူတိုက်ဖို့ ဖေဖေမြောက်ပိုင်းတိုင်းမှူးအဖြစ် မေမြို့ကို တတိယနဲ့နောက်ဆုံးအကြိမ် ပြောင်းခဲ့ရပါတယ်။ ၁၉၅၄-၅၅- နှစ်နှစ်ဆက်တိုက် ဘုရင့်နောင်စစ်ဆင်ရေးကြီးနဲ့ ရန်ကြီးအောင်စစ်ဆင်ရေးကြီးများတိုက်ပြီးနောက် ၁၉၅၆ တပ်မှူးကြီးများ ညီလာခံအပြီး ဖေဖေ မင်္ဂလာဒုံမှာ အကျယ်ချုပ်အချခံလိုက်ရပြီး၁၉၅၇ ခုနှစ်မှာတော့ တပ်မတော်ကအငြိမ်းစားပေးခြင်း ခံလိုက်ရပါတယ်။

အဲသလို ဒုက္ခ၊ သုက္ခများနဲ့ ကြုံရလို့ ‘ခိုက်’တယ်လို့ အဘွားများက ပြောဟန်တူပါတယ်။
ကျွန်မကတော့ မေမြို့ဟာ ကျွန်မတို့မိသားစုကို လောကဓံလှိုင်းအတက်အကျ၊ အရိုက်အပုတ်၊ ခပ်ပြင်းပြင်းတွေကိုခံနိုင်အောင် လေ့ကျင့်ပေးလိုက်တဲ့ဒေသအဖြစ် မှတ်ယူထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေလျှမ်းလျှမ်းတောက်တဲ့ကာလ တရုတ်ဖြူတိုက်ထုတ်တဲ့ တိုက်ပွဲတွေ အောင်မြင်ပြီးပြန်အလာ မြို့လုံးကျွတ် ထွက်ကြိုဆိုဂုဏ်ပြုတဲ့ပွဲတွေ ချိမ့်ချိမ့်သဲလုပ်ခဲ့ကြတာကို ကျွန်မတို့ မှတ်မှတ်ရရကြုံခဲ့ရသလို ဖေဖေကို မင်္ဂလာဒုံမှာ အကျယ်ချုပ်နဲ့ဖမ်းထားစဉ်၊ ကောလဟလအမျိုးမျိုးနဲ့ နေ့တထိတ်ထိတ် ညတထိတ်ထိတ်နေခဲ့ရတဲ့ဘဝကိုလည်း ဖြတ်သန်းခဲ့ရလို့ပါပဲ။

၁၉၅၅ ခုနှစ်လယ်လောက်မှာ ဖေဖေရန်ကြီးအောင်တိုက်ပွဲအပြီး မေမြို့ကိုပြန်ရောက်လာပါတယ်။ အောင်ပွဲရပြီးပြန်လာတဲ့ သူရဲကောင်းကြီး အဖြစ် ဖေဖေကြိုဆိုခြင်းခံရတာ ဒါဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၁၉၅၁ ခုနှစ်က ကေအင်ဒီအိုများလက်က တောင်ငူ၊ ဖြူး စတဲ့ မြို့များကိုပြန်သိမ်းပြီး၊ ဘရင်းကယ်ရီယာပေါ်ကရပ်ပြီး မြို့ထဲဝင်လာတဲ့ဖေဖေ့ကို မြို့သူမြို့သားတွေ လမ်းဘေးတဖက်တချက်ကရပ်ပြီးတချို့က လက်ခုပ်တီး၊ တချို့က မျက်ရည်တွေကျပြီး ကြိုဆိုနေတဲ့ပုံတွေ ကျွန်မတို့ ရုပ်ရှင်သတင်းကားတွေထဲမှာတွေ့ဖူးပါတယ်။ အခု မေမြို့က ကြိုဆိုတဲ့ပွဲကတော့ မျက်မြင်ကြုံတွေ့ရတဲ့ပွဲပါ။

အဲဒီနေ့က ဖေဖေက အနီးစခန်းလေယာဉ်ကွင်းကို ရောက်လာပါတယ်။ ရန်ကုန်စစ်ရုံးချုပ်ကို အရင်သွားသတင်းပို့ရဟန်ရှိပါတယ်။ မင်္ဂလာဒုံကမှ တပ်မတော်လေယာဉ်နဲ့ ရောက်လာတာပါ။

မေမြို့ဟာ အလွန်လှတဲ့မြို့ပါ။ အထူးသဖြင့် ချယ်ရီပန်းတွေပွင့်တဲ့ အချိန်ပါ။ ပန်းရင့်ရောင် တပင်လုံးဖုံးသွားအောင်ပွင့်တာပါ။ လေယာဉ်ကွင်း တည်ရှိတဲ့ အနီးစခန်းရွာကလေးဟာ မေမြို့နဲ့ ၁ဝ မိုင်လောက်ဝေးပါတယ်။ မန္တလေး-မေမြို့ကားလမ်းဟာ ၄၂ မိုင်ရှိပြီးတောင်တက်တောင်ဆင်း အကွေ့အကောက်တွေနဲ့ မြွေလိမ်မြွေကောက်သွားရပါတယ်။ ဒါပေမယ့် အနီးစခန်းကစပြီး လမ်းဟာ ဖြောင့်သွားပါတော့တယ်။ လမ်းဘေး တဖက်တချက်မှာ ချယ်ရီပင်တွေတန်းစီစိုက်ထားပါတယ်။ အနီးစခန်းက မေမြို့ကိုတက်လာတဲ့အခါ ချယ်ရီတွေပွင့်တဲ့အချိန်နဲ့တိုးရင် အဲဒီခရီးလမ်းမြင်ကွင်းကို တသက်ပတ်လုံးမေ့နိုင်စရာမရှိတော့ပါဘူး။ အဲသလောက်လှတာပါ။

ဖေဖေ့ကို အနီးစခန်းလေယာဉ်ကွင်းမှာ၊ မြောက်ပိုင်းတိုင်းလက်အောက်ခံတပ်များကရော မေမြို့က မြို့မိမြို့ဖများကရော၊ ဝိုင်းကြိုဆိုကြပြီး မြို့ထဲကို ကားတန်းကြီးနဲ့ခေါ်လာပါတယ်။ အဲဒီကားတန်းကြီးက တမြို့လုံးကို ပတ်ပါတော့တယ်။ ကျောင်းသူကျောင်းသားတွေ၊ ဈေးသ ဈေးသားတွေ၊ ရုံးလုပ်သား စသဖြင့် တမြို့လုံးရှိရှိသမျှလူကုန် ထွက်ကြိုတာပါ။ တပ်စခန်းတွေကလည်း တပ်အိမ်ထောင်သည်တွေ ကလေး ဘုစုခရုနဲ့ အကုန်ထွက်လာကြပါတယ်။ တမြို့လုံး တရုန်းရုန်းနဲ့ပါ။

အဲဒီတုန်းက ကျွန်မတို့ညီအစ်မက မေမြို့မြို့ပတ်လမ်းမှာရှိတဲ့ စိန့်ဂျိုးဇက်ကွန်ဗင့်မှာ ကျောင်းတက်နေတာပါ။ အဲဒီနေ့က ကျွန်မတို့တတွေ မနက်ကတည်းက ကျောင်းရှေ့ကလမ်းမကြီး တဖက်တချက်မှာရပ်ပြီး ဖေဖေတို့ကားတန်းကြီးကို စောင့်နေရပါတယ်။ အကြာကြီးစောင့်ရတာ မှတ်မိနေပါတယ်။ ကျွန်မတို့ရှေ့က ကားတန်းကြီးဖြတ်တော့ ကျွန်မတို့တတွေလက်ခုပ်တွေတီးကြ၊ လက်တွေဝှေ့ယမ်းပြကြ၊ ပါးစပ်ကလည်း ဝူးဝူးဝါးဝါးအော်ကြနဲ့ ကလေးဘာဝ ကျောင်းမတက်ရတာကို ပျော်နေကြပါတယ်။ ဖေဖေနဲ့မေမေကို လည်ပင်းမှာပန်းကုံးကြီးတွေနဲ့ တွေ့လိုက်ရတော့ ကျွန်မက ‘ဟိုမှာမေမေနဲ့ဖေဖေ’လို့ အော်လိုက်မိပါတယ်။ ညီမစန်းက ကွေးနေအောင် ကပါတော့တယ်။ ထို့အတူပဲ အဲဒီ ကျောင်းမှာတက်နေတဲ့ ကျန်စစ်တပ်အရာရှိကြီးများနဲ့ အရပ်ဖက်အရာရှိတွေရဲ့သမီးတွေကလည်း အဲဒီကားတန်းကြီးထဲက သူတို့အဖေတွေ တွေ့ရတဲ့အခါ၊ တယောက်တပေါက် အော်ကြ၊ ကကြနဲ့ ပွက်လောရိုက်နေပါတော့တယ်။ ပျော်လိုက်ကြတဲ့ဖြစ်ခြင်း။

အဲဒီကားတန်းကြီးနဲ့ တမြို့လုံးပတ်ပြီးနောက် မြို့တော်ခန်းမမှာ ‘ဂုဏ်ပြုပွဲ’ကျင်းပပါတယ်။ ညစာထမင်းစားပွဲကြီးလည်း လုပ်ပါသေးတယ်။ မေမြို့ဘောလုံးကွင်းကြီးထဲမှာလည်းပဲ ပွဲဈေးတန်းကြီးနဲ့ ပွဲတွေ၊ ဘာတွေခံတာလည်း မှတ်မိပါတယ်။ အဲဒီနေ့က မေမြို့ မြို့မိမြို့ဖများက ဖေဖေ့ကိုကျေးဇူးတင်တဲ့အနေနဲ့ မြေတကွက်လက်ဆောင်ပေးတာ၊ ဖေဖေက လက်မခံခဲ့ဘူးလို့ မေမေက ပြန်ပြောပြဖူးပါတယ်။

အဲဒီနေ့က အဖြစ်အပျက်ကတော့ အလွန်စွဲလမ်းဖွယ်၊ ရုပ်ရှင်သတင်းကားကြီး ကြည့်ခဲ့ရသလိုပါပဲ။ မေ့ပျောက်လို့မရနိုင်ပဲ ဘယ်တော့ ပြန်စဉ်းစားစဉ်းစား မနေ့တနေ့ကဖြစ်ပျက်ခဲ့သလို အကုန်ကွက်ကွက်ကွင်းကွင်း ပြန်ပေါ်လာတတ်ပါတယ်။

တကြိမ်တခါက ကျွန်မတို့မိသားစုရဲ့ ကြုံတောင့်ကြုံခဲ “ရွှေထီးဆောင်းခဲ့ရတဲ့ ကာလလေး”ပေါ့။
၃-၄-၂ဝ၁၄

0 comments:

Post a Comment