ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးအမှတ် (၃ဝ)
ဦးလေး-ကိုကြီးမြင့်
ဖေဖေ့မှာ ဘီအိုင်အေကာလကတည်းက ရင်းနှီးခင်မင်ခဲ့တဲ့ရဲဘော်ကြီးတယောက်ရှိပါတယ်။ သခင်ကြီးမြင့်တဲ့။ ပဲခူးဘက် ကပါ။ ဘီအိုင်အေ ကာလမှာ ဖေဖေဖွင့်ခဲ့တဲ့ မင်္ဂလာဒုံစစ်သင်တန်းကျောင်းကိုလာတက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာကျောင်းသားတဦးဖြစ်ပြီး နောက် ပုသိမ်ခရိုင်မှာ တာဝန်ခံတပ်မှူးကြီး ဖြစ်လာပါတယ်။ ၁၉၄၂ ဘီအိုင်အေဖျက်ပြီး ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်)အဖြစ် ပြောင်းလဲ ဖွဲ့စည်းတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက လျှို့ဝှက်ညွှန်ကြားချက် တခုပေး ပါတယ်။ အဲဒါကတော့ ဘီအိုင်အေတပ်ကလူတွေအားလုံး ဘီဒီအေ ထဲမဝင်ဘဲ တချို့လူတွေကို အရပ်သားအဖြစ် အပြင်မှာနေရစ်စေပြီး ဂျပန်တော်လှန်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်ဆိုတာဖြစ်ပါတယ်။ လက်နက်များကိုလည်း သိုဝှက်ထားနိုင်သမျှထားဖို့လည်း မှာပါတယ်။ ဒီအကြောင်းတွေကို ဖေဖေက သခင်ကြီးမြင့်ကိုပြောပြတော့ ဒီလိုဆိုရင် သူအပြင်မှာနေခဲ့မယ်ဆိုပြီး တပ်ကထွက်လိုက်ပါတယ်။ သူ့အပြင် တခြားလူတချို့ (ဒလဗိုလ်ထွန်းစိန်၊ သထုံသခင်ဖေညွန့်စသူများ)လည်း ဒီလိုပဲ တပ်ပြင်မှာနေခဲ့ကြပါတယ်။ ဖေဖေကတော့ သူ့ အဲဒီရဲဘော်တစုကို ကရုဏာသက်ဟန်တူပါတယ်။ သူ့စာအုပ်ထဲမှာ ‘သူတို့တတွေ တပ်ပြင်မှာ အရပ်သားအဖြစ်ဆင်းဆင်းရဲရဲနေကြပြီး ဗိုလ်ချုပ်တာဝန်ပေးချက်များကို လျှို့ဝှက်စွာလုပ်ကိုင် နေခဲ့ပါသည်။ တပ်တွင်း ဆက်နေကြလျှင် တပ်မှူးကြီးများဖြစ်လာနိုင်သည့်သူများ ဖြစ်ကြပါသည်’လို့ ရေးထားပါတယ်။
သခင်ကြီးမြင့် (ကျွန်မတို့ မောင်နှမတွေအခေါ် ဦးလေးကိုကြီးမြင့်)ဟာ ကျွန်မတို့ မင်္ဂလာဒုံအိမ်ကြီးကို ၁၉၅၁ ခုမှာ ရောက်လာပါတယ်။ ဖေဖေကိုယ်တိုင် ဗိုလ်ချုပ်နေဝင်းကိုပြောပြီး ထောင်က သွားထုတ်လာတာပါ။ သူက ဂျပန်တော်လှန်ရေးအပြီး၁၉၄၈ ဗမာပြည် ကွန်မြူနစ်ပါတီ နဲ့အတူတောခိုသွားပြီး တိုက်ပွဲတပွဲမှာ ဖမ်းမိပါတယ်။ အဲဒီကနေ ထောင်ကျသွားတာပါ။
ထောင်ထဲကနေ ခါးရိုးတီဘီရောဂါ ရလာပါတယ်။ အဲဒီရောဂါကို ဖေဖေက သူနဲ့ရင်းနှီးတဲ့ဆရာဝန်ကြီးကာနယ် မင်းစိန်နဲ့ပြပြီး ကုသပေး ပါတယ်။ ဦးလေးရဲ့ဇနီး ဒေါ်ဒေါ်မခင်ကြည်နဲ့ သမီးအငယ်ဆွေဆွေဝင်းတို့လည်း ပဲခူးကလိုက်လာပြီး မိသားစုသုံးယောက်ပေါင်း ကျွန်မတို့ မင်္ဂလာဒုံအိမ်မှာပဲ နေကြပါတယ်။ ကလေးအကြီးနှစ်ယောက် (သားတယောက်၊ သမီးတယောက်)ကတော့ ပဲခူးမှာ အဘိုးအဘွားနဲ့ ကျန်ခဲ့ပါတယ်။
ကျွန်မတို့ မင်္ဂလာဒုံအိမ်ကြီးဟာ အလွန်ကြီးပြီး ကျယ်လည်းကျယ်ဝန်းပါတယ်။ အိပ်ခန်းလည်း အကြီးကြီး လေးခန်းလောက်ရှိပါတယ်။ Suite လို့ခေါ်တဲ့ အစုံလိုက်အခန်းကြီးများပါ။ အိပ်ခန်း၊ အဝတ်လဲခန်းနဲ့ ရေချိုးခန်းအိမ်သာတစုံလုံး ပါပါတယ်။ ဦးလေးတို့မိသားစုက အဲသလို အခန်းကြီးတခုမှာ နေပါတယ်။ အခန်းတွေထဲမှာလည်း နံရံကပ်ဘီရိုအကြီးကြီးတွေ ရှိပါတယ်။
အဲဒီဘီရိုကြီးတခုအကြောင်း ပြောပြရဦးမယ်။ ကျွန်မတို့ ကလေးများတသိုက် တနေ့ ဘီရိုကြီးတခု ဖွင့်ဆော့မိပါတယ်။ (တူတူပုန်းတန်း ကစားကြတာပါ။) ဘယ်လိုက ဘယ်လိုဖြစ်ပြီး ဘယ်ခလုတ်နှိပ်မိတယ်မသိပါဘူး။ တခါတည်း ဝေါ-ဝေါဆိုတဲ့အသံကြီးနဲ့ ဘီရိုကြီးရဲ့ ကျောနံရံကြီး ပွင့်ထွက်သွားပါတော့တယ်။ ကျွန်မတို့ကလေးအုပ်လည်း လန့်ဖျတ် အော်ဟစ်ပြေးကြပါတယ်။ နောက်မှ လူကြီးတွေက ကင်းတပ်ကရဲဘော်တွေခေါ်ပြီး စစ်ဆေးကြည့်တော့ အတွင်းမှာ လှေကားနဲ့ မြေအောက်လိုဏ်ခေါင်းတူးထားပြီး အဲဒီလိုဏ်ခေါင်းကို ဆက်လိုက်တဲ့အခါ မင်္ဂလာဒုံလေယာဉ်ကွင်းမှာ သွားပေါက်ပါတယ်။
အင်္ဂလိပ်အရာကြီးများအနေနဲ့ (ဆရာစံအရေးတော်ပုံလည်း ကြုံထားရလို့)ကိုလိုနီနိုင်ငံများမှာနေတဲ့အခါ လုံခြုံရေးအတွက် လိုအပ်တဲ့ အစီအစဉ်တွေလုပ်ထားဟန်ရှိပါတယ်။ အရေးအကြောင်းဖြစ်လာရင် အဲဒီလိုဏ်ခေါင်းများကတဆင့် လေယာဉ်ကွင်းထဲရောက်ပြီး လေယာဉ်နဲ့ပြေးရန် ပြင်ဆင်ထားဟန်ရှိပါတယ်။
ကျွန်မတို့ အဲဒီအိမ်ကြီးရောက်စက အခန်းတွေထဲက လူမရှိဘဲ အသံဗလံတွေကြားရတတ်တယ်။ တစ္ဆေခြောက်သလားမသိဘူးဆိုပြီး ပြောသံဆိုသံတွေ ကြားဖူးပါတယ်။ ကြည့်ရတာတော့ အဲဒီလိုဂိုဏ်ခေါင်းတွေကတဆင့် တောကြောင်တွေဝင်လာတတ်ဟန်တူတယ်လို့ မေမေတို့က ပြောကြပါတယ်။ အဲဒီတုန်းက မင်္ဂလာဒုံက အခုလို မစည်ကားသေးပါဘူး။ တောသာသာပါပဲ။
ကျွန်မတို့ ၁၉၅၃ မေမြို့ပြောင်းရတော့ ဦးလေးတို့မိသားစု ကျွန်မတို့နဲ့မလိုက်တော့ဘဲ ပဲခူးပြန်သွားပါတယ်။ ၁၉၅၇ အောင်မာဃစစ်ဆင်ရေး အပြီး တောထဲကမိလာတဲ့ ဖိုင်တွဲများအရဆိုပြီး ဦးလေးလည်းအဖမ်းခံရ၊ ဖေဖေလည်း တပ်ကထွက်လိုက်ရပါတယ်။
ဦးလေး ထောင်ကလွတ်လာပြီးနောက် ကျွန်မတို့ စမ်းချောင်းအိမ်လေးကို မကြာခဏလာရောက် လည်ပတ်တတ်ပါတယ်။ သူတို့ရဲ့ အငယ်ဆုံး သားလေး (ကျွန်မတို့နဲ့ခွဲသွားပြီးမှ မွေးတာ)လည်း ခေါ်ခေါ်လာတတ်ပါတယ်။ ဖေဖေနဲ့ကျွန်မတို့တတွေ ၁၉၇၆ တောခိုပြီးနောက် မေမေ တယောက်တည်းကျန်နေချိန်မှာ ဦးလေးဟာ အန်ကယ်ဦးအုန်းမြင့်(သခင်အုန်းမြင့်)နဲ့အတူ မကြာခဏ မေမေ့ဆီလာပြီး အားပေးစကား ပြောတတ်တယ်။ ကျန်းမာရေးအခြေအနေ၊ နေရေးထိုင်ရေးအခြေအနေတွေ အမြဲလာမေးမြန်းတတ်တယ်လို့ မေမေကပြန်ပြောပြဖူးပါတယ်။
နောက်ပိုင်းမှာတော့ ဦးလေးဟာ ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးများအစုအဝေးထဲပါဝင်ပြီး သခင်အုန်းမြင့်၊ ဗိုလ်အုန်း မောင်(လေထီး)တို့နဲ့ အတူ အခါကြီးနေ့ကြီးများနဲ့ အထိမ်းအမှတ်ပွဲတွေပြုလုပ်တာ သမိုင်းနောက်ကြောင်းတွေ ပြောဆိုဆွေးနွေးတာတွေလုပ်ကြတယ်လို့ ကြားရ ပါတယ်။ နောင်မျိုးဆက်တွေအတွက် သမိုင်းအချက်အလက်များကို မှတ်တမ်းအဖြစ် ကျန်ရစ်စေဖို့ ကြိုးပမ်းဆောင်ရွက်ဟန်ရှိပါတယ်။
အဲဒီမှတ်တမ်းများထဲက တခုဖြစ်တဲ့ ၁၉၈၆ သြဂုတ်လ ၁၆ ရက်နေ့ ဗိုလ်မှူးဘသစ်အိမ်မှာပြုလုပ်တဲ့ ဗိုလ်မှူးဘသစ်၊ သခင်ကြီးမြင့်၊ သခင်အုန်းမြင့်တို့ရဲ့ ဆွေးနွေးပွဲမှတ်တမ်း ကျွန်မတို့ဆီရောက်လာဖူးပါတယ်။ အဲဒီထဲမှာ ဖတပလနိဒါန်းအစ ပဲခူးဆွေးနွေးပွဲမှာ ဗိုလ်ချုပ် အောင်ဆန်း၊ သခင်စိုးနဲ့သခင်သန်းထွန်းတို့သုံးဦး ပါဝင်ဆွေးနွေးတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီစာတမ်း ကျွန်မတို့ဆီရောက်လာတော့ ၂ဝဝဝ ခုနှစ်လွန်များကျမှပါ။
တကယ်တော့ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဖေဖေက အစောကြီးကတည်းက မှတ်တမ်းရေးထားပြီးသားပါ။ ပထမဆုံးအပြည့်အစုံ ဆောင်းပါးအဖြစ် ၁၉၉၅ ဖက်ဆစ်ဆန့်ကျင်ရေး အနှစ် ၅ဝ ပြည့်အထိမ်းအမှတ်အဖြစ်ထုတ်ဝေတဲ့ ‘ပြည်သူ့အာဏာဂျာနယ်’မှာ ဖော်ပြ ပြီးသားပါ။ ခေါင်းစဉ်က “ဖက်ဆစ်တော်လှန်ရန် (ဖတပလ)အမျိုးသားတပ်ပေါင်းစုအဖွဲ့ချုပ်ကြီး ဖွဲ့စည်းခြင်း”တဲ့။ တခါ ၂ဝဝ၇ ခုမှာ ထုတ်ဝေတဲ့ ဖေဖေကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်မှာလည်း တခါ ထပ်ရေးထားတာတွေရှိပါတယ်။ “ဗမာပြည်ကွန်မြူနစ်ပါတီဝင် ဖြစ်လာခြင်း”နဲ့ “ဖက်ဆစ် ဆန့်ကျင်ရေးနဲ့ ဖတပလနိဒါန်း” ဆိုတဲ့အခန်းနှစ်ခန်းပါ။
ဖေဖေ့ရေးသားချက်များမှာ သခင်စိုးကို သွားရောက်ခေါ်ဆောင်တဲ့ခရီးစဉ်မှာရော၊ ပြန်ပို့တဲ့ခရီးစဉ်မှာရော၊ အားလုံးကို သခင်သန်းထွန်းက အသေးစိတ်စီစဉ်ပေးကြောင်းတွေ ရေးထားတာတွေ တွေ့ရပါတယ်။ ဖေဖေတို့အုပ်စု သခင်စိုးခေါ်ဖို့သွားစဉ်က သင်္ဘောဆိပ်အထိ သခင်သန်းထွန်းက ဆင်းလာတွေ့တဲ့အကြောင်းတွေပါ တွေ့ရပါတယ်။ ဒါပေမယ့် ပဲခူးဖေဖေ့အိမ်မှာပြုလုပ်တဲ့ဆွေးနွေးပွဲမှာတော့ သခင်စိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်ဦးတည်းသာဖြစ်ကြောင်း ပါပါတယ်။
ဒါကြောင့် သခင်ကြီးမြင့်တို့ရဲ့ဆွေးနွေးပွဲမှတ်တမ်း(လက်ရေးမူ)ဆိုတာ ကျွန်မရတော့ ကျွန်မဖေဖေကိုဖတ်ပြပြီး သခင်သန်းထွန်းပါမပါ ထပ်ရှင်းဖို့ ဖေဖေ့ကိုမေးပါတယ်။ ဖေဖေက ဒီလိုပြောပါတယ်။
“သခင်သန်းထွန်း အဲဒီဆွေးနွေးပွဲမှာ မပါပါဘူး။ အဲဒီကာလက သခင်သန်းထွန်းနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ နှစ်ဦးစလုံးက ဂျပန်ခေတ် အစိုးရဝန်ကြီးတွေလေ။ ဂျပန်ရဲ့ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ပြီး ဂျပန်တော်လှန်ရေးကြိတ်လုပ်နေရတာ။ တပြိုင်နက်ထဲ ဝန်ကြီးနှစ်ဦးလုံး ပျောက်သွားလို့ဘယ်ဖြစ်မလဲ။ အလွန်လျှို့ဝှက်လုပ်နေရတာ။ ဒါပေမယ့် ဒီခရီးစဉ်အားလုံးကို အသေးစိတ်စီစဉ်ပေးတာကတော့ သခင်သန်းထွန်းပဲ” တဲ့။
ဒီအကြောင်းကို ကျွန်မအနေနဲ့ နီးစပ်သူများကိုသာ ပြောပြထားခဲ့ပါတယ်။ ဖေဖေအခိုင်အမာရေးခဲ့တာတွေလည်းရှိပြီးဖြစ်လို့ ဘာမှ ရေးကြီး ခွင်ကျယ်လုပ်ပြီး ရှင်းလင်းပြောကြားတာတွေ မလုပ်ခဲ့ပါဘူး။
ဒါပေမယ့် တချို့လူတွေက အဲဒီသခင်ကြီးမြင့်တို့ရဲ့မှတ်တမ်းဆိုတာကိုကိုင်စွဲပြီး ပြောဆိုတာတွေ လုပ်လာပါတယ်။ တခါတခြားလူတွေ ရေးသားတဲ့စာအုပ်များ (ဥပမာ-ကိုကိုမောင်ကြီးရဲ့ ‘တရံရောအခါများ’)မှာလည်း ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုးနဲ့သခင်သန်းထွန်း သုံးဦး ဆွေးနွေးပွဲဆိုတာမျိုး အရေးအသားတွေ တွေ့လာရပါတယ်။ တကယ်တော့ ၁၉၆ဝ-၇ဝ ခုနှစ်များမှာထုတ်ဝေခဲ့တဲ့ သခင်တင်မြရဲ့ ‘ဘုံဘဝမှာဖြင့်’နဲ့ ‘စစ်တိုင်းကြီး ၁ဝ တိုင်း’စာအုပ်များမှာကတည်းက ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း လေးဦး ဆွေးနွေးပွဲလို့တောင် ရေးထားတာတွေရှိပါတယ်။ နောက်ပိုင်းရေးသားသူများက အဲဒါကို ကိုးကားပြီးရေးသားကြတာတွေလည်း ရှိပါတယ်။
၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်မှ ၇ ရက်နေ့အထိ ပဲခူးစံပြတပ်ရင်းအတွင်းက ဖေဖေအိမ်မှာကျင်းပခဲ့တဲ့လျှို့ဝှက်ဆွေးနွေးပွဲမှာ ပါဝင်သူတွေဟာ နှစ်ဦးပဲဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့သခင်စိုးသာဖြစ်ပါတယ်။
ဖေဖေရဲ့ ၁၉၉၅ ခုနှစ်က ရေးခဲ့တဲ့ဆောင်းပါးမှာ-
“သခင်စိုးကို စစ်ယူနီဖောင်းဝတ်နဲ့ ပဲခူးစံပြတပ်ရင်း ကျွန်တော့်အိမ်ကို ကားဖြင့်ခေါ်သွားသည်။ နောက် ဗိုလ်ချုပ်အောင်ဆန်းလည်း ပဲခူးကို ဇနီးဒေါ်ခင်ကြည်ပါကားနဲ့ ခေါ်လာပြီး မြို့တွင်းရပ်ကွက်တခုရှိ အိမ်တအိမ်မှာ မူလစီစဉ်ထားသည့်အတိုင်း လည်ပတ်အနားယူ တည်းခို နေသည့်အနေဖြင့် ရောက်လာသည်။”
“နောက်တနေ့နံနက် ၈ နာရီလောက် ဗိုလ်ချုပ်အောင်ဆန်းက သူ့ကားနဲ့ ကျွန်တော့်အိမ်ကိုရောက်လာပြီး သခင်စိုးနဲ့ ကျွန်တော့်အိမ်ခန်းတွင် သမိုင်းဝင်ဆွေးနွေးပွဲကြီး စတင်ပါတော့သည်။ ညနေ ၄ နာရီလောက်ကျမှ ဗိုလ်ချုပ်က သူ့ကားဖြင့် တည်းခိုအိမ်သို့ ပြန်သည်။ နေ့စဉ် ၃ ရက် လောက် ဒီအတိုင်းဆွေးနွေးကြသည်။”
“ထိုဆွေးနွေးပွဲ လုံခြုံရေးအတွက် အပြင်ကင်းအတွက် မသိမသာ လျှို့ဝှက်စွာယုံကြည်ရသူတချို့နှင့်ကင်းစောင့်ရန် ဗိုလ်အောင်မင်းနှင့် တပ်မှူးတချို့နှင့် စီစဉ်သည်။ ကျွန်တော်အိမ်တွင် ကျွန်တော်တဦးတည်း စောင့်သည်။ နောက်ဆုံးနေ့ ဗိုလ်ရန်အောင်ရောက်လာသဖြင့် ကျွန်တော်တို့နှစ်ယောက်အတူ စောင့်ကြသည်။ စားသောက်ရေးကို ကျွန်တော့်အား ဘီဒီအေတခေတ်လုံး ချက်ပြုတ်စောင့်ရှောက် ကျွေးမွေးပြုစုသည့် ကျွန်တော့်ရဲဘော်လူငယ်ကိုပါ(ကွယ်လွန်)ကို တဦးတည်း ချက်ပြုတ်ကျွေးမွေးစေခဲ့သည်။”
“ဆွေးနွေးပွဲအစ ပထမနေ့အပြီးတွင် ဗိုလ်ချုပ်အောင်ဆန်းရော သခင်စိုးပါ ရွှင်လန်းကျေနပ်နေကြပုံ ထင်ရှားစွာမြင်တွေ့နေရသည်။ သခင်စိုးက ဗိုလ်ချုပ်အပေါ် အားရကျေနပ်နေပုံရသည်။ ဗိုလ်ချုပ်ပြန်သွားပြီးသောအခါ သခင်စိုးက အခြေအနေနည်းနည်းပါးပါး ပြန်ပြောတတ်သည်။ ပြောချက်အရ ဖက်ဆစ်တိုက်ဖျက်ရေးတပ်ပေါင်းစုကြီးဖွဲ့တော့မည်သိရ၍ ကျွန်တော် ဝမ်းသာသွားသည်။”
“ဆွေးနွေးပွဲအတွင်း ပဲခူးတွင် ဒေါ်ခင်ကြည်ကလည်း နို့စားနွားမဝယ်ရန် ဟန်ပြစီစဉ်သေးသည်။ ဆွေးနွေးပြီးနောက် ဗိုလ်ချုပ်တို့ ရန်ကုန်ပြန် ကြပြီဖြစ်သည်။”
“ကျွန်တော်တို့ တာဝန်ပေးထားသော လုံခြုံရေးတာဝန်ခံများလာပြောသည်မှာ ဗိုလ်ချုပ်အောင်ဆန်းပဲခူးလာတာဟာ အိန္ဒိယမှ ကိုသိန်းဖေ လေထီးဖြင့် ပဲခူးအနားဆင်းပြီး ကိုသိန်းဖေနဲ့လာဆွေးနွေးသည်ဟုသံသယရှိကြ၍ ယခုမကြာခင် ပဲခူးမှာဝိုင်းပြီး မြို့တွင်းရှာဖွေတော့မည်။ ယခု မြို့ဝင်မြို့ထွက်ဂိတ်တွေ ဂျပန်ကင်းစပြီးချပြီဟု ဆိုသည်။ ထို့ကြောင့် သခင်စိုးကို ထိုနေ့ နေ့လယ် ချက်ချင်းပင် ရန်ကုန်ပြန်ပို့ရန် အမြန်စီစဉ် ရသည်။ သခင်စိုးမိသွားရင် ဖက်ဆစ်တော်လှန်ရေး ကြီးစွာထိသွားနိုင်သည်။”
“ရန်ကုန်ရောက်ပြီးအောင်မြင်စွာ တာဝန်ပြီးဆုံးကာ တော်လှန်ရေးအတွက်လည်း အားလုံးအဆင်ပြေကြမည်ဖြစ်၍ စိတ်လက်ပေါ့ပါးစွာ ပဲခူးပြန်ရန် ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းထံ သတင်းသွားပို့သည်။ ဗိုလ်ချုပ်က မျက်နှာမကောင်းစွာဖြင့်ပဲ ပဲခူးတွင် ကျွန်တော့်အိမ်မှကိုပါကို ဂျပန်ဖမ်းသွားပြီဟု စိုးရိမ်စွာဖြင့်ပြောသည်။ ကျွန်တော်ကမစိုးရိမ်၊ ဗိုလ်ချုပ်ကို ကိုပါ အကြောင်းပြောပြသည်။”
“ကျွန်တော်နဲ့ ကိုပါသားအဖညီအစ်ကိုကဲ့သို့ချစ်ခင်ပြီး တလျှောက်လုံးပြုစုလာတာ နောက်နိုင်ငံရေး အသိဝင်လာပြီး တော်လှန်ရေးသမားကလေးစိတ် ရှိလာသူဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးလုပ်ရမယ်ဆိုတာ သူလည်း ရိပ်မိသိရှိနေသူဖြစ်ကြောင်း သူဟာ ဗိုလ်ချုပ်တို့ကိုလည်းများစွာ လေးစားသူဖြစ်သည်။ ဘယ်လိုမှ ဖော်ပြောမှာမဟုတ်ကြောင်း ပြောခဲ့သည်။”
“နောက်ကိုပါ လွတ်လာပြီသိရတော့သည်။ ‚if;udk အတော်အတန် ခြောက်လှန့် ညSဉ်းပန်းပြီး ဗိုလ်ချုပ်အိမ်မှာ ဘယ်သူနဲ့ တွေ့သလဲဟု အကြိမ်ကြိမ်မေးရာ olu ဗိုလ်ချုပ် ကျွန်တော်တို့အိမ်လာနားတဲ့အခါ (ဗိုလ်မှူးကျော်ဇော)နှင့်သာနှစ်ဦးတည်း ဆွေးနွေးပြောဆိုကြတာ တွေ့ရကြောင်း သတမတ်တည်းအခိုင်အမာပြော၍ လွှတ်လိုက်သည်။ ကျွန်တော်တို့အားလုံး စိတ်အေးချမ်းသာသွားကြသည်။”
ဒါတွေကတော့ ဖေဖေ ၁၉၉၅ ခုနှစ်က ရေးခဲ့တဲ့ဆောင်းပါးထဲကအချက်အလက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင်၊ ဖေဖေရဲ့ကိုယ်တိုင်ရေး အထုတ္တပ္ပတိစာအုပ်မှာ ရေးထားတာတွေလည်း ရှိပါသေးတယ်။
“ကျွန်တော် ပဲခူးမြို့အိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်သခင်စိုးတို့ တွေ့ဆုံဆွေးနွေးနေမှုကို ကျွန်တော်တို့ကို ထမင်းချက်ပြုတ်ကျွေးမွေးနေသော ကျွန်တော့်ကိုယ်ရံရဲဘော် ကိုပါဟူသော ကုလားကပြားကလေးသာ သိပေသည်။ ထိုကိုပါမှာ အလွန်ပါးနပ်လိမ်မာပြီး ကျွန်တော့်အပေါ် အလွန် သစ္စာရှိသော ရဲဘော်ကလေးဖြစ်သည်။ ကိုပါမှာ သခင်စိုးကိုတော့ ဘယ်သူမှန်းမသိချေ။” (နှာ-၆၉)
“နေ့လယ်ထမင်းစားတော့မှ ဗိုလ်ချုပ်တို့ သခင်စိုးတို့ကို စောစောက ဗိုလ်ရန်အောင်လာတဲ့အကြောင်းနှင့် ကျွန်တော်က ဗိုလ်ချုပ်တို့ သခင်စိုးတို့ဆွေးနွေးနေတဲ့အကြောင်းပြောတော့ သူ ခေတ္တနေပြီးပြန်သွားကြောင်း ပြောရပါသည်။ သခင်စိုးက ဗိုလ်ရန်အောင်ကိုတွေ့ချင်နေပုံ ရသည်။ သို့သော် သခင်စိုးအကြောင်း အထူးလျှို့ဝှက်ရသဖြင့် ဗိုလ်ရန်အောင်နှင့်တွေ့ရန် စီစဉ်မပေးနိုင်တော့ပါ။” (နှာ-၇ဝ)
“ကျွန်တော့်အိမ်တွင် သခင်စိုးရောက်ကတည်းက အရေးပေါ်သုံးရန် လူစီးကားတစီး ဓာတ်ဆီအပြည့်နှင့် အရံသင့်ထားပါသည်။ ကိုကြီးမြင့်နှင့် ကိုထွန်းစိန်တို့နှစ်ယောက်ကိုလည်း သူတို့အိမ်တွင် အမြဲအသင့် စောင့်နေရန်မှာကြားထားရာ ကိုကြီးမြင့်နှင့်ကိုထွန်းစိန်တို့ကို အမြန်လူလွှတ် ခေါ်ခိုင်းပြီး ကျွန်တော်ပါ သုံးယောက်နှင့် သခင်စိုးကိုလိုက်ပို့ရန် ထိုကားဖြင့် ကျွန်တော်တို့ရန်ကုန်ဘက်ကို ချက်ချင်းထွက်ကြပါသည်။” (နှာ-၇၁)
“ကိုပါမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ကိုသာကယ်တင်လိုက်ရုံမက ဖက်ဆစ်တော်လှန်ရေးကြီးကိုပါ လုံးဝမထိခိုက်အောင် ကယ်တင်လိုက်ရာကျသဖြင့် ကိုပါကို ကျွန်တော်တို့ အလွန်ကျေးဇူးတင်ရပါတော့သည်။ ကိုပါကို ကျွန်တော်တို့သာမက တိုင်းပြည်ကပါ ကျေးဇူးတင်သင့်ပေသည်။” (နှာ-၇၂)
ဒါတွေမှာ ဖေဖေရေးထားတာတွေကိုကြည့်ရင် အလွန်လျှို့ဝှက်စွာနဲ့ဘေးအန္တရာယ်အမျိုးမျိုးအကြား ဘယ်လိုလုပ်ဆောင်ခဲ့ကြရသလဲဆိုတာ သိနိုင်ပါတယ်။ ဒီပဲခူးက တွေ့ဆုံမှုဟာ သာမန်တွေ့ဆုံမှုမဟုတ်ပါဘူး။ ဖေဖေရေးပုံကြည့်ရတာ ဘယ်သူမှ ဘာမှရေရေရာရာ သိပုံမရပါဘူး။ ဖေဖေတောင်မှ သခင်စိုးရိပ်ဖမ်းသံဖမ်းပြောသလောက်ကလေးပဲ သိပုံရပါတယ်။ အလွန် လျှို့ဝှက်သိုသိပ်စွာလုပ်ခဲ့ရတာ ရှင်းပါတယ်။
တခါ သခင်တင်မြရဲ့ ‘ဘုံဘဝမှာဖြင့်’မှာရေးထားတာတွေကိုကြည့်ရင် ဒီဂျပန်တော်လှန်ရေးအတွက် ဘယ်လောက် လျှို့ဝှက်ရတယ်။ စကားဖွာတဲ့လူတွေ၊ မြေအောက်စည်းကမ်းမလိုက်နာသူတွေကို သခင်စိုးက ဘယ်လိုအဆက်ဖြတ်ပစ်တယ်ဆိုတာတွေ ပါပါတယ်။ သခင်သန်းထွန်းက ဝန်ကြီးရုံးခန်းမှာထိုင်ပြီး ဂျပန်တွေရှေ့မှာပဲ ဂျပန်တော်လှန်ရေးအတွက် ဘယ်လိုစာစောင်တွေ ဘယ်လိုရေးတယ်။ ဘယ်လိုထုတ်တယ်။ ဘယ်လိုစီစဉ်တယ်ဆိုတာတွေ ပါပါတယ်။
ဒါတွေအားလုံးကို ခြုံကြည့်ရင် ဖေဖေပြောတဲ့ ‘ဂျပန်ခေတ်ဝန်ကြီးနှစ်ဦးစလုံး တပြိုင်နက်ပျောက်သွားလို့ဘယ်ဖြစ်မှာ လဲ’ဆိုတာဟာ ဘယ်လောက်အရေးပါကြောင်း သိနိုင်ပါတယ်။
ဒါကြောင့် ပဲခူးစံပြတပ်ရင်းအတွင်း ဖေဖေအိမ်ခန်းအတွင်း ပြုလုပ်ခဲ့တဲ့‘ဖတပလ’ရဲ့ ကာလလရေကြည် သန္ဓေတည် ပြည်တည်ခန်းဆိုတဲ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့သခင်စိုးတို့နှစ်ယောက်သာပါခဲ့ကြောင်း ထပ်လောင်းရေးသားအပ်ပါတယ်။
ဒါပေမယ့် သမိုင်းကြောင်းအရ ခြုံငုံပြောကြဆိုကြရာမှာတော့ ဖတပလတပ်ပေါင်းစုအဖွဲ့ချုပ်ကြီးကို စတင်ဖွဲ့စည်းရာမှာ
၁။နိုင်ငံရေးအရခေါင်းဆောင်မှုက သခင်စိုး
၂။စစ်ရေးအရခေါင်းဆောင်မှုက ဗိုလ်ချုပ်အောင်ဆန်းနဲ့
၃။နိုင်ငံခြားဆက်သွယ်ရေးက သခင်သန်းထွန်းတို့ခေါင်းဆောင်သုံးဦးက ဦးဆောင်ကာ တာဝန်တွေခွဲဝေပြီး လုပ်ဆောင်တယ်ဆိုတာကတော့ ပိုသင့်တော်မှန်ကန်ပါတယ်။
၂ဝ-၁-၂ဝ၁၄
0 comments:
Post a Comment