ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၃)
ကျနော်တို့ကျောင်းသားများ နယ်ထွက်၍ တရားပွဲများလုပ်ပြီးနောက် ရန်ကုန်ရှိ တချို့ သပိတ်ကောင်းစွာမမှောက်သေးသောကျောင်းများ၏ ကျောင်းဝင်ပေါက်များတွင် သပိတ်မှောက်ကျောင်းသူကျောင်းသားများသွား၍ သပိတ်တားမှုများလုပ်ကြ၏၊ ကျောင်းလာသူတချို့ကိုတားဆီးပြီး သပိတ်မှောက်ရန် ဟောပြောလွှတ်ရသည်။
ကျနော်တို့ကျောင်းမှ ကျောင်းသားသမဂ္ဂဥက္ကဌ ကိုမိုးမှာ သပိတ်စခန်းသို့ မလာတော့သဖြင့် ကျနော်ကပင် ကျနော်တို့ဆရာဖြစ်သင် ကျောင်းကို ခေါင်းဆောင်သွားရပေသည်။
ကျနော်တို့ ထိုသို့သပိတ်တားနေစဉ် ကျောင်းသားလှုပ်ရှားမှုကို တဆင့်တိုးသည့်အနေဖြင့် ကျောင်းသားများ အစာငတ်ခံဆန္ဒပြရန်ဆုံးဖြတ်ပြီး ကြေညာလိုက်သည်။ ထိုကိစ္စမှာ အလွန်ရဲဝံ့စွာဆုံးဖြတ်ကြရခြင်း ဖြစ်သည်။ ထိုသို့ကျောင်းသားများ အစာငတ်ခံဆန္ဒပြမည်ဟု ကြေညာ လိုက်သောအခါ အင်္ဂလိပ်အစိုးရ အတော်ထိတ်လန့်သွားမည်ထင်ရသည်။ မြို့မကျောင်း ကျောင်းသားသပိတ်စခန်းကြီးတွင် အစာငတ်ခံကြ တော့သည်။ အားလုံးတိတ်ဆိတ်သွားတော့သည်။ သို့ရာတွင် ပြည်သူတွေက ကျောင်းသားများ မကျန်းမမာဖြစ်လာမှာကိုစိုးရိမ်ကြပြီး ချက်ချင်းပင် ထိုအစာငတ်ခံဆန္ဒပြမှုကိုဆန့်ကျင်ကြသည်။ အထူးသဖြင့် ရန်ကုန်လူထုနှင့်ကျောင်းသားမိဘတို့က ပို၍ဆန့်ကျင်ကြသည်။ လူထုဆန့်ကျင်မှုကြီးမားလာသဖြင့် အစာငတ်ခံဆန္ဒပြမှုကို နှစ်ရက်ကြာလုပ်ပြီးနောက် ကျောင်းသားခေါင်းဆောင်များက ရပ်စဲလိုက်ရန် ဆုံးဖြတ်ပြီး ထိုအစာငတ်ခံဆန္ဒပြမှုကို ရပ်စဲလိုက်သည်။
ထို့နောက်ကျောင်းသားများသည် နေ့အခါ သပိတ်တားမှုများသွားလုပ်ကြပြီး ညအခါ မြို့မကျောင်းကြီးတွင် စည်းဝေးပွဲနှင့် တရားပွဲများ လုပ်ကြသည်။ အချိန်မှာလည်း မိုးဦးကျစပြုလာပြီဖြစ်သည်။ ထိုအတွင်း အင်္ဂလိပ်အစိုးရက ကျောင်းသားများတောင်းဆိုထားချက်များအပေါ် စေ့စပ်ဆွေးနွးရန် ကျောင်းသားခေါင်းဆောင်များကို စည်းဝေးရန်ဖိတ်ကြားသဖြင့် ကျောင်းသားခေါင်းဆောင်များနှင့် အစိုးရမျက်နှာချင်းဆိုင် အစည်းအဝေးထိုင်ကြရသည်။
ကျောင်းသားများနှင့် အစိုးရစည်းဝေးပွဲကို တနိုင်ငံလုံးအာရုံစိုက်နေကြသည်။ ကျနော်တို့လည်း များစွာအာရုံစိုက်မျှော်လင့်နေကြသည်။ ရက်အချို့ကြာ အကြိတ်အနယ်ဆွေးနွေးကြပြီးနောက် ဆွေးနွေးပွဲပြီးပြီ၊ ကျောင်းသားများကျေနပ်ကြပြီ။ ကျောင်းသားသပိတ်ကြီးလှန်တော့မည် ဟူသောသဘောထားဖြစ်သည့် သတင်းကြေညာချက် ထွက်လာတော့သည်။ ဤအစည်းအဝေးတွင် ကျနော်တို့တောင်းဆိုချက်နှင့် ရရှိချက် အချက်အလက်များကို ကျနော်မမှတ်မိတော့ချေ၊
ထိုသတင်းကြောင့် မြန်မာပြည်ရှိကျောင်းသားများအပါအဝင် ပြည်သူတရပ်လုံးက ကျောင်းသားများစည်းဝေးပွဲတွင် ကျေနပ်ကြပြီ၊ ကျောင်းသားသပိတ်လှုပ်ရှားမှုကြီးအောင်ပွဲရပြီ၊ သပိတ်လှန်တော့မည်ယူဆကြပြီး များစွာပျော်ရွှင်ဝမ်းမြောက်ကြသည်။ နောက်ကျနော်တို့သည် ကျနော်တို့တောင်းဆိုချက်နှင့်ရရှိချက်တို့ကိုသိရှိလာသောအခါ ကျနော်အပါအဝင် အချို့က မကျေမနပ်မှုများ ဖြစ်လာသည်။ နောက်ဆုံးတွင် ရန်ကုန်မြို့ကျောင်းပေါင်းစုံ၏သပိတ်ခေါင်းဆောင်နှင့် မြို့မကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုသန်းတင် ကိုယ်တိုင်ပါ မကျေမနပ်ဖြစ်တော့သည်။
ထိုအခြေအနေတွင် အကြောင်းတခုကို ဖော်ပြရန်ရှိပေသည်။ ၎င်းမှာ အစိုးရက ယခုနှစ်စာမေးပွဲများကို လအချို့ နောက်ရွှေ့ပြီးစစ်ဆေးရန် စီစဉ်သည်။ ယင်းအစီအစဉ်မှာ သပိတ်မှောက်ကျောင်းသားများ စာမေးပွဲဝင်ဖြေနိုင်ရန်အတွက်ဖြစ်သည်။ သပိတ်မှောက် ကျောင်းသား များအတွက် အကျိုးရှိသည်။ ၎င်းကိုကျောင်းသားများက တောင်းဆိုလို့ပေးတာလား သို့မဟုတ်အစိုးရက လက်တွေ့အရလဲဖြစ်ပြီး သပိတ်မှောက်ကျောင်းသားများကို သွေးဆောင်ရည်ရွယ်ပြီးလုပ်သလား ကျနော်မသိတော့ပေ၊
ကျောင်းသားများ သပိတ်လှန်ရေးကိစ္စ နောက်ဆုံးတွင် မြို့မကိုသန်းတင်ခေါင်းဆောင်ပြီး ရန်ကုန်ကျောင်း ၄-၅ ကျောင်းမှ ကျောင်းသားခေါင်း ဆောင်များက သပိတ်မလှန်ဘဲ ဆက်မှောက်ရန်ဆုံးဖြတ်ကြသည်။ အများစုကြီးကတော့ ဆုံးဖြတ်ချက်အတိုင်း သပိတ်လှန်ရန် သဘောတူ ကြသည်။
ထို့နောက် ကျနော်တို့အချင်းချင်း ငြင်းကြခုံကြတော့သည်။
ထိုအတွင်း ကျနော်မှာပင်ပန်းခြင်း။ စိတ်ဓာတ်ထိခိုက်ခြင်းတို့ကြောင့် အဖျားနည်းနည်းဝင်လာပြီး နေမကောင်းဖြစ်လာ၍ အဒေါ့်အိမ်ပြန်ပြီး ဆေးကုနေရသည်။ အိမ်တွင် ၃-၄ ရက်ဆေးကု အနားယူပြီး နည်းနည်းသက်သာလာတာနဲ့ ချက်ချင်းပင် သပိတ်စခန်းရှိရာ မြို့မကျောင်းသို့ ပြန်သွားသည်။
မြို့မကျောင်းသို့ရောက်သောအခါ ကျနော့်မှာ များစွာစိတ်ထိခိုက်ပြီး (အင်အားလဲနည်းနေသဖြင့်) အရုပ်ကြိုးပြတ်မတတ် ဖြစ်သွားတော့သည်။ အကြောင်းမှာ မြို့မကျောင်းမှာ သပိတ်စခန်းမဟုတ်တော့ဘဲ ကျောင်းပြန်ဖွင့်နေပြီး ကျောင်းသားများ ကျောင်းတက်နေကြတာကို တွေ့ရ တော့သည်။ ကျနော်ကြီးစွာ ဝမ်းနည်းပက်လက်ဖြစ်ရသည်။
ထိုမှသိရသည်မှာ ကိုသန်းတင်တို့သပိတ်စခန်းသည် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဗဟန်းစောင်းတန်းရှိ ဇရပ်တဆောင်သို့ ပြောင်းရွှေ့သွားပြီ ဟုသိရသည်။ ကျနော် ထိုနေရာကိုလိုက်သွားပြီး သပိတ်ဆက်မှောက်နေသော ကိုသန်းတင်တို့အဖွဲ့နှင့် ပြန်ပေါင်းဆုံမိတော့သည်။ ကျနော်တို့ အဖွဲ့မှာလည်း လူ ၁၄-၅ ယောက်ခန့်သာ ရှိတော့သည်။
ထိုကျောင်းသားသပိတ်ကြီးအတွင်း ကျနော်မမေ့နိုင်ဘဲမှတ်မိနေသူ သပိတ်မှောက်ဖက်ကျောင်းသားတဦး ရှိပါသည်။ ထိုသူမှာ ရခိုင် အမျိုးသားတဦးဖြစ်သူ မြို့မကျောင်းသား ကိုမြတ်သာအောင်ဆိုသူဖြစ်ပါသည်။ သူက ဘဏ္ဏာရေးမှူးတာဝန်ယူထားသူ ဖြစ်ပါသည်။ အလွန်ရိုးသားဖြောင့်မတ်ပြီး စည်းကမ်းတကျရှိသူမို့ ကျနော်တို့ကျောင်းသားများအဝန်းအဝိုင်းအတွင်းမှာတောင် ဟေ့ ငွေရေးကြေးရေးဆိုရင် ရခိုင်သားဘဲထားကွဟူသောစကားတောင် တွင်ခဲ့ဖူးပါသည်။
ကျနော်တို့ ထိုဗဟန်းဇရပ်သပိတ်စခန်းတွင် ရက်အချို့ကြာပြီးနောက် ကျနော်တို့အခြေအနေကို စဉ်းစားလာကြတော့သည်။ ဗမာတပြည်လုံး ရန်ကုန်မြို့ကစပြီး ကျောင်းတွေပြန်ဖွင့်နေကြပြီ၊ ဘယ်ကျောင်းမှ သပိတ်ဆက်မှောက်ခြင်း မရှိတော့ချေ၊ ကျနော်တို့ လူနည်းစုကလေးမှာ သပိတ်တားလို့လည်းမဖြစ်ဘဲ ဘာမှအလုပ်မရှိသလိုဖြစ်လာသည်။ သပိတ်ဆက်မှောက်နေသော ကျနော်တို့ကို ဗမာပြည်လူထုနှင့် ကျောင်းသားအများစုကြီးကပင် မထောက်ခံတော့တဲ့အခြေအနေဖြစ်နေပြီ ဖြစ်သည်။ ကျနော်တို့ကို မြန်မာသတင်းစာများအနက် “ဆယ်သန်း” ဟုထင်ရသော သတင်းစာတစောင်ကသာ ကျနော်တို့အပေါ် ကြင်နာစွာထောက်ခံရေးသားနေတာ မှတ်မိသည်။ ပြည်သူနှင့်ကျောင်းသားထု၏ ထောက်ခံမှုမရတာအဆိုးဆုံး ဖြစ်သည်။ နောက်သပိတ်ကိစ္စများတွင်လည်း တောင်းဆိုတိုင်းရကြတာမဟုတ်ဆိုတာ စဉ်းစားမိသည်။ ကျနော်တို့တောင်းဆိုချက်တွေ အကုန်မရသော်လည်း ကျနော်တို့ ကျောင်းသားများ၏ ပြီးခဲ့သောလှုပ်ရှားမှုတိုက်ပွဲမှာ ဗမာပြည် ဗြိတိသျှနယ်ချဲ့ အစိုးရအဖို့ ကြီးစွာထိုးနှက်ခံရပြီး များစွာအထိနာသွားပြီဟုလည်း ကျနော်တို့ နားလည်လာကြသည်။
ထို့ကြောင့် ကျနော်တို့တချို့သည် လူထုကလည်းမထောက်ခံ ဘာမှလည်းဆက်လုပ်လို့မရပြီဖြစ်၍ ကျနော်တို့ သပိတ်မှောက်မှုလုပ်ငန်းကို ရပ်တန်းကရပ်သင့်ပြီလားဟု စဉ်းစားမိလာကြသည်။ ကျနော်တို့ထိုစဉ်က များစွာဝမ်းနည်းစိတ်ရှုပ်ထွေးနေကြသည်။
နောက်ဆုံးကျနော်တို့အထဲမှ အများသည် သပိတ်မှောက်မှုကိုအဆုံးသတ်ကြပြီး မိမိတို့အိမ်ကိုပြန်ကြရန် ဆုံးဖြတ်ကြတော့သည်။ နောက်ဆုံး ဗဟန်းဇရပ် သပိတ်စခန်းကိုစွန့်ခွာပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြတော့သည်။
ကျနော်အိမ်ပြန်ရောက်ပြီးနောက် ဦးနှောက်ရှုပ်ထွေးပြီး ဝမ်းနည်းနေမှုများကိုပယ်ချလိုက်ပြီး ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်လိုက်သည်။ မိဘများဘက်ကိုလည်း စဉ်းစားမိသည်။ မိဘများမှာ ချောင်လည်ကြသူများမဟုတ်၊ ကျနော်စာမေးပွဲ တနှစ်မအောင်လျှင် မိဘတွေတနှစ် ငွေပို၍ ကုန်ကျရမည်ကိုလည်း စိုးရိမ်လာသည်။
ထို့ကြောင့်ကျောင်းပြန်တက်ပြီး ကျန်သေးသော ၂ လ။ ၃ လ အတွင်း စာတွေဖိကြိုးစားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးအစိုးရ အထက်တန်း ဆရာဖြစ်စာမေးပွဲကို ကောင်းစွာဖြေဆိုနိုင်ခဲ့သည်။
မကြာခင် ကျောင်းအောင်စာရင်းများထွက်လာသောအခါ ကျနော်တို့သပိတ်မှောက်ကျောင်းသားအများစု ကျနော်အပါဝင် အားလုံးလိုလို အောင်မြင်ကြသည်။ ကျနော်တို့ကျောင်းအုပ်ဆရာကြီးဦးညီပုက နောင်တွင်ကျနော်တို့ကိုပြောတာက သပိတ်မှောက်ကျောင်းသားတွေဟာ ကျောင်းတက်ပျက်ခဲ့သော်လည်း သပိတ်အတွင်းတွင် လူမှုရေးအတွေ့အကြုံသင်ခန်းစာတွေ များစွာရရှိကြပုံရသည်။ ဒါတွေက စာမေးပွဲကို အထောက်အကူပြုဟန်ရှိသည်။ စာမေးပွဲအအောင်များကြသည်ဟု ပြောသည်။
ကျနော်သည် ဆရာဖြစ်စာမေးပွဲဖြေပြီး အောင်စာရင်းအထွက်ကိုစောင့်နေစဉ် ကျနော့်ဘဝကို ပြန်လည်သုံးသပ်မိသည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံအတွင်း ကျနော်တို့ကျောင်းသားများလှုပ်ရှားမှုတိုက်ပွဲက ကျနော်၏ နိုင်ငံရေးအတွေးအခေါ်အယူအဆကို ကြီးစွာတဆင့် တိုးတက်မြှင့်တင်စေခဲ့ပါသည်။ ၎င်းမှာ ယခုအခါမြန်မာ မျိုးချစ်ပြည်ချစ်တို့၏တာဝန်သည် ဗြိတိသျှအင်္ဂလိပ်တို့၏လက်အောက်မှ မြန်မာ့ လွတ်လပ်ရေးကို မုချပြန်ရအောင်တိုက်ယူရမည့်တာဝန်ဖြစ်သည်ဟု ဖြစ်ပါသည်။
မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲကြီး ပါဝင်ဆင်နွှဲရန်ဆိုလျှင် မိမိတို့သည် ဗမာပြည်နိုင်ငံရေးပါတီတခုခုတွင် ပါဝင်ပြီးဆင်နွှဲမှဖြစ်မည်ကို နားလည်လာသည်။ လက်ရှိ ဗမာပြည်နိုင်ငံရေးပါတီများတွင် ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် အားထားစိတ်အချရဆုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီမှာ ထိုစဉ်က“တို့ဗမာအစည်းအရုံးသခင်ပါတီကြီး”သာရှိသည်ဟု ယုံကြည်မိပါသည်။
ထို့ကြောင့် ကျနော်နှင့်သူငယ်ချင်း ကိုကြည်ညွန့်(နောင် ဗိုလ်ကျော်ဆန်း) သူငယ်ချင်းနှစ်ယောက်တို့သည် ရန်ကုန်မြို့ပန်းဆိုးတန်းရှိ တို့ဗမာသခင်အစည်းအရုံးဌာနာချုပ်သို့ သွားကြပြီး တို့ဗမာသခင်အစည်းအရုံးအသင်းသို့ သခင်အသင်းသားအဖြစ် အသင်းဝင်ကြသည်။ ကျနော်တို့သည် အသင်းဝင်ကြေးအဖြစ် တဦးကို ငွေတမတ်စ ပေးဆောင်ခဲ့ရသည်ထင်ပါသည်။ ထိုအချိန်တွင် တို့ဗမာအစည်းအရုံး သခင်ပါတီဌာနချုပ်သို့ ထိပ်တင်ကိုယ်တော်ကြီးဆိုသော ပုဂ္ဂိုလ်ရောက်၍ ဧည့်ခံစကားပြောနေကြသည်ထင်ပါသည်။ ကျနော်တို့ တို့ဗမာအစည်းအရုံးဌာနာချုပ်မှထွက်လာသောအခါ အလွန်စိတ်လက်ပေါ့ပါး ရွှင်လန်းလာကြပါသည်။
0 comments:
Post a Comment