ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)ဆောင်းပါးအမှတ်(၂၅)
ဆိုရှယ်လစ်တပ်မှူးများ
အပိုင်း(၁) ဗိုလ်အောင်ကြီး
ဖေဖေရဲ့ ကိုယ်တိုင်ရေးအထုတ္တပ္ပတိစာအုပ်ကို ဓူဝံစာပေတိုက်က ၂ဝဝ၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ထွက်လာပြီးနောက် စာအုပ်ဝေဖန်ရေးတွေလည်း အတော်ထွက်လာပါတယ်။ ဒီအထဲက လွတ်လပ်တဲ့အာရှအသံ RFA “စာဝိုင်းပေဝိုင်း” စကားဝိုင်းအခန်း (ဒေါ်)မေစာရဲ့ဝေဖန်ချက်တွေထဲက အကြောင်းအရာတခုမှာ “စာရေးသူဟာ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကိုမှပုတ်ခတ်ဝေဖန်ရေးသားခြင်း မပြုခဲ့ဘူး။ မိမိကို ဒုက္ခပေးခဲ့သူများကိုတောင် မရေးမဖြစ် ရေးဖို့လိုအပ်သလောက်သာ ရေးသားထားတယ်”လို့မှတ်ချက်ပြုသွားပါတယ်။
တခါ ၁၉၆ဝ ခုနှစ်များအတွင်း ဖေဖေ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာလှုပ်ရှားနေတုန်းက နယ်ခရီးတခုကအပြန် မီးရထားပေါ်မှာ လူတယောက်က ဖေဖေ့နားချဉ်းကပ်လာပြီး“ဗိုလ်ချုပ်ရယ် ကျွန်တော် စစ်ပြန်ရဲဘော်တဦးပါ။ ဗိုလ်ချုပ်ကို ဗိုလ်ချုပ်အသက်ကယ် ထားတဲ့လူတွေက ပြန်ဒုက္ခပေးတာကို ဗိုလ်ချုပ်က ဒီလိုပဲခံနေတော့မလား။ သူတို့အပေါ် နည်းနည်းမှစိတ်မနာဘူးလား”လို့ လာပြောတဲ့အခါ ဖေဖေက ဘာမှပြန်မပြောဘဲ ရယ်ပဲနေတယ်လို့ aဖဖေနဲ့အတူပါသွားတဲ့ ကျွန်မတို့ အစ်ကိုဝမ်းကွဲတယောက်က ပြန်ပြောပြဖူးပါတယ်။ (အဲဒီသူက ဆိုရှယ်လစ်တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်မောင်မောင် နောင်ဗိုလ်မှူးချုပ်၊ အစ္စရေးသံအမတ်ကြီးကို ရည်ညွှန်းဟန်တူပါတယ်။)
ဖေဖေရဲ့စာအုပ်ထဲမှာ သူတပ်ကထွက်ရတဲ့အပိုင်းမှာ ဗိုလ်အောင်ကြီးအကြောင်းရေးထားရာမှာ စာလေးနှစ်ကြောင်းပဲရှိပါတယ်။
“ဗိုလ်အောင်ကြီးမှာ နိုင်ငံရေးထက် ပုဂ္ဂိုလ်ရေးရာထူးအတွက်ပါ ကျွန်တော့ကို ဆန့်ကျင်မှုအလွန်ပြင်းထန်ပြီးကျွန်တော့်အပေါ် ပုဂ္ဂိုလ်ရေးအရလည်း အလွန်မုန်းတီးပါတယ်။ ကျွန်တော်တပ်တွင်းရှိနေသရွေ့ သူ့အနေနဲ့ ကျွန်တော့်ကိုကျော်ကာ ထိပ်ရောက်ဖို့မဖြစ်နိုင်ပါ”
အဲသလောက်ပဲ ရေးထားပါတယ်။
ကျွန်မတို့ မောင်နှမတတွေကိုလည်း ငယ်စဉ်ကတည်းက “တို့မှာ လူပုဂ္ဂိုလ်အရ ရန်သူတယောက်မှမရှိဘူး။ အားလုံးနဲ့သင့်တင့်အောင် ဆက်ဆံကြ”လို့ သင်ကြားပေးတတ်ပါတယ်။ အထူးသဖြင့် ဖေဖေပင်စင်ယူပြီးကျွန်မတို့မိသားစု စမ်းချောင်းရပ်ကွက်ထဲ ပြောင်းလာပြီးနောက် အရပ်သူအရပ်သားများနဲ့ဆက်ဆံရာမှာ အဆင်ပြေအောင်ဆက်ဆံဖို့ ဖေဖေက အမြဲသွန်သင်လေ့ရှိပါတယ်။
ဒါ ဖေဖေရဲ့ အခြေခံစိတ်ဓာတ်ပါ။ ဒါပေမယ့် ဖေဖေလည်း လူသားပဲလေ။ တခါတရံ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်းက စိတ်အချဉ်ပေါက် လာရင်ပဲဖြစ်ဖြစ် အကြောင်းကိစ္စတိုက်ဆိုင်လာရင်ပဲဖြစ်ဖြစ် (သူ့စိတ်ထဲမှာ အခုအခံဖြစ်နေတဲ့ ဆိုရှယ်လစ်တပ်မှူးတွေနဲ့ပတ်သက်ပြီး) စိတ်လိုက်မာန်ပါပြောဆိုတာတွေ ကျွန်မတို့ရှေ့မှာတော့ ရှိခဲ့ပါတယ်။
ဖေဖေပြောပြခဲ့ဖူးတာတချို့ ကျွန်မပြန်ပြောပြပါမယ်။
“ဟေ့ သူတို့ ဆိုရှယ်လစ်တပ်မှူးတွေ ဘယ်သူများ ကောင်းကောင်းစစ်တိုက်တတ်သလဲ။ ဗိုလ်အောင်ကြီးဆိုလည်း ဒီလောက်ကြီးတဲ့ ရာထူးကြီးသာယူထားတာ၊ တခါမှ စစ်မတိုက်ဖူးဘူး။ ဗိုလ်မောင်မောင်လည်း တပွဲပဲတိုက်ဖူးတယ်။ သူတိုက်တဲ့ပွဲမှာ တပ်လည်းပျက်၊ သူလည်း သုံ့ပန်းဖြစ်တာပဲ”တဲ့။
(မှတ်ချက် ၁၉၄၉ ခုနှစ်က ဗိုလ်မှူးကြီးမောင်မောင် မြောက်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မိတ္ထီလာမှာ ကေအင်ဒီအိုများရဲ့ အဖမ်းခံရပြီး နှစ်နှစ်နီးပါးသုံ့ပန်းအဖြစ် နေခဲ့ရပါတယ်။)
“ဗိုလ်အောင်ကြီးဟာ တပ်ထဲလာပြီး ဆိုရှယ်လစ်ပါတီကိုယ်စားလှယ်ဆိုပြီး ဗိုလ်ကျနေတာပဲ”လို့လည်း ပြောဖူးပါတယ်။
ဒီနေရာမှာတော့ ဖေဖေ့အမြင်နဲ့ဦးကျော်ငြိမ်း (ဖဆပလခေတ် ပြည်ထဲရေးဝန်ကြီးနှင့်ဒုဝန်ကြီးချုပ်)အမြင်က တူနေပါတယ်။ ဦးကျော်ငြိမ်းကလည်း ဗိုလ်အောင်ကြီးဟာ ငါတို့ပါတီထဲလာပြီး တပ်ကိုယ်စားလှယ်ဆိုပြီး ဗိုလ်ကျနေတာပဲ”လို့သူ့သားများကိုပြောဖူးကြောင်း သိရပါတယ်။ (မှတ်ချက်- ဦးကျော်ငြိမ်းပြောတဲ့ ငါတို့ပါတီဆိုတာ ၁၉၄၅ ခုနှစ်က သူတို့တတွေဖွဲ့စည်းခဲ့ကြတဲ့ ပြည်သူ့အရေးတော်ပုံပါတီ၊ နောင် ဆိုရှယ်လစ်ပါတီကို ဆိုလိုတာပါ)
တကယ်တော့ ဗိုလ်အောင်ကြီးဟာ သမိုင်းအရ ခေသူမဟုတ်ပါဘူး။ ၁၃ဝဝ ပြည့် ကျောင်းသားအရေးတော်ပုံကတည်းက သူ့ဇာတိ ပေါင်းတည်မြို့ရဲ့ ကျောင်းသားသမဂ္ဂမှာဦးဆောင်ပါဝင်ခဲ့ပြီး BIA ကာလမှာလည်း ဂျပန်ကအရင်စောပြန်လာခဲ့တဲ့ ဗိုလ်နေဝင်းတို့နဲ့ပေါင်းပြီး မြေအောက်လှုပ်ရှားမှုများမှာပါဝင်ပြီး ဂျပန်တော်လှန်ရေးမှာလည်း တိုင်း (၁)နဲ့တိုင်း(၂)တို့မှာ တာဝန်ကြီးတွေထမ်းဆောင်ခဲ့ဖူးသူပါ။
ဒါပေမယ့် သူဟာလည်း ဗိုလ်နေဝင်းလိုပဲ တကိုယ်ရေ ကီးပွားလိုစိတ် ပြင်းထန်သူပါပဲ။ ဂျပန်ခေတ်မှာ (BIAခေတ်) ဗိုလ်ချုပ်အောင်ဆန်းရဲ့ လှုံ့ဆော်ချက်နဲ့ တပ်မတော်ထဲလှိမ့်ဝင်လာတဲ့ပညာတတ်အုပ်စုကို သူနဲ့ဗိုလ်မောင်မောင် နှစ်ယောက်ပေါင်းပြီး စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။ ‘ဂျပန်တော်လှန်ရေး’ဆိုတာကိုအကြောင်းပြပြီး တပ်တွင်းမှာ ဂိုဏ်းဂဏလှုပ်ရှားမှုတွေလုပ်ခဲ့ပြီး အထူးသဖြင့် ဂျပန်ပြန်ရဲဘော်သုံးကျိပ်ဝင်များ (အဲဒီကာလက တပ်တွင်းရာထူးကြီးများရထားသူများ)ကို ဆန့်ကျင်ခဲ့ကြပါတယ်။ အဲဒီကာလက ထိပ်တန်းရောက်ရဲဘော်သုံးကျိပ်ဝင်တွေဟာ ကွန်မြူနစ်ပါတီနဲ့ နီးစပ်ကြသူများပါတယ်။ ဒါကြောင့်ပဲ သူတို့က အကျင့်စာရိတ္တအရယိုင်နဲ့ပြီး ဘယ်လိုမှ ကွန်မြူနစ်နဲ့မနီးစပ်နိုင်တဲ့ (ရဲဘော် သုံးကျိပ်ဝင်အများစုရဲ့လေးစားမှုလည်းမခံရဘဲ တကောင်ကြွက်ဖြစ်နေတဲ့) ဗိုလ်နေဝင်းကိုဆရာတင်၊ မြေတောင်မြှောက်ပြီးဂိုဏ်းအုပ်စုဖွဲ့ခဲ့ကြ တာပါပဲ။
ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်ကတော့ တပ်ထဲက ဒီလုပ်ဟန်တွေကို သူ့ပုဂ္ဂိုလ်ရေးသြဇာနဲ့ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း ဗိုလ်အောင်ကြီးကိုရော၊ ဗိုလ်မောင်မောင်ကိုရော သူတို့ရဲ့အခြေခံ အားကောင်းချက်များကြောင့် နှစ်ခြိုက်သဘောကျခဲ့ပြီး ဘက်စုံက မွေးမြူပျိုးထောင်ပေးခဲ့ပုံရပါတယ်။ ဒါကြောင့်ပဲ ၁၉၄၇ ခု၊ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲမှာ သခင်အောင်ကြီးအဖြစ် (တပ်မှထွက်ပြီးနိုင်ငံရေးဘက်ပြောင်းစေကာ) ပြည် အရှေ့ပိုင်းအမတ်အဖြစ် ဖဆပလမှ ဝင်ရောက်အရွေးခံခိုင်းလို့ လွှတ်တော်အမတ်ဖြစ်သွားခဲ့ဖူးပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်တို့ကျဆုံးပြီးဖဆပလအဖွဲ့ကြီးလည်း လက်ယာသမားများဖြစ်တဲ့ဆိုရှယ်လစ်ဂိုဏ်းက အုပ်စီးမိသွားချိန်မှာတော့ ဗိုလ်အောင်ကြီးဟာ ဆိုရှယ်လစ်ပါတီကိုယ်စားလှယ်အဖြစ် တပ်ထဲပြန်ရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်သာဖြစ်လာရတယ် တကယ့်နိုင်ငံရေး အင်အားစုအောက်အခြေခံမရှိတဲ့ဦးနုဟာ ဆိုရှယ်လစ်ပါတီအလိုကျလုပ်ဆောင်လာရပြီး ဗိုလ်အောင်ကြီးကို ကာကွယ်ရေးဌာန ပါလီမန် အတွင်းဝန်အဖြစ် စပေးပြီး အဲဒီကမှတဆင့် တပ်ထဲပြန်ရောက်လာရာမှာ ပထမတော့ လဲဗီးတပ် (နောင် စစ်ဝန်ထမ်းတပ်)ဆိုတာရဲ့ တပ်မင်းကြီးအဖြစ် ဗိုလ်မှူးကြီးအဆင့်တိုက်ရိုက်ပေးပြီး ၁၉၅ဝ ခုနှစ်မှာတော့ စစ်ဦးစီးဌာန (စစ်ရုံးချုပ်)ကို ဦးစီးလိုက်နိုင်ပါတော့တယ်။
စစ်ရုံးချုပ် (War Office) ဟာ တပ်တွင်းရာထူးအတက်အကျ အပြောင်းအရွှေ့တွေ၊ နိုင်ငံခြားပညာတော်သင်ခွင့်တွေအားလုံးကို ကိုင်ထားတဲ့ဌာနဖြစ်လေတော့ အခွင့်အရေးလိုချင်သူတွေအားလုံးရဲ့ ဝိုင်းဝန်းအားထားပြီး အားကိုးအားထားရှာရာဌာနကြီး ဖြစ်သွား ပါတော့တယ်။ ပြည်တွင်းစစ်ပြင်းထန်လာချိန်မှာ မသေမပျောက် ရုံးထိုင်လုပ်ငန်းတွေလိုချင်တဲ့ တပ်မတော်အရာရှိများကလည်း သူတို့ကို ကပ်ရ၊ ရှေ့တန်းမှာစစ်တိုက်နေရတဲ့တပ်တွေကလည်း နောက်ပိုင်းက ထောက်ပံ့ရေးပစ္စည်းများ ပြည့်ပြည့်စုံစုံရရှိဖို့၊ လိုအပ်သလောက် ရရှိဖို့ အဲဒီစစ်ရုံးချုပ်ကလူတွေကိုပဲအားကိုးရနဲ့ ဗိုလ်အောင်ကြီးတို့ ဘယ်လောက်သြဇာကြီးခဲ့မယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
ဒီနေရာမှာ ကျွန်မ ဥပမာတခု ပြောပါရစေ။
၁၉၅၄-၅၅ ခုနှစ်များအတွင်း ဖေဖေ တရုတ်ဖြူစစ်ဆင်ရေးများဆင်နွှဲနေစဉ်ကာလ ဖြစ်ရပ်များပါ။ ဖေဖေဟာ အဲဒီတုန်းက ဗိုလ်မှူးချုပ်အဆင့်နဲ့ မြောက်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ ဖေဖေဟာ ရှေ့တန်းမှာပဲနေပြီး စစ်ဆင်ရေးတွေကို တိုက်ရိုက်ကွပ်ကဲနေတာပါ။ အဲဒီကနေ လိုအပ်တဲ့လက်နက်ခဲယမ်းမီးကျောက်၊ စစ်ကူအင်အား၊ အထူးထောက်ပံ့ရေးပစ္စည်း (ဥပမာ- ဆေးဝါး၊ အာဟာရစသဖြင့်) စတဲ့ ပစ္စည်းတွေကို စစ်ရုံးချုပ်ကလာတဲ့စစ်ဦးစီးအရာရှိတွေကို နောက်တန်းပြန်ပြန်ပြီး တင်ပြတောင်းခံရပါတယ်။ အဲဒီတုန်းက ဗိုလ်အောင်ကြီးက စစ်ဦးစီးဌာနတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်နဲ့ပါ။ သူတို့က အန္တရာယ်ကြီးလှတဲ့ ရှေ့တန်းအထိမလာပါဘူး။ ဖေဖေက ရှေ့တန်းကနေ မိုင်းဆတ်လို၊ ကျိုင်းတုံလို လေယာဉ်ကွင်းရှိတဲ့နေရာတွေပြန်ပြီး သူတို့နဲ့ဆွေးနွေး တောင်းဆိုရတာပါ။ ဗိုလ်အောင်ကြီးပဲဦးစီးပြီး လာတတ်ပါတယ်။ အဲဒီကာလက သူတို့က ပြည်တွင်းစစ်တိုက်ဖို့ပဲ (အောင်မာဃစစ်ဆင်ရေးအတွက် ပြင်ဆင်နေချိန်ပါ) အားသန်နေလို့ တရုတ်ဖြူ စစ်မြေပြင်အတွက်လိုအပ်ချက်တွေတောင်းရတာ သိပ်လက်ဝင်တာပဲလို့ ဖေဖေက ပြန်ပြောပြဖူးပါတယ်။ တော်သေးတယ်။ အဲဒီတုန်းက ဖဆပလအစိုးရက လူထုရဲ့ဖိအားကြောင့် တရုတ်ဖြူစစ်ဆင်ရေးတွေကို အားပေးထောက်ခံခဲ့လို့ သက်သာတာလို့ ဖေဖေက ဆက်ပြောခဲ့ ပါတယ်။
အဲဒါသာကြည့်ပါ။ ဗိုလ်အောင်ကြီးတို့ ဘယ်လောက် သြဇာကြီးခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရတက်လာပြီးတဲ့နောက် စစ်တပ်က စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ DSI တို့ BEDC တို့ကိုပါ လုပ်ဆောင်လာတဲ့ အခါမှာတော့ ဘယ်ပြောစရာရှိတော့မလဲ။ ဒီကြားထဲ ဗိုလ်အောင်ကြီးကိုယ်တိုင်ဦးဆောင်ပြီး ဂျပန်စစ်လျော်ကြေးကိစ္စဆွေးနွေးရာမှာ စီမံကိန်းလုပ်ငန်းတွေအများအပြား ရရှိလိုက်တဲ့အခါမှာတော့ ဗိုလ်အောင်ကြီးတို့ သြဇာအတက်ဆုံးကာလလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ အဲဒီဂျပန်ကရတဲ့စီမံကိန်းတွေကို ဗိုလ်အောင်ကြီးက သူ့ညီဖြစ်တဲ့ဦးအောင်လေးတို့၊ သူနဲ့အလွန်ရင်းနှီးတဲ့ (သူ့ရဲ့ Proxy လို့လည်း ဆိုနိုင်တဲ့) ဦးဇော်ညွန့်၊ ဒေါ်ထူး (ထူးကုမ္ပဏီပိုင်ရှင်များ)တို့ကိုခွဲဝေပေးပြီး လုပ်ဆောင်စေခဲ့ပါတယ်။
ဒါကြောင့်ပဲ ၁၉၆၃ ခုနှစ်၊ သူ့ကို အငြိမ်းစားပေးလိုက်ပြီးနောက် ဗိုလ်နေဝင်းက အောင်ကြီးစားထားသမျှတွေကို ငါ့ခြေမနဲ့ပြန်ကော်ထုတ်မယ်လို့ ကြိမ်းဝါးဖူးပါတယ်။ ဗိုလ်နေဝင်းက ဗိုလ်အောင်ကြီးသြဇာကြီးလာမှုဟာ သူ့ထိုင်ခုံလှုပ်လာစေတယ်၊ သူ့ခြေရာတိုင်းလာတာဖြစ်တယ်လို့လည်း ပူပန်လာပုံရပါတယ်။
ဒီနေရာမှာ ဗိုလ်နေဝင်းဟာ သူ့နေရာတစုံတရာခိုင်မာလာရင် သူ့ကို အဲဒီနေရာတင်ပေးခဲ့တဲ့ဘယ်ကျေးဇူးရှင်ကိုမှ ချမ်းသာမပေးဘူးဆိုတာ ဒုတိယအကြိမ်မြောက် တွေ့နိုင်ပါတယ်။ (ပထမအကြိမ်ကတော့ တည်မြဲခေါင်းဆောင်တွေကိုရော၊ တပ်တွင်းကဆိုရှယ်လစ်တပ်မှူးများကိုရော ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြေရှင်းလိုက်တဲ့ကိစ္စပါ။)
ဗိုလ်အောင်ကြီးဟာ ဗိုလ်နေဝင်းကိုပခုံးနဲ့ထမ်းပြီး၊ အဲဒီနေရာတွေရောက်အောင် တင်ပေးခဲ့ပါတယ်။ ဗိုလ်နေဝင်းကိုယ်တိုင်က ဗိုလ်အောင်ကြီး ကို ဖြုတ်ချပြီးနောက် စိတ်မလုံဟန်ရှိပုံရပြီး ဒါကြောင့်ပဲ ဘာကြောင့် ဗိုလ်အောင်ကြီးကိုဖြုတ်ရတဲ့အကြောင်းတွေကို (သူ့မဆလအတွက် အားကိုးအားထားပြုနေရတဲ့) သခင်တင်မြတို့အုပ်စုကိုရှင်းပြတဲ့ အကြောင်းအရာတွေ ယခုတလော ဂျာနယ်တွေမှာ သူတို့ပြန်ရေးတာတွေ တွေ့နေရပါတယ်။ ဗိုလ်နေဝင်းရဲ့ရည်ရွယ်ချက်က (အဲဒီသခင်တင်မြတို့အုပ်စု ပူပန်ကောင်းပူပန်နိုင်တဲ့)သူဟာ ဘုရားပြီးငြမ်းဖျက်တဲ့လူစား မဟုတ်ကြောင်း၊ ဗိုလ်အောင်ကြီးကို သူအကြိမ်ကြိမ်ခွင့်လွှတ်ခဲ့ကြောင်း၊ သိပ်လွန်လာမှ မလွှဲသာမှလုပ်ရတာဖြစ်ကြောင်း စတာတွေကို အဲဒီလူတွေကို သွယ်ဝိုက်စွာရှင်းပြပုံရပါတယ်။
ဖေဖေကတော့ ဗိုလ်အောင်ကြီးဟာ ဗိုလ်နေဝင်းအပေါ် နိုင်တဲ့ဖဲချပ်တွေရှိပုံရတယ်။ ဒါကြောင့် ဗိုလ်နေဝင်းက သည်းညည်းခံနေခဲ့ပြီး၊ နောက်ပိုင်း ဗိုလ်အောင်ကြီး (ဂျပန်စစ်လျော်ကြေးကိစ္စများမှာ) စီးပွားရေးကိစ္စတွေမရှင်းမလင်းဖြစ်လာမှ အပြတ်ရှင်းပုံရတယ်လို့ဆိုပါတယ်။ ဖေဖေကိုယ်တိုင်လည်း ကိုယ်တွေ့ကြုံဖူးတာတခုရှိပါတယ်။ တခါက ဖေဖေတို့တပ်မှူးများညီလာခံကျင်းပနေစဉ် တင်းနစ်ပြိုင်ပွဲတခုလုပ်ဖူး တယ်တဲ့။ အဲဒီနေ့က ဖေဖေက ပြိုင်ပွဲကရှုံးလို့ထွက်ရပြီး အဝတ်လဲတဲ့အခန်း ဝင်လိုက်တဲ့အခါ အဲဒီအခန်းထဲမှာ ဗိုလ်နေဝင်းနဲ့ဗိုလ်အောင်ကြီး တို့နှစ်ယောက် စကားပြောနေကြတာတွေ့ရပြီး ဗိုလ်အောင်ကြီးဟာ ဗိုလ်နေဝင်းထိုင်နေတဲ့ခုံရှည်တန်းလျားပေါ်မှာ ခြေထောက်တဖက် တင်ထားပြီး လက်တဖက်ကလည်း ခါးထောက်ပြီး စကားပြောနေတာတဲ့။ ဖေဖေ့ကိုမြင်မှ ဗိုလ်အောင်ကြီးက ခြေထောက်ချလိုက်ပြီး ခါးကတော့ ဆက်ထောက်မြဲထောက်ထားတယ်တဲ့။ ဖေဖေက သူတွေ့ဖူးတာကိုပြောပြဖူးပါတယ်။
အဲဒီကာလက ဗိုလ်နေဝင်း ကံနိမ့်နေချိန်ပါ။ အိမ်ထောင်ရှိသူ ကစ်တီဘသန်း (ဒေါ်ခင်မေသန်း)ကို ယူလိုက်မှုနဲ့ ဖဆပလ အစိုးရကဖြုတ်ဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ အဲဒီဘဝကနေ လွတ်မြောက်အောင်လုပ်ပေးသူတွေထဲမှာ ဗိုလ်အောင်ကြီးဟာ အခရာ အခန်းကပါခဲ့ပုံရပါတယ်။
ဒါကြောင့် ၂ဝဝ၇ ခုနှစ်က (ဦး)မြတ်ခိုင်နဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဗိုလ်အောင်ကြီးက “ဗိုလ်နေဝင်းနဲ့ကိုယ်က ငယ်ငယ်ကတည်းက သူလည်းစာရေး၊ ကိုယ်လည်းစာရေး၊ အရမ်းခင်တယ်ဆိုတာ ဟုတ်တယ်။ ကိုယ်က ဘယ်တုန်းကမှ သူ့ဆရာမဖြစ်ခဲ့ဘူး။ သူကလည်း ကိုယ့်ကို ဆရာမတင်ခဲ့ဘူး။ သူနဲ့ကိုယ်တို့ အတူတူနေဖူးတယ်လေ”လို့ပြောသွားဟန်တူပါတယ်။(စကားချပ် အဲဒီတွေ့ဆုံမေးမြန်းခန်းတွေမှာပဲ သူက ဖေဖေဟာ အခြေခံနည်းတယ်။ ရည်မှန်းချက်ကြီးတယ်။ ဒါကြောင့် နိုင်ငံကထွက်သွားရတယ်လို့လည်းဆိုထားတာ တွေ့ရပါတယ်။ ဒါ့အပြင် သူ့ဘဝဇာတ်ကြောင်းပြောသွားရာမှာ “အစကတည်းက ကျောင်းသားဘဝကတည်းက ခေါင်းဆောင်ချည်းပဲ တောက်လျှောက်လုပ်လာခဲ့ တာပါ။ ဘယ်တုန်းကမှ နောက်လိုက်မဖြစ်ခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ကိုယ့်ကို လုပ်ဖော်ကိုင်ဖက်လိုပဲ သဘောထားခဲ့တာပါ”လို့ ပြောထားပါတယ်။ ဖေဖေကတော့ ဒါတွေကိုဖတ်ပြီး“တော်သေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ့်တပည့်ပါလို့မပြောတာ”လို့ ဆိုပြီး ရယ်နေခဲ့ဖူးပါတယ်။)
အဲသလိုသာ ပြောနေတာ။ ဗိုလ်နေဝင်းကိုတော့ မပြတ် လှမ်းဖားနေတာပါပဲ။ ၁၉၈၈ ခုနှစ်ဝန်းကျင်းများကထွက်လာတဲ့ သူ့ရဲ့ “ဗိုလ်နေဝင်းသို့ အိတ်ဖွင့်ပေးစာများ”ဟာ တဖက်ကလည်း လူထုအုံကြွမှုကြီးကို ပိုမိုတက်ကြွလာအောင်အကျိုးပြုခဲ့ပေမယ့် တဖက်ကလည်း အခုဖြစ်ရပ်တွေကို ဗိုလ်နေဝင်းကဘာမှမသိရှာဘဲ အောက်ခြေ (ဗိုလ်တင်ဖေတို့အုပ်စုကို ရည်ညွှန်းပုံရပါတယ်)က အရမ်း လျှောက်လုပ်လို့ဖြစ်ရတာလို့ဆိုပြီး ဗိုလ်နေဝင်းအတွက် ရှေ့နေလိုက်ထားပေးတာပါ။ သူ့အ ခြေခံစိတ်ဓာတ် (ဗိုလ်နေဝင်းကို ဆရာတင်မြဲတင်ချင်တဲ့စိတ်ဓာတ်)လည်း ပေါ်ပါတယ်။
၁၉၈၉ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကျွန်မတို့ ပါတီရှိရာ အရှေ့မြောက်စစ်ဒေသပန်ဆန်းကိုရောက်လာတဲ့ မြို့ပေါ်က သပိတ်မှောက် ကျောင်းသားတွေထဲက ကျောင်းသားတယောက်ပြောပြဖူးတာရှိပါတယ်။ “ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ကြီးကိုလည်း ဒီမိုကရေစီဖခင်ကြီး အဖြစ် လေးစားခဲ့ပါတယ်။ ဒါပေမယ့် သူက စစ်တပ်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့လို့ဆိုလိုက်ချိန်မှာတော့ သူဟာ ဒီပုတ်ထဲက ဒီပဲပဲ၊ စစ်အာဏာရှင်စနစ်ကို ကာကွယ်ချင်သူပဲဆိုတာ တခါတည်း သဘောပေါက်သွားပါတယ်”တဲ့။
ဗမာပြည်သူတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုမုန်တိုင်းဟာ ပြင်းထန်ပါတယ်။ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဆိုတာ ရေရှည်ဆင်နွှဲရတဲ့ တိုက်ပွဲပါ။ ပြည်သူလူထုအကျိုးစီးပွားဘက်ကရပ်တည်ပြီး တသမတ်တည်းလုပ်ဆောင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ မော်စီတုန်းပြောဖူးသလိုပဲ။ “ကိစ္စကောင်းတခု လုပ်ဖို့ဆိုတာလွယ်တယ်။ တသက်လုံး လုပ်ဆောင်သွားဖို့ဟာကတော့ ခက်တယ်”ဆိုတဲ့အတိုင်းပါပဲ။
လွတ်လပ်ရေးတိုက်ပွဲများမှာသမိုင်းလှခဲ့တဲ့ ဗိုလ်အောင်ကြီးအနေနဲ့လွတ်လပ်ရေးရပြီးနောက် ကွန်မြူနစ်ဆန့်ကျင်ရေး (တကယ်တော့ ပြည်သူ့အကျိုးဆန့်ကျင်ရေး)ဆိုတဲ့ ကြွေးကြော်သံအောက်မှာ ဗမာ့တပ်မတော်ကို ဗိုလ်နေဝင်းရဲ့တလက်ကိုင် ကြေးစားတပ်ဖြစ်အောင် စစ်ဗျူရိုကရက်စနစ်တရပ် ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ဗိုလ်နေဝင်းရဲ့လက်ရုံး ဘက်တော်သားတဦးဖြစ်ခဲ့ဆိုတာတွေကိုရော၊ ၈ လေးလုံးအပြီးနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဖျက်မြင်းအဖြစ်ပါဝင်ခဲ့တာတွေကိုရော တွေ့ရှိလာနိုင်ပါတယ်။
ဒါကြောင့် ပြည်သူလူထုက ဗိုလ်အောင်ကြီးကို နောက်ပိုင်းမှာ “စမူဆာ ဗိုလ်အောင်ကြီး”လို့နာမည်ပေးလိုက်ပုံရပါတယ်။ ပြည်သူလူထုကတော့ ဘယ်တော့မှ မျက်နှာမလိုက်ပါဘူး။
၂၃-၁၁-၂ဝ၁၁။
0 comments:
Post a Comment