Monday, January 26, 2015

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော) ဆောင်းပါးအမှတ်(၃၁)

0 comments
ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော) ဆောင်းပါးအမှတ်(၃၁)                      
ဖေဖေရဲ့နိုင်ငံခြားခရီးများ

၁၉၄၉-၅ဝ-၅၁ ခုနှစ်များအတွင်း ဗမာပြည်ကြီးအားခြိမ်းခြောက်ခဲ့တဲ့ပြည်တွင်းဆူပူမှုများကို အထူးသဖြင့် ကေအင်ဒီအိုတို့ရဲ့ တော်လှန် ပုန်ကန်မှုများကို ဖေဖေဦးစီးပြီး အတော်ငြိမ်သက်အောင် ဖြေရှင်းလိုက်နိုင်တဲ့အတွက် အဲဒီကာလက ဖေဖေဟာ တိုင်းပြည်မှာ ထင်ရှား ကျော်ကြားလာပါတော့တယ်။

ဒါကြောင့်ပဲ အာဏာရ ဖဆပလအစိုးရထဲက ခေါင်းဆောင်နိုင်ငံရေးသမားများက ဖေဖေကို သူတို့ သြဇာအောက်ရောက်အောင် ကြိုးစားလာ ကြပါတယ်။

ပထမဆုံးကြိုးစားလာသူကတော့ အဲဒီကာလဝန်ကြီးချုပ်ဦးနုပါ။ ဦးနုဟာ ကျောင်းသားခေါင်းဆောင်ဘဝက တိုးတက်သူ တဦးပါ။ လက်ဝဲ စာပေတွေဘာတွေတောင် ဘာသာပြန်ထုတ်ဝေတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရှေ့မှာ ဗြိတိသျှနယ်ချဲ့သမားက ဗိုလ်ချုပ်အောင်ဆန်းကို ရက်ရက်စက်စက်သတ်ပြထားလို့ရော၊ သူကိုယ်တိုင်ရဲ့ အခြေခံရပ်တည်မှုမခိုင်မာတာကြောင့်ရော၊ အင်္ဂလိပ်က သူ့ကို ဝန်ကြီးချုပ်ရာထူး ထိုးအပ်တဲ့အခါ၊ လက်ယာအချောင်သမားကြီး ဖြစ်သွားပါတော့တယ်။ နဂါးနီစာအုပ်တိုက်ကထုတ်တဲ့ ‘ဘုံဝါဒ’ကို ဘာသာပြန်ထားသူဖြစ်လို့ ဦးနုခေါ် သခင်နုကို တချို့အင်္ဂလိပ်တွေက ကွန်မြူနစ်လို့ထင်နေကြလို့၊ ဒါကို ရှင်းစေလိုတဲ့ဦးနုအနေနဲ့ ဘာသာတရားဘက် (လောကီ၊ လောကုတ္တရာနှစ်ပိုင်းလုံး)အရမ်းကိုင်းရှိုင်း ပြလာနေရပါတယ်။

ဦးနုက ဖေဖေကို သူမြစ်ဝကျွန်းပေါ်အရပ်များကို သင်္ဘောာနဲ့စည်းရုံးရေးထွက်ရာမှာ ခေါ်သွားပါတော့တယ်။ အဲဒီသင်္ဘောပေါ်မှာ နက္ခတ် ဆရာတွေရော၊ ဗေဒင်ဆရာရောပါပြီး တရုန်းရုန်းနဲ့ သွားလေရာမှာ အချိန်ဇယားကအစ အဲဒီဆရာတွေရဲ့ညွှန်ကြားချက်အတိုင်းလုပ်နေတာ၊ တိုင်းရေးပြည်ရေးကိစ္စများထက် ဘုရားရှိခိုးတဲ့၊ ပုတီးစိပ်တဲ့အချိန်တွေကများနေတာ၊ တချို့အရေးကြီးကိစ္စများကို သူဘုရားရှိခိုးပြီးတဲ့ အချိန်အထိစောင့်နေရတာ စတဲ့ တိုင်းပြည်ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်မဆန်တဲ့လုပ်ရပ်တွေကို ဖေဖေကတွေ့မြင်ပြီး စိတ်ပျက် စိတ်ကုန်ဖြစ်လာနေပါတယ်။ ဒါကြောင့်ပဲ ဖေဖေက ဦးနုကို ခပ်တန်းတန်း ခပ်ခွာခွာပဲဆက်ဆံခဲ့ပါတယ်။

ဖေဖေက သူ့အထုတ္တပ္ပတိစာအုပ်မှာ “ဦးနုက ဤခရီးတွင် ကျွန်တော့်ကိုခေါ်သွားခြင်းမှာ သူဘက်သားအဖြစ်သိမ်းသွင်းရန် ရည်ရွယ်ပုံရသည်။ သို့သော် ဤခရီးကပြန်လာပြီးနောက် ကျွန်တော်နှင့်ဦးနု ဆက်ဆံရေးမှာ အတော်ပင် တန်းသွားပါတော့သည်”တဲ့။

အဲဒီအချိန်မှာပဲ ဖဆပလအစိုးရထဲ သြဇာထက်နေတဲ့ ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းက ဖေဖေကို သူအနောက်နိုင်ငံတွေခရီးထွက်ရာမှာ ခေါ်သွားပါတော့တယ်။ အဲဒီခရီးစဉ်တွေအကြောင်း ဖေဖေက သူ့စာအုပ်ထဲမှာအကျယ်တဝင့် ရေးပြီးပါပြီ။

ဖေဖေက အဲဒီကာလမှာ အတွေးအခေါ်ရှုပ်ထွေးမှုတွေ ဖြစ်နေပါတယ်။ ဖေဖေက ကရင်အမျိုးသားများရဲ့ပုန်ကန်မှုကို နယ်ချဲ့အင်္ဂလိပ်ရဲ့ ပယောဂအဖြစ်ကြည့်မြင်ပြီး နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ အဲဒီပုန်ကန်မှုတွေကို တိုက်ခိုက်နှိမ်နင်းခဲ့တာပါ။ ဖေဖေတို့ အဲသလို တိုက်နေ တုန်းမှာပဲ ဗိုလ်နေဝင်းက အင်္ဂလန်နဲ့အမေရိကန်ကိုလည်းကောင်း၊ ဦးနုက အိန္ဒိယကိုလည်းကောင်း၊ ခရီးထွက်ကြပြီး သူတို့နှစ်ယောက် ပြန်လာတော့ အဲဒီနိုင်ငံတွေက စစ်လက်နက်ပစ္စည်းအကူအညီတွေ တပုံတပင်ကြီးရလာခဲ့ပါတယ်။ အဲဒီလက်နက်တွေကြောင့်ပဲ ပြည်တွင်းစစ် အရှိန်ဟာ များစွာလျော့ကျသွားပြီး ဖဆပလအစိုးရအတွက် အသက်ရှူချောင်သွားပါတော့တယ်။ လက်နက်ပစ္စည်းသာမက ချေးငွေတွေလည်း အမြောက်အမြား ရရှိလာခဲ့ကြပါတယ်။ အဲဒီမှာတင် ဖေဖေက အင်္ဂလိပ်တွေရဲ့ရည်ရွယ်ချက်ကို သဘောပေါက်သွားပါတော့တယ်။ သူက သူ့စာအုပ်ထဲမှာ ဒီလိုရေးထားပါတယ်။

“လက်တွေ့တွင်မူ အင်္ဂလိပ်တို့သည် ဗမာပြည်တွင် ကြီးစိုးလွှမ်းမိုးရန် လက်တွေ့လည်းတကယ်ဖြစ်နိုင်သော မြန်မာလူမျိုးကြီးထဲမှ သူတို့ကို မဆန့်ကျင်သော၊ အင်္ဂလိပ်ဘက်သားဖြစ်နိုင်သော၊ ဗမာပြည်ခေတ်သစ်နိုင်ငံရေးတွင်လည်း အတော်အတန်ပါဝင်ခဲ့ပြီး၊ ပြည်သူအကြားတွင် လည်း သြဇာအသင့်အတင့်ရှိသူ၊ မြန်မာအလိုတော်ရိများကိုသာ ပိုအလိုရှိပြီး၊ ထိုလူမျိုးများကိုသာ အင်္ဂလိပ်တို့က ကူညီလာကြလိမ့်မည်ဟု ကျွန်တော်သိမြင်လာပါသည်။ ကရင်ပုန်ကန်မှုကို အင်္ဂလိပ်တို့ကအားပေးခဲ့သည်မှာလည်း ကရင်များအာဏာရလာရေးအတွက်မဟုတ်ဘဲ လက်ရှိဗမာအစိုးရအကျပ်အတည်းဆိုက်ပြီး၊ အင်္ဂလိပ်များထံ ရိုကျိုးအောက်ကျို့ဆက်ဆံလာရန်သာအဓိကဖြစ်သည်ကို ကျွန်တော် နားလည် လာပါသည်”တဲ့။

ဒါကြောင့်ပဲ ဖေဖေက နယ်ချဲ့အင်္ဂလိပ်တို့ရဲ့အလိုတော်ရိ ဖဆပလအစိုးရလက်အောက်မှာ ဆက်နေလိုစိတ်မရှိတော့ဘဲ သူ့နောင်ရေးကို တိုင်ပင်ဖို့အတွက် ဘီအိုင်အေ၊ ဘီဒီအေခေတ်တလျှောက် သူ့တိုက်ဖော်တိုက်ဖက်ရဲဘော်ကြီးဖြစ်ခဲ့သူ သခင်ကြီးမြင့်ကို ထောင်ကလွတ်အောင် လုပ်ပြီး၊ အဲဒီသခင်ကြီးမြင့်ကတဆင့် ဖေဖေက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြန်အဆက်ရခဲ့ပါတယ်။

အဲဒီအချိန်မှာ ဦးကျော်ငြိမ်းက ဖေဖေ့ကို အနောက်နိုင်ငံများကို ခေါ်သွားတာပါ။ ဦးကျော်ငြိမ်းက ဖေဖေ့ကို ကွန်မြူနစ်မှန်းသိပါတယ်။ ဒါပေမယ့် ၁၉၄၈ ပါတီနောက်လိုက်မသွားဘဲ တပ်ထဲဆက်နေပြီး တပ်ထဲမှာလည်း ရွပ်ရွပ်ချွံချွံ တာဝန်တွေဆက်ထမ်းဆောင်နေလို့ ဖေဖေ့ အခြေခံစိတ်ကို သိပ်အကဲခတ်မရဖြစ်နေဟန်ရှိပါတယ်။ ဒါကြောင့် အဲဒီခရီးစဉ်မှာ အရင်းရှင်ဒီမိုကရေစီအောက်မှာ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောချမ်းသာနေတဲ့ အရင်းရှင်နိုင်ငံကြီး၊ နိုင်ငံငယ်အတော်များများကို လှည့်လည်ကြည့်ရှုခဲ့ရပါတယ်။ ကွန်မြူနစ်စနစ်မှမဟုတ်ဘဲ အရင်းရှင်ဒီမိုကရေစီအောက်မှာလည်း နိုင်ငံတွေ၊ ပြည်သူတွေ၊ ချမ်းသာပျော်ရွှင်နိုင်တယ်ဆိုတာကို ပြသတာပါ။

ဒါပေမယ့် ဖေဖေက ပြတ်သားပြီးဖြစ်နေပုံရပါတယ်။ ဒီခရီးများအတွင်း သူ့အတွက်အကျိုးရှိရာရှိကြောင်းတွေကိုလည်း ရှာကြံလေ့လာပါတယ်။ ဥပမာ- လန်ဒန်ပြတိုက်ကြီးမှာ တပတ်လောက် (တခြားသူများနဲ့ လှည့်လည်ကြည့်ရှုတာတွေ နောက်မလိုက်ဘဲ) မိုးလင်းမှ မိုးချုပ်တနေကုန် ပေါင်မုန့်အသားညှပ်ထည့်ယူသွားပြီး အဲဒါပဲစားပြီး၊ ဗမာပြည်အကြောင်း ရေးသားထားချက်တွေ၊ ကမ္ဘာ့စစ်ပွဲကြီးများအကြောင်း၊ ကမ္ဘာ့ စစ်သူကြီးများနဲ့ နိုင်ငံရေးသုခမိန်များအကြောင်း စတဲ့ အဖိုးတန်လှတဲ့ဗဟုသုတတွေကို သွားရောက်လေ့လာဆည်းပူးခဲ့ပါတယ်။

ဦးကျော်ငြိမ်းက ဖေဖေကို ယူဂိုစလပ်ကိုလည်းခေါ်သွားပြီး ဖေဖေကိုယ်တိုင် အင်မတန်လေးစားခဲ့တဲ့ ယူဂိုစလပ်ရဲ့သူရဲကောင်းမာရှယ်တီးတိုးနဲ့ တွေ့ပေးခဲ့ပါတယ်။ တီးတိုးဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျာမန်တွေကို ပြောက်ကျားစစ် ဆင်နွှဲပြီး သူ့နိုင်ငံကို လွတ်မြောက်စေနိုင် ခဲ့သူပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆိုဗီယက်ဆန့်ကျင်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေးသမားကြီးအဖြစ် ကျော်ကြားလာခဲ့သူပါ။ ဒါကြောင့် ဖေဖေက ယူဂိုစလပ်ကိုရော၊ မာရှယ်တီးတိုးကိုရော၊ အပြည့်အဝ မထောက်ခံနိုင်ဖြစ်နေပါတယ်။ ဒီတင် ဖေဖေရဲ့အခြေခံစိတ်ဓာတ်ကို ဦးကျော်ငြိမ်းက ရိပ်မိသိရှိသွားပါတော့တယ်။

ဒီအကြောင်းတွေကို ဖေဖေက သူ့ရဲ့စာအုပ်မှာရေးထားတာကို တွေ့ရှိဖတ်ရှုရတဲ့ ယခုခေတ် လူငယ်တချို့က အဲဒီတုန်းက ဘဘက ဦးကျော်ငြိမ်း ပါတီထဲဟန်ဆောင်ဝင်လို့ရတာပဲ။ အဲသလိုဆိုရင် ဗိုလ်နေဝင်း စစ်အာဏာရှင်စနစ်ထောင်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုမှုတွေရှိလာပါတယ်။ ဖေဖေကတော့ သြော် အဲဒီခေတ်ဆိုရှယ်လစ်တွေကို တပ်ထဲမှာရော၊ တပ်ပြင်မှာပါ လူတွေ ဘယ်လောက်မုန်းတယ်ဆိုတာ သိမှမသိကြပဲကိုး လို့ မှတ်ချက်ချပြောဆိုခဲ့ပါတယ်။

ဖေဖေက ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေမယ့်၊ ဖေဖေဟန်မဆောင်နိုင်တဲ့ တခြားအကြောင်းခြင်းရာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဥပမာအားဖြင့် အဲဒီခေတ်ကာလက ဖေဖေတို့နဲ့ ပြင်သစ်မှာတွေ့ခဲ့တယ်ဆိုတဲ့ ကိုကိုမောင် (ယခုကိုကိုမောင်ကြီး)ရေးသားပြီး‘မြဝတီမဂ္ဂဇင်း’ မှာ လစဉ်ဆက်တိုက်ဖော်ပြခဲ့ဖူးတဲ့ ‘ပါရီတွင် သောင်တင်ခဲ့စဉ်က’ ဆောင်းပါးများပဲဖတ်ကြည့်ပါ။

ဖေဖေ အဲသလို ခရီးထွက်နေစဉ်မှာပဲ ဦးလေးကိုကြီးမြင့်နဲ့အတူဖမ်းမိတဲ့ဗိုလ်အေးဖေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စစ်ခုံရုံးက သေဒဏ်ပေး ခဲ့ပါတယ်။ ဗိုလ်အေးဖေကိုသေဒဏ်ပေးဖို့ ထောင်ထဲကထုတ်လာပြီး မျက်လုံးကို အဝတ်စနဲ့ပိတ်စည်းဖို့လုပ်တော့၊ ဗိုလ်အေးဖေက “မလို ပါဘူးဗျာ၊ မစည်းပါနဲ့ ခင်ဗျားတို့လုပ်ချင်သလို လုပ်ကြပါ”လို့ပြောတယ်လို့ ကြားရကြောင်း မေမေက ပြန်ပြောပြဖူးပါတယ်။ (မှတ်ချက်။ အဲဒီဗိုလ်အေးဖေအကြောင်းကို ကိုကိုမောင်ကြီးရဲ့ ‘တရံရောအခါများ’စာအုပ်မှာ ရေးသားထားချက်များကို ဖတ်ရပါတယ်။ ဂျပန်တော်လှန်ရေး အတွက် သူတို့တတွေ ဘယ်လောက် စွန့်စွန့်စားစားလုပ်ကိုင်ခဲ့ကြတယ်ဆိုတာကို မှတ်တမ်းတင်ပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။)

ဖေဖေက ဒီကိစ္စကို နိုင်ငံခြားကပြန်လာမှ သိရတာပါ။ ဒါတွေကြောင့်ပဲ ဦးလေးကိုကြီးမြင့်က အပြင်အရပ်ထဲမှာမနေရဲဘဲ၊ ကျွန်မတို့နဲ့အတူ မင်္ဂလာဒုံမှာ လာနေတာပါ။ ဖေဖေကဒါတွေမြင်ရလေ ဒီအစိုးရကို စိတ်ပျက်လေဖြစ်ပြီး ပါတီနဲ့ ပြန်ဆက်ခဲ့ဟန်တူပါတယ်။
ဖေဖေရဲ့ ပြန်လည်ဆက်သွယ်မှုကို ပါတီကလက်ခံခဲ့ပေမယ့် ဥက္ကဋ္ဌသခင်သန်းထွန်းက ဖေဖေ့ကို တပ်ထဲမှာပဲဆက်နေဖို့ ညွှန်ကြားခဲ့ပါတယ်။ သခင်သန်းထွန်းကိုယ်တိုင်လည်း ဂျပန်ခေတ်ဝန်ကြီးဘဝ တာဝန်ထမ်းဆောင်နေချိန်တုန်းကလည်း ဂျပန်တော်လှန်ရေးလုပ်ငန်းတွေကို မြေအောက်လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံရှိလေတော့ ဖေဖေ့ကိုလည်း မြေအောက်ဘဝအနေနဲ့ ဆက်နေခိုင်းဟန်တူပါတယ်။

ဖေဖေက ဗိုလ်အေးဖေကို မကယ်လိုက်နိုင်တာကို အတော်စိတ်မကောင်းဖြစ်တယ်လို့ မေမေကပြောပြဖူးပါတယ်။ တကယ်တော့ ကွန်မြူနစ် ပါတီကပဲဖြစ်ဖြစ်၊ ပြည်သူ့ရဲဘော်အဖွဲ့ကပဲဖြစ်ဖြစ်၊ တခြားလူမျိုးစု အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ တိုက်ပွဲတွင်းဖမ်းဆီးမိသူများအားလုံးကို တောတွင်းမှာပဲ စစ်တပ်က အပြတ်ရှင်းပစ်တာများပါတယ်။ ဖေဖေက ကိုယ်နဲ့တချိန်တခါက (ဥပမာ- ဂျပန်တော်လှန်ရေးအတွင်း) အတူယှဉ်တွဲပြီး တိုက်ဖော်တိုက်ဖက်၊ သေဖော်သေဖက်ဖြစ်ခဲ့သူများကို အခုလို ရက်ရက်စက်စက် သွေးအေးအေးနဲ့သတ်ပစ်နေတာကို စက်ဆုတ်ဟန်လည်းရှိပါတယ်။

တကယ်တော့ ဗမာ့တပ်မတော်ကို စတင်ထူထောင်စဉ်ကတည်းက ဂိုဏ်းနှစ်ဂိုဏ်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂိုဏ်းနဲ့ သခင်ထွန်းအုပ်၊ သခင်ဗစိန်ဂိုဏ်း)ကလူတွေနဲ့ ဖွဲ့စည်းခဲ့တာပါ။ တပ်မတော်တွင်းမှာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဂိုဏ်းပေါင်းစုံကလူတွေပါဝင်ပြီး၊ တိုင်းပြည်ကာကွယ်ရေးအတွက်ပဲ တာဝန်ထမ်းဆောင်ခဲ့ကြရင်၊ ပြည်တွင်းစစ်လည်း မပေါ်ပေါက်နိုင်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုးအခြေအနေကို ဗြိတိသျှနယ်ချဲ့သမားများက မမြင်လိုပါဘူး။ ဗမာပြည်ကို မလွှဲမရှောင်သာလို့သာ နိုင်ငံရေးအရလွတ်လပ်ခွင့်ပေးလိုက်ရပေမယ့် စီးပွားရေး အရတော့ ဆက်လက်ကြိုးကိုင်နိုင်ဖို့ကြိုးစားကြပါတယ်။ နယ်ချဲ့တွေရဲ့ထောင်ချောက်ကို အတွေ့အကြုံနုနယ်လှတဲ့ဗမာ့နိုင်ငံရေးသမားများက မမြင်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ ဗမာပြည်ကြီး ပြည်တွင်းစစ်ထောင်ချောက်ထဲကျပြီး ဒါရဲ့အကျိုးဆက်အဖြစ် စစ်အာဏာရှင်စနစ် ပေါ်ပေါက် လာခဲ့တာပါ။

နောက်ပိုင်းမှာ ဖေဖေ့ကို တပ်ထဲကဖြုတ်ပစ်ရာမှာပါဝင်ခဲ့ကြတဲ့ ဆိုရှယ်လစ်ပါတီခေါင်းဆောင်များ (တည်မြဲခေါင်းဆောင်များ)ဟာ ဗိုလ်နေဝင်းရဲ့စစ်အာဏာရှင်စနစ်အောက်မှာ မိမိတို့တင်သာဒုက္ခရောက်ရုံမက တိုင်းပြည်ကြီးတခုလုံး ချွတ်ခြုံကျအမှောင်တိုက်ဖုံးသွားတဲ့အခါ၊ တစုံတရာ သံဝေဂတွေ ရဟန်ရှိပါတယ်။ နောင်တစကားတွလည်း ဆိုခဲ့ဖူးပါတယ်။

၁၉၇၂ ခုနှစ် ကျွန်မတို့ မောင်အငယ်ဆုံးလေး တွတ်တွတ်ကွယ်လွန်ချိန်မှာ ဦးကျော်ငြိမ်းဟာ နာရေးသတင်းလာမေးပါတယ်။ ကျွန်မတို့ရဲ့ စမ်းချောင်းဆီဆုံလမ်းအိမ်ကလေးကို လာခဲ့တာပါ။ ထို့အတူပဲ ဦးဗဆွေကြီး နောက်ဆုံး မကျန်းမမာဖြစ်သွားတော့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က လူမမာသတင်းသွားမေးပါတယ်။ အဲဒီမှာ ဦးဗဆွေကြီးက “ကျုပ်တို့တော့ ဗိုလ်ကျော်ဇောကိုတပ်ထဲကထုတ်လိုက်တာ မှားသွားပြီဗျာ။ သူသာတပ်ထဲရှိရင် ဗိုလ်နေဝင်း ဒီလောက်ရမ်းရဲမှာမဟုတ်ဘူး”လို့ ပြောကြောင်း ဒေါ်ခင်ကြည်က ကျွန်မညီမစန်းကို ပြန်ပြောပြခဲ့ပါတယ်။ (အဲဒီကာလက ကျွန်မတို့တတွေ တောထဲရောက်နေပါပြီ။)

အခုအချိန်မှာလည်း စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းကာကွယ်လိုသူများက နည်းဏ္ဌာန်ပေါင်းစုံ (အနုနည်းရော၊ အကြမ်းနည်းပါ) အသုံးပြုနေကြပါတယ်။ ယခုခေတ် တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များအားလုံး(အယူဝါဒမရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေး)ရဲ့ သမိုင်းပေးတာဝန်ဟာ ဒီစစ်အာဏာရှင်စနစ်ကြီးကို ဖြိုလှဲရေးဖြစ်ပါတယ်။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နိုးနိုးကြားကြားရှိဖို့လိုအပ်လှပါတယ်။
၃ဝ-၆-၂ဝ၁၃

0 comments:

Post a Comment