၂ဝ၁၅ ဇန်နဝါရီအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
(ရခိုင့်မွဲဆေး)
ရခိုင်မှာ ဗိုလ်သွားကျနေတဲ့ မောင်မောင်အုန်းက ကုလသမဂ္ဂကိုယ်စားလှယ်ကို ရခိုင်တွေဆင်းရဲနေတာလည်းကြည့်ပါဦးဆိုပြီး မျက်ရည်ခံထိုးသလို ခနဲ့တဲ့တဲ့ပြောသလိုသွားပြောတာကို ရခိုင်တွေထဲကတချို့ကကြိုက်လွန်းလို့ လက်ခုပ်လက်ဝါးတွေတောင်တီးကြတာပဲ။
ဆင်းရဲကျပ်တည်းကြတာက ရခိုင်တွေတင်မဟုတ်ဘူး တပြည်လုံးလူများစုကြီးပဲ။ ရခိုင်တွေ ဆင်းရဲကြတယ်ဆိုတာလည်း အမှန်ပဲ။ ဒါပေမယ့် ဒါက ကုလသမဂ္ဂလုပ်လို့ ဖြစ်ရတာမှမဟုတ်တာ။ အစဉ်အဆက်အာဏာယူပြီး ဗိုလ်ကျစိုးမိုးလာတဲ့ဗမာလူမျိုးကြီးဝါဒီ လက်ဝါးကြီးအုပ်စစ်အရင်းရှင် စနစ်ဆိုးကြောင့်ပဲ။
ကုလသမဂ္ဂကိုယ်စားလှယ်လာတာက အဲ့ဒီရခိုင်ဆိုးတချို့နဲ့စစ်အာဏာရှင်တွေပေါင်းပြီး လူမျိုးတမျိုးရဲ့တည်ရှိမှုနဲ့ သူ့အိုင်ဒင်န်နတီကိုဖျောက်ဖို့ တရိရိမျိုးဖြုတ်စစ်ဆင်ရေး အလုပ်ခံနေရတဲ့လူတွေရဲ့ဘဝတွေကို လာကြည့်တာ။ ကြည့်တာမှာလည်း ဘယ်လောက် လူ့အခွင့်အရေးချိုးဖေါက်ခံနေရသလဲ ဘယ်လောက်လူမဆန်အောင်ရက်စက်ကြသလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ လာကြည့်တာပဲ။
ဗမာလူမျိုးကြီးဝါဒီစစ်အာဏာရှင်တွေလုပ်လို့ ဆင်းရဲမွဲတေလူလုံးမလှဖြစ်နေတဲ့ ရခိုင်တွေဘဝကို ကျနော်တို့အားလုံးစာနာထောက်ထားရမှာဖြစ်သလို ရခိုင်တွေဘက်ကလည်း မိမိတို့အမျိုးသားဂုဏ်သိက္ခာနဲ့ စီးပွားရေးဘဝတွေပါ နလံမထူနိုင်အေင်လူညွန့်ချိုးနေတဲ့ စစ်အာဏာရှင်ကိုမြင်အောင့်ကြည့်ပြီး အခြားသူတွေနဲ့ပူးပေါင်းဆန့်ကျင်ဖို့လိုတယ်။
စစ်အာဏာရှင်စနစ်ဟာ ဘုံရန်သူဖြစ်တယ်။ တပြည်လုံး စစ်အာဏာရှင်အောက်က မလွတ်မြောက်သရွေ့ ရခိုင်ပြည်နယ်လေးပဲကွက်ပြီးလွတ်မြောက်အောင် လုပ်လို့ရလိမ့်မယ်လို့များတော့ ယောင်လို့တောင်မတွေးနဲ့။
(ဖက်ဆစ်ကို ဖက်ဆစ်မို့ဆန့်ကျင်တာ)
ဟိုနေ့က လင့်ခ်တခုမှာ ဂျာမဏီကနာဇီလက်သစ်တွေအကြောင်း
ခတ်ထေ့ထေ့လေးရေထားတာ တွေ့လိုက်တယ်။
အရင်နာဇီလက်ဟောင်းတွေက ဂျူးမျိုးဖြုတ်ဖို့ဖြစ်ပြီး
ခု နာဇီလက်သစ်တွေကြတော့ ဂျူးမျိုးဖြန့်ဖို့ဖြစ်တယ် ဆိုတဲ့သဘောပြောထားတယ်။
ဖက်ဆစ်စနစ်ကိုဆန့်ကျင်တာကောင်းတယ်ဆိုပေမယ့်
ဂျူးသတ်လို့ ဂျာမန်ဖက်ဆစ်ကိုဆန့်ကျင်တာလောက်
မွတ်စလင်မ်ကိုဆန့်ကျင်လာလို့ နာဇီလက်သစ်ကိုဆန့်ကျင်တာလောက်နဲ့တော့
နိုင်ငံရေးအရ အတွေးအခေါ်အရဆန့်ကျင်တာလို့ပြောရင်မမှန်ဘူး။
ဖက်ဆစ်ဟာ အရင်းရှင်စနစ်ရဲ့အမြင့်ဆုံးလက်ဝါးကြီးအုပ်လုယက်မှုပုံသဏ္ဍန်ဖြစ်တယ်။
ဖက်ဆစ်ဟာ ဖက်ဆစ်ကလွဲလို့ဘယ်သူ့ဖြစ်ဖြစ် ဖိနှိပ်တယ်။
ပြည်တွင်းဖြစ်ဖက်ဆစ်ပဲဖြစ်ဖြစ် နိုင်ငံခြားဖက်ဆစ်ပဲဖြစ်ဖြစ် ဖက်ဆစ်လက္ခဏာမှာတူတယ်။ တစိုးတစေ့မျှမလွဲဘူး။ ဒါဆို ဘာကွာလို့ နံမည်တွေခွဲပြောနေရသလဲဆိုတော့ ပြည်တွင်းဖြစ်ဖက်ဆစ်ဟာ တိုင်းတပါးကိုမကျူးကျော်သေးတာပဲရှိတယ်။
ကျူးကျော်ဖိနှိပ်နိုင်လောက်တဲ့တပ်ထောင်တာဗိုလ်ထုရှိလာရင်
ကျူးကျော်ဖို့အမြဲအသင့်ရှိနေတာမှာကွာလို့ ခွဲပြောရတာပါပဲ။
ကျနော်တို့အားလုံး ရင်ဆိုင်နေကြရတာ ပြည်တွင်းဖြစ်ဖက်ဆစ် စစ်အာဏာရှင်ပဲ။
ကျနော်တို့မှာ ပြည်ပဖက်ဆစ်ကိုတော်လှန်အောင်ပွဲခံခဲ့တဲ့ သမိုင်းရေးအောင်ပွဲကြီးရှိခဲ့တယ်။
ကျနော်တို့ ခုရင်ဆိုင်နေရတဲ့ပြည်တွင်းဖြစ်ဖက်ဆစ်ကိုရင်ဆိုင်ဖို့ အဲ့ဒီအောင်ပွဲအတွေ့အကြုံကို သမိုင်းနမူနာယူရမှာ။ သမိုင်းမှာ ယူစရာက သင်ခန်းစာချည်းပဲမဟုတ်ဘူး နမူနာပါ ပါတယ်။
ခု ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ကို ရဲဘော်သုံးကျိပ်နဲ့အတူ ဗမာပြည်သူတရပ်လုံး ပါဝင်ဆင်နွဲအောင်ပွဲခံခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးလက္ခဏာအပြည့်ပါပြီး ပြည်တွင်းပြည်ပ ဖက်ဆစ်မှန်သမျှဆန့်ကျင်တိုက်ဖျက်ရေးနိုင်ငံရေးအနှစ်သာရနဲ့ ကျင်းပဖို့ကောင်းတယ်လို့မြင်မိတာပါပဲ။
(ဒီကြားထဲ ဘာမှမဖြစ်ရင်)
မနေ့က ဗမာပြည်သားတယောက်အတွက် စေတနာ့ဝန်ထမ်းဆေးရုံအပွိုင်မင်န် လိုက်ပေးတယ်။ အလှည့်စောင့်ရင်းလော်ဘီထဲမှာထိုင်နေတုန်း အမေရိကန်အသိတယောက်နဲ့တွေ့တယ်။
သူက "ပြောထားတဲ့အချိန်အတိုင်း အစိုးရက လွှတ်တော်ရွေးကောက်ပွဲတွေလုပ်ပေးမယ် ထင်သလား" လို့မေးတော့ ဒီကြားထဲမှာ ဘာမှမဖြစ်ရင်တော့လုပ်ပေးနိုင်တယ်လို့ ပြန်ဖြေဖြစ်တယ်။
သူက ဆက်ပြီး "ရွေးကောက်ပွဲတွေက လွတ်လပ်မျှတမှုရှိနိုင်မယ်ထင်သလား"တဲ့။ ကျနော်က ဒါလည်း ဒီကြားထဲမှာ ဘာမှမဖြစ်ရင် ထိုက်သလောက်တော့ လွတ်လပ်မျှတနိုင်မယ်ထင်တာပါပဲ လို့ ပြန်ဖြေဖြစ်တယ်။
သူက "အင်န်အယ်လ်ဒီလည်း ဝင်မယ်ထင်သလား"လို့မေးပြန်တယ် ဒါလည်း ဒီကြားထဲမှာ ဘာမှမဖြစ်ရင် ဝင်မယ်ထင်ရတာပါပဲလို့ ပြန်ဖြေဖြစ်တယ်။
သူက"ဝင်ရင်ရော သူ့ပါတီအမတ်နေရာအများစုနဲ့ နိုင်ခြေရှိမလား"တဲ့။ ဒါလည်း ဒီကြားထဲမှာ ဘာမှမဖြစ်ရင် နိုင်မှာပါလို့ပြန်ဖြေတယ်။
သူက"နိုင်လို့ အစိုးရဖွဲ့ရင်ရော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ် ထင်လား"လို့ မေးတယ်။
ဒါကတော့ ဒီကြားထဲမှာဘာမှဖြစ်ဖြစ် မဖြစ်ဖြစ် သူကတော့ သမ္မတဖြစ်နိုင်ဖို့အကြောင်း မမြင်မိသေးဘူးလို့ပြန်ဖြေတော့ သူက ရီပြီး မင်းပြောတဲ့နိုင်ငံရေးကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်မဖြစ်ဘူးဆိုတာကလွဲလို့ ကျန်တာအကုန် DEPEND ON တွေချည်းပဲနော်တဲ့။
ကျနော်လည်း ရီပဲနေလိုက်တယ်။
ပြောဖို့မေ့သွားလို့၊ သူက ဒေါ်အောင်ဆန်းစုကြည် ဖို့တ်ဝိန်းကိုလာတုန်းက ရှေ့ဆုံးတန်းတွေမှာထိုင်ရတဲ့ အမေရိကန်တွေထဲကတယောက်ပဲ။
(မဘသရဲ့ဖိုတိုရှော့)
တခုခုဆို ဖိုတိုရှော့ကြီး ဖိုတိုရှော့ကြီး ပြောတတ်တဲ့ မဘသ ဦးပြည်းနဲ့သင်္ကန်းခြုံတယောက်ကို “ဦးဇင်းပြောပြောနေတဲ့ ဖိုတိုရှော့ပ်ကြီးဆိုတာ ဘာလဲဗျ”ဆိုတော့ ဒကာကလည်း မှားနေပြန်ပြီ ဖိုတိုရှော့ပ်မဟုတ်ဘူး ရှော့ ဒကာရဲ့။ အမေရိကန်နေပြီး ဒါလေးတောင် အင်္ဂလိပ်လိုဘယ်လိုခေါ်တာ မသိဘူးလား”လို့ပြောတယ်။ ဒါနဲ့ “ထားပါတော့ ဦးဇင်းရယ် ရှော့ပဲ။ အဲ့ဒါက ဘာများတုန်းဆိုတော့ ”လူတွေ ပုံတွေကို မျက်နှာဖုံးအတုတွေစွပ်ပေးပြီး ကင်မရာအတုတွေနဲ့ရိုက်တာလေ”တဲ့။ ဒါနဲ့ ကျနော်လည်း သူပြောတဲ့ ဖိုတိုရှော့ကို ရှော့အတိုင်းပဲ ထားလိုက်တော့တယ်။
(နိုင်ငံရေးအကျဉ်းသားဘာ့ကြောင့်ရှိ)
နိုင်ငံရေးဖိနှိပ်မှုတွေရှိနေလို့ နိုင်ငံရေးအကျဉ်းသားတွေရှိနေတာ။
နိုင်ငံရေးဖိနှိပ်မှုတွေရှိနေလို့ ပြည်တွင်းစစ်ဖြစ်နေတာ။
နိုင်ငံရေးအကျဉ်းသားတွေရှိနေသမျှအမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်လို့မရဘူးဆိုတာ
မဟုတ်ဘူး။
ပြည်တွင်းစစ်ကြီးရှိနေသမျှ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်လို့မရဘူးဆိုတာ မဟုတ်ဘူး။
နိုင်ငံရေးဖိနှိပ်မှုတွေရှိနေသမျှ အမျိုးသားပြန်လည်သင့်မြတ်ရေး ဘယ်တော့မှလုပ်မရဘူးလို့ ယတိပြတ်ပြောပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးမလုပ်လို့ နိုင်ငံရေးအကျဉ်းသားတွေရော ပြည်တွင်းစစ်ကြီးရောရှိနေတာလို့ ယတိပြတ်ပြောပါတယ်။
ပြည်တွင်းစစ်ကြီးချုပ်ငြိမ်းဖို့နဲ့နိုင်ငံရေးအကျဉ်းသားတွေမရှိဖို့
တနည်းပြောရရင် အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့
နိုင်ငံရေးအရဖိနှိပ်နေတဲ့ လက်ဝါးကြီးအုပ်စစ်အရင်းရှင်စနစ်နဲ့ သူရဲ့ ဘာသာကြီးလူမျိုးကြီးအခြေခံအမျိုးသားရေးအစွန်းရောက်ဝါဒကိုပါ အပြီးတိုင်ဖျက်သိမ်းမှဖြစ်မှာ။
ဒီနေရာမှာကျနော်ညွှန်းဆိုလိုတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဒီမိုကရေစီရေး၊
ငြိမ်းချမ်းရေးနဲ့လူမျိုးစုအားလုံးတန်းတူသွေးစည်းညီညွတ်ရေးပါ။
စစ်ဗိုလ်တစုနဲ့ လူတစုပြန်သင့်မြတ်တာဆို လူနှစ်စုပြန်လည်သင့်မြတ်ရေးပဲဖြစ်မှာပါ။
(ဆုတောင်းကြသူများ)
ဒေါ်နော်အုန်းလှလည်း အင်္ဂါသမီးကြီးလွတ်ပါစေဆိုပြီး အင်္ဂါနေ့တိုင်းဘုရားတက်ဆုတောင်းတာပဲ။ ခု အမေစု အမေစုဆိုပြီး ကုန်းအော်နေသူတချို့ အင်န်အယ်လ်ဒီရုံးရှေ့က လမ်းတောင်ဖြတ်မလျှောက်ဝံ့တဲ့ အနေအထားတုန်းက။ လုပ်မရတဲ့အချိန်မို့လို့ မလုပ်ကြတာပါဆိုပြီး အကြောင်းပြကြတာကြားဖူးတယ်။
ခု မတင်မာရီလည်း ဆုတောင်းတာပဲ ဖြူနှင်းထွေးလွတ်ဖို့။ဟိုမင်းသမီးပြောတာမှတ်မိဖူးတယ် ဘာတဲ့ “လုပ်မရတဲ့အခြေအနေမို့ မလုပ်ကြတာထက် လုပ်ရတဲ့အခြေအနေမှာမလုပ်တာက ပိုဆိုးပါတယ်”ဆိုလား။ လုပ်လား မလုပ်သလားက အခြေအနေနဲ့ တိုက်ရိုက်အချိုးမကျဘူး မှတ်တယ်။ ကဲ ပြောပါဦး ခုရော ဘာအခြေအနေလဲ။
သူ့လည်းအဲ့ဒီစကားနဲ့ပဲအကဲဖြတ်ပါ။
(အိပ်တိုင်းမက်တဲ့ အိပ်မက်)
ပထမ ၅ မိနစ်လောက်က မနာဘူး။ ပူနေတယ်။ ပူတာမှ တကိုယ်လုံး အရေခွံခွာ ဆီသုတ်ပြီးမီးမြှိုက်ထားသလိုကို ဖျစ်ဖျစ်-ဖျစ်ဖျစ်နဲ့ကိုပူတာ။ မီးပုံပေါ်တင်ပြီး ကင်ထားသလိုကိုပူတာ။ ရေငတ်တာလည်း မပြောနဲ့။ နာတာက လုံးဝမနာဘူး။ ပူတဲ့ဒဏ်နဲ့ ရေငတ်တဲ့ဒဏ်က မခံနိုင်အောင်ပဲ။ ရေတစက်လောက်သာ သောက်လိုက်ရလို့ကတော့ အပူတွေလည်းသက်သာ အေးလည်းအေးသွားမှာပဲလို့ ထင်တယ်။
ပြီးတော့ အမေကလည်း အနားရောက်လာလိုက် ဘယ်လဲမသိဘူး ပြန်ထွက်သွားလိုက် ဘာကြီးလဲမသိဘူး ယူလာပြီး အနားလာချထားလိုက် နဖူးကိုလက်နဲ့လာစမ်းလိုက် ဘာတွေလဲမသိဘူး တယောက်ယောက်တွေကို တခုခုတွေပြောလိုက် ဖရဲသီးလို အသီးကြီးတွေ ထက်ခြမ်းခွဲခွဲပြီး ကျနော့်ခေါင်းပေါ်အုပ်လိုက် တခုခုတွေ ရွတ်လိုက်ဖတ်လိုက်နဲ့။ ကျနော့်တော့ အမေ သေသေချာချာမြင်ပုံမရဘူး လုပ်သာလုပ်နေ ရွတ်သာရွတ်နေတာ။ ကျနော်ကတော့ သေချာမြင်ရုံတင်မကဘူး အမေ့ကို ကိုင်ပါကိုင်ကြည့်လိုက်သေးတာ။ နောက်တော့ ဘယ်ရောက်သွားလည်း မသိဘူး တခါတည်းအပြီး လှစ်ကနဲပျောက်သွားတယ်။
နောက်ပြီး လူတွေလည်းအများကြီးပဲ ဝိုင်းရီနေကြတာလား ငိုနေကြတာလားမသိဘူး အသံတွေကတော့ ဆူညံနေတာပဲ။ မသေဘူး မသေဘူးဆိုတာတွေလည်း ကြားတယ်။ဆွဲဖြုတ်ဆွဲဖြုတ်နဲ့အော်တာလည်းကြားတယ်။
ကျနော့်နားရွက်ထဲကနေ မီးတောက်တွေထွက်နေတယ်။ ထွက်တာမှ မြင်ကိုနေရတယ်။ အစိမ်းရောင်တွေ ဝူးဝူး-ဝူးဝူးနဲ့အသံတွေပါ ပါတယ်။ ဘယ်မှတော့ လိုက်မလောင်ဘူး သူ့ဟာသူ ထွက်နေတာပဲ။ မျက်လုံးထဲကိုလည်း မီးတောက်ကြီးတွေ တဝုန်းဝုန်းတောက်ပြီး ဝင်ဝင်နေတာ။ မျက်စေ့ပိတ်သလိုလုပ်လိုက်ရင် မီးတွေက လည်ပင်းထဲကျကုန်ရော။ လည်ပင်းအထဲတွေ မီးလောင်ကုန်ပြီထင်ပြီး မျက်လုံးပြန်ဖွင့်လိုက်ရင် မီးတောက်တွေက မျက်လုံးကနေပြန်ထွက်ပြန်ရော။ မျက်လုံး ဖွင့်လိုက်ပိတ်လိုက်လုပ်နေရင် သက်သာတာလားဘာလားမသိဘူး။ လုပ်လို့တော့ကောင်းတယ်။
နောက်တော့တခါ ပူလာပြန်တယ်။ ဒီတခါ ပူတာက မီးတောက်တွေငြိမ်းခါနီးမှ ပူသလိုပူတာ။ မီးကျီးခဲတွေနဲ့ ကင်သလိုပူတာ။ တဖျစ်ဖျစ်တော့ မနေတော့ဘူး။ ခတ်စီးစီးအရည်တွေလည်း မထွက်တော့သလိုပဲ။ ဒါပေမယ့်ပူတယ်။ သူပူတာကတမျိုးပဲ။ ပူနေရာကနေ နောက် ချက်ခြင်း အေးလာတယ်။ အေးရင်း ဘာဖြစ်တာလဲမသိဘူး တယောက်ယောက်က ဆောင့်ကန်လိုက်တာလား တွန်းလိုက်တာလားမသိဘူး။ အောက်ကိုပြုတ်ကျသွားတယ်။ အောက်လည်းရောက်ရော နာလိုက်တာ။ နာတာမှ အတော့်ကိုနာတာ။ ဘယ့်လောက်နာလဲဆို စိတ်ထဲကနေ ခုနေ သေသွားရင်ကောင်းမှာပဲ သေသွားရင်ကောင်းမှာပဲလို့ မြန်မြန်သေပါတော့ မြန်မြန်သေပါတော့ဆိုပြီးဖြစ်တဲ့အထိပဲ။
နောက်လည်းကြရော တယောက်ယောက်က ပြောတယ် ကိုမျိုးမြင့် ကိုမျိုးမြင့် ကျနော် ကျနော် ရီတာလေ ရီတာ သိတယ်မှတ်လား မှတ်မိလား ကျနော်လေ တပ်ကြပ်ရီတာလေတဲ့။ ဘာလဲမသိဘူး နောက်တယောက်က ပြောသေးတယ်။ ကြားနေရင်းကနေ ရုတ်တရက် တကိုယ်လုံးအေးကနဲဖြစ်သွားတယ်။ ပူတာတွေမရှိတော့ဘူး ရေလည်းမငတ်တော့ဘူး။ သေချင်တာလည်း မရှိတော့ဘူး။ မီးတောက်ကြီးတွေအကုန်လုံး အပြာရောင်တွေလား ဘာလားမသိဘူး ပြောင်းသွားတော့တာပဲ။
အဲ့ဒါ ကျနော် ခုထိ မကြာမကြာမက်တဲ့အိပ်မက်ပဲ။ အဲ့ဒါ ကျနော် ဒဏ်ရာရတုန်းက ပထမ ၅ မိနစ်လောက်ပဲ။ အဲ့ဒါ ကျနော် ဘယ်တော့မှပြန်မတွေးပေမယ့် ကျနော့် အိပ်မက်ထဲ ခနခနလာတဲ့ကိစ္စပဲ။ အဲ့လိုဖြစ်ပြီး နိုးသွားရင် တကိုယ်လုံးချွေးစီးတွေနဲ့နစ်ပြီး လူလည်းမောနေတယ်။ အရက် ဒါမှမဟုတ် အိပ်ဆေး ဒါမှမဟုတ် ချက်ခြင်း မူးပြီး ချက်ခြင်းပြန်အိပ်ပျော်မယ့်တခုခု သောက်ပစ်လိုက်ချင်တာပဲ။ ပြီးတော့ သေပလိုက်ချင်တာပဲ။
(တနင်္ဂနွေမှာပုလင်းပုန်းဖို့)
အင်ဒီယားနားပြည်နယ်မှာ တနင်္ဂနွေနေ့ဆိုရင် ဘယ်အရက်ဆိုင် ဘယ်စတိုးဆိုင် ဘယ်ကုန်တိုက်ကြီး/ငယ်တွေမှာမှ အရက်ဘီယာမရောင်းရဘူး။ ပြည်နယ်ဥပဒေပဲ။
ဘားတချို့တော့ ဖွင့်တယ်။ သောက်ချင်ရင် ဘားတွေသွားသောက် ဈေးတော့ နည်းနည်းပိုတယ်။ ဆိုင်မှာ တဒေါ်လာလောက်ပေးရတဲ့ဘီယာတဗူးကို ဘားမှာသွားသောက်(ဘယ်နေ့ဖြစ်ဖြစ်) ၂ ဒေါ်လာစွန်းစွန်းပေးရတယ်။
နေ့စဉ်မှီဝဲတတ်သူတွေက စနေနေ့မှာ ကြိုမဝယ်ထားမိရင် တနင်္ဂနွေဆို ပြာတော့တာပဲ။ အကြိုက်တူသူချင်း ဟိုလူ့ဒီလူ လှမ်းလှက်မေး လက်ကျန်ရှိသေးရင် အတူရှယ်ရှက်ပြီး ချရတာမျိုးပေါ့။
ဒါက ဖို့တ်ဝိန်းနေ ခတ်အအ အမေရိကန်တချို့နဲ့ ခတ်အူအူ ဗမာပြည်သားတချို့အတွက်ပါ။ မအမထူသူတွေကတော့ တနင်္ဂနွေမကလို့ ဘာနွေဖြစ်ဖြစ် ပုန်းရောင်းတဲ့နေရာလေးတွေကို ဒိုင်ရှိုလေးနဲ့သွားပြီး ပုလင်းပုန်းလေးဝယ် အိမ်ကြတော့ ခွက်ဗြောင်လေးမော့ရုံပါပဲ။ နည်းနည်းလေးတော့ ပိုပေးရတာပေါ့လေ။
ခွက်ပုန်းနဲ့အရက်ပုန်းဆိုတာ ကမ္ဘာမြေတပြင်လုံး ရှိပါတယ်။ လူတွေနေတဲ့အရပ်တိုင်းမှာ တနည်းနည်းနဲ့ အရက်ကိုကြပ်လိုက်ရင် အရက်ပုန်းဆိုင်တွေ မှိုလိုပေါက်တာပဲမဟုတ်လား။ မဆလခေတ်ဗမာပြည် ကြည့်ပါလား။ အရက်ပုန်းဆိုင်တွေမှ မနည်းမနော။ အမိန့်မရထန်းရည်ဆိုင်တွေလည်း အမိန့်ရဆိုင်တွေထက်မှ မနည်းပဲကိုး။
ဒီမနက်တော့ တနင်္ဂနွေယမကာအရေး ရင်ခံနေသူတွေ ဝမ်းမြောက်ချင်စရာသတင်းလေး ရေဒီယိုမှာ လာသွားတယ်။ အင်ဒီယားနားပြည်နယ်က အရက်နဲ့ပတ်သက်လို့တာဝန်ရှိသူ အာဏာပိုင်သူတွေက တနင်္ဂနွေမှာ ယမကာဆိုင်တွေဖွင့် ဝယ်ခွင့်ရှိသူမှန်သမျှကိုရောင်းစေ သဘောရှိကလောဟိ ဝယ်စေဆိုပြီးပြန်လုပ်ပေးဖို့ ဆွေးနွေးနေပြီတဲ့။ ယမကာလုလင်များ ဝမ်းမြောက်ဖွယ်ပ။
0 comments:
Post a Comment