Saturday, October 26, 2013

အောက်တိုဘာ၊ ၂ဝ၁၃ ထဲမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
အောက်တိုဘာ၊ ၂ဝ၁၃ ထဲမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
မတရားမှု မညီမျှဆိုတာကို စာအုပ်တစ်အုပ်လုံး ဒါမှမဟုတ် တစိတ်တပိုင်းဖတ်ဖူးမှသိလိမ့်မယ်လို့ပြောဆိုခြင်းဟာ သေစာရှင်စာတောင် မတတ်တဲ့လူထုကို အတိအလင်းသရော်မော်ကားပြုခြင်းမည်တယ်။ တရားခြင်း/မတရားခြင်း၊ ဖိနှိပ်ခြင်း/မဖိနှိပ်ခြင်းဆိုတာ စာဖတ်မှ စာတတ်မှသိရတဲ့အရာသက်သက်မျှမဟုတ်။ ဘဝအရ လက်တွေ့အရခံစားနေရမှုနဲ့ ချိန်ထိုးကြည့်တာနဲ့တင်သိတဲ့ကိစ္စ။ ဘဝနဲ့ချိန်စက်ပြီး သိရတဲ့ကိစ္စ။ ဖွဲ့စည်းပုံပြင်မယ် အသစ်ရေးမယ်ဆိုတဲ့အသံတွေကျယ်လောင်လာတော့ စစ်အာဏာကိုပါးလျှက်နားလျှက်လုပ်နေသူတွေနဲ့ အလိုတော်ရိတွေဆီက (ဖတ်ဖြင့်မဖတ်ဘူးပဲနဲ့)ဆိုတဲ့အသံတွေနဲ့ လှောင်ပြောင်သလိုလိုလုပ်လာတယ်။

မှတ်ထား မတရားမှု/ဖိနှိပ်မှုဆိုတာ စာတတ်မှသိရတဲ့အရာမဟုတ်ဘူး။

လက်ပန်းတောင်းအရေးတုန်းက ဒေါ်စုလည်း လူထုကိုအဲ့ဒီနည်းနှင်နှင်ပြောဖူးတယ်။ (အစီရင်စာဖတ်ပြီးပြီလား)ဆိုပြီး။ ထမင်းနပ်မှန်အောင် မနည်းရုန်းနေရတဲ့၊ ကကြီးပုတ်လောက်ရေးပြရင်တောင် နားလည်ဖို့ခက်နေသေးတဲ့နင်းပြားတွေကို တမဟုတ်ခြင်းထုတ်ပြန်လိုက်တဲ့ စစ်အာဏာနဲ့ဦးပိုင်အလိုတော်ကျအစီရင်ခံစာကြီးကို ဖတ်ခိုင်းတာ၊ ဖတ်ပြီးမှလာပြောဆိုတဲ့သဘောပြောတာဟာ လူထုဘဝနဲ့တစ်သားတည်း မရှိတော့ဘူးဆိုတဲ့လက္ခဏာလို့ပဲမှတ်တယ်။ ဘာထူးလည်း ခုလည်းလာပြန်ပြီ စစ်အာဏာအလိုတော်ရိတွေက ၂ဝဝ၈ ကိုဖတ်ပြီးပြီလား..တဲ့။

အလွန်စက်ဆုပ်စရာ အပြုအမူအပြောအဆိုနဲ့ လူထုကိုသရော်မော်ကားလုပ်တာလို့ အတိအလင်းပြောချင်တယ်။ မျိုးမြင့်ချို အောက်တိုဘာ ၂၃၊ ၂ဝ၁၃

ဗမာပီပီခေါ်ရင် ဒေါင်းနင်းလမ်း

နံမည်ကိုက
ဒေါင်းနင်းလမ်း...တဲ့
ဒေါင်းနင်း....လမ်းတဲ့
ဒေါင်း....နင်းလမ်းတဲ့
ဒေါင်း...နင်း...လမ်းတဲ့

ဒေါင်းကနင်းတာလား
ဒေါင်းကိုနင်းတာလား

ဗမာ့ပဒေသရာဇ် "ဒေါင်း"
မွကြေအောင် "နင်း"ခဲ့တာ
ဒင်းကိုး။

ခုရော
"နင်း" ပြန်ပြီလား
ဒီ "ဒေါင်း" မျိုးမြင့်ချို အောက်တိုဘာ ၂၃၊ ၂ဝ၁၃

ဒေါက်တာဇော်မင်းက(ကျနော်တို့အမှုတွဲတွေ) ကျနော်နဲ့ အင်းစိန်ထောင် (၄)ရှည်မှာအတူနေခဲ့သူ။ မရင်းနှီးခဲ့ဘူး။ ရင်းနှီးဖို့မပြောနဲ့ တစ်ယောက်နဲ့တစ်ယောက် လက်ပြခြေပြစကားပြောဖို့တောင် အနိုင်နိုင်ကာလတွေ။ သူ့ညီက ကိုဇော်ထွန်း။ တောထဲမှာပျောက်သွားတယ် ဒါမှမဟုတ် အဖျောက်ခံရတယ်မှတ်တယ်။ ဒေါက်တာဇော်မင်းကို ဆုံးသွားတဲ့ကိုမျိုးသန့်(ဂျပ်ကြီး) -ကဗျာ/စာရေးတဲ့ခွန်းခ (သူလည်းအမှုတွဲ ပါပဲ)က ဒေါက်တာဝူးဝါးလို့ခေါ်တာစကြားဖူးတော့ ဘာလို့ပါလိမ့်လို့တွေးမိဖူးတယ်။ မေးတော့ မမေးမိခဲ့ပါ။ ထောင်လည်းရောက်ပြီးပြီ၊ စစ်ကြောရေးကိစ္စလည်းကုန်ပြီ၊ ထောင်ချဖို့ပဲကျန်တော့တဲ့အချိန်မှာ ရေကြည်အိုင်ကိုပြန်ခေါ်ပြီး ဘာစစ်ကြောရေးမှလုပ်တာမဟုတ်ပဲ အသားလွတ်ရိုက်နှက် နှိပ်စက်ညှဉ်းပမ်းခံရတဲ့ (၁၁)ဦးထဲမှာ ဒေါက်တာဇော်မင်းလည်းပါတယ်။ သေလုမျောပါးတွေ မသေရုံတမယ်တွေ စိတ်နောက်ပြီး ကယောက်ကယက်တဲ့အထိဖြစ်ခဲ့ရသူတွေထဲမယ် သူလည်းပါတယ်။ ပညာတတ်၊ ဖတ်အားမှတ်အား လေ့လာအားကောင်းသူ၊ ထက်မြက်ငယ်ရွယ်သူ (လွန်ခဲ့တဲ့ နှစ်အစိတ်တုန်းက)အဖြစ် သိမှတ်လက်ခံထားတယ်။ သူရေးတဲ့စာတမ်းတိုတစ်ခု(ထောင်ထဲမှာ ခိုးရေး ခိုးဖြန့်တာပါ) ကိုယ်တိုင်မျက်စေ့နဲ့လေ့လာခွင့်မရလို့ အတိအကျမပြောနိုင်ပေမယ့် နိုင်ငံရေးသဘောသွားအရင်းခံကို ပြန်ရှင်းပြသူဆီကနေ တဆင့်သိခဲ့ဖူးတယ်။ တိုက်ထဲတာဝန်ကျတဲ့စစ်ထောက်လှမ်းရေးတစ်ယောက်က သူ့ကွယ်ရာမှာ သူ့ကို မျက်ကွင်းညိုလို့ခေါ်တာ ထောင်ဝင်စာ ကအပြန် တိုက်ရုံးနောက်မှာထိုင်နေတုန်း ကျနော့်နားနဲ့ဆတ်ဆတ်ကြားခဲ့ဖူးတယ်။ ဒေါက်တာဇော်မင်းက မျက်ကွင်းတွေခတ်ညိုညို။ စကားပြောရင် အလောတကြီးနဲ့ပြောတတ်လို့ထင်ရဲ့ စကားလုံးတွေက ပီပီသသကျကျနနထွက်ထွက်မလာပဲ ဗလုံးဗထွေးလိုဖြစ်နေလို့ သူ့ကို ဒေါက်တာဝူးဝါးလို့ခေါ်တာလားမှမသိတာ။ ခုတော့ နှစ်အစိတ်လွန်ပြီ။ သူလည်း စိတ်တွေကယောက်ကယက်ဖြစ်နေတုန်းလား၊ စကားပြောရင် ဝူးဝါးဖြစ်တုန်းလား၊ မျက်ကွင်းတွေညိုတုန်းလား။ စိတ်နဲ့မှန်းဆကြည့်ရုံနဲ့တင် မလုံလောက်မှန်းသိပေမယ့် သိတော့သိနေသလိုလိုပါပဲလေ။ မျိုးမြင့်ချို၊ အောက်တိုဘာ ၂၃၊ ၂ဝ၁၃

အမျိုးသမီးတွေကားမောင်းခွင့်မပြုတဲ့တိုင်းပြည်က ဖေ့စ်ဘွတ်ခ်မိတ်ဆွေတစ်ယောက်ကို လွန်ခဲ့တဲ့ ၃ ရက်လောက်ကလှမ်းမေးကြည့်တယ် ဘာလို့မပေးတာလဲဆိုပြီး။ သူက သူ့အမြင်ပြောတယ် မိန်းမတွေကားမောင်းရင် ယဉ်တိုက်မှုတွေပိုများလာမှာစိုးလို့...တဲ့။ မရှင်းတာနဲ့ ထပ်မေးတယ်။ ကားမောင်းသူဦးရေပိုများလေလေ ယဉ်တိုက်မှုပိုများလေလေသဘောကိုပြောတာလားဆိုတော့ မဟုတ်ဘူး..တဲ့။ မိန်းမတွေက တစ်ခုခုဆို ယောက်ကျားတွေထက် စိတ်အပျံ့လွယ်ပြီး အာရုံလည်းများတတ်တာမို့ စူးစိုက်ဖို့ခက်တယ်...တဲ့။ ကားလိုဟာမျိုးက လမ်းပေါ်မှာ အခြားလူတွေ၊ ယဉ်တွေလည်းရှိနေတာမို့ သူတို့ကိုသာကားပေးမောင်းလိုက်လို့ကတော့ ယောက်ကျားဒရိုင်ဘာတွေထက် ယဉ်တိုက်မှုနှုန်း ပိုမြင့်မှာသေချာတယ်..တဲ့။ သူ့အထင်မဟုတ်လောက်သေးဘူးထင်ပြီး ဘာမှပြန်မပြောပဲနေလိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့ကပဲ လူကြီးထောင်အပွိုင့်မန့်အသွား ထောင်ဝန်ထမ်းအရာရှိတစ်ယောက်ကိုမေးမိတယ် အမေရိကန်မှာ ယဉ်တိုက်မှုဖြစ်တာမှာ ယောက်ကျားနဲ့မိန်းမ ဘယ်သူကပိုများသလဲဗျဆိုတော့ ဒီလူ့နှယ် ထူးထူးဆန်းဆန်းလာမေးနေရသလားဆိုတဲ့ မျက်နှာထားနဲ့ “ယောက်ကျားအများစုပေါ့လေ။ ယောက်ကျား ၆ မှုလောက်မှ မိန်းမကတစ်မှုလောက်ပါ”..လို့ဖြေတယ်။ ပြီးတော့ပြောတယ် “ပြည်နယ်တစ်ခုနဲ့တစ်ခုတော့ နည်းနည်းကွာနိုင်တယ် အချိုးအစားက။ ဒါပေမယ့် ယဉ်တိုက်မှုအများစု ကျူးလွန်တာကတော့ ယောက်ကျား တွေပါပဲ”..လို့ပြောတယ်။ သေချာ သုတေသနသဘောလုပ်နိုင်ရင် အတော်ကောင်းမယ်ထင်တာပဲ။

“ယဉ်တိုက်မှုပိုကျူးလွန်နိုင်လို့ မိန်းမတွေကိုကားမောင်းခွင့်မပေးတာ”ဆိုတဲ့အကြောင်းပြချက်ကို နဂိုကတည်းကမှ လက်သင့်မခံနိုင်ရတဲ့ ကြားထဲ ကိုယ့်အမြင်ကို မိတ်ဆွေထောင်အရာရှိက အတည်ပြုပေးလိုက်သလိုပါပဲ။ ကျနော့်အမြင်မှာတော့ ကျား/မတန်းတူခွင့်မပေးလိုတဲ့ အမျိုးသမီးတွေကို တဘက်သတ်ဖိနင်းထားလိုတဲ့ အရင်းခံစိတ်ကနေလာတဲ့ပြဌာန်းချက်လို့ပဲယုံတယ်။ အမေရိကန်မှာ သတ်မှတ် အသက် ပြည့်ပြီး သတ်မှတ်အရည်အချင်းနဲ့ပြည့်စုံရင် ယဉ်မောင်းလိုင်စင်ထုတ်ပေးတာမှာ မိန်းမ ယောက်ကျားခွဲမထားပါဘူး။

မိန်းမကားမောင်းခွင့်မပြုတဲ့တိုင်းပြည်က ဖေ့စ်ဘွတ်ခ်မိတ်ဆွေကြီးလည်း မိန်းမတွေက ယောက်ကျားဒရိုင်ဘာတွေထက် ယဉ်တိုက်မှု ပိုနည်းတဲ့အကြောင်း မသိပဲတော့နေမယ်မထင်။ မျိုးမြင့်ချို အောက်တိုဘာ ၂၂၊ ၂ဝ၁၃

လွန်ခဲ့တဲ့ကာလများဆီက အဖြိုခံရရင် ထွက်ပြေးပြီးရှင်သန်စရာ နယ်စပ်နဲ့တော ရှိသေးတယ်။ ခုနေပြန်အခွင်းခံရရင် ဘယ်မလဲနယ်စပ် ပြေးဝင်ရှင်သန်ရပ်တည်စရာ။ ဘယ်မလဲတော ခိုစရာ။ ဘယ်မလဲလက်နက် ခုခံတိုက်ခိုက်စရာ။ ဘယ်မလဲလွတ်မြောက်နယ်မြေ လွတ်လပ်စွာ ရပ်တည်စရာ။ ဘယ်မလဲပြည်သူ ကာကွယ်ပေးဖို့။ ဘယ်မလဲလူထု ထောက်ပံ့ဖြည့်တင်းပေးဖို့။ ဘယ်မလဲ...ဘယ်မလဲ...ဘယ်မလဲ...။ နောင်ရိုးလို့မဆိုနဲ့။ ဟိုဟာက ဘုရင့်နောင်၊ စစ်တိုက်တာ။ ရန်သူနဲ့ခွက်တိုက်တာမဟုတ်။ မျိုးမြင့်ချို။ အောက်တိုဘာ ၂၁၊ ၂ဝ၁၃

လက်ပန်းတောင်းတောင်က လယ်တီဘုန်းတော်ကြီးသိမ်၊ စေတီလေးနဲ့ဂူကို မိုင်းခွဲဖြိုချလိုက်ပြီဆိုတဲ့သတင်း (ဗီဒီယိုဖိုင်လ်အပါ)ကို ကျနော် တဆင့်ပြန်Share လုပ်ခဲ့ပါတယ်။ ကြည့်မိဖတ်မိသူတွေထဲကတစ်ဦးက သတင်းအမှားဖြစ်တယ်လို့ထောက်ပြပေးလို့ KO Han Win Aung ကိုလှမ်းမေးတော့ ”လယ်တီသိမ်အနောက်ကတောင်ကို ခွဲတာပါ။ သိမ်ကိုတိုက်ရိုက် မခွဲသေးဘူး။ ဒါပေမယ့် သိမ်ပတ်ပတ်လည်ကို မြေလှိုက်တူးထားတော့ တုန်ခါမှုနဲ့ပြိုနိုင်တယ်။ အခုတော့ဘာမှမဖြစ်သေးပါ”လို့ ပြန်ဖြေပါတယ်။ နောင်ဆို ကျနော်ဆင်ခြင်ရမယ့်ကိစ္စအဖြစ် မှတ်ယူပါတယ်။ ခိုင်လုံတဲ့အရင်းအမြစ်ကို တိုက်ရိုက်မမေးမမြန်းပဲ ”ဟုတ်လောက်တယ်”ယူဆပြီး တင်ခဲ့တာဖြစ်ပါတယ်။ ထောက်ပြဝေဘန်ပေးတဲ့မိတ်ဆွေကို ကျေးဇူးအထူးတင်ကြောင်း တပါတည်းပြောပါရစေခင်ဗျား။ မျိုးမြင့်ချို။ အောက်တိုဘာ ၂၁၊ ၂ဝ၁၃

0 comments:

Post a Comment