Thursday, October 31, 2013

ကိုလိုနီခေတ်မတိုင်မီဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက်လာပုံ (အပိုင်း၃-စ)

0 comments
ကိုလိုနီခေတ်မတိုင်မီ ဗမာနိုင်ငံအခြေအနေနှင့် ဗမာပြည်အလုပ်သမားလူတန်းစားပေါ်ပေါက် လာပုံ(အပိုင်း၃-စ)
၁၉၄၇ ခုနှစ် အလုပ်သမားအထွေထွေသပိတ်ကြီး
၁၉၄၇ ခုနှစ် ဂျန္နဝါရီ ၂၆ ရက်ကဖြစ်ပွားခဲ့သော အလုပ်သမားအထွေထွေသပိတ်ကြီးသည် သာမန်အခြေအနေမှာဖြစ်ပေါ်ခဲ့သော သပိတ်များနှင့်မတူပါ။ စီးပွားရေးတောင်းဆိုချက် သပိတ်သက်သက်မဟုတ်။ အနှစ်သာရအားဖြင့် နိုင်ငံရေးတောင်းဆိုချက်သပိတ်အဖြစ် ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ သပိတ်မတိုင်မှီကာလ၊ ဂျန္နဝါရီ ၉ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်ရေးတောင်းဆိုရန် အင်္ဂလန်သို့ သွားရောက်ချိန်ကာလလည်းဖြစ်နေခဲ့သည်။
အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းတို့၏ တွေ့ဆုံဆွေးပွဲအခြေအနေပျက်ပြားသွားမည်ဆိုလျှင်၊ ဗြိတိန်အစိုးရက လွတ်လပ်ရေးပေးဖို့ငြင်းဆန်မည်ဆိုလျှင် သို့မဟုတ် ဆိုင်းငံ့ထားမည်ဆိုလျှင် လိုအပ်ပါက အထွေထွေ သပိတ်မှလက်နက်ကိုင်တော်လှန်ရေးသို့ကူးပြောင်းသွားရန်ပြင်ဆင်ထားသည့် အစပျိုးသပိတ် လည်းဖြစ်သည်။ ထိုကာလက ဖျာပုံခရိုင်တွင် (ဖဆပလ)တော်လှန်ရေးရဲဘော်များက လက်နက်ဖြင့် ဝင်ရောက်သိမ်းပိုက်သည့်အဖြစ်မျိုးလည်းရှိခဲ့သည်။
ထိုအခြေအနေသည် ပြန့်ကျဲနေသည့်နိုင်ငံရေးအင်အားစုများကို ပြန်လည်စုစည်းကာ စုဖွဲ့ပြီးလှုပ်ရှား လုပ်ဆောင်နိုင်ရန် အခွင့်အခါကောင်းတခုဖြစ်သည်။ ဖဆပလအဖွဲ့ချုပ်ရှိ အလုပ်သမားဌာနခေါင်းဆောင် များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ တပြည်လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂဌာနချုပ်မှခေါင်းဆောင်တို့ လုပ်ငန်းပိုင်းဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲများလုပ်ခဲ့သည်။ ထိုနောက် အခြေခံလုပ်ငန်းများပူးတွဲလုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းစဉ်များချမှတ်ခဲ့ကြသည်။ ထိုလုပ်ငန်းစဉ်များမှာ -
၁။ အထွေထွေတောင်းဆိုချက်များ ညှိနှိုင်းဆွေးနွေးရေး
၂။ သပိတ်လွှတ်တော်ဖွဲ့စည်းရန်
၃။ စည်းရုံးရေးတာဝန်ခွဲဝေရေး
၎။ ကျန်းမာရေးနှင့် ရိက္ခာစောင့်ရှောက်ရေး
၅။ ပူးတွဲခေါင်းဆောင်ရေး…စသည့်တိုဖြစ်သည်။
ထိုနောက် ဦးဆောင်သူအသီးသီးကတာဝန်ခွဲဝေပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။ အထွေထွေအလုပ်သမားသပိတ်ကြီးတွင် သပိတ်မှောက်အင်အား (၅ဝဝဝဝ)ကျော်ပါဝင်ခဲ့သည်။ စစ်ကြိုခေတ်က (၁၃ဝဝ)ပြည့်အရေးတော်ပုံသည်  အလွန်အရေးပါခဲ့သလို စစ်ပြီးခေတ် အထွေထွေအလုပ်သမားသပိတ်ကြီးသည်လည်း လွတ်လပ်ရေးတိုက်ပွဲအတွက်တွန်းအားတခုဖြစ်ခဲ့သည်။
အထွေထွေသပိတ်ကြီးတွင် အစိုးရရုံးဌာနများမှအလုပ်သမား၊ ပရိုဂျက်စီမံကိန်းဘုတ်အဖွဲ့အလုပ်သမားများ၊ ပုဂ္ဂလိကအရင်းရှင်လုပ်ငန်းများမှအလုပ်သမားများ၊ ရန်ကုန်မြူနီစပယ်အလုပ်သမားများ၊ စစ်ဘက်ဆိုင်ရာ ပြင်ပအလုပ်သမားများ၊ အမှုထမ်းများပါဝင်ကြသည်။ သပိတ်မှောက်အဖွဲ့များတွင် အလုပ်ဌာနပေါင်း (၃ဝဝ)နှင့် အလုပ်သမားအဖွဲ့အစည်းပေါင်း (၂ဝဝ)ကျော်တို့ ပူးပေါင်းပါဝင်ကြသည်။
သပိတ်စခန်းများကို ရွှေတိဂုံအလယ်ပစ္စယံ၊ ဗဟန်းငါးထပ်ကြီးဇရပ်၊ ကြည့်မြင်တိုင်ကိုးထပ်ကြီးဘုရား၊ ပုဇွန်တောင်မြူနီစပါယ်ကျောင်းနှင့် ကြည့်မြင်တိုင်မြူနီစပါယ်ကျောင်းတို့တွင် သပိတ်စခန်းဖွင့်လှစ်ထား ရှိခဲ့သည်။
သပိတ်ကြောင့် ကိုလိုနီအုပ်ချုပ်ရေးမတည်မငြိမ်မှုကို ဖြစ်ပေါ်စေသည်။ အီးအာတီလျှပ်စစ်သပိတ်ကြောင့် ရန်ကုန်နယ်နမိတ်ဧရိယာတခုလုံး အမှောင်ကျသွားသည်။ မြူနီစပါယ်သပိတ်ကြောင့် ရန်ကုန်တမြို့လုံး မစင်နံ့များနှင့် နံဟောင်နေသည်။ မော်တော်ယာဉ်များကြောင့် ရန်ကုန်မြို့တွင်း သွားလာရေးကမောက် ကမဖြစ်ကုန်သည်။ အချို့အလုပ်ဌာနများက လူထုကိုနစ်နာစေမှုဖြစ်စေနိုင်သဖြင့် သပိတ်ထဲမပါဝင်ဖို့ မေတ္တာရပ်ခံထားရသည်။ သပိတ်အောင်မြင်ခြင်းအကြောင်းအရင်းထဲတွင် လူထုဆန့်ကျင်မှုမလုပ်မိရေးကို သတိကြီးစွာဖြင့်လုပ်ကိုင်ဆောင်ရွက်မှု၏အကျိုးဆက်ဖြစ်ပါသည်။
သပိတ်မှောက်အင်အားစုများတွင် ကိုလိုနီအစိုးရ၏အရေးကြီးလုပ်ငန်းကြီးများနှင့် အလုပ်ဌာနပေါင်း၂၄ ခု (ကုန်းလမ်း၊ ရေလမ်းနှင့်လေကြောင်း သယ်ယူပို့ဆောင်ရေးဌာနများ၊ လျှပ်စစ်ဌာနများ၊ အလုပ်ရုံစက်ရုံများ၊ ဆန်စက်၊ သစ်စက်များ၊ ဆေးရုံအလုပ်သမားများစသည်)တို့က ပူးပေါင်းပါဝင်လာခဲ့သည်။ သပိတ်သည် ရန်ကုန်နှင့်အင်းစိန်စက်မှုလုပ်ငန်းများတွင်အခြေခံထားသော်လည်း ရေနံချောင်း၊ ချောက်၊ သံလျင်၊ သရက်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ ပြည်၊ မြင်းခြံ၊ မြိတ်နှင့်ထားဝယ်စသည့် မြို့ကြီးများစွာသို့ကူးစက်ခဲ့သည်။ (၁၉၄၇)ခုနှစ် အထွေထွေသပိတ်မှတောင်းဆိုချက် (၂၄)ချက်ကို တင်ပြတောင်းဆိုခဲ့သည်။ ထို (၂၄)ချက်သည် တပြည်လုံး၏အလုပ်သမားများအတွက် ကိုယ်စားပြုတောင်းဆိုခဲ့ခြင်းဖြစ်သည်။ သပိတ်တောင်းဆိုချက်အချို့ကို ရရှိလိုက်ပြီး၊ အချို့ကို အလုပ်ရှင်နှင့်အစိုးရက မလိုက်လျောဘဲတင်းခံနေ သည်။ အချို့က အလုပ်ရှင်နှင့်ပူးတွဲဖြေရှင်းရမည့်ကိစ္စရပ်များအဖြစ် ထားရှိလိုက်ရသည်။
သပိတ်ရက် ရှည်လာသည်နှင့်အမျှ  သပိတ်အင်အား (၅ဝဝဝဝ)ကျော်၏ နေထိုင်စားသောက်ရေး အခက်အခဲတွေ့လာသည်။ စားသောက်ရေးအားလုံးကို လူထုထံမှီခိုနေရသောကြောင့်ဖြစ်သည်။ အလုပ်သမားကိုယ်စားလှယ်အများစု၏ဆန္ဒအရ တိုက်ယူရရှိထားသည့်အခွင့်အရေးများကိုဆုပ်ကိုင်ထားပြီး၊ ကျန်အခွင့်ရေးများကို အလုပ်သမားထုညီညွတ်စွာဖြင့်ဆက်လက်တိုက်ပွဲဝင်ရန်ဆန္ဒရှိကြသည်။ ထိုအခြေအနေများကြောင့်(၂၁ရက်-ဖေဖော်ဝါရီ ၄၇)တွင် သပိတ်လှန်လိုက်ကြသည်။
ကွန်မြူနစ်ပါတီဦးဆောင်သည့် အေတီယူဘီ (တနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်)က သပိတ်လှန်ရန် အပြင်းအထန်ကန့်ကွက်ခဲ့သည်။ ဆွေးနွေးရရှိချက်များသည် စေ့စပ်၍ ရရှိချက်များသာဖြစ်၍ ရေရာမှုမရှိနိုင်၊ ကြေနပ်လောက်သောအောင်မြင်မှုမရှိဟု ယူဆသည်။ သပိတ်လှန်ခြင်းသည် ဖဆပလနှင့်ဆိုရှယ်လစ်ပါတီခေါင်းဆောင်များ၏သစ္စာဖောက်မှုနှင့် လိမ်လည်မှုသာဖြစ်သည်ဟုစွပ်စွဲခဲ့သည်။ တောင်းဆိုချက်အတိုင်းရရှိရန် ရေရှည်သပိတ်တိုက်ပွဲဆက်လက်ဆင်နွှဲရန်လိုအပ်ကြောင်းတင်ပြခဲ့သည်။
နောက်ဆုံးတွင် ရေရှည်တိုက်ပွဲဝင်ရန်အခက်အခဲတွေ့နိုင်သဖြင့် အလုပ်သမားသမဂ္ဂတဖွဲ့ခြင်းသာ တိုက်ပွဲဝင်လိုကဝင်နိုင်သည်ဟု  ဆုံးဖြတ်ချက်ချလိုက်ရတော့သည်။


0 comments:

Post a Comment