Sunday, October 6, 2013

လူထုဆိုတာ အချဉ်မဟုတ်-ကိုဘ ၂ဝ၁၂ မေလထုတ် ခေတ်မောင်း အတွဲ(၁)၊ အမှတ်(၁)

0 comments
လူထု ဆိုတာ အချဉ် မဟုတ်-ကိုဘ
၂ဝ၁၂ မေလထုတ် ခေတ်မောင်း အတွဲ(၁)၊ အမှတ်(၁)
ပြောရရင် ၁၉၇ဝ-၇၃ ကာလတွေ ဟာ မဆလအတွက် ကံဇာတာအတက်ဆုံးအချိန်လို့ ပြောလို့ရမယ်ထင်တယ်။ တော်လှန်ရေးကောင်စီ/ မဆလအနေနဲ့နိုင်ငံရေးအရလည်းအထိုင်ကျလာပြီ၊ အနက်မှ အညို အညို မှ အဖြူ စတဲ့ နယ်မြေတည်ဆောက်ရေးတွေလည်း စလုပ်လာနိုင်ပြီ။ မြို့ကြီးတချို့မှာသာ မြေအောက်ကျောင်းသားလှုပ်ရှားမှု အနည်းငယ်ရှိနေပေမယ့်လည်း နိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်လာနိုင်တဲ့ အနေအထားမရှိသေးဘူး။ အဓိက လက်ကျန်မြို့ပေါ်မြေပေါ် နိုင်ငံရေးအင်အားစုအများကလည်း အသစ်ပေါ်လာမယ့် ၁၉၇၄ မဆလ အခြေခံဥပဒေသစ်ကြီး၊ လွတ်တော်သစ်ကြီးနဲ့အစိုးရသစ်ကြီးမှာ အမတ်တမျိုး၊ အထူးအရာရှိတဖုံဖြင့် ပါဝင်နွှဲဖို့စိတ်အားထက်သန်နေကြပြီ။ ဒေသဆိုင်ရာ ပါတီ၊ ကောင်စီမှာ အကောင်တွေဖြစ်နေကြပြီ။
ဒေါက်တာဘိုလေး၊ ဒေါက်တာညီညီ စတဲ့ အရှေ့ပြန်၊ အနောက်ပြန် နိုင်ငံတကာပြန်ပညာရှင်များကလည်း စီမံကိန်းကြီးတွေမှာ လက်စွမ်းပြခွင့်ရနေပြီ။ မထောက်ခံတဲ့သူ၊ အာခံမယ့်သူတွေကိုလည်း တောထဲမောင်းပို့၊ ထောင်ထဲပို့၊ တကျွန်းပို့လုပ်ထားပြီးပီ။ ထောင်ကပြန်လွှတ်လိုက်တဲ့ ဖဆပလဟောင်း တော်တော်များများကလည်း အစွယ်ကျိုးကုန်ပြီ။ တချို့လည်း အကြံကုန်လို့ဆားချက်ဖို့ပြင်နေကြပြီ။
တကယ့် တိုင်းပြည်ရဲ့အချိုးအကွေ့ကြီးတခုကို စိတ်တိုင်းကျလုပ်ဖို့ အောကလီးယား … ပဲ လို့တောင် ဗိုလ်နေဝင်းတို့ကြွေးကျော်လို့ရခဲ့တဲ့ အခြေအနေပေါ့။ ဒါဟာလည်း မဝေးသေးသော အတိတ်ပါ။
သမိုင်းဟာဘယ်တော့မှ ထပ်တူတပတ်ပြန်မလည်တတ်ဘူး… ဒါပေမယ့် တဝဲလယ်လယ်ဖြစ်တတ်တယ်ဆိုသလို ဒီနေ့အဖြစ်အပျက်တွေက ရီဆိုင်ကယ်လုပ်ထားတဲ့ရုပ်ရှင်ကြီး ကြည့်နေရသလိုပါပဲ၊ (ရှိတ်စပီးယားပြဇာတ်ကို (၂၁)ရာစုဇာတ်အိမ်ဆင်ပြီးရိုက်တဲ့ ရုပ်ရှင်ကိုကြည့်တဲ့အခါ ရတဲ့ခံစားမှုမျိုးလို့ဆိုရမယ်ထင်တယ်။) အညမည မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ်ဝါဒ တဲ့၊ မြန်မာ့နည်း မြန်မာ့ဟန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတဲ့ ခေတ်မီတိုးတက်သောဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတဲ့။ သူတို့တတွေ ကခဲ့ကြ၊ ပြခဲ့ကြ၊ ပြောခဲ့ကြတာတွေဟာ ဒီရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်ဆိုသလို နောက်ဆုံးတော့လည်းစစ်အုပ်စု အစဉ်အဆက်ရဲ့အာဏာစီပွား တရားဝင်ရေရှည် တည်တံ့ရေးဆိုတဲ့အနှစ်သာရမှာတော့ အတူတူပါပဲ။
တော်လှန်ရေးကောင်စီမှ အခြေခံဥပဒေနဲ့ဖြစ်လာတဲ့မဆလအစိုးရဆီသို့ ကူးပြောင်းစဉ်ကာလအဆင့်ဆင့်တုန်းကလည်း အောက်ခြေအထိ ဆင်းလုပ်တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ နောက် ပွင့်ပွင့်လင်းလင်းပါတီညီလာခံမိန့်ခွန်းတွေ၊ နှစ်တိုနှစ်ရှည်စီးပွားရေးမူဝါဒအစီရင်ခံစာတွေ၊ … အားလုံးဟာ စနစ်တကျနဲ့အားရစရာတွေနဲ့ ဒို့ ခေတ်တော့မဝေးတော့ပါဆိုတဲ့မျှော်လင်ချက်တွေနဲ့ပေါ့။ နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုရင်လည်း မဝေးသေးတဲ့အတိတ်မို့  ဖတ်စရာ၊ နားထောင်စရာမှတ်တမ်းမှတ်ရာတွေလည်း အပြည့်ပါ။
အဲဒီ တုန်းကဆို ….. ဦးကြီးတွေလည်း အပြောင်းအလဲဆိုတဲ့မျှော်လင့်ချက်လေးနဲ့ တက်ကြွလို့ ၊ ထို့အတူ အလုပ်သမားတွေ၊ တိုးတက်တဲ့အမြင်ရှိတယ်ဆိုတဲ့ မြို့နေပညာတတ်တွေတောင်ပါသေးသဗျာ။ အဲဒီ မဆလခေတ်ဦးရဲ့ မှိုင်း က ဘယ်လောက်ပြင်းသလည်းဆို အကောင်းဖြစ်ဖို့ အပြောင်းတော့လာပါပြီ ငါတို့လည်း အုတ်တချပ်သဲတပွင့် (အဲဒီတုံးက သိပ်ခေတ်စားတဲ့စကားပေါ့) အနေနဲ့ပါမှ ဖြစ်တော့မယ် ဆိုပြီး ပါသွားခဲ့ကြတာ။ ဂီတလုပ်သားတွေကလည်း အလှပြကားတွေလှည့်၊ သဘင်လုပ်သား၊ စာပေလုပ်သားတွေကလည်း သံချပ်တွေထိုးနဲ့ တကယ့်ကို စည်စည်ကားကားကြီးပေါ့။
ငပလီကမ်းခြေ စံပြလုပ်သား၊ လူရည်ချွန်၊ ဝ ထ က လ သ၊ မြိုင်မြိုင်ဆိုင်တန်ဆောင်တိုင် ခေတ်ပေါ့။ အခု မြင်တွေ့နေရတာတွေနဲ့လည်း သိပ်မထူးလှပါဘူး၊ သဏ္ဍာန်မတူပေမယ့်လည်း အဲဒီခေတ်ကအမြင် အဲဒီခေတ်ကအထွာနဲ့ပေါ့။ ဒီနေ့လိုပဲ စိတ်မကောင်းစရာကတော့ မြိုတွေပေါ်မှာ ပျော်မော်နေကြပေမယ့် တောင်ပေါ်မြေမှာတော့ ချယ်ရီမဝေနိုင်ပဲ ယမ်းငွေ့တွေ လွှမ်းလို့ပေါ့။
ဒီနေ့ ၂ဝ၁၂ ရောက်ပြန်တော့လည်း ဘာထူးသလဲ။ ၂၃-၄ နှစ်လုံး စာရင်းမရှိအင်းမရှိ ဒေသဆိုင်ရာ တိုင်းမှုးက ဌာနဝန်ကြီးထက် ပိုပါဝါပြနိုင်၊ လုပ်ချင်သလိုလုပ်နိုင်ခဲ့တဲ့ နဝတ/နအဖ အောက်မှာနေခဲ့ရလို့ထင်တယ် အခုလို ခမ်းခမ်းနားနား၊ ပုံစံတကျ၊ စနစ်တကျလေး လုပ်ပြကိုင်ပြ တိုင်းပြည်ကိုပြောပြလာတော့ အပြောင်းအလဲတော့ဖြစ်လာနေပြီ၊ နောက် သမ္မတမိန့်ခွန်းမှာ အောက်ခြေကပြဿနာတွေအထိ ပါသဟ၊ နောက် ပြောင်းမယ်ဆိုတာလည်းပါသဗျ …. ဆိုပြီး ဒါမျိုးမမြင်ရ၊ မကြုံရတာတွေကြာခဲ့တော့ မျှော်လင့်ကြတယ်ထင်ပါတယ်။ တကယ်တမ်းဆို အခုအပြောတွေက မဆလခေတ်ကအပြောတွေကို တကယ်မမီသေးဘူးလို့တောင်ဆိုချင်တယ်။ အလုံပိတ်အမှောင်ခန်းထဲမှာ တလက်မ နှစ်လက်မလောက် ပြတင်းပေါက်လေး ဟလိုက်ရင်ပဲ လင်းလင်းထိန်သွားတတ်လို့ မျက်စိကျင့်သားမရခင် ထင်ယောင်ထင်မှားဖြစ်တတ် သလိုပေါ့။ (ဒါ့ကြောင့်လည်း ၁၉၈၈ ဒီဘက်ခေတ်မှဖြစ်တဲ့ ကနေ့ခေတ် တက်လူတွေက ပိုမျှော်လင့်နေတာသတိထားမိတယ် … သူတို့အနာဂတ်ကိုး။)
ဒီလောက်တောင် သိသာမြင်သာနေတဲ့ပြောင်းလဲမှုတွေဖြစ်နေတာ အဲဒါကိုမြင်နေရသားနဲ့ မပြောင်းလဲဘူးလို့ငြင်းချင်တာလားလို့မေးလာခဲ့ရင် ဒီလိုဖြေချင်ပါတယ်။ ကြိမ်းသေတာပေါ့ ပြောင်းနေပါတယ်၊ ပြောင်းလဲမှုတွေအခင်းအကျင်းအသစ်တွေ မြင်နေရတာပဲ မငြင်းပါဘူး၊ သို့ပေသိ ဘယ်ကိုဦးတည်နေတဲ့ပြောင်းလဲမှုလည်း၊ ဘယ်သူတွေအကျိုးရှိမယ့်ပြောင်းလဲမှုလည်း၊ ဘယ်အထိသွားမှာလည်း၊ ဘယ်မှာရပ်မှာလည်း ဆိုတာကိုတော့ မေးခွန်းလေးလေးနက်နက်ထုတ်ရမယ့်ကိစ္စပါ။ အပေါ်ယံအပြောင်းအလဲလား၊ အနှစ်သာရအရအပြောင်းအလဲလား။ ဒီနေရာမှာ အပြောင်းအလဲဖြစ်နေတာကိုသိရုံနဲ့မပြည့်စုံပါဘူး။ ဘယ်လိုအပြောင်းအလဲဖြစ်နေတာလည်းဆိုတာသိဖို့ လိုအပ်ပါတယ်။ ဦးသိန်းစိန်ရဲ့စစ်တပိုင်းအစိုးရနဲ့ ကြံ့/ဖွံပါတီ ဘာတွေဘယ်လိုပဲပြောပြော သူတို့ကျောထောက်နောက်ခံလုပ်ထားရတဲ့ institution and structure လို့ ခေါ်တဲ့ ခေတ်နဲ့စနစ်ကိုယှက်ဖျင်တည်ဆောက်ထားတဲ့ လူမှုစီးပွားနိုင်ငံရေးအာဏာအဆောက်အဦးနဲ့ပုံသဏ္ဍာန်တွေနဲ့သာ ချိန်ထိုးကြည့်သင့်ပါတယ်။ သမ္မတ၊ လွတ်တော်ဥက္ကဌ၊ ဝန်ကြီး၊ ကြံ့/ဖွံအတွင်းရေးမှုးစတဲ့ သူတွေနဲ့လုပ်သမျှအင်တာဗျူးတွေမှာ ကျနော်တို့ဒီမိုကရေစီစနစ်ကို မဖြစ်မနေဖေါ်ဆောင်နေပါတယ်။ နောက်ပြန်လှည့်ဖို့လုံးဝမရှိပါဘူး စသဖြင့် ရွန်းရွန်းဝေအောင်ဖြေကြပေမယ့် စစ်တပ်နိုင်ငံရေးမှာပါနေတဲ့ကိစ္စ၊ အခြေခံဥပဒေကိစ္စတွေမှာတော့ အချိန်မတန်သေးဘူး/ပြင်ဖို့မလိုသေးဘူးဆိုတဲ့အသံ၊ တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုရင်လည်း “နိုး”ဆိုတဲ့အသံ၊ အဲဒီလို တသံထဲထွက်နေတာ အကြောင်းမဲ့မဟုတ်ပါဘူး။
မေးခွန်းတခုနဲ့ စကြည့်ရအောင်ပါ။ မဆလ၊ နဝတ၊ နအဖအစဉ်အဆက်မှာ အာဏာလက်ကိုင်မဲ့သွား၊ အကြောင်းကြောင့်ကြောင့် ဘေးရောက်သွားတဲ့စစ်ဗိုလ်ချုပ်တွေ ဘယ်နှစ်ယောက် စားရမဲ့သောက်ရမဲ့ဖြစ်သွားသလဲဆိုတာပါ။ တချို့တလေကို နောင်ကျဉ်အောင် တခဏထောင်ထဲထည့်ထားရင်တောင်၊ သူတို့မိသားစု သားသမီးတွေမှာ လုပ်ကွက်စားကွက်တွေနဲ့ကျန်ခဲ့တာပါ။ သာမာန်အရပ်သားထက် နှာတဖျားအမြဲသာနေပါတယ်။ ဒါဟာ စီးပွားရေးအခွင့်အလမ်းတခုထဲမှာမှမဟုတ်ပါ၊ ပညာရေးအခွင့်အလမ်း၊ လူမှုရေးအခွင့်အလမ်း စတဲ့နယ်ပယ်အစုံမှာပါ။ ဖဆပလခေတ်က ဝန်ကြီးဟောင်းတွေထဲကတချို့လို အထည်ကြီးပျက်ဖြစ်ပြီး စားရမဲ့သောက်ရမဲ့ဖြစ်သွားတာ မဟုတ်ပါဘူး။ ပြည်သူလူထု တန်းတူအကုန် ဆင်းရဲသွားတဲ့မဆလခေတ်မှာလည်း မြန်မာ့ဆိုရှယ်လစ်လူဘောင်ကို အရောက်ချီတက်ပြီး အသီးအပွင့်တွေခံစားသွားတာ ဒီစစ်အုပ်ဝင် စစ်ဗိုလ်တွေနဲ့သူတို့အနွယ်တွေပါ။
အာဏာရဗိုလ်ချုပ်တွေ၊ တိုင်းမှုးတွေသာ အစဉ်အဆက်လူပြောင်းသွားမယ်၊ နောက်လူက ရှေ့လူရဲ့စုဆောင်းထားတဲ့ဓနဥစ္စာကို မထိတဲ့အပြင် အကာအကွယ်လည်း ပေးပါတယ်။ တိုးပွားသည်ထက်တိုးပွားအောင်လည်း အကူအညီအပြန်အလှန်ပေးပါတယ်။ ဦးပိုင်လိမိတက်ဆိုတာ အကြောင်းမဲ့ပေါ်လာ ဖြစ်လာတာမဟုတ်ပါ။ စစ်အုပ်စု ပထမမျိုးဆက်ဖြစ်တည်လာတဲ့ နောက်ခံစီးပွားရေးအကြောင်းတခုဖြစ်တဲ့ BECD တို့ အင်းဝဘဏ်တို့ကို အမွေဆက်ခံထားတာပါ။ လူပြောများနေတဲ့ခရိုနီတွေဆိုတာလည်း ၂ ဘက် အကျိုးအမြတ်ရှိလို့ ဒီစစ်အုပ်စု စစ်ဗိုလ်တွေမွေးလို့ ပေါ်လာခဲ့တာပါ။ ဒါတင်မကပါ အာဏာရနဲ့ခရိုနီ သားပေးသမီးယူ ရွှေနဲ့မြဂဟေဆက်ပြီး တိုးတက်နေကြတာကလည်း ခေတ်အဆက်ဆက်သတင်းစာတွေထဲ မမြင်ချင်မှအဆုံးပဲမဟုတ်လား။ ဒီ စစ်အုပ်စုအစဉ်အဆက်ကမွေးထုတ်လိုက်တဲ့ စစ်ဗျူရိုကရက် အရင်းရှင်လူတန်းစားဟာ တိုင်းပြည်ရဲ့စီးပွားရေးမျက်နှာစာမှာ ကောင်းကောင်းကြီးအထိုင်ကျနေပါပြီ။
ဒီမှာ နောက်ဆက်တွဲမေးခွန်းတခု ထပ်ပေါ်လာပါတယ်။ သူတို့ ဘာ့ကြောင့် ဒီလို တိုင်းပြည်ရဲ့ဓနတွေကို စိတ်ကြိုက်ချယ်လှယ်ခွင့် ဝေစားမျှစားခွင့်ရနေတာလည်း။ ဘာ့ကြောင့် အဲဒီလိုလုပ်နိုင်တာလည်း။ အဖြေကတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့မဏ္ဍိုင်တွေရဲ့ လက်အောက်ခံဌာနဆိုင်ရာနှင့် လုပ်ငန်းဆိုင်ရာအဆင့်ဆင့်မှာ အောက်ခြေတွေအထိအခြေခံထားတဲ့ စစ်ဗျူရိုကရေစီ ပုံသဏ္ဍာန် အုပ်ချုပ်ရေးစနစ်နဲ့ အဲဒီစနစ်ကိုဖျက်သိမ်းဖို့ကြိုးစားမှုတိုင်းကအကာအကွယ်ပေးဖို့  စပ်တပ်ကို သူတို့စိတ်ကြိုက်အသုံးပြုနိုင်ခွင့် ရထားတာကြောင့်ပါ။ အရပ်စကားနဲ့ပြောရရင် သူတို့ရဲ့အစဉ်အဆက်ဓနဥစ္စာတွေကာကွယ်ဖို့နဲ့ တိုးပွားအောင်လုပ်ဖို့အတွက် နိုင်ငံရေးကိုပါ လက်ဝါးကြီးအုပ်ရပါတယ်။ နိုင်ငံရေးလုပ်ရပါတယ်။ အဲဒီနိုင်ငံရေးကိုလည်း သေနတ်ကိုင်ပြီး၊ စစ်တပ်ကိုကျောထောက်နောက်ခံထားပြီး လုပ်ပါတယ်။
ခေတ်ရဲ့လိုအပ်ချက်အရ ယူနီဖောင်းပဲဝတ်ဝတ်၊ ခေါင်းပေါင်းပဲဆောင်းဆောင်း သေနတ်ကိုင်ပြီးလုပ်တဲ့နို်င်ငံရေးမို့လည်း စစ်ဗျူရိုကရေစီ ပုံသဏ္ဍာန်အုပ်ချုပ်ရေးကို အသက်သွင်းရပါတယ်။ ဌာနဆိုင်ရာအဆင့်ဆင့်များ၊ ဖက်စပ်ကုမ္ပဏီများမှာ ယူနီဖောင်းဝတ်/ချွတ် တပ်ကလူ များဖြင့် အလုပ်အတူလုပ်ဘူးလျှင် အထက်အောက် ခေါင်းနင်းဆက်ဆံသည့်ပိရိမစ်ပုံစံဖြင့် အမိန့် စည်းကမ်း၊ အဆင့်ခွဲခြားပြီး စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာကို ချုပ်ကိုင်ပုံ၊ သြဇာကွန်ယက်ကိုတည်ဆောက်ပုံ စသည်တို့ကို အလွယ်တကူသဘောပေါက်မှာဖြစ်ပါတယ်။ တကယ်တော့ အနှစ် ၅ဝ ရှိပြီဖြစ်တဲ့စနစ်အတွင်း ကျရောက်သွားသောအခါ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စနစ်ရဲ့ဖိအားပေးမှုအလိုအရ မေးခွန်းမထုတ်တော့ပဲ ယေဘူယျဓမ္မတာလို လိုက်ပါဆောင်ရွက်သွားသည်ကလည်း ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီသဘော ဖြစ်နေပြန်ပါတယ်။
အချုပ်ဆိုရရင် ဒီလို တိုင်းပြည်ရဲ့ဓနတွေကို အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်တွေနဲ့ စိတ်ကြိုက်ချယ်လှယ်ခွင့် ဝေစားမျှစားခွင့်ရနေတဲ့အတွက် ဒီအခွင့် အရေးတွေကို ဘယ်လိုမှ လက်မလွှတ်ချင်တော့တဲ့အစဉ်အဆက်စစ်အုပ်စုဟာ လိုအပ်ရင် အရောင်ပြောင်းမှုကိုလုပ်ဖို့ ဝန်မလေးဘူးဆိုတာ ပါပဲ။ စစ်တပ်လည်းဖြစ်နေ အာဏာလည်းရှိနေတဲ့အတွက် စနစ်တကျနဲ့ ဖြစ်အောင်လည်းလုပ်နိုင်ပါတယ်။ Road Map ဆိုတဲ့ သူတို့ခရီးစဉ် ဟာ တခဏနဲ့ကမူးရှုးထိုးလုပ်ခဲ့တာ မဟုတ်ပါ။ စနစ်တကျနဲ့ရေရှည်အကောင်အထည်ဖေါ်ခဲ့တာပါ။
၁၃၅ဝ အရေးတော်ပုံကြီးကြောင့် ခေါင်းပေါင်းဆောင်း တောင်ရှည်ဝတ်ပြီး လွတ်တော်တက်နိုင်ငံရေးလုပ်တဲ့ မဆလစနစ်ကြီးပြိုကျခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးအောင်ပွဲအထိမရောက်ခဲ့တဲ့အတွက် စစ်အုပ်စုနန်းဆက်ဟာ ဆက်လက်ရှင်သန်ခွင့်ရသွားပြီး ထီးနန်းအမွေခွဲ၊ ပြီးတော့ သူတို့နိုင်ငံရေးမျှခြေပျက်ပြီး တရားဝင်မှုပျောက်ခဲ့ရတာကို ပြန်တည်ဆောက်နိုင်ဖို့လုပ်ပါတယ်။ မဟာမိတ်အသစ်တွေရှာရတယ်၊ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲနဲ့ လားရာကိုလည်းချိန်ဆတယ်၊ ဥစ္စာဓနသစ်စုဆောင်းရတယ်၊ ခေတ်ကာလနဲ့ကိုက်ညီမယ့် နိုင်ငံရေးလမ်းကြောင်းသစ်ဖေါက်ဖို့ မြေစမ်းခရမ်းပျိုးလုပ်ရပါတယ်။ စစ်အုပ်စုအကြောက်ဆုံးဖြစ်တဲ့ လူထုရဲ့တက်ကြွမှုနဲ့ နိုင်ငံရေးရေချိန်မြင့် နေချိန် ကာလတခုကိုဖြတ်သန်းရတာကြောင့်သာ သူတို့ အနှစ် ၂ဝ ကျော် ကြာသွားတာပါ။

တကယ်တော့ အမျိုးသားညီလာခံကိုစတင်ကျင်းပတဲ့ ၁၉၉၃ ခုနှစ်ထဲမှာပဲ ကြံ့/ဖွံ ကို စတင်ဖွဲ့စည်းပြီးဖြစ်ခဲ့သလို၊ ၂ဝဝ၅ အမျိုးသားညီလာခံမှာ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာအာဏာခွဲဝေမှု အသေးစိတ်မူ၊ ဥပဒေပြုရေးဆိုင်ရာအာဏာခွဲဝေမှု အသေးစိတ်မူများကိုချမှတ်ပြီးချိန်မှာ ကြံ့/ဖွံကိုနိုင်ငံရေးပါတီအဖြစ်ပြောင်းရေးကို လက်တွေ့အကောင်အထည်ဖေါ်ခဲ့ပြီဆိုတာကို မမေ့စေချင်ပါ။ တကယ်က အမျိုးသားညီလာခံတို့၊ ဆန္ဒခံယူပွဲတို့ လမ်းပြမြေပုံ ၇ ချက်တို့ဆိုတာ သူတို့ရည်မှန်းချက်ပေါက်မြောက်အောင်အသုံးချခဲ့တာတွေ ဖြစ်ပါတယ်။
တကယ်တော့ D 5 လို့ ခေါ်တဲ့ ၁။ Deny (ငြင်းပယ်ခြင်း) ၂။ Delay (အချိန်ဆွဲခြင်း) ၃။ Deceive (လှည့်စားဖြင်း) ၄။ Disrupt (ရှုပ်ထွေး၍ ကမောက်ကမဖြစ်စေခြင်း) ၅။ Destroy (ခြေမှုန်းခြင်း) စတဲ့ စစ်ရေးနည်းပရိယာယ်တွေကို နိုင်ငံရေးမှာအသုံးပြုပြီး ဒီနေ့ ၂ဝ၁၂ မှာ NLD သူတို့ရဲ့ ၂ဝဝ၈ အခြေခံဥပဒေအောက် ခေါင်းလျှိုဝင်လာအောင်၊ လူထုတွေကြားထဲမှာလည်း ထင်ယောင်ထင်မှား၊ အကွဲအပြားတွေဖြစ်အောင် လုပ်ခဲ့တာပါ။
အချုပ်ဆိုရရင်တော့ ဒီနေ့ လက်ရှိဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေဟာ စစ်အုပ်စုကဦးဆောင်ပြီးလုပ်တဲ့ အပြောင်းအလဲဖြစ်သလို သူတို့ရဲ့ control အောက်မှာပဲရှိတဲ့ အပြောင်းအလဲပါ။ ဒီ့အတွက်လည်း သူတို့ရောက်စေချင်၊ သွားစေချင်သလောက်ပဲရောက်မှာပါ။ သူတို့အတွက် အကျိုးအမြတ်အရှိဆုံးဖြစ်သွားတာကတော့ NLD အပါအဝင် ဒီမိုကရက်တစ်အချို့ဟာ သူတို့ဖြစ်စေချင်တဲ့ပုံစံအောက်ရောက်သွားတာနဲ့ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ (အနောက်နိုင်ငံတွေရဲ့ GFC ခေတ်နိုင်ငံရေးနှင့် ဘိုဘားမားအစိုးရတက်လာခြင်းများ)ကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ နိုင်ငံခြားရေးရာပေါ်လစီတွေ နဲ စစ်အုပ်စုရဲ့ အရောင်ပြောင်း ဖို့  ဂီယာပြောင်းအရှိန်တင်တဲ့အချိန် အချိန်အခါသင့်ဖြစ်သွားတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် စစ်အုပ်စုမျိုးဆက်သက်တမ်းရှည်ဖို့နဲ့ globalization ဖြစ်စဉ်မှာ သူတို့ရဲ့ဓနဥစ္စာတွေတိုးပွားဖို့အတွက် တရားဝင်ပါဝင်ခွင့် အခွင့်အလမ်းတွေကို ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ဆောင်နေတဲ့ အပြောင်းအလဲဟာ အများစုဖြစ်တဲ့ပြည်သူတွေအတွက်တော့ နတ်ကရာကျီးမော့တဲ့အဖြစ်ထက် ပိုမှာမဟုတ်ပါဘူး။ စစ်အုပ်စုနဲ့သူတို့အနွယ်တွေ၊ ခရိုနီတွေ၊ ရေရှည်တည်တဲ့တိုးတက်မှုကိုဖြစ်စေတဲ့ နိုင်ငံခြားရင်းနှီးမှုပ်နှံမှုကိုစိတ်မဝင်စားတဲ့ သယံဇာတမုဆိုး နိုင်ငံတကာအရင်းရှင်တွေ၊ ဖုံးကွယ်ထားတဲ့ရည်မှန်းချက်တွေ နှောင်ကြိုးတွေနဲ့ ရောက်လာကြမယ့် INGO တွေ၊ ရေပေါ်စီနိုင်ငံရေးသမားတွေ စတဲ့သူတွေရဲ့ စုပေါင်းစပ်ပေါင်း စားတော်ခေါ်ပွဲကြီးရဲ့နောက်ကွယ်မှာ အများစုသော ဗမာနိုင်ငံသားလူထုကြီးအတွက်ကတော့ မျှော်လင့်သလိုဖြစ်မလာပဲ အနာဂတ်ပျောက်နေအုံးမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တချို့ က သမ္မတဦးသိန်းစိန်ကို မျှော်လင့်ချက်ထားချင်နေကြပြီး ဦးသိန်းစိန်ကိုယ်စားပြုထားတာနဲ့ သူကိုမွေးထုတ်ပေးထားတဲ့ စနစ်ကိုမေးခွန်းထုတ်ဖို့ မေ့နေကြပါတယ်။ အထက်မှာပြောခဲ့သလိုပါပဲ (စစ်တပ်တပိုင်းအစိုးရ၊ စစ်ဗျူရိုကရေစီစနစ်၊ စစ်အုပ်စု) စစ် ၃ စစ် ဆိုတဲ့ institutions အဆောက်အဦးတွေနဲ့ ယှက်ဖျင်တည်ဆောက်ထားပြီး အနှစ် ၅ဝ လောက်အခြေတည်ခိုင်မာနေတဲ့အဆောက်အအုံကြီး ကို လူထုအခြေပြုတဲ့သဘောမဆောင်ပဲ လူပုဂ္ဂိုလ်တယောက်ရဲ့အစွမ်း၊ အစိုးရတဖွဲ့ရဲ့အစွမ်းနဲ့ ဘယ်လိုကျော်လွှားမလဲ၊ ဆန္ဒရှိရင်တောင် သဘောအတိုင်းလုပ်နိုင်ပါ့မလားဆိုတဲ့မေးခွန်းဟာ လက်ရှိမှာ အရေးတကြီးမေးသင့်တဲ့မေးခွန်းလို့ ထင်ပါတယ်။ စစ်အုပ်စုဆိုတာ လက်ရှိတပ်ထဲက ဗိုလ်ချုပ်တွေ၊ ကြံ့/ဖွံ့က ဗိုလ်ချုပ်(ငြိမ်း)တွေချည်းပဲမှမဟုတ်တာ၊ ဟိုးဘက်ခေတ် ဗိုလ်အောင်ကြီးတို့က စလို့ ဒီနေ့ခေတ် စစ်အုပ်စုအတွင်းစည်းကို ပေးဝင်သင့်မသင့်အစမ်းစာမေးပွဲစစ်တဲ့ရာထူးဖြစ်တဲ့ ဗိုလ်မှုးကြီးအဆင့်မှာ အလှည့်စောင့်နေသူတွေအထိပါတယ်။
ဘာ့ကြောင့်ဆို … အတိတ်မှာလည်း မဆလဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်စိန်ဝင်း၊ ဝန်ကြီးလုပ်ခဲ့တဲ့ဦးလွင် (NLD လွင်လေး) သူတို့ဟာ တဦးချင်းအရ လူကောင်းတွေပါ။ ဒါကို သူတို့နဲ့တွဲလုပ်ခဲ့ဘူးကြတဲ့အရပ်သားတွေ၊ ပညာရှင်တွေကလည်း ဒီအတိုင်းပဲသတ်မှတ်ခဲ့တာပါပဲ။ ဒါပေမယ့် သူတို့ရဲ့အကောင်းဆုံးဖြစ်အောင်လုပ်မဟဲ့ဆိုတဲ့ပုဂ္ဂလိကဆန္ဒကျိုးပမ်းချက်တွေဟာ အဲဒီ institutions တွေရဲ့အတားအဆီးတွေ ကိုမကျော်လွှားနိုင်ခဲ့ဘူး။ ဒါတောင် သူတို့ခေတ်ပြောင်းဖို့လုပ်ခဲ့တာမဟုတ်ပဲ အဲဒီခေတ်စနစ်ထဲမှာ အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုပြီး အားထုတ်ခဲ့ကြတာ။ နောက်ဆုံးတော့ အံဝင်ဂွင်မကျတဲ့သူတွေအဖြစ်နဲ့ ဖယ်ထုတ်ခံခဲ့ရတာပဲ။ သူတို့ကတော့ ကံကောင်းသူတချို့လို့ ဆိုရမယ်ထင်တယ်၊ ဘာ့ကြောင့်လည်းဆိုတော့ ကျန်တဲ့အများစုစစ်ဗိုလ်ဖြစ်ဖြစ်၊ ပညာရှင်ဖြစ်ဖြစ်၊ နိုင်ငံရေးသမားဖြစ်ဖြစ် အဲဒီ institutions ချဉ်ဖတ်အိုးထဲရောက်သွားပြီးရင် ရာဘာဖိနပ်တောင်အချဉ်ပေါက်တယ်ဆိုတဲ့အတိုင်း ချဉ်ဖတ်တွေဖြစ်ကုန်တာ သမိုင်းမှာငြင်းလို့မှမရခဲ့တာ ကြောင့်ပါ။ ဒါပေမယ့် သူတို့တတွေတောင် အဲဒီချဉ်ဖတ်တွေနဲ့ပတ်သက်ခဲ့တော့ သေတဲ့အထိမပျောက်နိုင်အောင် အနံ့စွဲခဲ့တာပဲမလား။
ဒီနေ့  ၂ဝ၁၂ မှာ ပြန်ကြည့်လိုက်ရင်လည်း ပါဝင်ပတ်သက်နေသူတွေသာပြောင်းသွားတယ် ဒီအချဉ်တည်တဲ့အိုးကြီးကတော့ ၁၉၆၂ က အတိုင်း ဒီအတိုင်းပါပဲ။ အဲဒီထက်အဆိုးဆုံးပြဿနာကတော့ အဲဒီ ချဉ်ဖတ်အိုးကြီးထဲကို ခုန်ချချင်သူတွေတန်းစီနေတာနဲ့ ကိုယ်ကိုယ်တောင် အားမရပဲ လူထုကြီးကိုပါ အဖေါ်ညှိနေတာပါ ။ ဒါပေမယ့် သူတို့မသိတာက လူထုဆိုတာမျှော်လင့်ချက်ထားတယ် ဒါပေမယ့် သူတို့မျှော်လင့်ချက်ဆိုတာစိတ်ကူးယဉ်အိပ်မက် မက်နေတာမျိုးမဟုတ်ဘူး။ သူတို့ဟာ လက်တွေ့ဘဝပေတံနဲ့ပဲတိုင်းပါတယ်။ ဒါ့ကြောင့်လည်း ၁၉၇ဝ ဝန်းကျင်တွေမှာသူတို့ ဘဝတွေအတွက် တကယ်အကောင်းကိုဦးတည်မယ့်အပြောင်းအလဲများဖြစ်မလားဆိုပြီး မျှော်လင့်ချက်ထားခဲ့ကြ ဖူးတယ်။ ဒါပေမယ့် ဆန္ဒဟာ ဘဝဖြစ်မလာတဲ့အခါမှာ ၁၉၇၄ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်းကစလို့  ၁၃၅ဝ ပြည့်အရေး တော်ပုံကြီးအထိ ကိုယ့်လမ်းကိုယ်ဖေါက်လို့ မရပ်မနားချီတက်ခဲ့ကြတာပဲမလား။ ဒါတင်ဘယ်ကမလည်း အဲဒီတုံးက သမိုင်းတခေတ်သစ်ခဲ့ပြီ၊ ဘာညာဖြစ်ခဲ့ပြီဆိုပြီး လူထုကို မျှော်တော်ယောင်ဘဝဆီတွန်းပို့ချင်ခဲ့တဲ့သူတွေကိုလည်း ချဉ်ပတ်အိုးရဲ့အောက်ဆုံးမှာ ဆွေးရိသွားအောင်တော့ ထားပစ်ခဲ့တာ မဟုတ်လား။ ဒါပေမယ့် သနားစရာကောင်းလောက်အောင် သူတို့မသိခဲ့တာကတော့ လူထုဆိုတာအချဉ်မဟုတ်ဆိုတာပါပဲ။ ကိုဘ



0 comments:

Post a Comment