Wednesday, October 23, 2013

အခြေခံဥပဒေပြင်သင့်သလား၊ အသစ်ရေးဆွဲသင့်သလား။ စိမ်းမြင့်-မန္တလေး

0 comments

ဗိုလ်ချုပ်မှူးကြီးဟောင်း အုတ်ခဲနှင့် ပြင်၊ သစ် ပြဿနာ
အခြေခံဥပဒေပြင်သင့်သလား၊ အသစ်ရေးဆွဲသင့်သလား။ သည်ပြဿနာ အခုတလောမှာ ရှေ့တန်းရောက်လာသည်။ တချိန်တည်းတွင် အသစ်မရေးဆွဲသင့်ကြောင်း၊ အသစ်ရေးဆွဲလျှင် အန္တရာယ်သိပ်ကြီးကြောင်း နည်းအမျိုးမျိုးဖြင့် နှပ်ကြောင်းပေးခြောက်လှန့်လာသည်ကို လည်းတွေ့ရသည်။ အခြေခံဥပဒေအသစ်မဆွဲရေးပြောဆို ဟန့်တားချက်များနှင့်အတူ စစ်တပ်မကြိုက်တာဘာမှမလုပ်ရေးကို အတွေးအခေါ်တစ်ရပ်အဖြစ် ထူထောင်ဝါဒဖြန့်လာသည် ကိုလည်း တွေ့ရသည်။
စစ်တပ်မကြိုက်တာဘာမှမလုပ်ရေးအတွေးအခေါ်ထူထောင်နိုင်ရန်အတွက် အတူတွဲဆောင်ရွက်လာသောအလုပ်တခုမှာ စစ်တပ်နှင့်အားပြိုင်ရင်ဆိုင်ခြင်းမှာ ရည်ရွယ်ဆောင်ရွက်သည်ဖြစ်စေ၊ မရည်ရွယ်ပဲရင်ဆိုင်တိုးမိသည်ဖြစ်စေ၊ ထိုသို့ တိုးမိသော ဖြစ်ရပ်မှန်သမျှ ယခုလည်းအကျိုးမရှိ/ယခင်ကလည်းအကျိုးမရှိခဲ့ဟူသော အတွေးအခေါ်ဖြစ်သည်။ ယခုအကျိုးမရှိဟူသောအချက်ကို အားကောင်းလာစေရန်၊ ယခင်ကလည်းအကျိုးမရှိဟု ဆက်စပ်ပြောဆိုလာရခြင်းဖြစ်သည်။ စစ်တပ်မကြိုက်တာဘာမှမလုပ်ရေး အတွေးအခေါ်ခိုင်ခန့်လာစေရန် ထိုသို့တိုးချဲ့ထူထောင်လာခြင်းဖြစ်သည်။ ယခင်က အကျိုးမရှိခဲ့ကြောင်းပြောဆိုသောအခါ ၈၈ အရေးတော်ပုံကြီးသည် ပြည်သူတွေ အသက်သွေးချွေးများစွာပေးဆပ်ခဲ့ရသော်လည်း အကျိုးမရှိဟူသောပြောဆိုချက်မျိုး၊ ၂ဝဝ၇ လှုပ်ရှားမှုကြီးသည်လည်း အရှုံးသက်သက်လှုပ်ရှားမှုကြီးဆိုသောပြောဆိုချက်မျိုးတွေ ဆက်စပ်ပါဝင်လာသည်။
စင်စစ် ဒါတွေအားလုံးသည် ပြည်သူကို စစ်ကျွန်စိတ်ဓါတ်သွတ်သွင်းပေးရန် စနစ်တကျအားထုတ်ကြိုးပမ်းမှုတွေသာဖြစ်သည်။ စစ်ကျွန်ဘဝမှာနေထိုင်ခြင်းသည်သာအကောင်းဆုံးဆိုသောသဘောအထိ သက်ရောက်လာအောင် တဖြည်းဖြည်းသိမ်းသွင်းပြောဆို နေခြင်းဖြစ်သည်။
မောင်ထွန်းသူဘာသာပြန်သော ဇစ်မြစ်စာအုပ်ကို အမှတ်ရမိသည်။ Alex Haley ရေးသော Roots စာအုပ် ဘာသာပြန် ဖြစ်သည်။ လူမည်းကျွန်စနစ်အကြောင်းရေးထားသော စာအုပ်ဖြစ်သည်။ လူမည်းများသည် စီမံခန့်ခွဲသည့်အလုပ်များကို ဘယ်တော့မှ လုပ်နိုင်မည်မဟုတ်ဟု လူမည်းများကိုယ်တိုင်ကထင်မြင်နေကြကြောင်းကို ပေါ်လွင်အောင်ရေးသားဖော်ပြထားသည်။ အလုပ်ကြမ်းလုပ်သောလူမည်းများကိုစီမံခန့်ခွဲပေးဖို့ ရာလူဖြူတွေရှိဖို့လိုအပ်သည်ဟု လူမည်းတွေတော်တော်များများကပင် အမှန်တကယ် ယုံကြည်ခဲ့ကြသည်။ ထိုအတွေးအခေါ်ကား ကျွန်စနစ်ကိုကျားကန်ပေးသော အတွေးအခေါ်ဖြစ်သည်။
ခေတ်တိုင်းခေတ်တိုင်းတွင် လူတစုက တခြားလူတစုကို ကာလရှည်ကြာဖိနှိပ်ထားလို့ရနေခြင်းမှာ စင်စစ် အဖိနှိပ်ခံရသူတွေ ကိုယ်တိုင်က ဖိနှိပ်သောစနစ်ကိုလက်ခံနေသောကြောင့်သာဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် ဖိနှိပ်သောစနစ်တခုတည်မြဲဖို့ဆိုလျှင် ဖိနှိပ်မှုကို လူထုလက်ခံအောင်ရှေ့နေလိုက်သောအတွေးအခေါ်တရပ်လိုအပ်သည်။ ထိုအတွေးအခေါ်ကို အဖိနှိပ်ခံတွေထဲမှ အရေအတွက် တော်တော်များများကလည်းလက်ခံနေဖို့ လိုအပ်လေသည်။ သို့မှသာ အဖိနှိပ်ခံတွေငြိမ်သက်ကြပေလိမ့်မည်။ ထို့ကြောင့် အုပ်ချုပ်သူ၊ ဖိနှိပ်သူလူတန်းစားအဆက်ဆက်တို့သည် သူတို့ဖိနှိပ်မှုကို လူထုလက်ခံလာအောင် ရှေ့နေလိုက်ဖေးမပေးသောအတွေးအခေါ်မျိုးကို ရှာဖွေလေ့ရှိသည်။ ကြိုးစားထူထောင်လေ့ရှိသည်။ အခုလည်း မြန်မာနိုင်ငံတွင် ဖိနှိပ်သူဘက်ကထောက်ခံသောအတွေးအခေါ်တရပ်ကို ညီညီညာညာထူထောင်လာကြတာတွေ့လာရသည်။ ထိုအတွေးအခေါ်၏အခြေခံမှာ စစ်တပ်မကြိုက်တာ ဘာမှမလုပ်သင့်ဘူးဟူသော အခြေခံဖြစ်သည်။ စစ်အာဏာရှင်ဟောင်းများနှင့် အလိုတော်ရိပညာရှင်ဆိုသူတွေက ပူးပေါင်းထူထောင်ကြသောထိုအတွေးအခေါ်ကို အတိုက်အခံထဲကလည်း တော်တော်လေးလက်ခံလိုက်နာလာသည်ကို တွေ့ရသည်။
စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေးအတွေးအခေါ်၏အဓိကမဏ္ဍိုင်မှာ စစ်ခေါင်းဆောင်ဟောင်းကြီးများဖြစ်ပြီး ထိုအတွေးအခေါ် ကို လက်ခံကျင့်သုံးလာသူအတိုက်အခံများထဲတွင် အရေးပါဆုံးပုဂ္ဂိုလ်မှာဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ သို့သော် စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေးကို အတွေးအခေါ်တရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့်ကျယ်ကျယ်လောင်လောင်ဖြန့်ချိအပေးဆုံးပုဂ္ဂိုလ်မှာ ဦးကျော်ဝင်း ဖြစ်သည်။ ထို့ကြောင့် ဦးကျော်ဝင်းကနေစပြောချင်ပါသည်။
အခုနောက်ပိုင်း သူ့စာတွေဆောင်းပါးတွေထဲတွင် ဒီအတွေးအခေါ်ကို အလုပ်တခုလိုသဘောထားပြီး ဝါဒဖြန့်ချိရေးဆန်ဆန် တွင်တွင်ကျယ်ကျယ်လုပ်လာတာကို သတိထားမိသည်။ အခုသူက လွှတ်တော် ကော်မရှင်တခုတွင်အဖွဲ့ဝင်ဖြစ်လာပြီးနောက် စစ်ခေါင်းဆောင်တို့၏ ကျောထောက်နောက်ခံအားပေးမှုကိုရလာသောအခါ ဝါဒဖြန့်ချိရေးနှင့်ပိုတူလာသည်။ ဦးကျော်ဝင်းက သူ့ကို မလိုသူ မိတ်ဆွေဟောင်းလက်ဝဲသမားတွေက စစ်အာဏာရှင်တွေနဲ့ပေးစားကြသည်ဟု အရင်က ခါးခါးသီးသီးနာနာကျည်းကျည်း ပြောဆိုလေ့ရှိသည်။ သို့သော် နောက်ဆုံးတော့လည်း စစ်အာဏာရှင်တို့နှင့် ညားသွားသည်ဟုသာ ဆိုရမလိုဖြစ်နေသည်။ မစွန်းရင်းရှိသူမို့သာ ကန်စွန်းခင်းငြိခြင်းဖြစ်တန်ရာပါသည်။
လက်ပံတောင်း ခယောင်းလမ်း ပြန်မလည်မိစေဖို့ဆောင်းပါးတွင် ဦးကျော်ဝင်းက လက်ပံတောင်း သပိတ်စခန်းများအရေးမှာ ဘယ်ဘက်ကကြည့်ကြည့် မဖြစ်သင့်ပါချေ ဟုရေးခဲ့သည်။ ဗိုလ်အောင်ဒင် ဇာတ်ကားထဲကအပြောမျိုးနှင့်ပြောရလျှင်ဒါကတော့ ပုလိပ်အမြင်ကို ဦးဘချစ်ရဲ့ဟု ဆိုရမည်ထင်သည်။ ဘယ်ဘက်ကကြည်ကြည့်ဟုဆိုသော်လည်း လယ်သမားဘက်က မကြည့်ခဲ့သည်မှာ ထင်ရှားလှပါသည်။

တကျော့ပြန် ရယ်ဒီကယ်လှိုင်းဆိုသည့်ဆောင်းပါးထဲတွင်မူ ရယ်ဒီကယ်လှိုင်းများကား အခါအခွင့်သင့်တိုင်း တဝုန်းဝုန်း ရိုက်ခတ်ဆဲ..။ ဥပမာ လက်ပံတောင်းကိစ္စ၊ မန္တလေး ရှစ်လေးလုံးငွေရတု ဟု ဆိုထားပြန်သည်။ လက်ပံတောင်းအရေးကိုတော့ သူတော်တော်စိုးရိမ်ပုံရသည်။ သူစိုးရိမ်သည်မှာ လက်ပံတောင်းအရေးကြောင့် စစ်ဗိုလ်ချုပ်ကြီးတွေငြိုငြင်မှာကိုစိုးရိမ်ခြင်း ဖြစ်ပုံရသည်။ မန္တလေး ရှစ်လေးလုံးငွေရတုပွဲကိုတော့ ဘာ့ကြောင့် ရယ်ဒီကယ်ထဲထည့်လိုက်သလဲဆိုသည်ကို အသေးစိတ်ရှင်းမထား။ သို့သော် ဖြစ်ပုံရသည်မှာ သူတို့ ပြုပြင်ပြောင်းလဲရေးဝန်ကြီးတွေတက်သည့် ရန်ကုန်ပွဲနှင့် ပုံစံချင်းမတူသောကြောင့်ဖြစ်လောက်သည်။
စစ်ဗိုလ်ချုပ်ကြီးတွေငြိုငြင်မည်ကို သူစိုးရိမ်ကြောင်းကို ဧရာဝတီနှင့်အင်တာဗျူးတွင် သူက အထင်အရှားအတိအလင်း ထုတ်ပြောသည်။ “အပြောင်းအလဲကို စတာ အရင်အစိုးရ တည့်တည့်ပြောရရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး ဟု သူက ထုတ်ပြောထားသည်။ ဒီစကားတခွန်း သိပ်အရေးကြီးသည်။ ဘာ့ကြောင့်အရေးကြီးသနည်းဆိုသော် စစ်တပ်မကြိုက်တာမလုပ်ရေးအတွေးအခေါ်တခုလုံး၏အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်သော ပထမဆုံးအုပ်ချပ်၊ တနည်းအားဖြင့် ဖောင်ဒေးရှင်း အုတ်ခဲ (foundation stone) ဖြစ်နေသောကြောင့်ပင်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေခွင့်မပြုရင် ဘာမှမတတ်နိုင်ဘူးဟု သူကယူဆသည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမကြိုက်တာ ဘာမှမလုပ်နဲ့ဟူသောကောက်ချက်သည် နောက်ဆက်တွဲ အလိုလိုထွက်ပေါ်လာသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမကြိုက်တာကိုလုပ်တာ မှန်သမျှသည် အပြောင်းအလဲကိုပျက်စီးအောင်လုပ်ခြင်းဆိုသည့်ကောက်ချက်လည်း အလိုလိုထွက်ပေါ်လာတော့သည်။ ဒီတော့ လက်ပံတောင်းကိစ္စသည် အပြောင်းအလဲကိုပျက်စီးစေမည့်အရာဟု သူမြင်လာသည်မှာမဆန်းတော့ချေ။ စစ်ခေါင်းဆောင်ဟောင်းတွေကို မဖိတ်သည့် မန္တလေးရှစ်လေးလုံးပွဲကို အန္တရာယ်ဟုမြင်လာသည်မှာလည်း မဆန်းတော့ချေ။ အဘယ့်ကြောင့်ဆိုသော သူ့အမြင်အားလုံးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြိုက်မကြိုက်ဆိုသည့်အချက်အပေါ် အခြေခံတွေးခေါ်နေသောကြောင့်ဖြစ်သည်။ သူအတွေးအခေါ်သည် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ ကြိုက်မကြိုက်ဆိုသည့်အခြေခံဖောင်ဒေးရှင်းအုတ်ခဲအပေါ်တွင် တည်ဆောက်ထားခြင်း ဟုတ် မဟုတ်၊ ဒီအချက်နှင့် ဆီလျော်ညီညွတ်မှုရှိမရှိကို ဆက်လက် ဆန်းစစ်ကြည့်ပါမည်။
ဧရာဝတီနှင့် အင်တာဗျူးထဲတွင် သူကယခုလို ဆက်ပြောထားပါသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သူခွင့်ပြုလို့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာ ဖြစ်လာတာ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး။ အဲဒီအောက်မှာ အရင်အစိုးရက လူဟောင်းတွေ အာဏာဆက်ယူထားတာလည်း အမှန်ပဲ။ သို့သော် ဒါကို ရန်လုပ်နေလို့ မရဘူး။ သူ့ဟာသူ သဘာဝကျကျ ဖြစ်လာတဲ့ အချင်းရာ။
ဟုဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အခြေခံအတွေးအခေါ်နှင့်တွေးခေါ်လိုက်သောအခါ အရင်အစိုးရလူဟောင်းတွေ အာဏာဆက်ယူထားတာသည်လည်း သဘာဝကျကျဖြစ်လာသည့်အချင်းအရာဟု သူလက်ခံသွားနိုင်ပါတော့သည်။ သည်မျှသာလော။ မကသေးပါ။ အတိုက်အခံဘက်က အလွန်အကျွံတောင်းဆိုလာလျှင် ပြဿနာရှိလာလိမ့်မည်ဟုလည်း ထိုအင်တာဗျူးတွင်ပင် ဆက်ပြောပါသည်။
အခြေခံဥပဒေ လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ်ဆိုတာမျိုးတောင်းခဲ့ရင်တော့ တပ်က တခုခုတုန့်ပြန်လိမ့်မယ်။…. မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့သဘောတူညီမှုမရှိဘဲနဲ့ ဘာမှ လုပ်လို့မရဘူး
ဟုဆက်ပြောသည်။ ဤနေရာတွင် တပ်ဟုပြောခြင်းသည် စစ်အာဏာရှင်တွေကိုပဲဆိုလိုခြင်း ဖြစ်နိုင်ပါသည်။ စစ်အာဏာရှင် ဆိုရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အခေါင်အချုပ်ဖြစ်သည်။ ဒီတော့ တပ်ရဲ့သဘောတူညီမှုမရှိဘဲနှင့် ဘာမှလုပ်လို့မရဘူး ဟူသောယူဆချက်သည်လည်း စောစောကပြောခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေအုတ်ခဲက ဆက်လက်ပွားထွက်လာသော အတွေးအခေါ်ပင် ဖြစ်သည်။
လှံဖျားပုစဉ်းနား၊ ကျီးကန်းကချေးပါဖြစ်နေသောသူ့အတွေးအခေါ်သည် အခြေခံဥပဒေနှင့်သာမက ဒီ့ထက်ပိုကျယ်ပြန့်သော အကြောင်းအရာများနှင့်လည်း ပတ်သက်သေးသည်။ ဖက်ဒရယ်လည်း ပါပါသေးသည်။
အာဏာသိမ်းနိုင်တဲ့အလားအလာက အခြေခံဥပဒေပင်ဆင်ရေးနဲ့ ဆက်စပ်နေတယ်၊ ဖက်ဒရယ်ကိစ္စနဲ့ ဆက်စပ်နေတယ်
ဟု ထိုအင်တာဗျူးမှာပင် သူက ဆက်လက်ပြောသည်။
သို့ဖြစ်ရာ လက်ပံတောင်းကလူတွေဆန္ဒမပြကြနဲ့၊ အခြေခံဥပဒေအသစ်မရေးနဲ့၊ ဖက်ဒရယ်မူကိစ္စ အလွန်အကျွံမတောင်းနဲ့ဟု ပြောနေသောဦးကျော်ဝင်းတယောက်ကို ဗိုလ်ချုပ်ဟောင်းဦးခင်အောင်မြင့်က မရမကလိုက်ခေါ်ကာ လွှတ်တော်ကော်မရှင်မှာခန့်ထား လိုက်သည်ဟူသောအချက်မှာ ဘာမှ အံ့သြစရာမရှိပါ။ ဘာ့ကြောင့် ဒုဝန်ကြီးမဖြစ်သေးတာပါလိမ့်ဆိုသောအချက်ကိုသာ အံ့သြချင် အံ့သြဖို့ရှိပေလိမ့်မည်။
ဦးကျော်ဝင်းစိုးရိမ်နေသည်များမှာ သည်လောက်တွင်ပဲလားဆိုတော့လည်း မကသေးပြန်ချေ။ NLD က လွှတ်တော် နေရာအများကို တလုံးတခဲကြီးအနိုင်ရသွားမှာကိုလည်း သူကစိတ်ပူပြန်သေးသည်။ ဒါသည်လည်း ဗိုလ်ချုပ်မှူးကြီးအုတ်ခဲ အတွေးအခေါ်နှင့်ကိုက်ညီပြန်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိုးရိမ်လောက်သည့်ဟာတွေမှန်သမျှကို သူက ခန့်မှန်းပြီး အကုန်လိုက် စိုးရိမ်ကြောက်ရွံ့ပေးနေလေပြီ။ စိုးရိမ်ကြောက်ရွံ့ရုံမျှသာမက ကြောက်ရွံ့ခြင်းက ကင်းဝေးရမည့်နည်းလမ်းကိုလည်း သူကရှာပေးလိုက်ပြန် သေးသည်။ ထိုနည်းလမ်းကား အခြားမဟုတ်။ ပီအာစနစ် ဟူသတည်း။ ပီအာစနစ်အောက်မှာဆိုလျှင် မည်သူမျှ မဲအများစုအနိုင်မရနိုင် တော့သည့်အတွက် NLD လည်း အများစုမဲမရနိုင်တော့ဟု ပီအာလုပ်ဖို့ရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုပင် သူကလှမ်းပြီးအကြံပေးလိုက် ပြန်ပါသေးသည်။ (ပီအာစနစ်အပေါ်ကျွန်တော့အမြင်ကိုတော့ လူထုပုံရိန်ဂျာနယ်မှာ ပြည့်ပြည့်စုံစုံပြောပြီးဖြစ်သောကြောင့် ဤနေရာတွင် အကျယ်မဆွေးနွေးလိုတော့ပါ။)
သူ၏ အင်တာဗျူးထဲတွင်ဖြေဆိုသွားချက်များအနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေစိတ်ဆိုးမည်ကို စိုးရိမ်တတ်သော သူ၏ စိတ်ဇောအဟုန်မည်မျှကြီးမားကြောင်းဖော်ပြသည့်နောက်ထပ်တချက်ကို ထောက်ပြချင်ပါသေးသည်။ ထိုအချက်မှာ မိတ္ထီလာအရေးနှင့် ပတ်သက်သောသုံးသပ်ချက်ဖြစ်သည်။ မိတ္ထီလာမှာ ရဲတွေရပ်ကြည့်နေတယ်ဆိုတာ အနောက်မီဒီယာတွေက ဖွတာ ဟုသူက ဖြေသွား သည်။ အစိုးရက ရည်ရွယ်ချက်ရှိရှိလွှတ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်ကို ကျနော်လက်မခံဘူး ဟု ပြတ်ပြတ်သားသားရပ်တည်ကာကွယ် ပေးသွားသည်။ သို့သော် ဒါမျိုးကိစ္စသည် သဘောထား (opinion)မဟုတ်။ အချက်အလက် (fact)ဖြစ်သည်။ အထောက်အထား ရှိနေလျှင် လက်မခံချင်ပေမယ့် လက်မခံလို့မရ။ အထောက်အထားမရှိဘဲနှင့်လည်း စွပ်စွဲချင်တိုင်းစွပ်စွဲလို့မရ။ မိတ္ထီလာတွင် လူတယောက်ကို ဝက်လာတောထဲ၌ ဓါးနှင့်ခုတ်၊ တုတ်နှင့်ရိုက်နေကြသောအချိန်တွင် ရဲကရပ်ကြည့်နေသည်မှာ သက်သေအထောက် အထားအခိုင်အလုံနှင့်ရှိသည်။ မသေမရှင်လူတွေကိုမီးရှို့နေချိန်တွင် ရဲကရပ်ကြည့်နေသည်မှာလည်း အထောက်အထားရှိသည်။ ဦးကျော်ဝင်းကြည့်ချင်လျှင် ဗီဒီယိုကလစ်နှင့်အသေအချာပြနိုင်သည်။ ဦးကျော်ဝင်းမတွေ့ဘူးသည်မှာ မလေ့လာသောကြောင့်ဖြစ်မည်။ တကယ်တော့ဒါတွေအားလုံး (Documented) ဖြစ်သည်။ ထိုဗီဒီယိုအစစ်အမှန် (Genuine)ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက စစ်ဆေးပြီးကြပြီ။  သည်တချက်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေစိတ်ဆိုးမှာကို သူစိုးရိမ်လွန်းအားကြီးပြီး အကာအကွယ်ပေးချင်စိတ် များလွန်းအားကြီးသွားသည်ဟု ကျွန်တော်ထင်သည်။ သည်လောက်ကြီးအထိ မျက်စိမှိတ်ပြီးတဘက်စောင်းနင်းကြီး ဘက်လိုက် ပြောဖို့တော့မကောင်းလှ။ ဦးကျော်ဝင်းသည် သူ့ဝန်ထမ်းဖြစ်လာသောကြောင့် သူ့ဆန်စားရဲမှသဘောမျိုးပင်ပြောလာပြီလား မဆိုတတ်။
အခုဆက်လက်ပြီး အခြေခံဥပဒေပြင်ရေး၊ သစ်ရေးနှင့်ပတ်သက်သော သူ့အယူအဆကို ဆက်လက်ဆန်းစစ်ကြည့်ပါမည်။ ဧရာဝတီနှင့်အင်တာဗျူးတွင် ၂ဝဝ၈ အခြေခံဥပဒေဟာ ဒီမိုကရေစီလုံးဝမဆန်လို့ ဒါကိုဖျက်ပြီး အသစ်ပြန်ဆွဲဖို့ပြောတဲ့လမ်းကြောင်း၊ လူကြိုက်များနိုင်တယ်။ ဘာလို့လည်းဆိုတော့ Radical အစွဲကြီးတာကိုး။ အဲဒီတော့လက်ခုပ်သံတဖြောင်းဖြောင်း ရနိုင်တယ်။ အဖြေတော့ ရနိုင်မှာ မဟုတ်ဘူး။ဟုဖြေထားသည်။
တကျော့ပြန် ရယ်ဒီကယ်လှိုင်းဆောင်းပါးထဲတွင်လည်း“နိုင်ငံရေးဓလေ့ကိုယ်တိုင်မှာပင် ရယ်ဒီကယ်အစွဲသန်သော မြန်မာနိုင်ငံအတွက် ဒုတိယလမ်းကြောင်း (အသစ်ပြန်လည်ရေးဆွဲရေး) မှာ လူကြိုက်များနိုင်သည်၊ လက်ခုပ်သံရနိုင်သည်ကို ဆဝါးမိပါသည်။ သို့တစေ သမိုင်းအတွေ့အကြုံများအရ အန္တရာယ်ရှိနိုင်သည်။ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။”ဟုရေးသည်။
ရယ်ဒီကယ် အစွဲသန်မသန်ဆိုသောအချက်ကို ကျွန်တော်မငြင်းခုန်လို။ ဒါက သူ့ယူဆချက် (assumption)သာဖြစ်သည်။ လူထုတရပ်လုံးနှင့်ချီပြီး၊ လူမျိုးတမျိုးလုံးနှင့်ချီပြီးစွပ်စွဲထားသော ဧရာမစွပ်စွဲချက်ကြီးဖြစ်ပင်ဖြစ်လင့်ကစား လောလောဆယ် သည်နေရာ၌ သည်အချက်အပေါ် ရှည်ရှည်ဝေးဝေးပြောနေခြင်းဖြင့် ပေမရှည်ချင်သေး။ ရယ်ဒီကယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည် သူ့အတွက်ပြဿနာကြီး တစ်ခုဖြစ်သော်လည်း ကျွန်တော့်အတွက်ပြဿနာမဟုတ်သောကြောင့် ထိုအချက်အပေါ်တွင် အချိန်ကုန်ခံပြီးအငြင်းမပွားလို။ သို့သော် လူကြိုက်များနိုင်၊ လက်ခုပ်သံတဖြောင်းဖြောင်းရနိုင်ပါလျှက်နှင့် အန္တရာယ်ရှိနိုင်သည်ဆိုသောအချက်မှာမူ အငြင်းပွားစရာဖြစ်သည်။ လူအများကြိုက်သော်လည်း သမိုင်းအတွေ့အကြုံရှိသောသူ (ဦးကျော်ဝင်း)က မကြိုက်နိုင်၊ အန္တရာယ်ရှိသည်ဟုဆိုနေခြင်းဖြစ်သည်။ လူအများစုကြီးသည် သူ့လောက်နားမလည်ဟု ဆိုနေခြင်းဖြစ်သည်။ NLD က ပြည်သူလူထု၏ဆန္ဒသဘောထားကိုရယူမည် ဆိုသောအချက်ကိုလည်း သူကလက်မခံနိုင်။ NLD ကြေညာချက်ကို ဖတ်ရသောအခါ အပျော်တွေလွင့်စဉ်သွားသည်၊ အတော်ကြီးကို စိတ်ပျက်မိသည် ( တကျော့ပြန်ရယ်ဒီကယ်လှိုင်းဆောင်းပါး) ဟုဆိုသည်။
ထိုဆောင်းပါးမှာပင် ဆန္ဒခံယူပွဲတိုင်းသည် လူထုဆန္ဒကို အမှန်တကယ်ထင်ဟပ်နိုင်ပါ၏လော။ လူထုဆန္ဒအမှန်ကို ရရှိလျှင်ပင်ထား၊ ပြည်သူလူထုအနေနှင့် လက်တွေ့ကျသောမဟာဗျူဟာတစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်းရှိနိုင်ပါမည်လော။ ဟုဆိုသည်။ အဓိပ္ပါယ်မှာ NLD က ဆန္ဒခံယူပွဲလုပ်မှာကို ဦးကျော်ဝင်းသိပ်ကြောက်နေသည်။ ဆန္ဒခံယူပွဲလုပ်လျှင် လူအများက အသစ်ရေးဆွဲရေးကိုထောက်ခံလိမ့်မည်ဟု သူထင်သည်။ ထိုသို့ထောက်ခံလျှင်လည်း ထိုရလဒ်သည် လူထုဆန္ဒအမှန်မဟုတ်ဟု သူက ဆိုပြန်သည်။ ထို့အပြင် ပြည်သူလူထုအနေနှင့် လက်တွေ့ကျသော မဟာဗျူဟာတစ်ရပ်ကိုချမှတ်နိုင်စွမ်း အခါခပ်သိမ်းရှိနိုင်ပါမည်လော ဟုလည်း သူကဆက်ဆိုပါသေးသည်။ ပြည်သူလူထုသည် မဟာဗျူဟာပြဿနာများကိုမချမှတ်နိုင်သော ငတုံးငအများဟု သူကသတ်မှတ် လိုက်ပြန်သည်။ ဒီမိုကရေစီနည်းကို ကြိုက်လှပါသည်ဟူသောဦးကျော်ဝင်းသည် သည်နေရာတွင်တော့ ပြည်သူလူထု၏ ဆန္ဒတောင်းခံမည့်နည်းကိုလက်မခံနိုင်သည်မှာ အံ့သြစရာဖြစ်သည်။ ပြည်သူလူထုကပေးသောအဖြေကို သူ့လိုဘနှင့်ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေလက်ခံလိုက်မည်ဟူသော ဒီမိုကရေစီသတ္တိမျိုးကို သူမမွေးမြူနိုင်။ ပြည်သူလူထုသည် ငတုံးငအများဖြစ်သောကြောင့် ပြည်သူလူထုအနေနှင့် ဘယ်လိုသဘောထားပင်ရှိစေကာမူ၊ အသုံးမကျသော ထိုသဘောထားတွေကိုဘေးချိတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကသာ ကိုယ့်သဘောနှင့်ကိုယ်ဆုံးဖြတ်လိုက်ပါဟု သူကတိုက်တွန်းနေခြင်းဖြစ်သည်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်တဦးချင်းအနေဖြင့် ဘယ်ဘက်တိမ်းညွှတ်သည်ကိုလည်းသူသိပြီးဖြစ်သည်။ ထို့ကြောင့်လည်း လက်ပံတောင်းအရေးကိုကိုင်တွယ်ခဲ့သောအမြော်အမြင်ဖြင့် ယခုကိစ္စကိုလည်း ပြန်လည်စဉ်းစားပေးပါဟု သူက ဆောင်းပါးကို နိဂုံးချုပ် လိုက်သည်။

မှန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းအရေးတွင် ဗိုလ်ချုပ်ကြီးများငြိုငြင်မည့်အရေးကို ရှောင်ရှားခဲ့သည်။ ဦးကျော်ဝင်းလိုပင် ဗိုလ်ချုပ်မှူးကြီးအုတ်ခဲပေါ်တွင်တည်ဆောက်ထားသောအမြင်မျိုးဖြင့် လက်ပံတောင်းတောင်စီမံကိန်းဆက်လုပ်ဖို့ ခုံသမာဓိလူကြီးမင်းလုပ်ပြီး အဆုံးအဖြတ်ပေးခဲ့သည်။ သည်တပွဲတွင်လည်း ဗိုလ်ချုပ်မှူးကြီးငြိုငြင်မည့်အလုပ်မျိုးမလုပ်ဖို့ ဦးကျော်ဝင်းက လက်ပံတောင်းကိုမျက်စပစ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။ စင်စစ် ဒေါ်အောင်ဆန်းစုကြည်၏သဘောမှာလည်း ပြင်ရေးဘက် အလေးသာသည်မှာ NLD ကြေညာချက်ကြည့်ရုံနှင့်ပင် သိသာပြီးဖြစ်ပါသည်။ NLD ကြေညာချက်တွင် ဘယ်ဘက်ကိုမှ ဘက်လိုက်ပြီး မပြောလိုဟုဆိုသည်။ ပြင်ရေးနှင့်အသစ်ရေးဆွဲရေးတို့၏ ကောင်းကျိုးဆိုးကျိုးများကိုသာ ထောက်ပြပါမည်ဟုဆိုသည်။ တကယ်တမ်း ထောက်ပြထားသည်မှာ ပြင်ရေး၏ကောင်းကျိုးနှင့် အသစ်ရေးဆွဲရေး၏ဆိုးကျိုးကိုသာဖြစ်သည်။ ပြင်ရေးက ဥပဒေနှင့်အညီဟုဆိုပြီး၊ အသစ်ရေးဆွဲရေးက စစ်တပ်နှင့်ထိပ်တိုက်တွေ့ရနိုင်သည်ဟု ဆိုသည်။ သည်ကြေညာချက်ကိုကြည့်ရုံနှင့်ပင် NLD ဘယ်ဘက်ယိမ်း ကြောင်း၊ ဒေါ်စု ဘယ်ဘက်ယိမ်းကြောင်းသိနိုင်သည်။ ဒေါ်စုက သူဘက်ဘက်ယိမ်းကြောင်း ဘာကိုလိုလားကြောင်းအချက်ပြပြီး သူ့အား၊ သူ့ဝိတ်ကိုယူကာ လူထုအား သူ့ကိုထောက်ခံခိုင်းမည်ဟုစိတ်ကူးပုံရသည်။ ဒါကိုပင် ဦးကျော်ဝင်းက စိတ်မချနိုင်။ လက်မခံနိုင်။ လူထုဆန္ဒကိုကြောက်ရွံ့နေ ခြင်းဖြစ်သည်။
ဦးကျော်ဝင်းစိတ်မချနိုင်သလို စစ်တပ်ခေါင်းဆောင်တွေကလည်း စိတ်မချပါ။ ဦးဌေးဦးက အခြေခံဥပဒေအသစ်ဆွဲဖို့ ၂ဝဝ၈ အခြေခံဥပဒေမှာ မပါ၊ အခြေခံဥပဒေအသစ်ဆွဲချင်လျှင် စစ်တပ်နှင့်တွေ့မည်ဟုခြောက်သည်။ မဆလဟောင်း ဦးဟန်ရွှေကလည်း အသစ်ရေးဆွဲလျှင်အန္တရာယ်ရှိသည်ဟု ဆိုသည်။ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းအခြေခံဥပဒေကို ကာကွယ်မည်ဟုဆိုသည်။ ဦးအောင်သောင်းကလည်း အခြေခံဥပဒေအသစ်ရေးဆွဲလျှင် အာဏာသိမ်းမှုဖြစ်လိမ့်မည်။ သို့သော် သည်တခါသိမ်းလျှင် လက်လွတ်စပယ်လုပ်မည်မဟုတ်ဟု ဆိုသည်။ ကြံ့ဖွံ့ခေါင်းဆောင်ဦးအောင်သောင်းသည် ဘယ်လို capacity ဘယ်လို authority နှင့် သည်စကားကိုပြောသည်ကိုကားမသိ။ (ဘယ်လို ပြောရေးဆိုခွင့်ရှိလို့ သည်စကားမျိုးကိုပြောသည်မသိ) သေချာသည်မှာကား  အားလုံးအတိုင်အဖောက်ညီလှသည်။ အခြေခံဥပဒေပြင်လျှင် အာဏာသိမ်းလိမ့်မည်ဟူသောအသိကို လူတိုင်းစိတ်ထဲတွင်ယုံလာအောင် အားလုံးက မီးနီ၊ မီးဝါတွေပြနေကြခြင်းသာဖြစ်သည်။ လူထုကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေအားလုံး ၂ဝဝ၈ အခြေခံဥပဒေမကောင်းသည်ကို အားလုံးသိသည်။ ဦးကျော်ဝင်းလည်း သိသည်။ သည်အချက်ကိုသူမငြင်း။ အခြေခံကစ၍မကောင်းသော အခြေခံဥပဒေဖြစ်သောကြောင့် အားလုံးဖျက်ပြီးအသစ်ရေးဆွဲတာကအကောင်းဆုံးဆိုတာလည်း အားလုံးသိသည်။ ထိုသို့သိသည့်ကြား ကပင် အသစ်မရေးဆွဲပါနှင့်ဟု ပြောနေကြခြင်းဖြစ်သည်။ မကောင်းပင် မကောင်းသည်မှန်သော်ငြားလည်း စစ်တပ်ငြိုငြင်မှာမို့ (တကယ်တော့ စစ်အာဏာရှင်တွေငြိုငြင်မှာမို့)မလုပ်ပါနှင့်ဟု ဆိုနေကြခြင်းဖြစ်သည်။
ကျွန်တော်တို့၏ ဒီမိုကရေစီခေါင်းဆောင်များသည် စစ်အာဏာရှင်စနစ်ကိုဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ထူထောင်မည်ဟု ဆိုသည်။ သို့သော် လူထုကိုတော့ စစ်အာဏာရှင်တွေငြိုငြင်မည့်အရာများကိုမလုပ်ဖို့ တားမြစ်နေပြန်သည်။ ထူးဆန်းလှပါပေသည်။
တကယ်တော့ ဒီမိုကရေစီလမ်းကြောင်းကိုသွားလျှင် စစ်အာဏာရှင်တွေ ကြိုက်မည်မဟုတ်ဆိုသောအချက်ကို လူထုက သိပြီးသားပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းအစိတ်ကျော် ၈၈ အရေးအခင်းကာလကတည်းက ဒီမိုကရေစီရေးတောင်းဆိုလျှင် စစ်အာဏာရှင်တို့ ကြိုက်မည်မဟုတ်ဟူသောအချက်ကို လူထုကသိသည်။ သိသိနှင့်ပင် စစ်အာဏာရှင်စနစ်အောက်တွင် မနေချင် သောကြောင့် နှစ်အစိတ်လုံးလုံး အပင်ပန်းအဆင်းရဲခံကာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးကိုဆောင်ရွက်ခဲ့ကြသည်။ အခု နှစ်ပေါင်းအစိတ်ကြာ ဒုက္ခဆင်းရဲခံခဲ့ပြီးတော့မှ စစ်အာဏာရှင်တေငြိုငြင်မှာကိုမလုပ်နှင့်ဟု ဆိုသူကဆိုလာကြသည်။ စစ်အာဏာရှင်တွေ ပေးသလောက်သာရမည်ဟု အလံရှူးလုပ်သူကလုပ်သည်။ 
၈၈ အရေးခင်းကြီးဆင်နွှဲပြီး လူတွေအသက်သွေးပေးဆပ်ခဲ့သော်လည်း ဘာမျှမရ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေးလို့သာ ပြုပြင် ပြောင်းလဲရေးရသည်ဟု ကျေးဇူးရှင်ရှာတွေ့သူက ရှာတွေ့ကုန်လေပြီ။ ၂ဝဝ၇ အရေးအခင်းကြီးတွင် သံဃာတော်တွေ အသက်ပေးခဲ့ကြ သည်မှာလည်း အလကား၊ အရင်စစ်အစိုးရက စတင်လို့သာ အပြောင်းအလဲဖြစ်လာတာဟု အတွေးခေါ်သစ်ရသူက ရကုန်ကြလေပြီ။ ဒီမိုကရေစီရရေး မရရေးမှာ စစ်တပ်အပေါ်မှာသာမူတည်သည်ဟု သီအိုရီသစ်ဖြန့်ချိနေလေပြီ။ ထိုအရာသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် နောက်ဆုံးပေါ် ဝါဒဖြန့်ချိနည်းသာဖြစ်ပါသည်။
သူတို့လောဂျစ်နည်းကား  စပါတာကပ်စ်ဦးဆောင်ခဲ့သောကျွန်တော်လှန်ရေးကြီးကျရှုံးခဲ့သည်ဟူသောအပြောမျိုးနှင့် တူပါသည်။ ဆရာစံနှင့် တောင်သူလယ်သမားများ အင်္ဂလိပ်နယ်ချဲ့ကိုတွန်းလှန်ခဲ့သော်လည်း ထိုမိုက်မဲသောလယ်သမားများ ခေါင်းဖြတ်အသတ်ခံ လိုက်ရတာသာ အဖတ်တင်သည်။ ဘာတခုမှ အောင်ပွဲမရဟုပြောနေသည်နှင့် အလားသဏ္ဍန်တူသည်။
စပါတာကပ်စ်၏ကျွန်တော်လှန်ရေးသည် ကျွန်ပိုင်ရှင်တွေကိုမချေမှုန်းနိုင်ခဲ့သည်မှာ မှန်ပါသည်။ စပါတာကပ်စ်၏ ကျွန်တော်လှန်ရေးသာမက ကမ္ဘာပေါ်တွင်ပေါ်ပေါက်ဖူးသမျှ ဘယ်ကျွန်တော်လှန်ရေးမှ ကျွန်ပိုင်ရှင်တွေကိုချေမှုန်းပြီး နိုင်ငံရေးအာဏာကို ရယူနိုင်ခဲ့ဖူးသည်မရှိခဲ့ပါ။ သို့သော် ယနေ့ကမ္ဘာပေါ်တွင် ကျွန်စနစ်ရှိပါသေးသလား။ ကျွန်စနစ်ရှိသင့်သည်ဟုယူဆသောသူ ရှိပါသေး သလား။ ကျွန်စနစ် ဘာ့ကြောင့်ပျောက်ကွယ်သွားသနည်း။ ထိုအချက်သည် အဖြေဖြစ်ပါသည်။ မှန်ပါသည်။ စပါတာကပ်စ် မနိုင်ခဲ့ပါ။ သို့သော် ကျွန်တော်လှန်ရေးအောင်မြင်ခဲ့ပါသည်။

ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမားသူပုန်ကြီးလည်း အာဏာမရယူနိုင်ခဲ့ပါ။ ခေါင်းဆောင်တွေရက်ရက်စက်စက် ခေါင်းဖြတ်အသတ်ခံခဲ့ကြရသည်။ ကြိုးပေးအသတ်ခံခဲ့ရသည်။ သို့သော် ထိုဆရာစံတော်လှန်ရေးကြောင့်သာ ဗြိတိသျှကိုလိုနီလက် အောက်ကနေ လွတ်မြောက်အောင်ရုန်းထွက်ရမည်ဟူသောနိုင်ငံရေးအသိစိတ်ဓါတ်ကို နောက်မျိုးဆက်သို့လက်ဆင့်ကမ်းနိုင်ခဲ့သည်။ ထိုစိတ်ဓါတ်ဖြင့်သာ လွတ်လပ်ရေးရသည်အထိ လက်ဆင့်ကမ်းချီတက်နိုင်ခဲ့သည်။ ဆရာစံသူပုန် အချီးအနှီးမဖြစ်ခဲ့ပါ။
၈၈ အရေးတော်ပုံကြီးကြောင့် စစ်အာဏာရှင်စနစ်ကို လူထုကလက်မခံတော့ဟူသောအချက်ကို ကမ္ဘာကသိခဲ့သည်။ နောက်မျိုးဆက်က သိခဲ့သည်။ စစ်အာဏာရှင်တွေ ကိုယ်တိုင်သိလာကြသည်။ ယနေ့ စစ်အာဏာရှင်တွေကိုယ်တိုင် သူတို့လည်း ဒီမိုကရေစီသမားပါဟု သံယောင်လိုက်အော်ဟစ်လာရသည်။ ဘာ့ကြောင့်ပါနည်း။
၂ဝဝ၇ သံဃာတော်လှုပ်ရှားမှုကြီးတွင်လည်း သံဃာတော်တွေကို ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရသည်။ သို့သော် တကယ်တမ်း သွေးပျက်ခြောက်ခြားခဲ့ရသူတို့မှာ စစ်အာဏာရှင်တွေသာ ဖြစ်ခဲ့သည်။ သွေးပျက်ခြောက်ခြားရုံသာမက စစ်အာဏာရှင် အချင်းချင်းကြား စိတ်ဝမ်းကွဲပြားလာခဲ့ကြသည်။ ၂ဝဝ၇ သံဃာတော်လှုပ်ရှားမှုအပြီး ကမ္ဘာတဝန်းတွင် အာရပ်တော်လှန်ရေးနှင့် နိုင်ငံတကာသိမ်းပိုက်ရေးလှုပ်ရှားမှုတို့ ထပ်ဆင့်ဖြစ်ပေါ်လာသောအခါ မပြောင်းလျှင်မဖြစ်တော့ဆိုသည်ကို စစ်အာဏာရှင်များ လက်မခံချင်ပဲ လက်ခံလာရသည်။ သို့သော် ယခုအခါတွင် ဒီမိုကရေစီလိုလားသည်ဆိုသူများက ပန်းမဝင်ခင် တက်ထောင်ချင်ကြလေပြီ။ ၈ လေးလုံးအရေးခင်းကြီးတွင်ကျခဲ့သောသွေးတွေကိုပင် အားမနာ၊ နှစ်ပေါင်းအစိတ်လုံးတွင်စွန့်လွှတ်အနစ်နာခံလာရသော ပြည်သူများ ကိုလည်းအားမနာဘဲ၊ အခြေခံဥပဒေကြီးမှာ ကောင်းတော့မကောင်း သို့သော် စစ်အာဏာရှင်တွေအမျက်သိုမှာစိုးသောကြောင့် မကောင်းသော်လည်း လက်သင့်ခံလိုက်ပါဟု နွားမရွှံ့ပိတ်ထိုးပေးနေလေပြီ။
သေချာသည်ကား ၂ဝဝ၈ အခြေခံဥပဒေသည် ပြည်သူတို့ကိုကောင်းကျိုးပေးမည့် ဥပဒေမဟုတ်။ ထိုအခြေခံဥပဒေသည် အခြေခံကပင်မကောင်းသောကြောင့် မည်သို့ပင်ဖာထေးသုံးစွဲသော်လည်း ကောင်းလာဖွယ်မရှိ။ ထိုအချက်ကို အားလုံးအသိပင် ဖြစ်သည်။ ထိုအချက်အပေါ်တွင် အငြင်းမပွား။ အငြင်းပွားနေကြသည်မှာကား ထိုမကောင်းမှန်းသိသောလှည်းကျိုးကြီးကို ခဏတဖြုတ်တော့ ထမ်းထားပါကွာ၊ မဟုတ်ရင် တိုင်းပြည်ချောက်ထဲကျလိမ့်မယ်ဟုခြိမ်းခြောက်ပြောဆိုနေခြင်းကို ကျွန်တော်တို့ လက်ခံမလား၊ လက်မခံဘူးလားဆိုသောအချက်ကသာ အငြင်းပွားနေသောပြဿနာဖြစ်ပါသည်။
စစ်စစ် ကျွန်တော်တို့ကိုကျွန်စိတ်သွင်းပေးနေခြင်းဖြစ်သည်။ အညံ့ခံခိုင်းနေခြင်းဖြစ်သည်။ ဆောင်းပါးအစပိုင်းတွင်ပြောခဲ့သော အပိုင်းကို ပြန်ကောက်လိုပါသည်။ ကျွန်စနစ်သက်ဆိုးရှည်ခြင်းမှာ ကျွန်တွေကိုယ်တိုင်က ကျွန်ပိုင်ရှင်တွေရှိမှ သူတို့ရပ်တည်နိုင်မည်ဟု ထင်နေသောကြောင့်ဖြစ်သည်။ တချိန်တွင် ကျွန်တွေက လက်မခံဘဲတော်လှန်ကြသောအခါ လက်နက်အင်အားမမျှသောကြောင့် အာဏာမရခဲ့သော်ငြား၊ ဖိနှိပ်သူတွေ၏အတွေးအခေါ်ပြိုလဲပျက်စီးခဲ့သည်။ ကျွန်စနစ်လည်း ပျက်စီးခဲ့သည်။
ယခုစစ်အာဏာရှင်နှင့် စစ်အာဏာရှင်အလိုတော်ရိပညာရှင်တွေက စစ်အာဏာရှင်မကြိုက်တာမလုပ်ရေးအတွေးအခေါ် သွတ်သွင်းပေးနေလေပြီ။ စစ်အာဏာရှင်တို့အလိုကျ ၂ဝဝ၈ အခြေခံဥပဒေကိုလက်ခံလိုက်ခြင်းသာအကောင်းဆုံးဖြစ်ကြောင်း၊ တနည်းအားဖြင့်ဆိုရလျှင် ဖိနှိပ်ရေးအတွေးအခေါ်ကသာမှန်ကန်ကြောင်း သက်သေထူဖို့ကြိုးစားနေလေပြီ။ justify လုပ်နေလေပြီ။ ပြည်သူတွေကို စစ်ကျွန်စိတ် သွတ်သွင်းပေးနေလေပြီ။
စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုချုပ်ချယ်မှုအောက်တွင်နေထိုင်ခြင်းကသာအကောင်းဆုံးပါဟု ပြည်သူတွေက လက်မခံမချင်း ၈၈ တော်လှန်ရေး မရှုံးနိမ့်သေးပါ။ ရှေ့ဆက်နေဦးမည်သာဖြစ်ပါသည်။ စစ်အာဏာရှင်တွေနှင့်ပြည်သူတွေ တဘက်ဘက်က အညံ့မခံမချင်း ဆက်နေပါဦးမည်။ သို့သော် စစ်အာဏာရှင်တွေမကြိုက်တာမလုပ်တော့ပါဟု ပြည်သူတွေကအညံ့ခံလိုက်ပါမူ၊ အညံ့ခံသည်နှင့် တပြိုင်နက်မှာ ကျွန်တော်တို့၏တော်လှန်ရေးရှုံးနိမ့်ပြီဖြစ်ပါသည်။ ရယ်ဒီကယ်တွေ၊ လစ်ဘရယ်တွေ အဓိကမဟုတ်။ ဆွေးနွေးသော ယဉ်ကျေးမှုရှိမရှိဆိုတာတွေလည်း အဓိကမဟုတ်။ တော်လှန်ရေးလုပ်ရမှာလား၊ တည်ဆောက်ရေးလုပ်ရမှာလား၊ နိုင်ငံရေးလုပ်ရမှာလား ဆိုတာတွေလည်း အဓိကမဟုတ် ဒါတွေက နည်းလမ်းတွေသာ ဖြစ်သည်။ နည်းလမ်းတွေသာမက ထောက်ပံကြေးယူ သင်တန်းဖွင့်စားသော ကာလပေါ်သင်တန်းဆရာတို့ စုန်းတောက်စားကြသည့် ဝေါဟာရလျှပ်ပေါ်လော်လီမှုတွေအဖြစ်နှင့်လည်း တခါတလေတွေ့ရတတ်သည်။ တကယ်အရေးကြီးသည်မှာ ဒီမိုကရေစီစနစ်လား၊ အာဏာရှင်စနစ်လားဆိုတာသာဖြစ်သည်။  ဒါကို  တကယ် ရွေးချယ်ရမည့်သူတွေမှာလည်း ပြည်သူတွေသာဖြစ်ပါသည်။
စိမ်းမြင့် (မန္တလေး)

0 comments:

Post a Comment