ကျောင်းသားနိုင်ငံရေး ခဲခြစ်ကောက်ကြောင်းများ
ဒီနေ့ဗမာပြည်ကြီးမှာ လူတွေနိုင်ငံရေးကိစ္စကို
ပိုစိတ်ဝင်စားလာကြတာတွေ့ရတယ်။ လူတိုင်း နိုင်ငံရေးအကြောင်းတွေ ပြောနေကြတာကို ကြားရတယ်။
လူတိုင်းပြောနေကြပေမယ့် တကယ့် ဘဝအခက်အခဲတွေကို တွေ့ကြုံခံစားနေရတဲ့ပြည် သူတွေမှသာ နိုင်ငံရေးရဲ့အခြေအနေမှန်တွေ၊ အကြောင်းနဲ့အကျိုးဆက်စပ်ပုံတွေ၊ ယုတ္တိယုတ္တာ ရှိမှုတွေကို သိနိုင်မယ်လို့ယူဆပါတယ်။
ကျွန်တော်ဘာကြောင့် ခုလိုပြောရသလဲဆိုရင် တကယ့်အနေအထားမှန်ကိုမသိဘဲ လူတတ်ကြီးလုပ်ပြီးပြောနေသူတွေရှိကြသလို၊
ဘာမှန်းညာမှန်းမသိဘဲ တလွဲကောက်ချက်ချသူတွေလည်း ရှိနေလို့ပါပဲ။ အထူးသဖြင့် စစ်အာဏာရှင်စနစ်အောက်မှာ
အမှားဝါဒဖြန့်မှုတွေကိုယုံကြည်ပြီး အစွဲချွတ်ရခက်သူများနှင့် ယနေ့ခေတ်နိုင်ငံရေးမှာ
ခြေစုံပစ်ပါဝင်ပြီး ပုရောဟိတ်လုပ်လိုသူ အသွင်ပြောင်းသမားများဖြစ်ကြပါတယ်။
သူတို့ရဲ့ထိုးနှက်ချက်တစ်ရပ်က “ကျောင်းသားနိုင်ငံရေးကိုမလိုအပ်ဘူး”ဆိုတာပါပဲ။ ကျောင်းသားတွေဟာ
နိုင်ငံရေးပါတီတွေရဲ့ အသုံးချခံတွေဖြစ်ပြီး အစိုးရယန္တရားလည်ပတ်မှုကို နှောင့်ယှက်ရုံသက်သက်ဆောင်ရွက်နေတာလို့ သူတို့က စွပ်စွဲလေ့ရှိပါတယ်။ ဒီစွပ်စွဲမှုကို တစ်ဆင့်တက်ပြီးကောက်ချက်ချတဲ့အခါ
ကျောင်းသားတွေဟာ တည်ဆဲအစိုးရကိုကူညီရုံမှတစ်ပါး အခြားသောအတိုက်အခံနိုင်ငံရေးလမ်းကို
လျှောက်ခွင့် မရှိ၊ ကျောင်းစာကိုပဲ ဖိဖိစီးစီးလေ့လာရမယ်ဆိုတာတွေအထိပြောဆိုလာပါတော့တယ်။
ဒီအယူအဆအမှား တစ်နည်းအားဖြင့် နိုင်ငံရေးမိစ္ဆာဒိဌိအယူတွေကိုတိုက်ဖျက်ပစ်ဖို့
ကျောင်းသားနိုင်ငံရေးဘာလဲ၊ ဘယ်လဲဆိုတာ ရှင်းပြပါရစေ။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ
သမိုင်းဆိုင်ရာ (သို့) အတွေးအခေါ်ဆိုင်ရာမေးခွန်းအချို့ကို ဖြေကြည့်ကြရပါမယ်။
ဒီမေးခွန်းတွေကတော့ -
(၁) ကျောင်းသားတွေ ဘာကြောင့်
နိုင်ငံရေးလုပ်ကြရပါသလဲ။
(၂) ကျောင်းသားသမဂ္ဂတွေရဲ့လုပ်ငန်းဆောင်တာတွေထဲမှာ“အမျိုးသားနိုင်ငံရေး”ဆိုတာ
ဘာကြောင့်ပါဝင်နေရပါသလဲ။
(၃) ကျောင်းသားတွေလုပ်တဲ့
နိုင်ငံရေးဟာဘယ်လိုနိုင်ငံရေးအမျိုးအစား ဖြစ်ပါသလဲ။
(၄) ကျောင်းသားတွေဟာ နိုင်ငံရေးအပြင်
ဘာတွေကိုလုပ်သင့်ပါသလဲ။
(၅) ကျောင်းသားသမဂ္ဂတွေရဲ့
နိုင်ငံရေးလှုပ်ရှားမှုတွေဟာ တိုင်းပြည်ရဲ့အခြေခံအပြောင်းအလဲတွေကို
ဘယ်လိုပုံဖော်နေပါသလဲ…ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။
နံပါတ်(၁) မေးခွန်းရဲ့အဖြေကတော့
ကျောင်းသားတွေဟာအမြင်ကျယ်လို့ နိုင်ငံရေးလုပ်ကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့
ဗကသခေါင်းဆောင်ဟောင်းလည်းဖြစ်၊ ဗမာပြည်ရဲ့လွတ်လပ်ရေးဖခင်ကြီးလည်းဖြစ်တဲ့
ဦးအောင်ဆန်းက “အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသောသူတို့သည် ကျောင်းသားဆိုသည်မှာ အတန်းစာကျက်၍စာမေးပွဲအောင်ရုံမျှဟူသော
အများအယူအဆ၏တိမ်ခြင်း အဖြစ်ကိုသိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျသည့်အယူမျှသာ
ဖြစ်ပေသည။်”လို့ ရေးသားခဲ့ဖူးပါတယ်။ ဗမာပြည်ကျောင်းသားနိုင်ငံရေးသမိုင်းဟာ ၁၉၂ဝ
ပထမကျောင်းသားသပိတ်မှာ စခဲ့တာပါ။ ဒီသပိတ်မတိုင်ခင်ဖြစ်ခဲ့တဲ့ ရှိခိုးသပိတ်တို့
ဆိုတာက အမျိုးသားရေးစိတ်ဓာတ်အရ နယ်ချဲ့အင်္ဂလိပ်ကို၊ တိုင်းတစ်ပါးသားကို ခေါင်းမငုံ့ချင်တဲ့ဇာတိမာန်ကိုကိုယ်စားပြုခဲ့တာပါ။
(၁၉၂ဝ)သပိတ်ကတော့ ကျွန်ပညာရေးစနစ်ကြီးတစ်ခုလုံးကို လှုပ်ခါသွားအောင်တိုက်ပွဲဝင်ပြီးဖွင့်ချနိုင်ခဲ့တာ၊
အမျိုးသားပညာရေးစနစ်ကို တောင်းဆိုအကောင်အထည်ဖော်ခဲ့တာကြောင့်
အမြင်ကျယ်တဲ့ကျောင်းသားနိုင်ငံရေးအစပြုတယ်လို့ ပြောရပါလိမ့်မယ်။ ဒီသပိတ်မှာပါဝင်ခဲ့တဲ့
ကျောင်းသားတွေကလည်း သူတို့ခေတ်မှာ အမြင်အကျယ်ဆုံးလူငယ်တွေပဲဖြစ်ပါတယ်။
တစ်လျှောက်လုံးပဲ ကျောင်းသားကို ဘယ်အုပ်ချုပ်သူလူတန်းစားကမှ ပုံစံသွင်းလို့မရခဲ့ပါဘူး။
အနည်းအကျဉ်းမျှသော အလိုတော်ရိကျောင်းသားတွေကိုသာ သူတို့ဘက်ပါအောင် သိမ်းသွင်းနိုင်ခဲ့ကြပေမယ့်
အများစုကျောင်းသားထုကြီးကို အစဉ်သဖြင့် မလှည့်စားနိုင်ခဲ့ကြပါဘူး။ အာဏာပိုင်တွေရဲ့
မရိုးသားမှုကို ပထမဆုံး စတင်ဖော်ထုတ်နိုင်တာ ကျောင်းသားတွေပဲဖြစ်ပါတယ်။ ဗမာပြည်မှာ ကနေ့အထိ
ရိုးသားတဲ့အာဏာပိုင်တွေရှားပါးခဲ့တာမို့ အမြင်ကျယ်တဲ့ ကျောင်းသားတွေဟာ နိုင်ငံရေးနယ်ပယ်ထဲ
ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေခဲ့ရတာပါပဲ။
နံပါတ်(၂)မေးခွန်းရဲ့အဖြေကတော့ ကျောင်းသားသမဂ္ဂတွေရဲ့လုပ်ငန်းဆောင်တာတွေထဲမှာ
အမျိုးသားနိုင်ငံရေးကိုထည့်သွင်းရတာဟာ ကျောင်းသားတွေက အမျိုးသားရေးလှုပ်ရှားမှုတွေကို
လျစ်လျူရှူထားလို့မရဘူးဆိုတဲ့သမိုင်းတောင်းဆိုချက်ကြောင့်ပါပဲ။ ယနေ့ကျောင်းသားများသည်
မနက်ဖြန် နိုင်ငံကြီးသားများဖြစ်ကြ၏ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ကျောင်းသားဘဝမှာကတည်းက
တိုင်းပြည်ရဲ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတွေအားလုံးကို လေ့လာကြရပါတယ်။ ပြည်သူတွေကောင်းစားအောင်
တီထွင်ဖန်တီးမှုတွေ လုပ်ကြရပါတယ်။ ပြည်သူလူထုကိုထိခိုက်စေမယ့်လုပ်ရပ်တွေကို
တားဆီးကန့်ကွက်ကြရပါတယ်။ ဒါဟာကျောင်းသားတွေရဲ့ဝတ္တရား သမိုင်းပေးတာဝန်တွေပဲဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားအင်အားစုတစ်ရပ်သာမက အမျိုးသားအင်အားစုတစ်ရပ်လည်း
ဖြစ်တယ်။ ပြည်သူကမွေးထုတ်ပေးလိုက်တဲ့ကျောင်းသားတွေဟာ မိဘပြည်သူတွေကို အစစ်အမှန်ကိုယ်စားပြုပြီး
ကိုယ်ကျိုးမဖက်ဘဲ ပြည်သူ့အကျိုးဆောင်ဖို့ အမျိုးသားနိုင်ငံရေးတာဝန်တွေကို
ဦးလည်မသုန်ထမ်းရွက်တာ ယုတ္တိကျကျနိုင်ငံရေးလုပ်တာပဲဖြစ်ပါတယ်။ လူတစ်ယောက်၊ တစ်စုတစ်ဖွဲ့၊
တစ်ပါတီအကျိုးကိုလုပ်နေတာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းမြင်ဖို့လိုနေပါပြီ။
နံပါတ်(၃)မေးခွန်းကတော့
နံပါတ်(၂)မေးခွန်းရဲ့အဆက် ဖြစ်ပါတယ်။ ကျောင်းသားတွေက အာဏာနိုင်ငံရေးကိုလုပ်ဆောင်နေတာ
မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာကျောင်းသား ဘယ်နှစ်ရာခိုင်နှုန်းရှိရမယ်လို့ တစ်ခါမှမတောင်းဆိုခဲ့ပါဘူး။
တိုင်းပြည်အခြေအနေမငြိမ်သက်ရင် ကျောင်းသားတွေက ဝင်ရောက်ကိုင်တွယ်ထိန်းသိမ်းပေးမယ်ဆိုတဲ့
မတရားတဲ့အကြောင်းပြချက်တွေနဲ့လည်း အာဏာမသိမ်းခဲ့ဖူးပါဘူး။ ပြည်သူတွေနဲ့တစ်သားတည်းနေပြီး
တစ်သားတည်းသေရဲတာဟာ ကျောင်းသားတွေပဲဖြစ်ပါတယ်။ ပြည်သူတွေငတ်ရင် ကျွန်တော်တို့
မကြည့်ရက်ပါဘူး။ ပြည်သူတွေသေရင် ကျွန်တော်တို့ တရားနဲ့မဖြေနိုင်ခဲ့ပါဘူး။
ကျောင်းသားတွေဟာ နယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်တွေကိုဖျက်သိမ်းပြီး လူလူချင်းဖိနှိပ်မှုကင်းတဲ့
လူ့ဘောင်တစ်ရပ်တည်ဆောက်ရေးအတွက်သာ နိုင်ငံရေးလုပ်နေ ကြတာပါ။ လွတ်လပ်စွာတွေးခေါ်ရေးသားဟောပြောခွင့်၊
လွတ်လပ်စွာစည်းရုံးပြီး အသင်းအပင်းများဖွဲ့စည်းခွင့်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းတွေကို
တောင်းဆိုတဲ့အမျိုးသားနိုင်ငံရေးကိုသာ စိုက်လိုက်မတ်တတ်ဆောင်ရွက်နေတယ်လို့
သတိပေးလိုက်ပါတယ်။
နံပါတ်(၄)မေးခွန်းဖြစ်တဲ့
ကျောင်းသားတွေဟာ နိုင်ငံရေးအပြင် ဘာတွေကိုလုပ်သင့်သလဲဆိုရာမှာ(၁၉၄၆)က
ထူထောင်ခဲ့တဲ့ နိုင်ငံတကာ ကျောင်းသားသမဂ္ဂရဲ့ရည်ရွယ်ချက်ကိုကိုးကားပြီး ရှင်းလင်းတင်ပြပါမယ်။
သူတို့ရည်ရွယ်ချက်ကတော့ “ကျောင်းသားသမဂ္ဂတွေဟာ ကျောင်းသားတွေရဲ့အခွင့်အရေးများနှင့်အကျိုးစီးပွားများကို
ကာကွယ်ဖို့၊ ကျောင်းသားဘဝသက်သာချောင်ချိရေးနှင့်ပညာရေးအဆင့် အတန်းကိုမြှင့်တင်ပေးဖို့နှင့်
ကျောင်းသားများကို ဒီမိုကရက်တစ်နိုင်ငံသားကောင်းများဖြစ်လာအောင်
ပြင်ဆင်လေ့ကျင့်ပေးဖို့အားထုတ် သင့်တယ်” လို့ဆိုထားပါတယ်။ ကျွန်တော်တို့အမြင်အရလည်း
ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး၊ ဒီမိုကရေစီပညာရေးစနစ် ဖေါ်ဆောင်ရေး၊ ကျောင်းသားများရဲ့လုပ်ကိုင်ပြုမူပုံတွေဟာ
ဒီမိုကရက်တစ်ဖြစ်ရေးတို့ဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ ယူဆထားပါတယ်။ ကျွန်တော်တို့နိုင်ငံလို
ဒီမိုကရေစီခမ်းခြောက်ခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံမှာ ကျောင်းသားသမဂ္ဂတွေရှိဖို့၊ ကျောင်းသားတွေ
ဒီမိုကရေစီရေးလုပ် ဆောင်ဖို့ပိုပြီးလိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို
စစ်မီးဟုန်းဟုန်းတောက်ခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံမှာ
ငြိမ်းချမ်းရေးကိုဖေါ်ထုတ်တောင်းဆိုပြီး ထိန်းသိမ်းပေးဖို့လည်း ကျောင်းသားသမဂ္ဂတွေ
ရှိကြရပါမယ်။ စစ်ဘေးဒဏ်သင့် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ဒေသခံပြည်သူတွေကို အစစအရာရာ
ကူညီစောင့်ရှောက်ဖို့လည်း ကျောင်းသားသမဂ္ဂတွေ ရှိရပါမယ်။ ကျောင်းသားအားလုံးကလည်း ပါဝင်ဆောင်ရွက်ကြရပါမယ်။
နောက်ဆုံးအနေနဲ့
တိုင်းပြည်ရဲ့အခြေခံအပြောင်းအလဲကို ကျောင်းသားသမဂ္ဂတွေက ဘယ်လိုပုံဖေါ်နေသလဲဆိုတာ
ရှင်းပြပါရစေ။ တိုင်းပြည်တစ်ပြည်ရဲ့ အဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့အတွက်လိုအပ်တဲ့အရာတွေထဲမှာ
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်ရေး စတာတွေ ပါဝင်ပါတယ်။ ဒီအထဲကမှ
ပညာရေးဟာလည်း အလွန်အရေးကြီးလှတဲ့အခြေခံလိုအပ်ချက်တစ်ခုပါ။ တိုင်းပြည်မှာ ပညာရေးစနစ်
မကောင်းမွန်ခဲ့ရင် ကျင့်သုံးနေတဲ့အခြေခံစီးပွားရေးလုပ်ငန်းဆောင်တာတွေကိုဂယက်ရိုက်ပြီး
ကမောက်ကမဖြစ်စေပါတယ်။ ဒီလိုပါပဲ ကျင့်သုံးနေတဲ့စီးပွားရေးစနစ်က လက်ဝါးကြီးအုပ်ပုံစံဖြစ်နေခဲ့ရင်
ပညာရေးမှာ အခွင့်ထူးခံလူတစ်စုသာကောင်းစားပြီး အများစုကို အောက်ကျ နောက်ကျဖြစ်အောင်
ဖန်တီးနိုင်ပါတယ်။ ဒီနိုင်ငံမှာ လက်ဝါးကြီးအုပ် ခရိုနီစီးပွားရေးသမားတွေနဲ့ယှဉ်ပြီး
ကမောက်ကမပညာရေးစနစ် ဖြစ်ထွန်းနေခဲ့တာ ကြာခဲ့ပါပြီ။ ဒီအချက်ကိုထောက်ပြနေတာက
ကျွန်တော်တို့ကျောင်းသားတွေပဲဖြစ်ပါတယ်။ ကမောက်ကမပညာရေး စနစ်ကိုဖျက်သိမ်းပြီး
ဒီမိုကရေစီပညာရေးစနစ်နဲ့အစားထိုးဖို့ ကျွန်တော်တို့ အမြဲတမ်းတိုက်တွန်းလေ့ရှိပါတယ်။
လူတစ်စုသာ အဆင့်မြင့်ပညာကိုသင်ကြားခွင့်ရှိနေတာကို ကျွန်တော်တို့မလိုလားပါဘူး။ ငွေကြေးချို့တဲ့သူတွေအတွက်
အခမဲ့ပညာရေးရသင့်တယ်ဆိုတာကို အကျယ်လောင်ဆုံးပြောဆိုနေတာ ကျောင်းသားထုကြီးပဲ
ဖြစ်ပါတယ်။ ပညာရေးကို နကန်းတစ်လုံးမှမသိတဲ့စစ်ဗိုလ်ဟောင်းတွေက ကြိုးကိုင် ညွှန်ကြားနေတာကိုလည်း
ကျွန်တော်တို့လက်မခံနိုင်ပါဘူး။ ဒါကြောင့် ဆရာဆရာမတွေနဲ့ ကျွန်တော်တို့ကျောင်းသားတွေ
စုပေါင်းအင်အား သုံးပြီး စစ်ကျွန်ပညာရေးစနစ်ကိုတိုက်ဖျက်နိုင်ဖို့ အမြဲကြိုးစားနေပါတယ်။
ဒီလိုတိုက်ဖျက်ပစ်မှသာ လွတ်လပ်ပြီးအချုပ်အချယ်ကင်းမဲ့သော ဒီမိုကရေစီပညာရေးစနစ်
ဖြစ်ပေါ်တိုးတက်လာနိုင်မှာပါ။ ဒါဟာ ကျောင်းသားသမဂ္ဂတွေဘက်ကတာဝန်ယူပေးနေရတဲ့
တိုင်းပြည်ပြုပြင်ရေး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
ကျောင်းသားတွေဘာကြောင့်
နိုင်ငံရေးလုပ်ရသလဲဆိုတဲ့သဘောတရားပုစ္ဆာကို အခုလိုအဖြေရှာပေးတာဟာ
ပုံကြမ်းလောင်းပြသလောက်ပဲ ရှိပါသေးတယ်။ အခုခေတ်စားနေတဲ့ ဖြန့်ထွက်တွေးခြင်း
နည်းဗျူဟာကိုသုံးကြည့်မယ်ဆိုရင် ဒီထက်ပိုအသေးစိတ်ကျတဲ့ အကြောင်းအကျိုး
အချက်အလက်တွေ အများကြီးဆွဲထုတ်လို့ရနိုင်ပါသေးတယ်။ အဓိကအားဖြင့်ကတော့ လက်တွေ့နိုင်ငံရေးမှာ
အပြောင်းအလဲကိုလိုလားတဲ့ ကျောင်းသား ပြည်သူတွေကတစ်ဖက်၊ အပြောင်းအလဲကို
အမှန်တကယ်မလိုလားပဲ နိုင်ငံတကာကအမြင်ကောင်းအောင်ဟန်ဆောင်ပြီး အာဏာနဲ့စီးပွားကို
ဆက်လက်ထိန်းချူပ်လိုတဲ့အဖွဲ့အစည်းတွေကတစ်ဖက်
အားပြိုင်နေတယ်ဆိုတာမြင်အောင်ကြည့်ဖို့ ပိုအရေးကြီးပါတယ်။ ဒီလိုအားပြိုင်မှုမှာ
ဘယ်ဖက်ကရပ်ရမလဲဆိုတာကို လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေ၊ အစိုးရဝန်ထမ်းဘဝနဲ့
အလူးအလိမ့်ခံနေရတဲ့ဆရာဆရာမတွေ၊ ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစုတွေအပါအဝင်
အရပ်ဘက်လူ့အဖွဲ့အစည်းအားလုံး မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်ပြီး ရွေးချယ်ရတော့မယ့်အချိန်ကာလကိုရောက်ပြီဖြစ်ကြောင်း၊
အခုထိ“ညီအစ်ကိုမသိတသိအချိန်” ထင်နေရင် ညီအစ်ကိုရင်းချာတွေကို အနှေးနဲ့အမြန်ဆုံးရှူံးသွားရတော့မှာဖြစ်ကြောင်း
သတိပေးနှိုးဆော်လိုက်ရပါတယ်ခင်ဗျား…။ ကျော်ကိုကို(ဗကသ)
ယူတာကဒီကပါ။ https://www.facebook.com/rahul.koko
0 comments:
Post a Comment