Wednesday, April 20, 2011

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၃)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၃) မတ်လ ၂၃ ရက် ၂ဝ၁၁ နေ့လွတ်လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး
အဲဒီဝရုန်းသုန်းကားသေနတ်သံ၊ စဥ့်အိုးကွဲသံတွေကြားကပဲ “အား”ကနဲအော်သံနဲ့အတူ လူတယောက်အရုပ်ကြိုးပြတ်လဲကျသွား တာကိုပါ ကျနော်မြင်လိုက်ရတယ်။ အသံတွေပြန်တိတ်သွားတယ်။ စဥ့်အိုးနောက်က ညည်းသံတဟင်းဟင်းကြားနေရတယ်။ ကျနော်လူးလဲထလိုက်ပြီး တပ်စိတ်မှူးနောက်က ကပ်လိုက်သွားပါတယ်။ ဒီတော့မှ သွေးအိုင်ထဲမှာ ပက်လက်ကြီးလဲကျနေ တဲ့မိန်းမတယောက်။ သူ့ဘေးမှာ မှောက်ခုံလေးလဲကျနေတဲ့ ကလေးတယောက်။ ကလေးက သွေးအိုင်ထဲမှာဓါတ်လိုက်နေသလို တကိုယ်လုံးဆန့်ငင်ဆန့်ငင်နဲ့တုန်နေတယ်။ ကျနော့်ဘေးက ရဲဘော် တယောက်က ကလေးကိုပခုံးကနေ ခပ်ကြမ်းကြမ်းကိုင်ပြီး ပက်လက်ဆွဲလှန်ချလိုက်တယ်။ မျက်လုံးတွေ ပိတ်နေပြီ။ ရင်ဘတ်နဲ့ခေါင်းတခုလုံး သွေးတွေနစ်နေတာပဲ။ အဲဒီနေရာတွေကိုချည်းပဲ ထိသွားပုံရတယ်။ ကြည့်နေတုန်းမှာပဲ ကလေးကတဖြည်းဖြည်း ငြိမ်ကျသွားတယ်။ မလှုပ်မရှက် ပက်လက်ကလေး။

ကလေးရဲ့ဘေး ကြမ်းပြင်ပေါ်ပက်လက်လဲကျနေတဲ့ မိန်းမဘက်ကို ကျနော်ကြည့်လိုက်တယ်။ သူ့ရင်ဘတ်မှာ ထိထားတာတွေမြင်နေရတယ်။ အပေါ်ပိုင်းတခုလုံးသွေးတွေရွှဲနေတာ မြင်မကောင်းဘူး။ အားယူပြီးထထိုင်ဖို့ လုပ်လိုက် ပြန်လန်ကျသွားလိုက်နဲ့ဖြစ်နေတယ်။ သူ့ဘေးမှာတော့ ပစ်ချလိုက်တဲ့တပ်စိတ်မှူးက သေနတ်ကိုင် ပြီး မတ်တပ်ကြီးကြောင်နေတယ်။ ဘာမှလည်းမပြောဘူး။ ရုတ်တရက်ဆွံ့အသွားတဲ့လူတယောက်လိုပဲ သူ့ ကိုကြည့်ရတာ။ ကျနော်က မိုင်းရှာစက်နဲ့သေနတ်ကို ဘေးချလိုက်ပြီး အဲဒီမိန်းမကိုပွေ့ထူဖို့ သူ့ကျော အောက်လက်လျှိုလိုက်တော့ လက်တခုလုံးစေးထန်းထန်းနဲ့ နွေးကနဲဖြစ်သွားတယ်။ အတင်းပွေ့ထူပြီး ထိုင်ပေးဖို့၃-၄ခါလောက် လုပ်တာတောင်မရဘူး။ သေတော့ မသေသေးပါဘူး။ ဒါနဲ့ သူ့ကို သေသေချာချာ ကြည့်လိုက်တယ်။ ဗိုက်က ကွဲပြီးပွင့်ထွက်နေတယ်။ မိန်းမက သူ့ဗိုက်ကို၊ အဲဒါကြီးကို လက်တဘက်နဲ့ တအားဖိထားတယ်။

ကျနော်က ဒီလက်တောင့်ခံနေလို့ ထူ မရတာဖြစ်မယ်ထွက်ပြီး သူ့လက်ကို ဇွတ်ဖယ်ထုတ်တယ်။ သူက တင်းခံ ထားတယ်။ ကျနော်က ပိုအားစိုက်ပြီးထပ်လုပ်တယ်။ သူကလည်း ပိုပြီးလက်ကိုတောင့်ခံထားတယ်။ ဒါနဲ့ ကျနော်သူ့ဗိုက်ကို သေသေချာချာ ထပ်ကြည့်တယ်။ အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ကိုး။ ကျနော်လည်း ဘေး ကကြောင်ကြည့်နေတဲ့ တပ်ကြပ်ကို “ဟေ့လူ.. ဘာလုပ်နေတာလဲ၊ နည်းနည်းကူဦးလေ” ဆိုတော့မှ သူလည်း အသက်ပြန်ဝင်လာတဲ့လူလို လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ မိန်းမဆီက အသံထွက်လာတယ်။ သတိပြန်လည် လာသလို မျက်လုံးတွေပွင့်လာတယ်။ ပါးစပ်ကလည်း ဗမာလိုပီပီသကြီး “မလုပ်ပါနဲ့.မလုပ်ပါနဲ့.ကလေးကို မသတ်ပါနဲ့” လို့အော်ပြီး အတင်းရုန်းးထလိုက်တာ မတ်တပ်ရပ်မိသွားတယ်။ ကျနော် ဘာလုပ်ရမှန်းမသိပဲ ကြောင်နေတုန်း အဲဒီမိန်းမ ဗိုင်းကနဲပြန်လဲကျသွားတယ်။ ပြန်ထဖို့လုပ်တယ်။ ကျနော်က သူ့ကို ရင်ဘတ် ကနေဖိပြီး ထမရအောင်လုပ်ထားရတယ်။ ပြန်ထမိရင်ပြန်လဲကျမှာလည်း စိုးနေတယ်။

အဲဒီအချိန်မှာပဲ တပ်စုမှူးရောက်ချလာတယ်။ သေနေတဲ့ကလေးကို၊ ကျနော့်ကို၊ မိန်းမကို၊ တပ်စိတ်မှူးကို တလှည့်စီကြည့်လိုက်တယ်။ အခြေအနေကို သဘောပေါက်သွားပုံရတယ်။ တပ်စိတ်မှူးကိုပြန်ကြည့်ပြီး “မင်းထိထားတာ အတော်များလား” လို့မေးတယ်။ တပ်စိတ်မှူးက “ရပါတယ် ဗိုလ်လေး”လည်းဆိုရော။ “မင်း ချန်ခဲ့၊ ဒုစိတ်မှူးနဲ့ ကျန်တဲ့ကောင်တွေ ရွာလည်လမ်းကိုဆက်ရှင်း၊ ဟေ့ကောင်..ဆေးတပ်သားခေါ်စမ်း” ဆိုပြီး အမိန့်ပေးတယ်။ ကျနော့်ကိုလည်း သွေးတွေပေနေတာမြင်လို့ထင်ပါရဲ့ “ဘီအီး..မင်းရောထိထားလား”တဲ့။ “မထိပါဘူး.. ဒီကသွေးတွေပါ”ဆိုပြီး ကျနော်က မိန်းမကိုထိုးပြလိုက်တယ်။ “အေး.. ဒါဆို မင်းဒီမှာ ခဏနေခဲ့၊ ဆေးတပ်သားလာလိမ့်မယ်၊ နည်းနည်းကူလိုက်ဦး” ဆိုပြီး အပြင်ပြန်ထွက်မလို့လုပ်နေတုန်း ဆေး တပ်သားဝင်လာတယ်။ နားကျပ်တွေဘာတွေထုတ်။ မိန်းမရင်ဘတ်ကို ထောက်ကြည့်။ လက်ကောက်ဝတ်ကို စမ်းကြည့်လုပ်နေတာတွေ တွေ့နေရတယ်။ မိန်းမက မျက်စေ့တော့မပွင့်ဘူး။ ပါးစပ်ကတော့ “မလုပ်ပါနဲ့…မလုပ်ပါနဲ့”လို့ပဲ ရေရွတ်နေတယ်။ ခဏနေတော့ ဆေးတပ်သားက တပ်စုမှူးကိုမော့ကြည့်တယ်။ “အခြေ အနေမကောင်းဘူး ဗိုလ်လေး”တဲ့။ စုမှူးက “မရတော့ဘူးလား”လို့ မေးတယ်။ "မလွယ်တော့ဘူး”လို့ သူကပြန်ဖြေတယ်။

စုမှူးလည်း ဘာလုပ်ရင်ကောင်းမလဲ ခနစဉ်းစားလိုက်ပုံရတယ်။ နောက်တော့ “မင်းတို့ကောင်တွေကလည်း လုပ်လိုက်ရင် အရမ်းချည်းဘဲ၊ ကလေးကပြဿနာမရှိဘူး၊ သေပြီ။ ဒီမိန်းမက ပြဿနာ” ဆိုပြီးတပ်စိတ်မှူး တပ်ကြပ်ကို လှည့်ကြိမ်းပါတယ်။ “ကျနော်လည်း ရုတ်တရက်ဆိုတော့..ရန်သူထင်ပြီး…” ပြောနေတဲ့ တပ်ကြပ် စကားမဆုံးလိုက်ပါဘူး။ “ဘာရန်သူဟုတ်လား၊ မင်းအမေ့လင်တွေကဟိုးမှာ၊ ကြာတယ်ကွာရှင်းပစ် လိုက်”ဆိုပြီး တပ်ကြပ်ကိုအမိန့်ပေးလိုက်တယ်။ ကျနော်ရော ဆေးတပ်သားပါ နောက်နည်းနည်းဆုတ်မိ ရက်သား ဖြစ်သွားတယ်။ တပ်ကြပ်က “ဟာ..ဗိုလ်လေး..ကျနော်.ကျနော်” ဆိုပြီး စကားတွေထစ်နေတယ်။ ဗိုလ်လေး က “မင်း. စ ထားတာလေကွာ၊ မင်း ဆုံးလိုက်” လို့ ခပ်တင်းတင်းအမိန့်ပေးတယ်။ သူ့လက်ကလည်း ခါးကပစ္စတိုလ်ပေါ်မှာ အသင့်အနေအထားနဲ့။ “ဗိုလ်လေး.. ကျနော့်မိန်းမလည်း ကိုယ်ဝန်ကြီးနဲ့.. ကျနော်.. ကျနော်..”ဆိုပြီး တပ်ကြပ်ဟာ ကတုန်ကယင်ကြီး ဖြစ်နေပါတယ်။ ဒီမှာတင် ဗိုလ်လေးက “ပေးစမ်း… ”ဆိုပြီး တပ်ကြပ်လက်ထဲကသေနတ်ကို ဆောင့်ဆွဲယူလိုက်တယ်။ သေနတ်ကကျည်ထိုးပြီးသား။ ပြီးတော့ အဲဒီမိန်းမရဲ့ ခေါင်းကိုချိန်ပြီး ဒိုင်း..ဒိုင်းနဲ့ ၂ ချက်ဆင့် ပစ်ချလိုက်တယ်။ မိန်းမလည်း ငြိမ်ကျသွားတယ်။ စုမှူးက သေနတ်ပြန်ပေးရင်း “ဟေ့ကောင် ဆေးတပ်သား ဒီမိန်းမက မင်းမရောက်ခင်ကတည်းက သေနေပြီနော်. ဟုတ်လား၊ ဘီအီးရော ဒီအတိုင်းပဲ ဟုတ်ပြီလား၊ ဒါပဲ ဒီ့ထက်ပိုပြီး ဘာမှမကြားချင်ဘူး.. ဟုတ်ပြီလား”

ကျနော် သွေးအိုင်ထဲကအလောင်းတွေကိုကြည့်ရင်း စိတ်ထဲမှာဘာမှန်းမသိတဲ့ ခံစားမှုတွေဖြစ်နေတယ်။ ကြောက်လည်းနည်း နည်းကြောက်နေတယ်။ ဘာကိုကြောက်တာလဲဆိုတာတော့ သေသေချာချာ မပြောတတ်ပါဘူး။ ဒါပေမဲ့ ကြောက်နေတယ်ဆို တာကိုတော့ ကျနော် သေသေချာချာကြီး သိနေပါတယ်။ မျိုးမြင့်

0 comments:

Post a Comment