Wednesday, April 20, 2011

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၁)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၁) (မတ်လ ၉ ရက် ၂ဝ၁၁နေ့ လွတ် လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး)
၁၉၈၄ ခုနှစ် ဖေါ်ဝါရီလ ၁၈ ရက်၊ မနက် ၁ဝ နာရီ ၁၈ မိနစ်။ “ဝုန်း”ကနဲ ပေါက်ကွဲသံနဲ့အတူကျနော့်တကိုယ် လုံးမြင်းကန်ခံလိုက်ရသလို လွင့် ထွက်သွားပါတော့တယ်။ မျက်စိတွေပြာပြီး ပတ်ဝန်းကျင်တခုလုံး ယမ်းငွေ့ ကန့်လန့်ကာ ဖုံးချလိုက်သလိုမှောင်အတိ။ မြေကြီး ပေါ် “ဘုန်း”ကနဲ ပက် လက်ပြန်ကျကျချင်း "ဟ..ငါဘာဖြစ်တာပါလိမ့်"လို့ ကျနော် ချက်ချင်း မတွေးမိသေးဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဖြစ်မှန်းလည်းမသိဘူး။ အားယူပြီး အတင်းကျုံးထမယ်လုပ်တော့မှ ညာခြေထောက်က ဆတ်က နဲလေထဲမြောက်တက်လာတာ။ တကယ့်ကိုပေါ့ပေါ့လေး။ ခြေထောက်ကိုကြည့်လည်းကြည့်လိုက်ရော ဒူးဆစ် အောက်ကနေပြတ်ထွက်သွားပြီ။ “ဟာ…ငါ့ ခြေထောက် ပြတ်သွားပါလား” ဆိုတာကိုလည်း အဲတော့မှ သိ လိုက်ရတာ။ ပြီးလည်းပြီးရော လူက သွေးရူးသွေးတမ်းနဲ့ ဟိုကြည့်ဒီကြည့်တွေ လိုက်ကြည့်မိတယ်။ ကျနော်နဲ့ ၄ ကိုက်လောက်မရှိတရှိ၊ ယမ်းငွေ့တွေကြား၊ တောစီးဖိနပ်စွပ်ရက်သား ပြတ်နေတဲ့ခြေတဖက်က မြေကြီးပေါ် မှာကျလို့။ ကျနော့်အကြည့်က ကိုယ်မှာကျန်နေသေးတဲ့ ခြေထောက်တဖက်ဆီကို ပြန်ရောက်လာတယ်။ အသားစတွေကဖွာလန်ကျဲလို့။ တိုးလို့တွဲလောင်း၊ သက်ကယ်ခြောက်တွေ မြေကြီးခဲအစအနတွေက သွေးတွေ နဲ့ကပ်ပြီးမြင်မကောင်း။ သွေးတွေပန်းထွက်နေတဲ့ ငုံးတိတိခြေပြတ်ကြီးက တဆတ်ဆတ်နဲ့တုန်နေတယ်။ ဆက်တိုက်ဆိုသလိုပဲ စက်လတ်အတွဲလိုက်ဆွဲချသံတွေ ညံထွက်လာတယ်။ ကျည်ဆန်တွေ ကျနော်လဲကျနေ တဲ့နေရာနဲ့ ၃ ကိုက်လောက်မှာ လာလာထောက်နေပါလား။ မဖြစ်သေးဘူး “မှောက်မှ”ဖြစ်မယ် ဆိုတဲ့အသိနဲ့ ကျနော် ညာဘက်ကိုစောင်းချလိုက်တယ်။ ဒီတော့မှ ညာဘက်လက်ကိုလည်း တွေ့လိုက်ရတော့တာ။ ညာ လက် တတောင်ဆစ်အောက်ကနေ ပြတ်ထွက်သွားပါရောလား။ စိတ်ထဲက “ဟာ”လို့ အော်လိုက်မိတယ် ထင်တာပဲ။ ပြတ်ထွက်သွားတဲ့ညာလက်ကို ဘယ်လက်နဲ့ဆွဲပွေ့၊ ရင်ဘတ်ပေါ်ဆွဲကပ်၊ ပြီးတော့ ကုန်းစောင်း အတိုင်း ကျနော်လှိမ့်ချလိုက်တယ်။ တခုခုနဲ့တိုက်မိပြီး အရှိန်သေသွားတော့မှ လက်နှစ်ဘက်လုံးရင်ဘတ် အောက်ထိုးထဲ့ပြီး ငြိမ်နေလိုက်တယ်။ လူလည်းတော်တော့် ကိုမောနေတယ်။ သတိတော့မလစ်ဘူး။ ဘာဖြစ် သွားတာလဲ။ ဘာတွေဖြစ်နေတာလဲ မသိသေးဘူး။ လူသံ၊ အော်သံဟစ်သံ၊ ပစ်သံခတ်သံတွေနဲ့နားတွေအူပြီး တလောကလုံး ငရဲပွက်နေမှန်းတော့သိနေတယ်။

အရှင်လတ်လတ်မီးမြှိုက်ခံရတဲ့အတိုင်း ကျနော့်တကိုယ်လုံးပူနေတယ်။ နာတော့မနာဘူး။ နောက်တော့ တယောက်ယောက် ကျနော့် ကိုပွေ့ချီလိုက်တယ်။ စုတ်သပ်သံလိုလို၊ ငြီးတွားသံလိုလိုအသံတွေ၊ “ဒီမှာဒီမှာ.” ဆိုတဲ့အသံတွေက နားထဲဗလုံးဗထွေး ဝင်နေတယ်။ တယောက်ယောက်က “ဘယ်ဘက်လက်.. ဘယ်ဘက် လက်” လို့ ပြောသံကြားတယ်။ ဘာပါလိမ့်ဆိုပြီး ဘယ်လက်ကို ကြည့်လိုက်တော့မှ.. ဘယ်လက်ချောင်းတွေ ကြေမွနေတာ၊ လက်သူကြွယ်လေးက ပြတ်ထွက်မသွားသေးပဲ အရေပြားတန်းလန်း လှုပ်တုပ်လှုပ်တုပ်ဖြစ်နေ တာ၊ ကိုယ့်အသားကို ကျပ်ကျေးနဲ့တရွှပ်ရွှပ်ညှပ်နေတာကိုလည်းသိနေတယ်။ မေ့ဆေးမရှိ။ ထုံဆေးမရှိ။ အစိမ်းလိုက်။ ၁ဝ မိနစ်လောက်ရှိတော့ စ နာလာပြီ။ စစချင်းတော့ ခပ်ဖြည်းဖြည်း ။ နောက်တော့ တကိုယ် လုံးနေရာအနှံ့။ မခံနိုင်တော့ဘူး။ အခုနေ သေသွားရင်ကောင်းမှာပဲလို့ ကျနော် တွေးမိလိုက်တယ်။

“မင်း..ဘယ်နေ့ စစ်ကြောင်းပါတယ်။ ခ.လ.ရ(၉)နဲ့။ စစ်ကြောင်း (၂)။ စီစီဝမ်တာပန်။ အီကွပ်မင်န့်ပြင်ထား” လို့ ခွဲအရာခံဗိုလ်ရုံးက ခေါ်ပြောတဲ့အချိန်က ကျနော့်စိတ်တွေ ပုံမှန်အတိုင်းပါပဲ။ ကျနော်က စစ်ကြောင်းကြောက် သူမဟုတ်။ ကျနော်တို့ စစ်မြေပြင်အင်္ဂျင်နီယာတပ် တွေမှာ တိုင်းလက်အောက်ခံတပ်တွေကို တိုင်းတပ်တွေ လို့ခေါ်ပြီး၊ တပ်မလက်အောက်ခံ တပ်တွေကိုတော့ တပ်မတပ်တွေလို့ခေါ်ပါတယ်။ ကျနော့်တပ်က အမှတ်(၉ဝ၉)စစ်မြေပြင်တပ်ခွဲ(အင်္ဂျင်နီယာ)။ တပ်မ (၉၉)လက်အောက်ခံတပ်ခွဲ။ တပ်ခွဲမှူးက ဗိုလ်မှူးဇော်ဝိတ်။ တပ်မ(၉၉) နောက်တန်းဋ္ဌာနချူပ်က မိတ္ထီလာမှာ၊ ရှေ့တန်းဋ္ဌာနချူပ် ကတော့ ကွတ်ခိုင်။

ကျနော်တို့က(၉၉) လက်အောက်ခံတပ်တွေနဲ့တွဲပြီး ရှေ့တန်းထွက်ရတာကို “စစ်ကြောင်းပါတယ်” ။ (၉၉)လက်အောက်ခံ ဗျူဟာ(၃) ခုနဲ့တွဲရတာကိုတော့ “ဗျူဟာပါတယ်”လို့ခေါ်ပြီး၊ ရှေ့တန်းတပ်မဋ္ဌာနချူပ်နဲ့ သွားတွဲ ရတာကိုတော့ “တပ်မပါတယ်” ဆိုပါတယ်။ ဗျူဟာတို့ တပ်မတို့ပါတယ်ဆိုရင်တော့ အေးအေးဆေးဆေးပါပဲ။ နောက်တန်းကလူတွေနဲ့ အဆက်အသွယ်မပြတ်။ တခြားအကြံအဖန်လေးဘာလေးလည်း ရသေးတယ်လေ။ အိမ်ထောင်သည်တွေကျတော့ ယဉ်တန်းကြုံရှိရင် နောက်တန်းက မိန်းမတွေလိုက်လာပြီး ခဏတဖြုတ်အတူ နေလို့လည်းရတယ်။ မိန်းမတွေအပြန်မှာ တရုပ်ပစ္စည်းလေးတွေ ဝယ်ထဲ့ပေးလိုက်၊ မန္တလေးကျ ပြန်ရောင်း၊ အမြတ်ကလေးစို့စို့ပို့ပို့။ လူပျိုတွေကျတော့လည်း မြို့နားမြို့ပေါ်နေရင်း မိန်းမပိုးချိန်ရည်းစားရှာချိန်လည်းရ။ “ဗျူဟာတပ်မ”တွဲရင်း တိုင်းရင်းသူတွေနဲ့ညားကုန်ကြတဲ့ လူပျိုတွေလည်းအများသားပေါ့။ ဆိုတော့ “တပ်မ ဗျူဟာ” ဆိုရင် လိုက်ချင်သူပေါတာဘာမှမဆန်း။ “စစ်ကြောင်းပါတယ်”ဆိုရင် မျက်နှာမသာ။ သေဖို့၊ ဒဏ်ရာ ရဖို့ ပိုနီးတာကိုး။ ဒါ့ကြောင့် တပ်မှူးက အကြပ်တပ်သားတိုင်းကို “စစ်ကြောင်းနဲ့တပ်မဗျူဟာ” အလှည့်ကျ ထဲ့ပေးရမယ်ဆိုပြီး အမိန့်ထားရတာပေါ့။ တပ်မဗျူဟာဆိုတာက လူကြီးနားနေရတာဆိုတော့ လူရွေးတိုင်း ဖြစ်နိုင်သမျှ အသောက်အစားကင်းသူတွေကို ဦးစားပေးရွေးရမယ်လို့ ကန့်သတ်မိန့်တော့ရှိတယ်။ ကျနော်က မကင်းဘူး။ မူးလာရင်နည်းနည်းလည်း “ရစ်”တတ်သေးတယ်။ ဆိုတော့ ကျနော့်စစ်သက်တလျှောက်လုံး “တပ်မဗျူဟာ” တခါမှမပါခဲ့ဖူးဘူး။ “မပါနိုင်မယ့်အတူတူဆိုပြီး” ကျနော်က စစ်ကြောင်းပဲတောင်းလိုက်တာ
ပေါ့။ တပ်ရင်းတရင်းရှေ့တန်းထွက်ပြီဆိုရင် ကျနော်တို့စစ်အင်္ဂျင်နီယာ၊ ဆက်သွယ်ရေးနဲ့ ဆေးတပ်သား ၄ ဦးစီတွဲပြီး လိုက်ရပါတယ်။ ရှေ့တန်း ရောက်ပြီဆိုတာနဲ့ စစ်ကြောင်း ၂ ကြောင်းပြန်ခွဲ။ တွဲဘက်စစ်သည် တွေလည်း တကြောင်းမှာ ၂ ယောက်စီပြန်ခွဲ။ ဒီလိုနဲ့ ဒီတပတ်လည်း အရင်တပတ်လိုပေါ့လေ။ ကျနော့် အတွက်တော့ သိတ်မဆန်းပါဘူး။

သွားရမယ့်နေရာက စီစီဝမ်တာပန် မဆုတ်တမ်းခံစစ်စခန်းတဲ့။ ကျနော်ရောက်ဖူးချင်တဲ့စခန်း။ စစ်တိုင်း အလိုက်အရပြောရင် အရှေ့မြောက်ဒေသ။ မြန်မာပြည်မြေပုံအရပြောရင် ရှမ်းပြည်မြောက်ပိုင်း။ ကွတ်ခိုင်နဲ့ မူဆယ်အကြား။ မိုင်းယု(၁ဝ၅) မိုင်ရောက်ရင် ယဉ်တန်းကဆင်း ၈ နာရီလောက်လျှောက်ရင် စီစီဝမ်တာပန် အောက်ခြေက ရွာကိုရောက်ပြီ။

“အဲဒါပဲ..စီစီဝမ်တာပန်ဆိုတာ”။ ဆိုတဲအသံကြောင့် ကျနော်လှမ်းကြည့်ဖြစ်လိုက်တယ်။ လွင့်နေအောင်မြင့်တဲ့ ညိုမှောင်မှောင် တောင်တန်းကြီး။ စတက်လိုက်တာနဲ့ အရင်ဆုံးရောက်တာက တင်ရွှေကုန်း။ ဗ.က.ပနဲ့ မီးကုန်ယမ်းကုန် တိုက်ခဲ့တဲ့ပွဲတပွဲမှာ စစ်တပ်ကကျခဲ့တဲ့ ဗိုလ်ကြီးတင်ရွှေကိုဂုဏ်ပြုပြီး ဒီကုန်းက “တင်ရွှေ ကုန်း”ဖြစ်လာတာပါ။ တပ်စု ၂ စုစာအင်အားနဲ့ တပ်ခွဲမှူးရုံးစိုက်ထားတယ်။ အဲဒီကနေ ဆက်တက်ရင် တပ် စိတ်တွေလောက်ထားတဲ့ ကြားစခန်း(၁-၂-၃-၄)။ စစ်ကြောင်းမှူးရုံးထိုင်ရာ ဘိန်းမုန့်ကုန်း။ နောက်တော့ တပ်ခွဲ မှူးရုံးနဲ့တပ်စု ၂ စု ထိုင်တဲ့ ဇော်ဝင်းကုန်း။ ဘိန်းမုန့်ကုန်းရဲ့ ညာဘက်မှာ အရံခံစစ်စခန်းငယ် (၄) ခု။ အားလုံးကို တစုတည်းအနေနဲ့ပြောတော့ စီစီဝမ်တာပန်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အသေအကြေတိုက်ယူပြီးနောက်ပိုင်း မဆုတ်တမ်းခံစစ်အဖြစ် တပ်ထောင်တာဗိုလ်ထုနဲ့ စီးနင်းထားရာစိုးမိုးကုန်း။ မူဆယ်လားရှိုးလမ်းမကြီးရဲ့ အချက်အခြာဒေသ။

ဘိန်းမုန့်ကုန်းရဲ့တဖက်တချက်မှာ စီစီဝမ်နဲ့တာပန် ခေါ်တဲ့ရွာပျက်ကြီး ၂ ခု။ တချိန်က ဒီရွာတွေမှာကြားခဲ့ရမယ့် မောင်းထောင်း သံ၊ ကလေးအော်သံခွေးခေါ်သံ၊ တေးချင်းဆိုသံ၊ လူပျိုလှည့်သံ၊ ကြက်တွန်သံတွေတော့ မရှိတော့။ မကြားရတော့။ ဒီနေရာမှာ အရင်တုန်းက လူတွေနေခဲ့ဖူးတယ်လို့ သက်သေပြစရာတချို့ကလွဲလို့ ပကတိတိတ်ဆိတ်ခြင်းမင်းမူနေတဲ့ သုဿန်တစပြင်ကြီးလို။ မီးကျွမ်းအိမ်တိုင်ငုတ်တိုတွေ၊ ကျည်ဆံရာဗလပွ ပင်စည်တွေ၊ အရာရာအလှမဲ့နေတဲ့ စစ်မက်အနိဋ္ဌာရုံတွေပြွမ်းနေတဲ့ စီစီဝမ်တာပန်။
မျိုးမြင့်

0 comments:

Post a Comment