Wednesday, April 20, 2011

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၆)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၆)အာရ်အက်ဖ်အေကနေ ၄လပိုင်း ၁၃ ၂၀၁၁ နေ့မှာထုတ်လွှင့်ပြီးဖြစ်ပါတယ်။ ကျနော့်စစ်သက် တလျှောက်မှာ ပြီးခဲ့တဲ့တပတ်ကပြောခဲ့သလိုမျိုး ကြက်သီးထမိ၊ ကျောချမ်းမိ၊ စိတ်မလုံ သလိုဖြစ်မိတာတွေ သိတ်တော့ မနည်းလှပါဘူး။ နောက်တကြိမ်ကတော့ ကျနော် ခ.လ.ရ(၉)နဲ့ မန်တုံဂွင်ဘက်မှာ လှုပ်ရှားစစ်ကြောင်းဝင်ချိန် ကဖြစ်ပါတယ်။ ရွာနာမည်တော့ မမှတ်မိတော့ပါဘူး။ လှုပ်ရှား စစ်ကြောင်းတွေနဲ့ ပတ်သက်လို့ တပ်ထဲမှာဆိုစမှတ်လေးတခုရှိပါတယ်။ “ရေကန်နီးနီး အိမ်ကြီးကြီး၊ သမီးငယ်ငယ် ကြက်လွယ်လွယ်၊ အရက်ဝယ်လို့ရရမည်” တဲ့။ လှုပ်ရှားစစ်ကြောင်း ရွာတရွာကိုဝင်ပြီဟေ့ ဆိုတာနဲ့ စစ်ကြောင်းရုံး တာဝန်ရှိသူက ရွာထဲလှည့်ပတ်ကြည့်၊ အကြီးဆုံးအကောင်းဆုံးအိမ်၊ ရေလည်း နီးနီးနားနား၊ ကောင်မငယ်ငယ်လေးတွေလည်းရှိ၊ ဟင်းစားကြက်လည်း လွယ်လွယ်ရ၊ အရက်ဝယ်ဖို့လည်း အဆင်ပြေ စတဲ့ဂုဏ်ပုဒ်တွေနဲ့အပြည့်စုံဆုံးအိမ်ကို စစ်ကြောင်းမှူးအိမ် အဖြစ်ရွေးပေး နေရာချပေးရပါတယ်။ ကျနော်တို့ စစ်ကြောင်းလည်း အဲဒီလိုအိမ်တွေမှာပဲ ယာယီတည်းတာပါ။ ဒီ ဆိုစမှတ်ကလေးကို ကြည့်လိုက် ရင်ပဲ ရှေ့တန်းက ဗမာ့တပ်မတော်ရဲ့ပုံရိပ်တစွန်းတစကို မြင်နိုင်မယ်ထင်ပါတယ်။

ရှေ့တန်းဒေသက တချို့ရွာတွေမှာ ရွာသူကြီးက မိန်းမတွေဖြစ်နေတတ်ပါတယ်။ ဒါကလည်း သူကြီးလုပ် မယ့်ယောင်္ကျားသား မရှိလို့ မဟုတ်ပါဘူး။ မိန်းမသူကြီးဆိုတော့ သက်ညှာရာလေးများရကောင်းရဲ့ဆိုပြီး ခန့်ထားကြတာပါ။ စစ်ကြောင်းလာနေပြီဆိုတဲ့ အသံကြားတာနဲ့ ရွာထဲကရှိသမျှယောင်္ကျားတွေက အသက် လုပြေးပြီး တောထဲလျှိုထဲသွားပုန်းကြတော့တာပါပဲ။ ရွာထဲမှာ မိန်းမ သားတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေသာကျန်ပါတယ်။ စစ်ကြောင်းပြန်ထွက်သွားပြီ။ စိတ်ချရပြီဆိုမှ ယောင်္ကျားတွေ ရွာခြေပြန် ကပ်ရဲတာပါ။ နို့မို့ဆို မလွယ်ဘူးလေ။ ပေါ်တာခေါ်၊ လမ်းပြခေါ်၊ မသင်္ကာရင်စစ်ကြောရေး အလုပ်ခံရတတ်တယ်မို့လား။

အခု ကျနော်တို့ရောက်သွားတဲ့ရွာမှာက မိန်းမသူကြီးမ။ စစ်ကြောင်းခဏနားချိန်မှာ ဗမာလိုမတတ်တတတ်နဲ့ လိုသမျှလုပ်ပေးရှာပါတယ်။ စစ်ကြောင်းပြန်ထွက်မယ်ဆိုတော့ လမ်းပြနဲ့ပေါ်တာကလိုလာပြီ။ သူကြီးမက သူကိုယ်တိုင်လမ်းပြလုပ်ပေးပြီး ပေါ်တာအဖြစ်တော့ ရွာထဲက အရွယ်လတ်အမျိုးသမီး ၄ဝ ကို ဆင့်ပေး ပါတယ်။ မိန်းမပေါ်တာတွေပေါ့လေ။ ကျနော်လည်း စိတ်မကောင်းတော့ဖြစ်မိတယ်။ ဒါပေမယ့် ဘာမှမ တတ်နိုင်ဘူးမဟုတ်လား။ မိန်းမပေါ်တာဆိုတာက ယောင်္ကျားတွေလိုမဟုတ်ဘူး။ အထိန်းရခက်သလို၊ ပြဿနာများပြီး ခရီးလည်းမတွင်တတ်ပါဘူး။

စစ်တပ်မှာ လူပေါ်တာကို ဝန်ထမ်းလို့ခေါ်ပြီး ရွာကဆင့်လာတဲ့ လား/မြင်းတွေကိုတော့ ဝန်တင်လို့ခေါ်ပါတယ်။ ဝန်တင်ဖြစ်ဖြစ် ဝန်ထမ်းဖြစ်ဖြစ် သတ်မှတ်နှုန်းနဲ့လုပ်အားခပေးရပါတယ်။ အဲဒီငွေကို စစ်ဆင်ရေးအသုံး စရိတ်အဖြစ် သီးသန့်ချထားပေးပြီး စစ်ကြောင်းရုံးကကိုင် ထားပါတယ်။ သူတို့တွေ အချိန်စေ့လို့ပြန်တဲ့ အခါမယ် “တာဝန်ကျေ”ဆိုတဲ့လက်မှတ်ထိုးထားတဲ့ စာတရွက်နဲ့အတူ ငွေကို လား/မြင်းပိုင်ရှင်ကို ပေးရပြီး၊ လူတွေကိုတော့ လက်ထဲအပ်ရပါတယ်။ ပေါ်တာအတွက်နေ့စဉ်ရိက္ခာရှိ သလို၊ လား/မြင်းတွေအတွက် အစာဖိုးလည်းရှိပါတယ်။ ဒါပေမယ့် သူတို့ခမျာမရကြတာများပါတယ်။ ရတယ်ဆိုလည်း ဘယ်တော့မှအပြည့် အဝမရကြပါဘူး။ ပေါ်တာတွေကို ထမင်းနဲ့ငါးပိသာပေးပါတယ်။ မြင်း/လားပိုင်ရှင်တွေကတော့ ကိုယ့် အကောင်တွေအတွက်အစာကို ကိုယ့်နည်းကိုယ့်ဟန်ပဲရှင်းကြရတာပါ။

ဒီလိုနဲ့ မိန်းမပေါ်တာ အယောက် ၄ဝ နဲ့ကျနော်တို့စစ်ကြောင်း အဲဒီရွာကနေဆက်ထွက်ခဲ့ပါတယ်။ တချို့မိန်း မတွေက ၇၅ မီလီမီတာ နောက်ပွင့်ဗုံးသီးတွေကို ပလိုင်းထဲထည့်လွယ်သူလွယ် ခေါင်းပေါ်ရွက်သူရွက်နဲ့
ပေါ့လေ။ တလမ်းလုံးလည်း မကျေမနပ်ပူညံပူညံတွေနဲ့ စိတ်ညစ်ဖို့လည်းကောင်း သနားဖို့လည်းကောင်း ဆိုတာမျိုးကြီးပါပဲ။ တနေကုန်လျှောက်လာလိုက်ကြတာ ညနေစောင်းတော့ တောင်ကျောတခုပေါ်မှာ ညအိပ်မယ်။ စားပြီးပြန်ချက်၊ မနက်ဆက်ထွက်မယ်ဆိုတဲ့အမိန့်နဲ့ နားကြစားကြ တာပေါ့။ မအိပ်ခင်မှာ ပေါ်တာမတွေအားလုံးကို တနေရာထဲမှာစုပြီးထားရမယ်၊ သူတို့ထွက်မပြေးနိုင်အောင် စစ်ကြောင်းရုံးလုံ ခြုံရေးတပ်စုက တာဝန်ယူရမယ်ဆိုတဲ့အမိန့်နဲ့ စခန်းချပါတယ်။ ကျနော် လည်းခရီးပမ်းတော့ စားပြီးပြီးချင်း မှေးကနဲအိပ်ပျော် သွားပါတယ်။ နောက်တော့ စကားသံလိုလိုဘာလိုလိုကြားပြီး ပြန်နိုးလာတယ်။

ပေါ်တာလုံခြုံရေးတပ်စုမှူးက “ကျနော့် ကျောပိုးအိတ်ထမ်းတဲ့ကောင်မဗျာ”ဆိုပြီး သူ့တပ်စုတပ်ကြပ်ကြီးကို ပြောနေတဲ့အသံဖြစ်နေ တယ်။ ဘာများလည်းဆိုပြီး ကျနော်အသာလေးငြိမ်ပြီး နားစွင့်နေမိတယ်။ ခနနေတော့ ပြန်လာတဲ့ခြေသံတွေနဲ့ မိန်းမတယောက် ပလောင်လို ပြောသံတွေလည်းကြားနေရတယ်။ နောက်တော့ ခပ်တိုးတိုးကြိတ်ပြီး ခြိမ်းခြောက်သံ၊ ငြင်းသံဆိုသံ၊ လှုပ်လှုပ် ရှားရှားအသံ၊ တအင်းအင်း.. တအဲအဲအသံတွေလည်း ကြားနေရတယ်။ သိတ်သဲသဲကွဲကွဲကြီးတော့မဟုတ်ပါဘူး။ ကျနော်နဲ့ ၈ ကိုက်လောက်တော့ ဝေးမယ်ထင်တာပဲ။

ခဏလောက်နေတော့ တပ်စုမှူးအသံနဲ့တပ်စုတပ်ကြပ်ကြီးအသံ ပြန်ကြားရပြန်တယ်။ “မင်းတို့ပြီးရင်.ကြည့် ကျက်လုပ်လိုက်ကွာ” ဆိုတဲ့ အသံကိုတော့ သေသေချာချာ့ကို ကြားလိုက်ပါတယ်။ တခုခုတော့ဖြစ်တော့မှာ ပဲဆိုပြီး ကျနော် ထိတ်ကနဲဖြစ်မိလိုက် တယ်။ နောက်တော့ အမျိုးသမီးကို တနေရာရာပြန်ခေါ်သွားတဲ့ပုံပါပဲ။ အသံတွေလည်း တိတ်သွားတယ်။

မနက်လင်းအားကြီး အချိန်လောက်မရှိတရှိမှာမှာ ကျနော့်နေရာရဲ့အောက်ဘက် ကိုက် ၁ဝဝ လောက် လျှိုထဲကနေ သေနတ် သံ လေး ငါးချက်ကြားလိုက်တယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ ခဏနေတော့ “ပေါ်တာပြေးလို့…ပေါ်တာပြေး လို့” ဆိုတဲ့အသံတွေ ထွက်လာပါတယ်။ နောက်တော့လည်း ပုံမှန်ပါပဲ။ အခုန ဘာမှဖြစ်မသွားခဲ့အတိုင်း၊ ဆက်ထွက်ဖို့ပြင်ကြ ဆင်ကြနဲ့ပါပဲ။

ဆက်ထွက်မယ်ဆိုမှ ကျနော် ပေါ်တာမတွေကို အမှတ်မထင်ရေကြည့်မိလိုက်တော့ ၃၉ ယောက်ထဲ ဖြစ်နေတာတွေ့တယ်။ တယောက်လျော့သွားပါလားဆိုလည်း သတိပြုမိလိုက်ပါတော့တယ်။ အဲဒီတော့မှ ညက ဖြစ်စဉ်ရဲ့အကြောင်းတရားဟာ မနက်ကျတော့ လူတယောက် လောကထဲကနေအပြီးတိုင်ပျောက် ကွယ်သွားခြင်းဆိုတဲ့အကျိုးတရားနဲ့ နိဋ္ဌိတံသွားပါရော့လားဆိုတာ သိလိုက်ရပါတော့တယ်။
မျိုးမြင့်ချို

0 comments:

Post a Comment