“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း၂) (မတ်လ ၁၆ရက် ၂ဝ၁၁ နေ့ လွတ် လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး) ကျနော် အဲဒီ ရွာပျက်ကြီး ၂ ခုကိုကြည့်ပြီး၊ ဗမာပြည်မှာ စီစီဝမ်တာပန်တွေ ဘယ် လာက်များနေပြီလဲလို့တွေးနေမိတယ်။ မြေပုံပေါ်မှာပဲရှိနေတော့ပြီး မြေပြင်ပေါ်မှာမရှိတော့တဲ့ရွာပျက်တွေ ကျနော်အများကြီးတွေ့ဖူးပါ
တယ်။ လူဆိုတာ ကိုယ်ချက်မြှုတ်ရာကိုယ့်ဇာတိမှာ ခေါင်းချချင်မှာပဲ လို့လည်းတွေးမိသေးတယ်။ အခြေအနေအရခေါင်းချရာနဲ့ချက်မြှုတ်
ရာ လွဲရတော့မယ်ဆိုရင်လူတွေဟာ အိမ်ကိုလွမ်း၊ ရွာကိုလွမ်း၊ ပြည်ကိုလွမ်း၊ မြေကိုလွမ်း၊ လွမ်းတတ်ကြတာကိုး။ စီစီဝမ် တာပန်သားတွေ လည်း ဒီအတိုင်းပဲနေမှာပေါ့။ ကျနော့်စိတ်က စီစီဝမ်တာပန်သားတွေဆီကနေ နာ့အော်ကြီး-နာ့အော်လေး က ရွာသားတွေဆီကို ရောက်သွားပါတယ်။
နာ့အော်ကြီး-နာ့အော်လေးဆိုတဲ့ရွာတွေက နမ္မတူခရိုင်၊ မန်တုံဂွင်ထဲကရွာတွေပါ။ ရှမ်းပြည်မှာ ရှမ်းလူမျိုးတွေ သာမက လူမျိုး စုံနေကြတာပါ။ ဂွင်အလိုက်အများစု နေတတ်ကြတဲ့ပုံစံမျိုးလည်း ဖြစ်ပါတယ်။ မန်တုံဂွင်မှာ တော့ ပလောင်က အများစုဖြစ်မယ် ထင်ပါတယ်။
ကျနော် ဒီဂွင်ကို ခ.လ.ရ (၄) (မန္တလေး) ပုသိမ်ကြီးကတပ်နဲ့တွဲတုန်းက ရောက်ခဲ့တာပါ။ တပ်ရင်းမှူးကဒုဗိုလ် မှူးကြီး မောင်မောင်စိုး။ ဒုရင်းမှူးအပါအဝင် တခြားသူတွေကို ကောင်းကောင်းမမှတ်မိတော့ပေမဲ့ တပ်ခွဲမှူး ဗိုလ်ကြီးလှမြင့်ကိုတော့ အခုထက်ထိမှတ်မိနေတုန်းပါပဲ။ အသားညိုညို၊ လူကောင်ထွားထွား၊ ကျောက်ပေါက်မ သဲ့သဲ့၊ စကားပြောရင် ကျယ်ကျယ်ကြမ်းကြမ်း။ မူးလာရင် “ဗ.က.ပအသဲ မီးကင်စားလာတဲ့ကောင်ကွ” လို့ အမြဲပြောတတ်သလို၊ အမြဲလိုလိုလည်း မူးနေတတ် ပါတယ်။ တပ်ရင်းမှူးရဲ့ညာလက်ရုံးလို့လည်း ပြောသံကြား ရရဲ့။
နာ့အော်လေးကို စစ်ကြောင်းဝင်ခါနီးတော့ ရင်းမှူးကကျနော့်ကို ပွိုင့်တပ်ခွဲနဲ့လိုက်ဖို့ပြင်ခိုင်းပါတယ်။ စစ်အင်္ဂျင် နီယာဆိုတာက တိုက်စစ်မှာရှေ့ဆုံးက၊ ခွာစစ်ကျတော့နောက်ဆုံးကနေ ဖြစ်ပါတယ်။ တိုက်စစ်မှာ မိုင်းရှင်းရ တာ၊ ခံစစ်စည်းရိုးဖေါက်ခွဲပေး ရတာမျိုးတွေ လုပ်ရသလို။ ခွာစစ်မှာ ကိုယ့်နောက်က ရန်သူလိုက်မလာနိုင် အောင် မိုင်းထောင်တာ၊ တံတားချိုးတာ၊ လမ်းဖျက်တာတွေလုပ်ရပါတယ်။ ၂ ခုစလုံးက သေမင်းနှုတ်ခမ်း နမ်း ရသလိုမျိုးပါ။ ဒါနဲ့ ကျနော်လည်း သေနတ်၊ အီကွင့်ပ်မင်န့်၊ မိုင်းရှာစက်တွေပြင်ပြီး ပွိုင့်တပ်ခွဲမှူးဆီ သတင်းသွား ပို့ပါတယ်။ “ဟေ့ကောင် ဘီအီး.. မင်းစစ်တိုက်ဖူးလား”လို့ မေးတော့ ကျနော်က “မတိုက်ဖူးဘူး..ဗိုလ်ကြီး”လို့ ပြန်ဖြေလိုက်ပါတယ်။ “အေး..ဒါဆို ပွိုင့်တပ်စုသွား၊ စုမှူးကိုသတင်းပို့၊ သူခိုင်းတဲ့အတိုင်းလုပ်၊ ရွာထဲမှာရန်သူရှိ တယ်၊ ကြားလား”တဲ့။ ကျနော်လည်း နည်းနည်းတော့လန့်သွားတယ်။ ရွာထဲမှာရန်သူရှိတယ်ဆိုပါလား။
ပွိုင့်တပ်စုမှူးက အလုပ်သင်ဗိုလ်။ စစ်တပ်မှာ အလုပ်သင်ဗိုလ်တွေကို ဗိုလ်လေးလို့ခေါ်ရပါတယ်။ အဲဒီဗိုလ် လေးက စစ်ဗိုလ်ပုံထက် လမ်းသရဲပုံပိုပေါက်ပါတယ်။ ပစ္စတိုလ်ကိုလည်း ကောင်းဘွိုင်မင်းသားလို ခါးမှာတို့ လို့တွဲလောင်းချိတ်လို့။ ကျနော် သူ့ကိုသတင်းပို့တော့ တပ်စုတပ်ကြပ်ကြီး ရိုင်းဗဟာဒူးကိုခေါ်ပြီး “သူလိုတာ လုပ်ပေးလိုက်.ဆရာကြီး” ဆိုပြီး အပ်လိုက်ပါတယ်။ ရိုင်းဗဟာဒူးက တည်ငြိမ်အေးဆေးတဲ့ပုံပါ။ “စားပြီးပြီလား၊ မစားရသေးရင်ရော့”ဆိုပြီး ကောက်ညှင်းထုတ် တထုတ်ပေးတယ်။ ကျနော်က “မစားတော့ပါဘူးဆရာကြီး” ဆိုတော့ “ရော့.. တခွက်နှခွက်လောက်တော့ချထား၊ အထိအတွေ့ဘာမှမရှိရင်တော့ ဆက်ထွက်မယ်ထင် တာပဲ” ပြောပြီး ဗူးတဗူးပေးတယ်။ ဒါနဲ့ ကျနော်လည်း ၃ ပက်စာလောက် တချက်တည်းမော့ချလိုက် တယ်။ သွေးပူပြီး လူလည်းဖျတ်ဖျတ်လတ်လတ် ဖြစ်သွားပါတယ်။
အချိန်က နေ့လည်တနာရီလောက်ရှိနေပါပြီ။ ကျနော်တို့ပွိုင့်တပ်စုလည်း ရွာနားကပ်နေပါပြီ။ ရွာစွန်ကအိမ် တချို့နဲ့ ရွာ့နောက်ပိုင်း တောင်စောင်းကအိမ်တွေကိုလည်းရှင်းရှင်းမြင်နေရပါပြီ။ ရွာထဲက ဆန်ကြိတ်စက် အင်ဂျင်သံနဲ့အတူ ခွေးဟောင်သံသဲ့သဲ့ လည်းကြားနေရပါပြီ။ ရွာထဲကလူတွေ ကျနော်တို့ ရွာခြေမှာကပ်မိနေ ပြီဆိုတာကို သိ/မသိတော့ ကျနော်လည်းမပြောတတ်ပါဘူး။ ရိုင်းဗဟာဒူးက ရှေ့ကသွားနေတဲ့တပ်စိတ်မှူးကို လမ်းဘေးကိုဖဲ့ဆင်းဖို့ လှမ်းအချက်ပြလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ရွာစပ်ချုံကွယ်တွေကြားက သေနတ်သံတွေ “ဝေါ” ကနဲ ထွက်ချလာပါတော့တယ်။ ကျနော် လည်း ဖျတ်ကနဲ ဝမ်းလျားမှောက်ချလိုက်တယ်။ ပွိုင့်တပ်စိတ်ကနေ ပြန်ပစ်သံတွေလည်း ဆူညံပွက်သွားတာ ပဲ။ သေနတ်ကိုသာ လက်ကတင်းတင်းဆုတ်ထားပေမယ့် ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ ရင်တွေက
တော့ တဒိုင်းဒိုင်းခုန်နေပါတယ်။ ကျနော့် ပတ်လည်မှာတော့ “တက်..တက်”အော်သံတွေ မော်တာလောင် ချာသံတွေ သေနတ်သံတွေယမ်းနံ့တွေ ဆူညံမွှန်ထူနေပါတယ်။ ၁၅ မိနစ်လောက်ကြာတော့ တဘက်က ပစ်ခတ်သံတွေ ဖြည်းဖြည်းချင်းဝေးဝေးသွားပါတယ်။ ကျနော်တို့တပ်စုလည်း ရှေ့ကို တဖြည်းဖြည်းတိုးလိုက် လာပါတယ်။ ကျနော်တို့တစုလုံး ရွာထဲရောက်သွားတော့ တဘက်ကသေနတ်သံတွေက ရွာအစွန်တောင် ကုန်းတွေပေါ်ရောက်သွားပြီ။ သဘောကတော့ ရွာကိုကျနော်တို့စီးမိလိုက်ပြီပေါ့။ ကျနော်တို့ဘက်မှာ အထိ အခိုက်ရှိမှန်းတော့ သိလိုက်ပါတယ်။ ဒါပေမယ့် ဘယ်သူလဲဘယ်နှယောက်လဲဆိုတာတော့ ကျနော်မသိ။
တပ်စုမှူးက ကျနော့်ကို “ဘီအီး..မင်းပွိုင့်စိတ်နဲ့လိုက်သွား”လို့ပြောပြီး ပွိုင့်တပ်စိတ်ကို “ဆန်စက်နဲ့ရွာလယ် လမ်းကိုဝင်ရှင်း” ဆိုပြီး တဆက်တည်းအမိန့်ပေးပါတယ်။ တပ်စိတ်မှူးကိုကြည့်လိုက်တော့ လက်ဖျံနဲ့ပေါင်မှာ ထိထားပုံပဲ။ သွေးတွေလည်းရွှဲလို့။ ဒေါသလည်း ဖြစ်နေပုံပါပဲ။ “ကျုပ်တို့အခု အရင်ဆုံးဆန်စက်ကိုဝင်စီးမယ်၊ အထဲရောက်မှကြည့်ကျက်လုပ်တာပေါ့။ အရင်ဆုံးအထဲရောက်ဖို့လိုတယ်”လို့ပြောပြီး ရှေ့ဆုံးကနေ ကာဘိုင် နဲ့ပစ်ရှင်းရှင်းပြီး တံခါးကိုဆောင့်ကန်ထည့်လိုက်ပါတယ်။ တံခါးလည်းပွင့်ရော သူ့ နောက်ကရဲဘော် ၂ ယောက်နဲ့အတူ အိမ်ထဲကိုဒလောဟော ပစ်သွင်းတော့တာပါပဲ။ ကျနော်က သူတို့ဘေးမှာရပ်လျက်သား။ နောက်တော့ “ဝင်..ဝင်”ဆိုပြီး သူကအရင် အိမ်ထဲဝင်ချလိုက်ပါတယ်။ ဘာသံမှမကြားရပဲ တိတ်ဆိတ်နေ ပုံကြီးက စိတ်ချောက်ခြားစရာကြီးပါပဲ။ ရှေ့ဘက်အခန်းရှင်းအပြီး သေနတ်ကိုယ်စီနဲ့ နောက်ဖက်အခန်းကို ဝင်လိုက်တယ်ဆိုရင်ပဲ ရေဖြည့်ထားတဲ့ရာဝင်အိုးကြီးတွေနောက်က ရုတ်ကနဲအရိပ်ကနဲတခုအလှုပ်၊ ကျနော်ကြမ်းပြင်ပေါ်မှောက်အချ၊ တပ်စိတ်မှူးသေနတ်ပြောင်းက ကျည်ဆန်တွေဝေါကနဲ ထွက်အလာ။ အားလုံး ဝရုံးသုန်းကား ဖြစ်သွားပါတော့တယ်။
မျိုးမြင့်

0 comments:
Post a Comment