Friday, April 8, 2011

ယူဖရေးတီးစ်နဲ့တိုက်ဂရစ်ကြားက ညပ်နေတဲ့ဖိနပ်တစ်ရံ(၁၂၊ ၁၉၊ ၂ဝဝ၈ မျိုးမြင့်ချို)

0 comments

ကိုရင်မောင်ရေ
ခင်ဗျားလည်း ကျုပ်ရဲ့ “သော့အိမ်”အကြောင်း ပြောမဆုံးပေါင်တောသုံးတောင်တွေနဲ့ နည်းနည်းတော့ငြီးလောက်ရော့မယ်။ ဒီတော့ ဒီတပတ် ခင်ဗျားလည်း အငြီးပြေလေးဖြစ်အောင်လို့ ကာလပေါ်လေးတွေပြောင်းပြောချင်တယ်ဗျာ။ မနေ့က
ကျုပ်လည်းပျင်းပျင်းရှိတာနဲ့ဆေးလိပ်လေးကောက်ဖွာရင်းတောင်တွေးမြောက်တွေး လုပ်နေချိန်ပေါ့၊ မိတ်ဆွေတယောက်က “ရုပ်မြင် သံကြားသတင်း ဖွင့်ကြည့်-ဖွင့်ကြည့်၊ သမ္မတကြီးအကြောင်းလာနေတယ်”လို့ ရေးကြီးသုတ်ပြာပြောပြီး ဖုန်းချလိုက်တယ်။ ကျုပ်လည်း ဒီလူ့နှယ် အဆုံးမရှိအစမရှိဘာပါလိမ့်ပေါ့။ ဒါနဲ့ တီဗွီလေး ထဖွင့်လိုက်တယ်ဗျာ။ သတင်းကဆုံးတော့မယ်။ သတင်းကြေ ညာသူကလည်း နောက်က “ကျား” လိုက်နေတဲ့အတိုင်းပဲ။ ပြောနေလိုက်တာ။ ကျုပ်လည်း သေသေချာချာမကြားလိုက်မိဘူး။ နားစွန်နားဖျားကြားလိုက်ရတာ “ရှူးဖိနပ်” ဆိုတာရယ် “သမ္မတဘုရှ်” ဆိုတာရယ်လောက်ပဲ။ ဟ.. ဘာများတုန်း။ သတင်းက သမ္မတကြီး ရှူးဖိနပ်များဘယ်ညာမှားစီးမိလို့လား။ ဖိနပ်ကို သာမန်လူတယောက်က ဘယ်/ညာမှားစီးမိရင် သတင်းမဖြစ်ပေမယ့် သမ္မကြီးတယောက် မှားစီးမိရင်တော့သတင်းဖြစ်နိုင်တာပေါ့။ သမ္မကြီးတယောက်လုံးလုပ်နေပြီး ဖိနပ် ဘယ်/ညာတော့ မှား မစီးလောက်ပါဘူး။ ဒါဆို သူများဖိနပ်များမှားစီးမိလို့လားပေါ့။ ဒါလည်းမဖြစ်လောက်ပါဘူး။ တို့ဆီမတော့ အလှူမင်္ဂလာဆောင်တွေ များဖြစ်ပလားဆို လူတွေတယ်လည်းဖိနပ်မှားတတ်ကြသကိုး။ ဒီမှာ ဖိနပ်မှားရအောင်လည်း သူတို့အလှူမင်္ဂလာဆောင်တွေမှာ ဖိနပ်ချွတ်စရာမလိုတဲ့ အပြင်အဆင်တွေနဲ့ပါ။ ဒါဆို ဘာဖြစ်တာလဲ။ သိချင်စိတ်က ရွပိုးထိုးလာတယ်။ ဒါနဲ့ ဘယ်ရမလဲ အွန်လိုင်း တက်ကြည့်တာပေါ့။ သတင်း နောက်တကြိမ်ပြန်စောင့်ရမှာကကြာနေဦးမယ်။
တွေ့ပြီဗျို့တွေ့ပြီ..။ အမေရိကန်သမ္မတကြီး ဂျော့ရှ်ဒဗလျူဘုရှ်တယောက် အီရတ်မှာ သတင်းစာရှင်းလင်းပွဲလုပ်နေတုန်း အီရတ် လူမျိုး အယ်လ်ဇိုင်းဒီဆိုတဲ့ သတင်းထောက်တယောက်က စီးထားတဲ့ဖိနပ်ကိုချွတ်ပြီး ထပေါက်ထဲ့လိုက်တာတဲ့ဗျား။ ကျုပ်လည်း တီဗွီရှိုးမှာတင်ထားတာတွေ အကုန်လိုလိုလိုက်ကြည့်လိုက်တယ်။ တခုတည်းဆို မသေချာမှာစိုးတာရယ်။ မပြည့်စုံမှာစိုးတာရယ်နဲ့။ ဟုတ်တယ်ဗျို့သေချာတယ်။
စစခြင်း အမေရိကန်သမ္မကြီးနဲ့ အီရတ်ဝန်ကြီးချုပ် နော်ရီအယ်လ်မလီကီးတို့ အပြန်အလှန်လက်ဆွဲနှုတ်ဆက်ကြတယ်ဗျ။ ပြီးတော့ သမ္မတကြီးက တက်လာတဲ့သတင်းစာဆရာတွေကိုပြောဖို့ စလိုက်တယ်ဆိုရင်ပဲ နောက်နားမကျတကျက လူတယောက်က ရုတ် တရက်ထတဲ့ပြီး စီးထားနဲ့ဖိနပ်နဲ့ချွတ်ပေါက်တော့တာဗျို့။ ဘယ်ရမလဲ သမ္မတကြီးကလည်း အသာလေးငုံ့ရှောင်လိုက်တာပေါ့။ အံမယ် တဖက်နဲ့ပေါက်ပြီး အားမရလို့ထင်တယ်။ ပုဂ္ဂိုလ်က နောက်တဖက်ပါချွတ်ပြီး ထပ်ပေါက်တာဗျို့။ သမ္မကြီးကလည်း ထပ်ရှောင်ပေးလိုက်တာပေါ့။ အာဂလူဗျာ။ မပေါက်ခင်ပါးစပ်ကလည်း တခုခုရေရွတ်လိုက်သေးတယ်။ ဘာလဲတော့ မသဲကွဲ ဘူး။ ဘေးကလူတွေကဆွဲတော့ဆွဲကြတယ်။ ဒါပေမယ့် မမှီလိုက်ဘူး။ မြန်ချက်တော့။ လက်လည်းအတော်တည့်တဲ့ကောင်ဗျာ။ ရှောင်လို့၊ မရှောင်ရင် မျက်နှာတဲ့တဲ့ကြီး။ ချက်ခြင်းတော့ချက်ချင်းပါပဲ၊ သမ္မတကြီးရဲ့ အနီးကပ်အရပ်ဝတ်သက်တော်စောင့်တွေ ဒီလူ့ကိုအတင်းဝင်ဖမ်းချုပ်ပြီး အခန်းပြင်ဆွဲထုတ်သွားတယ်။ ဒီလူလည်း "This is a goodbye kiss from the Iraqi people, dog. This is from the widows, the orphans and those who were killed in Iraq," he shouted before being overpowered by security guards and bundled out of the room. လို့အော်ပြီး ကန့်လန့်ကန့်လန့်နဲ့ ဒယဥ့်တိုက်ပါသွားတော့ပါဘဲ။ ဒါပေမယ့် ဖိပ်နဲ့အပေါက်မခံရအောင်တော့ ကြိုတင်မကာကွယ်လိုက်နိုင်ကြရှာဘူး။ ဖြစ်ဖြစ်ချင်းတော့ အခန်းထဲရှိတဲ့လူတွေလည်း ရုတ်ရုတ် သဲသဲတော့ နည်းနည်းဖြစ်သွားတာပေါ့။ အံ့အားလည်းသင့် လန့်လည်းလန့် သွားကြတယ်ထင်ပါရဲ့ဗျာ။ ဖြစ်လည်းဖြစ်လောက် စရာပဲ။ စဉ်းစားကြည့်လေ။ ဖိနပ်နဲ့မို့သာပဲ။ သေနတ်နဲ့သာဆိုပြဿနာ။ ခဏနေတော့ သမ္မတကြီးကလည်း သတင်းစာရှင်းလင်းပွဲ ကိုပြန်စပြီး ပြီးတဲ့အထိလုပ်သွားတယ်။ ပြန်စစချင်းတော့သမ္မတကြီးလည်း မျက်နှာတော့ပျက်ချင်ချင်ရယ်။ မနည်းပြန်အဖတ်ဆယ် ရတာပေါ့။ ရာဇအိနြေ္ဒကို ထိပါးခံရတားကိုး။ ခင်ဗျားလည်း စဉ်းစားကြည့်လေ။ သမ္မတ ဖိနပ်နဲ့အပေါက်ခံရတယ်လို့။ ကျုပ်တော့ ကြား ကြားဖူးပေါင်ဗျာ။ သမ္မတမှ ရိုးရိုးသမ္မတမဟုတ်ဖူး။ အမေရိကန်သမ္မတ။ အမေရိကန်သမ္မတဆိုတာ ကမ္ဘာပေါ်မှာ စကြာ ဝတေးမင်းလောက်နီးနီး တန်ခိုးထက်တယ်လို့ဆိုသကိုးဗျ။ အမေရိကန်သမ္မတရွေးကောက်ပွဲများ လုပ်ပလားဟေ့ဆို၊ ကမ္ဘာ့နိုင်ငံ အသီးသီးက အာရုံစိုက်ပြီးတော့ကို နားထောင်ကြတာမို့လား။ ဘယ်သူများနိုင်မလဲ။ ဘယ်သူနိုင်ရင် ကမ္ဘာကြီးဘာတွေဖြစ်ဦးမှာ လဲ။ ကောင်းမလား။ ဆိုးမလားဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ကျုပ်လည်း အမေရိကန်ပြည်ထောင်စုမှာ ဖိနပ်ပေါက်ခံရတဲ့သမ္မတ သူ့အပြင်ဘယ်သူများရှိသေးလဲလို့ လက်လှမ်းမီသလောက်မေးမြန်းကြည့်တော့လည်း ဘယ်သူမှ မရှိခဲ့ဖူးဘူးလို့ပြောကြတယ်။ အံ့ရောဘဲ။
လူတယောက်ကို စီးထားတဲ့ဖိနပ်နဲ့ပေါက်တယ်ဆိုတာ အီရတ်အမျိုးသားတွေမှာတော်တော့ကို မဖွယ်ရာတဲ့အပြုအမူလို့ဆိုတယ်။ လူတယောက်ကို အရှက်ခွဲချင်ရင်၊ မနှစ်မြို့တာကို အဆုံးစွန်ဆုံးထိပြချင်ရင် အဲသလိုလုပ်လေ့ရှိတယ်လို့ ပြောကြတယ်ဗျ။ ကျုပ်က ဒါကို ကြည့်ပြီး၊ ဒီလူဘာတွေများ ဒီလောက်တောင် ဖြစ်သွားရတာလဲ။ ဘာကို မကြေမချမ်းဖြစ်သွားတာလဲ။ သမ္မတကြီးကရော ဘာတွေများ သူမကြိုက်တာတွေ သွားပြောမိလိုက်လဲ။ ဒီလောက်တောင် ချက်ချင်းကြီး ဘယ်လိုမှတားမရဆီးမနိုင် ဒေါသတွေ ထွက်ရတာလဲ။ နောက်ဆက်တွဲသတင်းတွေ ဆက်နားထောင်ကြည့်တယ်ဗျာ။ နည်းနည်းလည်း စိတ်ဝင်စားတာကိုး။ သတင်းဌာ နတွေအဆိုအရတော့ အမေရိကန်နဲ့အီရတ်အစိုးရကြားမှာ သဘောတူညီချက်စာချုပ်တစ်ခုကို အပြန်အလှန်လက်မှတ်ထိုးတယ် ဆိုတယ်ဗျာ။ စာချုပ်ထဲ ဘာတွေပါတယ်၊ ဘာတွေ သဘောတူလိုက်ကြတယ်ဆိုတာတော့ ကျုပ်လည်းမသိသေးဘူးဗျ။ ကျုပ်တွေ့ တာမှာလည်း သမ္မတကြီးက ဘာမှတောင် သိပ်ပြီးစမပြောရသေးဘူး ဖြစ်သွားတာဗျ။
အမေရိကန်ပြည်ထောင်စုမှာ ၉/၁၁ အရေးအခင်းကြီး ဖြစ်ပြီးကတည်းက ဘယ်တုန်းကနဲ့မှမတူအောင် ပြည်တွင်းလုံခြုံရေးအစီ အစဉ်တွေတင်းကျပ်လာတယ်ဗျာ။ အရင်ကထက် ပိုပြီးလုံခြုံဖို့လိုလာတယ်၊ အခုအရင်ကလောက် လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ သဘောပေါ့ဗျာ။ အမိမြေလုံခြုံရေးဝန်ကြီးဌာနဆိုပြီး ဖွဲ့ယူရတဲ့အထိဖြစ်လာတယ်။ ပြည်သူတချို့နဲ့ အခွင့်အရေးဆိုင်ရာအုပ်စုတွေက ဒါကိုမကြိုက်ကြဘူး။ ဒါပေမယ့်လုပ်ရတာပါပဲ။ အခု သမ္မတကြီးခရီးစဉ်ဆိုလည်းကြည့်လေ။ တရားဝင်ဘယ်နိုင်ကို၊ ဘယ်အချိန်မှာ သွားမှာပါလို့ ကြိုတင်ကြေညာတာမလုပ်ဘဲနဲ့ထွက်သွားခဲ့တာ။ ဒါပေမယ့် လုံလောက်တဲ့လုံခြုံရေးအစီအမံတွေ ရှိထားပြီးသားနေ မှာပါ။ နောက်တခုကလည်း သမ္မတကြီးရဲ့ သတင်းစာရှင်းလင်းပွဲဆိုတာ နှယ်နှယ်ရရမှမဟုတ်တာကလား။ သတင်းသမားတွေကို ကြိုတင်ပြီးလိုအပ်တဲ့ စစ်ဆေးရှာဖွေမှုတွေလုပ်ပြီးမှတက်ရတာလေ။ သွားတာက အီရတ်နော် တခြားနိုင်ငံမဟုတ်ဘူး။ ပိုတောင်လို ဦးမယ်။ နောက်ပြီး လုပ်တဲ့နေရာကလည်း ဟင်းလင်းပြင်ကွက်လပ်ထဲမှာမဟုတ်ဘူး။ အဆောက်အဦးထဲမှာ ကျကျနနလုံခြုံရေး အစီအစဉ်တွေမပါပဲ လုပ်ခဲ့တာတော့မဖြစ်နိုင်ဘူး။ လုံခြုံရေးတာဝန်ရှိသူတွေကလွဲလို့ဘယ်သူ့မှ လက်နက်ကိုင်ဆောင်ဝင်ရောက် ခွင့် ပေးမှာလည်းမဟုတ်ပါဘူး။
ဒီတော့ ကျုပ်တွေးမိတယ်။ ဒီ့လူ ဒီလုပ်ရပ်ဟာ လုပ်ကြံသတ်ဖြတ်ဖို့တော့ ဘယ်နည်းမှမဟုတ်ဘူး၊ ထင်ရှားတယ်။ ဒါဆို အရှက် တကွဲအကျိုးနည်းဖြစ်အောင်လုပ်တာ သက်သက်တင်ပဲလား။ ဒါမှမဟုတ် နာမည်မကြီးကြီးအောင် စတန့်ထွင်တာလား။ စတန့် ဆိုရင်လည်း သူ့စတန့်က မြွေပွေးကိုသွားကလိထိုးသလိုပဲ။ အန္တရာယ်သိပ်ကြီးတယ်။ သူလည်း မသိပဲတော့နေမှာမဟုတ်။ သိမှာပဲ။ သမ္မတကြီးစကားထဲမှာ ဒီလို ထလုပ်ဖြစ်လောက်အောင် ဘာများမခံချင်စရာပါသွားလည်း။ ကျုပ်လည်း ဉာဏ်မီ သလောက်တော့ တွေးကြည့်နေတုန်းဗျာ။ အချက်အလက်ကလည်းမရသေး၊ မရှိသေးဘူးဆိုတော့ ပြောဖို့တော်တော်ခက်နေတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်မှာ လုပ်သူဖက်ကကြည့်ရင်လည်းမတော်ပါဘူးဗျာ။ လူကြီးလူကောင်းမဆန်တဲ့ အပြုအမူတခုလို့ ကျုပ်ခံစားမိတယ်။ မလုပ်ကောင်းဘူးလို့ထင်တာပါဘဲ။ ခံရသူဖက်က ပြန်တွေးကြည့်ပြန်တော့လည်း အောင့်တောင့်ကြီး။ မသကာ သေနတ်နဲ့ပစ်ခံရတယ်ဆို လူကြားလို့ကောင်းသေးတယ်။ သေရင်လည်းသေပေါ့ဗျာ။ မသေမပျောက်ခဲ့ရင်လည်း ဒီလူ့ကို လုပ်ကြံမှုနဲ့ တရားစွဲထောင်ချ။ လိုအပ်ရင်သေဒဏ်ပေးလိုက်ရုံရှိတာပဲ။ အခုတော့ဗျာ အရပ်ရပ် အပြည်တော် ကျော်မကောင်းကြား မကောင်း။
ဒီလူ့ သတင်းဌာနကတော့ ဒီလိုပြောတယ်ဗျ “ဂျော့ခ်ျဘုရှ်က အီရတ်ကိုဝင်တိုက်တုန်းက၊ အီရတ်မှာ ဒီမိုကရေစီနဲ့လူ့အခွင့် အရေးတွေ အပြည့်အဝရရှိအောင် လုပ်ပေးမယ်လို့ပြောခဲ့ပါတယ်။ အခုလည်း သူတို့သတင်းထောက်ဟာ သူမကြေနပ်ချက်ကို ဒီလိုနည်းနည်းနဲ့ဆန့်ကျင်ပြသတာဟာ သူ့ရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရပိုင်ခွင့်ကို ဖေါ်ထုတ်ပြသလိုက်တယ်ဖြစ်တယ်။ သူ့ကို ဖမ်းဆီးလို့မရဘူး။ ချက်ချင်းပြန်လွှတ်ပေးရမယ်” လို့ပြောတယ်ဗျ။
ကျုပ်တော့ ဒီမိုကရေစီနဲ့လူ့အခွင့်ရေးရပိုင်ခွင့်တွေအရ ဒီလိုပြုမူလုပ်ဆောင်တာဟာ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ဖြစ်တယ်ဆိုဦးတော့ ဒီလူ့လိုတော့ မလုပ်ချင်ပါဘူး။ တခြားနည်းတွေကို ရွေးမိမလားမပြောတတ်ပါဘူး။ သမ္မတကြီးနေရာက ကြည့်ပြန်တော့ လည်း သေနတ်နဲ့အပစ်ခံလိုက်ရတာကမှတော်ဦးမယ၊် အခုတော့ ဖိနပ်နဲ့အပေါက်ခံလိုက်ရတာဆိုတော့…။ ကျုပ်သူငယ်ချင်း သစ်ကောင်းအိမ်ကတော့ပြောတယ် “ဖနောင့်နဲ့ပေါက်သူကို ဖိနပ်နဲ့ပေါက်တာကတော့ တရားပါတယ်နော်”တဲ့။ အင်း…သူပြောတာလည်း ဟုတ်သားပဲ။ (မှတ်ချက်။ ဂျော့ခ်ျဒဗလျူဘုရှ်ဖိနပ်စာမိချိန်မှာ ဒီဇင်ဘာ ၁၄ ရက် ၂ဝဝ၈ ဖြစ်ပြီး၊ ဦးဉာဏ်ဝင်း ဖိနပ်စာထိချိန်မှာ စက်တင်ဘာ ၂၈ ရက် ၂ဝဝ၉ ဖြစ်ပါသည်)
မျိုးမြင့်ချို

0 comments:

Post a Comment