Friday, April 29, 2011

ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲကတိတွေလိုက်နာဖို့ စစ်အစိုးရဖက်ကပျက်ကွက်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ

0 comments
ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲကတိတွေလိုက်နာဖို့စစ်အစိုးရဖက်က ပျက်ကွက်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ
ဧပြီ ၂၉၊ ၂၀၁၁ - အာရ်အက်ဖ်အေရေဒီယို ကောက်နုတ်ချက်
၂၀၀၃ မေလ(၃၀)ရက်နေ့မှာ ဖြစ်ပွါးခဲ့တဲ့ ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး၊ အဲဒီအရေး အခင်းနောက်ပိုင်း၊ ၂၀၀၄ ခုနှစ်မေလ အမျိုးသားညီလာခံပြန်မစမီကာလအတွင်း စစ်အစိုးရအာဏာပိုင်တွေ နဲ့ ညှိနှိုင်းဆွေးနွေးရရှိခဲ့တဲ့ သဘောတူညီချက်တွေကိုမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က RFA ကို ပထမဦးဆုံးအကြိမ် ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

  ဒီပဲယင်းအဖြစ်အပျက်အပြီး စစ်အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NLDခေါင်းဆောင်တွေအကြား  လျှို့ဝှက် ဆွေးနွေးပွဲတွေအကြိမ်တော်တော်များများရှိခဲ့ပါတယ်။ ထိခိုက်နစ်နာသူတွေကို ထိုက်သင့်တဲ့နစ် နာကြေးပေးရေးအပါအ၀င် အချက်(၄)ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
  “ ဒီပဲယင်းကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့တွေ့ဆုံစကားပြော သဘောတူညီမှုယူခဲ့တဲ့ အချက်တွေက  -
          ၁။  ဒီပဲယင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန်။
၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်။
၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့  နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန်။
၎။  ဒီပဲယင်းနဲ့ပတ်သက်လို့ အဖမ်းဆီးခံနေရသူတွေအားလုံးကို ပြန်လွှတ်ပေးရန်  …
ဆိုတာတွေဖြစ်ပါတယ်။” 
    ဒီပဲယင်းအရေးခင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်  ကိုယ်တိုင်ပြောကြားချက်တွေကို မကြား ရသေးတဲ့အတွက် ပြောဆိုဝေဖန်မှုတချို့ပေါ်ပေါက်နေစဉ်အတွင်း RFA က အပတ်စဉ်ထုတ်လွှင့်နေ့တဲ့ လူထု နဲ့ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်အတွက် သောတရှင်တဦးက မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားလိုက်တာ ဖြစ်ပါတယ်။
  ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရနဲ့ အဲဒီလိုသဘောတူညီချက်တွေရရှိပြီးကာမှ အာဏာပိုင်တွေဖက်က ကတိ ဖျက်ခဲ့လို့ အမျိုးသားညီလာခံတက်ရောက်ရေးအပါအ၀င် သဘောတူညီမှုအားလုံး ပျက်ပြားခဲ့ရတယ်လို့ လဲ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 “NLD ဘက်ကတော့ မိမိတို့ရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံလွှတ်ဖို့ သဘောတူလိုက်ပါတယ်။  ဒီအချက်အားလုံးကို နှစ်ဦးနှစ်ဖက်လက်ခံပြီးမှ အမျိုးသားညီလာခံစဖို့ ရက်အနည်း ငယ်လေးအလိုမှာ အန်တီ့ကို မလွှတ်ပေးဘူးပြောတာကစပြီး သဘောတူညီချက်တွေရောဆွေးနွေး တာတွေရော ပျက်သွားပါတယ် …”
၂၀၀၃ ခုနှစ် မေလက အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးမှာ အာဏာပိုင်တွေရဲ့သြဇာခံလို့ လူအများကယုံကြည်ယူဆကြတဲ့ ဒုတ် ဓါး လက်နက်ကိုင် လူရမ်းကားအမြောက်အများကဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား NLD အဖွဲ့ဝင်တွေကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ ရာမှာ လူဒါဇင်ပေါင်းများစွာသေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကတော့ ယဉ်မောင်းသူရဲ့ကျွမ်းကျင်မှုကြောင့် အဲဒီတိုက်ခိုက်မှုက မိမိလွတ်မြောက်ခဲ့ကြောင်း  RFA ကိုပြောပါတယ်။
 “အတိုချုံးပြောရမယ်ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့သူတွေက လမ်းကိုအတားအဆီးတွေနဲ့ ပိတ်ဆို့ဖို့ကြိုးစားနေတဲ့အထဲကနေပြီးတော့ဖေါက် ထွက်နိုင်ခဲ့တာဖြစ်ပါတယ်။”
  အခက်အခဲတွေမည်မျှရှိပေမယ့်လည်းနောက်မျိုးဆက်သစ်တွေရဲ့အကျိုးအတွက် မြန်မာနိုင်ငံမှာ အမျိုး သားပြန်လည်ရင်ကြားစေ့ရေးအောင်မြင်တဲ့အထိ မဆုတ်မရွံ့ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး အပြည့်အစုံကို RFA က ဒီအပတ်ထုတ်လွှင့်မယ့် “လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ  နားဆင်ရမှာဖြစ်ပါတယ်။
(ရေဒီယိုအသံလွှင့်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဓာတ်ပုံက ၂၀၀၃ ခုနှစ်အတွင်းက သန်းရွှေနဲ့ဒေါ်စုတို့ တွေ့ဆုံခဲ့စဉ်က မှတ်တမ်းတခုဖြစ်ပါတယ်။ မိုးမခက အဆိုပါ အင်န်အယ်ဒီနဲ့ စစ်အစိုးရတွေ့ဆုံမှုများ၊ ပျက်ပြယ်မှုများကို သတင်းအယ်ဒီတာတဦးနဲ့ မိုးမခအင်တာဗျူးမှာ တင်ဆက်ခဲ့ဖူးပါတယ်။ သည်နေရာတွေမှာ ကြည့်ပါ။ =
http://moemaka.com/index.php?option=com_content&task=view&id=7701&Itemid=87 ယခုတော့ ဒေါ်စုကိုယ်တိုင်က အတည်ပြုပြောဆိုလိုက်ပါပြီ။ )

0 comments:

Post a Comment