Wednesday, July 17, 2013

ဗမာကွန်မြူနတီက ဝက်ရူးပြန်လိုက်ရတဲ့စကားပြန် (မျိုးမြင့်ချို)

0 comments
ဗမာကွန်မြူနတီက ဝက်ရူးပြန်လိုက်ရတဲ့ စကားပြန် (မျိုးမြင့်ချို)
ကိုဗသက်အောင်နှင့် ကိုထွန်းကြည်တို့ ဖို့တ်ဝိန်းမှာရှိနေတုန်း ဟိုနားဒီနားလိုက်ပို့ရင်း အလန်ကောင်တီဂျေး Allen County Jail ရှေက ဖြတ်တော့ ကျနော်က “ဒါကျနော်တို့မြို့က ထောင်ပေါ့”ဆိုကာ အဆောက်အဦးကိုပြ၏။ တယောက်စီဖြစ်သော်လည်း ၂ ယောက်စလုံးထံမှထွက်လာသည့်ကောက်ချက်က တထပ်တည်းဖြစ်နေ၏ “ထောင်ကလည်းထောင်နဲ့မတူဘူးနော်”တဲ့။ ဟုတ်၏။ ဒီက ထောင် Jail တွေက ဗမာပြည်က Prison တွေလိုမဟုတ်။ အဆောက်အဦးဒီဇိုင်းတွေက ရာသီဥတုနှင့် လုံခြုံရေးအနေအထားရှူထောင့်မှကြည့်ကာ ဆောက်လုပ်ဟန်တူ၏။ သူတို့မပြောနှင့် ဖို့တ်ဝိန်းကို ကိုယ့်မြို့ကိုယ့်ရွာဖြစ်နေသူဗမာပြည်သားတွေထဲမှာပင် ဤအဆောက်အဦးအား ထောင်မှန်းမသိသူတွေရှိကြောင်းပြောတော့ သူတို့အံ့သြ၏။ ကျနော်က ထောင် Prison ၊ ထောင်ကြီးချုပ် Jail နှင့် ရဲစခန်းအချုပ် Police Custody တို့ခြားနားပုံကိုပြောပြတော့ နိုင်/ကျဉ်းဟောင်းတွေမို့ သဘောအပေါက်လွယ်၏။ “ဒီကထောင်တွေ ဘယ့်နှယ်လဲ” ဟု မမေးခင်မှာပဲ ဒီက လူကြီးထောင်၊ ကလေးထောင်၊ ကလေးခြေချုပ်ဌာန၊ ရာဇဝတ်မှုကျူးလွန်ခံရသူများစောင့်ရှောက်ရေးအေဂျင်စီနှင့်တရားရုံးတွေမှာ အင်္ဂလိပ်စကားမပြောနိုင် သည့် ဗမာပြည်သားတွေအတွက် ကျနော် စကားပြန်နှင့်ဘာသာပြန်လုပ်နေကြောင်း အရင်ကြိုရှင်းပြထား၏။ မေးရဖြေရပိုအဆင်ပြေ ပိုလွယ်မည်ယူဆ၍ဖြစ်၏။ သို့သော် များများစားမမေးကြ။ ကိုဗသက်အောင်ဆို ဘာမှတောင် မမေး။ မမေးတာကမှ ခတ်ကာင်းကောင်း။ မေးကာမှ ခွကျရမှာတွေရှိ၏။ ကျနော်က ထောင်ထဲသို့ မကြာမကြာရောက်နေ/သွားနေရတာမှန်သော်လည်း လေ့လာရေးမဟုတ်သလို သုတေသနကိစ္စလည်းမဟုတ်။ မေးလို့မြန်းလို့ ရချင်ရနိုင်မှာဖြစ်သော်လည်း အချိန်ယူ/အချိန်ပေးကာ တကူးတကန့်ပြန်ဖြေနေဖို့ ဘယ်သူ့မှာမှ အချိန်မရှိ။ နောက်တခုက ထောင်ဆိုသည်မှာ မည်သည်တိုင်းပြည်တွင်ဖြစ်ဖြစ် လုံခြုံရေးအဆင့် အမြင့်ဆုံးထားရသည့်ဌာနမဟုတ်လား။ ဒီက လုံခြုံရေးစနစ်ကပိုတောင် လက်ပေါက်စိတ်သေး၏။ လူ၊ ခွေး၊ စောင့်ကြည့်ကင်မရာ၊ ကွန်ပြူတာဖန်သားပြင်၊ အီလက်ထရောနစ်ကိရိယာတွေနှင့် ဒိတ်ဒိတ်ကြဲ။ ဆိုတော့ စပ်စုရင် ဘာလဲဟုအထင်ခံရနိုင်၏။ သာယာဝတီထောင်နေတုန်းက ထောင်လေးဘက်လေးတန်တွင် ဗူးဟုဆိုသည့်ကင်းမျှော်စင်များရှိကြောင်း မြေကြီးပေါ်တုတ်ချောင်းနှင့်ခြစ်ပြသည့်အကျဉ်းသားအား ထောင်မြေပုံဆွဲသည်ဆိုကာ
သေမတတ် ရိုက်ခဲ့တာ ကိုယ့်မျက်စေ့ရှေ့တွင် မြင်ဖူး၏။ ဆိုတော့ ဒီမှာလည်း မတော် သွားစပ်စုမိလို့ သေမတတ်မရိုက်တောင် နေမတတ်အောင် မေးခွန်းတွေမေးမလာဟု မည်သူဆိုနိုင်မည်နည်း။ ဒီတော့ မစပ်စုတော့။ နောက်တခုက ဘယ်နိုင်ငံ၊ ဘာလူမျိုး၊ ဘာ ဘာသာစကားပဲပြောပြော နိုင်ငံ/လူမျိုး/ဘာသာစကားတွေသာ ကွာမည် ထောင်၊ နယ်စပ်လူဝင်မှု ကြီးကြပ်ရေး၊ ရဲ စသည်တို့၏ မျက်နှာထားနှင့် မျက်လုံးအကြည့်တို့က သိတ်မကွာလှ။ လေယူလေသိမ်း Tone သိတ်မကွာလှ။ လူတွေမကွာပေမယ့် ထောင်တွေ စနစ်တွေ လူ့အပေါ်တန်ဖိုးထားမှုတွေတော့ ကွာ၏။ ကျနော် သိသမျှထောင်အကြောင်းက ဗာဂျီးနီးယားပြည်နယ် ဖယ်ယားဖက်စ်ကောင်တီတွင် Sheriff လုပ်နေသည့်အကိုဝမ်းကွဲ ပြောပြသမျှ၊ ဒီကထောင်တွင်ကျဖူးသည့် ဗမာ့နိုင်/ကျဉ်းဟောင်းတယောက်နှင့် အခြားသူများပြောပြသမျှ၊ ကျနော့်ဘာသာလေ့လာထားသမျှ၊ ထောင်ထဲသွားရင်းလာရင်း ကိုယ်တိုင်တွေ့သိမြင်ရသည့် တိုက်ရိုက်အတွေ့အကြုံတချို့မျှ။ ဒါတွေအကုန်ပေါင်းတောင် ထောင်စနစ်ကြီးအကြောင်းမ ပြောနှင့် ထောင်တထောင်အကြောင်းပင်မပြည့်။ ဒီတော့ မမေးတာနှင့်မပြောရတာပင် ခတ်ကောင်းကောင်း။

ကိုဗသက်အောင်က ကျနော့်ပြောသရွေ့နားထောင်ပြီး“ခင်ဗျားက ဒီရောက်နေတာတောင် ထောင်နဲ့ ရေစက်ကမကုန်သေးဘူးနော်ဟု” မှတ်ချက်ပေးပြီး ပြီးသွား၏။ ကိုထွန်းကြည်က ကလေးထောင်အကြောင်းနှင့် ဘယ်လိုကလေးမျိုးတွေ ဘာအမှုတွေဖြစ်ကြတာလဲဆိုသည်ကို မေး၏။ ပြီးတော့ “အလုပ်သဘောလည်းဖြစ် ကိုယ့်တပြည်ထဲကလာသူချင်းတွေ ကူညီရာလည်းရောက်တော့ကောင်းတာပေါ့ဗျာ”ဟုဆို၏။ သူတို့ ထို့ထက်ပို စိတ်မဝင်စားအားမှန်း သိနှင့်ထားပြီးမို့ စိတ်ထဲဘယ်လိုမှမနေ။ သူတို့မလည်း စိတ်မအားလူမအား ဖြစ်နေချိန်မဟုတ်လား။ ထားတော့။ သူတို့ကိုပြောခဲ့သည့် ထောင်စကားပြန်ဘဝထဲက ရီစရာနှင့်မောစရာအချို့ကို ဤနေရာတွင် ဖေါက်သည်ပြန်ချမည်တွေး၏။ ဒီက ပရိုက်ဗေစီ Privacy သဘောရှိသည်မို့ ဘယ်သူဘယ်ဝါ ဘာအမှုစတာတွေတော့ ပြောလို့မဖြစ်။ ပြောလို့မရ။

ထောင်စကားပြန်နှင့်ဆေးရုံစကားပြန်အလုပ်သည် အခြားစကားပြန်နှင့်မတူ။ ဆေးရုံကအရေးပေါ်လျှင် ပေါ်သလိုခေါ်ပြီး ထောင်က အမှုပေါ်လျှင် ပေါ်သလိုခေါ်၏။ ဆေးရုံကမှ တခါတခါ ပြင်ဆင်ချိန်ရသေး၏။ ထောင်က တခါတလေပြင်ဆင်ချိန်မရ။ အချိန်မရှိ အချိန်ရှိကြီးဖြစ်နေလည်းပြေးရ၏။ သန်းကောင်သန်းနွှဲခေါ်လည်း ငြင်းမရ။ နောက်တချက်က ဘာသာစကားပြဿနာ အတော်ကြီး၏။ ဥပမာလူနာက ကရင်စကားသာ တတ်သူဆိုပါတော့ ထိုသူ့အတွက် ဆေးရုံက Three Ways Interpreting ပုံစံရှိသေး၏။ ကရင်မှမြန်မာ၊ မြန်မာမှအင်္ဂလိပ်၊ အင်္ဂလိပ်မှာမြန်မာ၊ မြန်မာမှကရင်သို့ စကားပြန် ၂ ဦးဖြင့် ၃ ဘာသာပြန်ရခြင်းမျိုး စီစဉ်ပေးသေး၏။ များသောအားဖြင့် ၃ ဘာသာတတ်သည့် စကားပြန်စီစဉ်ပေး၏။ ထောင်ကျတော့ ဤနည်းမရှိ။ ဤသို့မဟုတ်။ ကျနော်က ဗမာစကားနှင့်အင်္ဂလိပ်စကားသာ တတ်သူ။ ဗမာစကားမတတ်သည့်အမှုသည်နှင့်တိုးတို့ကတော့ အကြီးအကျယ် ခွကျတော့၏။

တနေ့ အချုပ်သစ်တယောက်ရောက်သဖြင့် ထောင်ဝင်မှတ်ပုံတင်ရန် လှမ်းခေါ်၏။ မှတ်ပုံတင်သည့်အခါ ထောင်ဆရာဝန်ကလည်း ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးမှတ်တမ်းလုပ်ရ၏။ အချုပ်သားမှတ်ပုံတင်ပုံစံတွင် ကျန်းမာရေးနှင့်ဆိုင်သည့် အင်ဖော်မေးရှင်းတွေဖြည့်ရ၏။ ထို့နေ့က ဖြစ်ချင်တော့အမှုသည်က ဗမာလိုထမင်းစားရေသောက်ကလွဲလို့ ကျင်ကျင်လည်လည်မတတ်။ ကိုယ်နဲ့ လူချင်းကလည်း မသိ။ လူကြည့်တော့လည်း အရက်နာကျနေသည့်ပုံဖြင့် ရီရီဝေဝေ တွေတွေငေးငေး။ ထောင်ဆိုတော့ နည်းနည်းလည်းလန့်နေပုံပေါ်၏။ ထောင်ဆရာဝန်ကလည်း ခါတိုင်းလူမဟုတ်။ အခန်းအပြင်ကစောင့်သည့် ထောင်မှူးကလည်း မျက်နှာစိမ်း။ မေးမြန်းခန်းမစခင်က ဆရာဝန်နှင့်ထောင်မှူးကို ဒီလူ ဗမာစကားကောင်းမတတ်ကြောင်းနှင့် အချိန်ယူစကားပြန်ရမည်ဖြစ်သဖြင့် စိတ်ရှည်ဖို့နှင့် ခါတိုင်းထက်ပို အချိန်ကြာနိုင်ကြောင်း ပြောပြထားရ၏။ ဤတွင် အပေါက်စောင့်ထောင်မှူးက စိတ်ဝင်စားဟန်ဖြင့် အခန်းထဲကွက်ကြည့်ကွက်ကြည့် ခနခနလုပ်တာ သတိထားမိ၏။ သူ့အလုပ်က အခန်းထဲကြည့်ဖို့မဟုတ်သလို၊ အမှုသည် ဆရာဝန်နှင့်စကားပြန်တို့ ပြောဆိုမေးမြန်းနေတာတွေ နားထောင်ခွင့် ကြားခွင့်ပင်မရှိ။ သို့သော် သူကား ကွက်ကြည့်ကွက်ကြည့်။ မျက်နှာတွင်လည်း “ဗမာပြည်သားလည်းပြောသေး ဗမာစကားမတတ်ဘူး ဆိုပါလား”ဆိုသည့်အမူအယာနှင့်။

လုပ်ငန်းစပြီ။ ဆရာဝန်ကမေး၏။ ကျနော်က အမှုသည်အချုပ်သားအား ဖြည်းဖြည်းချင်း တလုံးချင်း ဗမာလို သူနားလည်လွယ်မည့် ဝေါဟာရတွေသုံးကာပြန်ပေး၏။ မေးခွန်းတခုတိုင်းအတွက် အချိန်က ပုံမှန်ထက် ၂ ဆ ကျော်ခန့်ကုန်၏။ အချို့နေရာများတွင် လက်ဟန်ခြေဟန်အဓိကအားပြုကာ ရှင်းပြပြောပြရ၏။ Mental Health Problem ကို စိတ်ကျန်းမာရေး အခြေအနေဘယ့်နှယ်ရှိလဲဟုမေးတော့ သူ နားမလည်။ ဒါနဲ့“ခင်ဗျားမှာ အရူးရောဂါရှိလား၊ ခင်ဗျားအရူးလား”ဟု မမေးချင်ပဲ မေးရ၏။ မတတ်နိုင်။ စိတ်ဝေဒနာတို့ စိတ်ကျန်းမာရေးတို့ဆို သည်ကို သူမှနားမလည်ပဲကိုး။ ဒီမှာက စိတ်ဝေဒနာသည်ကို အရူးဟုခေါ်လျှင် ပြဿနာအတော်ကြီး၏။ ဗမာပြည်လိုမဟုတ်။ နောက်တချက်က ဆေးဝေါဟာရတွေကသီးသန့်ဖြစ်သလို တချို့ရောဂါအမည်တွေက ဗမာလိုမရှိ။ တချို့ကျတော့ ဗမာလိုရှိပေမယ့် ဗမာလိုပြန်ကာမှ နားအလည်ရ ပိုခက်ကုန်တာတွေလည်းရှိ၏။ အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ကို သူ့အတိုင်းမပြန်ပဲ ခုခံအားနည်းရောဂါ ရှိသလားဆိုမှ ပိုနားမလည်သလို သွေးအန်အဆုတ်ရောဂါရှိသလားဆိုတာထက် တီဘီရောဂါရှိသလားဆို အင်္ဂလိပ်လိုတစ်လုံးမှမတတ်သည့်ဗမာတွေ ပိုနားလည်၏။ ထားတော့ ဤကိစ္စများ။

သည်လိုနှင့် ထိုနေ့စကားပြန်ခြင်းမှာ ဤနေရာအထိ ပြဿနာမရှိသေး။ အဆင်ပြေနေသေး၏။ ဆရာဝန်ကလည်း မဆိုး။ စိတ်အတော်ရှည်၏။ Epilepsy ရောက်တော့ ပြဿနာပေါ်တော့၏။ ဆရာဝန်က Epilepsy ရှိလားမေးတော့ ကျနော်က ဝက်ရူးပြန်ရောဂါရှိလားဟု ဘာသာပြန်၏။ သူက ဝက်ရူးပြန်ရောဂါဆိုတာ ဘာလဲဟုမေး၏။ ဝက်ဆိုသည်ကိုတော့နားလည်ပြီး ရူးပြန်ကိုနားမလည်။ ဝက်နှင့်ရူးပြန်တွဲပြီး ဝက်ရူးပြန်ဆိုတော့ သူ နားပိုရှုပ်သွားဟန်တူ၏။ မျက်နှာတွင်လည်း ဝေခွဲမရဟန် နားမလည်ဟန်တွေအထင်းသား။ ဒါနဲ့ ကျနော်က “ခင်ဗျား ဝက်တော့သိတယ်မဟုတ်လား”ဆိုတော့ “သိတယ်”တဲ့။  “ဒါဆို အဲ့ဝက်တွေ ပါးစပ်ကအမြှုတ်တွေထွက်ပြီး ရုတ်ရက်ဗိုင်းကနဲလဲကျသွားတာတွေ့ဖူးလား”ဆိုတော့  “တွေ့ဖူးတယ်”တဲ့။ “အဲ့သလိုပဲ ပါးစပ်ကနေအမြှုတ်တွေ တံတွေးတွေသွားရည်တွေထွက်ပြီး ရုတ်တရက်မူးပြီး သတိလစ်ပြီးလဲကျသွားတာမျိုးကို ဝက်ရူးပြန်တယ်လို့ခေါ်တယ်။ ခင်ဗျား အဲ့ဒါမျိုးဖြစ်ဖူးလား”ဟု ရှည်ရှည်လျားလျားရှင်းပြ၏။ သူက သေချာနားထောင်၏။ စကားလည်းအဆုံး ကုလားထိုင်မှဝုန်းကနဲထကာ အသံကျယ်ကြီးဖြင့် ကျနော့်အားစိတ်ဆိုးမန်ဆိုးအော်၊ တစ်ကိုယ်လုံးလည်း ဒေါသဖြင့်ဆတ်ဆတ်တုန်တုန်ရင်၊ လက်သီးလည်းတရွယ်ရွယ်ဖြင့် ကျနော့်အား ထိုးတော့ကြိတ်တော့မတတ်တွေဖြစ်ကုန်၏။ ကျနော်လည်း သူနှင့် မျက်နှာချင်းဆိုင်ထိုင်နေရာမှ လန့်ပြီးအထ ဂျိုင်းထောက်တခြားလူတခြား ပစ်ကျသွား၏။ ကုလားထိုင်လဲသံ။ ဂျိုင်းထောက်လဲသံ။ သူ့ အော်ကြီးဟစ်ကျယ်အသံတွေကြောင့် တခန်းလုံး ဗြောင်းဆန်ပွက်လောရိုက်ကုန်၏။ ဆရာဝန်လည်း ခြေမကိုင်မိလက်မကိုင်မိ။ ဘာလုပ်ရမှန်းမသိ။ သူ့စားပွဲပေါ်က လူခေါ်ဘဲလ်ကို တွင်တွင်နှိပ်၏။ ကျနော်က ကြမ်းပြင်ပေါ်က ပြန်မထနိုင်သေး။  အပေါက်စောင့်ထောင်မှူးက အထဲကအသံတွေကြောင့် ချက်ခြင်းပြေးဝင်လာပြီး သူ့အားချုပ်ပြီး ကုလားထိုင်တွင်ပြန်ဖိထိုင်ခိုင်းရင်း လက်ထိတ်ခတ်ရန်လုပ်၏။ စက္ကန့်ပိုင်းအတွင်း အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှ၏။ ပထမတော့ ကျနော်လည်း ဘာတွေဖြစ်လို့ဖြစ်ကုန်မှန်းမသိ။ သူ့ပါးစပ်က ဘာတွေအော်နေမှန်း ကျနော်မသိ။ နောက်တော့မှ “ငါ ဝက်မဟုတ်ဘူးကွ၊ ဝက်မဟုတ်ဘူး၊ ငါက ဘာလို့ ဝက်လိုရူးရမှာလဲကွ”ဆိုကာ တလစပ်အော်နေမှန်း သိလာ၏။ သည်တော့မှ သူဘာပြောနေမှန်း နားလည်းနားလည် သဘောလည်းပေါက်သွား၏။ ကိုယ့်ဘာသာကိုယ်လည်း ရီချင်မိ၏။ ဤတွင် လူးလဲထကာ ထောင်မှူးအား လက်ထိတ်မခတ်ရန်၊ အကြမ်းပတမ်းမလုပ်ရန်တောင်းပန်ပြီး ကြက်သေ သေနေသည့်ဆရာဝန်အား “ငါရှင်းပြပါ့မယ်။ ငါရှင်းပြပါ့မယ်။ သူ့မှာ အပြစ်မရှိဘူး။ ငါ့ကြောင့် ငါ့ကြောင့်ပါ”ဆိုကာ ခတ်မြန်မြန် ပြောရ၏။ သူအားလည်း “ခနလေး အကို၊ ခနလေး။ ကျနော် စကားမှားသွားတာပါ။ ကျနော်ပြန်ရှင်းပြပါ့မယ်။ စိတ်မဆိုးပါနဲ့။ စိတ်ထိန်းပါ။ ထောင်ထဲမို့ပါ။ ပြဿနာထပ်ဖြစ်မှာ စိုးလို့ပါ”ဆို၍ ပခုံးပုတ်ကျောပုတ် လက်ပုတ် ပုတ်ကာ စိတ်အေးအေးထားရန် မနည်းချော့မော့ရ၏။ သည့်တော့မှ သူငြိမ်သွားပြီး ပြန်ထိုင်၏။ ထောင်မှူးကတော့ အပြင်ပြန်မထွက် သူ့ဘေးနားကပ်ထား၏။ ဆရာဝန်မက ဘာများပါလိမ့်ဟု ကျနော်တို့ကို အကဲခတ်နေ၏။ ကျနော်လည်း ဒူးဂေါင်းပွတ်ထပြီး ခြေဟန်လက်ဟန်တင်မက တစ်ကိုယ်လုံးဟန်ပါပြပြီး “ဒီလို အကိုရာ လူတွေမှာ ရောဂါတစ်မျိုးရှိတယ်။ အဲ့ရောဂါက ဝက်တွေမှာတွေ့လို့ ဝက်ရူးပြန်လို့ နံမည်တပ်တာနေမယ်။ အဲ့ရောဂါရှိတဲ့လူက တခါတလေ ကျရင် အလိုလိုနေရင်းကနေ ပါးစပ်ကနေ ဒီလိုမျိုးအမြှုတ်တွေထွက်၊ သွားရည်တွေထွက်၊ အသံတွေလည်း ဒီလိုမျိုးဂစ်ဂစ် ဂစ်ဂစ်နဲ့ထွက်၊ အံတွေလည်း ဒီလိုမျိုး ဂျိဂျိ ဂျိဂျိနဲ့ကြိတ်၊ မျက်လုံးကြီးတွေလည်း ခုလိုမျိုး ပြူးပြက် လန်လက်ထွက်၊ ခြေတွေလက်တွေလည်း ခုလိုမျိုးကွေးကောက်။ တစ်ကိုယ်လုံးလည်း အကြောတွေ ခုလိုဆန့်ငင်ဆန့်ငင်နဲ့ဆွဲပြီး လဲကျသွားတာဗျာ။ အနားမှာ လူရှိနေရင် တော်သေးတာပေါ့။ ဘယ်သူမှမရှိတဲ့အချိန်မျိုး၊ ရေချိုးနေတုန်းမျိုး၊ ကားလမ်းကူးနေတုန်းမျိုး၊ စက်တွေကားတွေမောင်းနေတုန်းမျိုးဆို သေမှာလေ။ အဲ့ဒီရောဂါမျိုးပြောတာပါ။ အဲ့ဒါမျိုး အကို ဖြစ်တတ်သလားလို့မေးတာပါ”ဆိုတော့မှ သူ ရေရေလည်လည် သဘောပေါက်တော့၏။ ခြေမရှိလက်မရှိသည့်ကြားက ရှိသည့်ခြေလက်လေးဖြင့် ကျနော် ကွေးကောက်ပြ တွန့်လိမ်ပြ မျက်လုံးတွေပြူးပြဲပြ ပါးစပ်ကတံတွေးတွေထွက်ပြ အသံတွေ တဂစ်ဂစ်ထွက်ပြ၊ အံတွေတဂျိဂျိကြိတ်ပြနေတာကိုကြည့်ရင်း မျက်နှာလည်း ပြန်ပြုံးပြုံးရွှင်ရွှင်ဖြစ်သွား၏။ နောက်တော့ “မသိဘူးလေကွာ။ မင်းက ငါ့ကို ဝက်လား၊ ဝက်လိုအရူးလားပြောတာ မှတ်တာပေါ့”ဟုဆိုကာ ရှက်စနိုးဖြစ်နေ၏။ အားလည်း နာနေဟန်တူ၏။ ခေါင်းကြီးငိုက်စိုက်ချကာ ထိုင်နေ၏။ ထောင်မှူးရောဆရာဝန်ပါ ကျနော် လုပ်ပြနေတာတွေကြည့်ပြီး တခွိခွိနှင့်အူတက်မတတ်။ ကျနော့်မှာသာ မသက်သာလှ။ ချွေးတို့ဖြင့်ရွှဲနေ၏။ သို့သော် စိတ်ကား အတော်ပေါ့ပါး သက်သာရာရသွား၏။ ထို့နေ့က အပြန်လမ်းတွင် ကိုယ့်ကိုယ်ကိုလည်း ရီမိ၏။ စကားပြန်အလုပ်ကို ပို၍ပျော်သလို ပို၍လည်းနှစ်ခြိုက်မိသလိုလည်း ခံစားမိ၏။ နောက်ဒါမျိုးကြုံရင် ဘယ်လို ဘာသာပြန်ရပါ့ဆိုနည်းပါ ထိုနေ့က ရခဲ့သည်မဟုတ်လား။
(အလားတူ မနီးရိုးစွဲအတွေ့အကြုံများ ဆက်ပါဦးမည်)(မျိုးမြင့်ချို) ဇူလိုင် ၁၇၊ ၂ဝ၁၃

0 comments:

Post a Comment