Friday, July 12, 2013

လူကလူ့အကြောင်း မပြောကောင်းဘူးတဲ့လား (မျိုးမြင့်ချို)

0 comments
လူက လူ့အကြောင်း မပြောကောင်းဘူးတဲ့လား (မျိုးမြင့်ချို) ဇူလိုင် ၁၂ ရက်၊ ၂ဝ၁၃
တနေ့က မိတ်ဆွေတစ်ယောက်က “ခင်ဗျား ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေအကြောင်းပြောရင် သတိထားဗျ အန္တရာယ်ကြီးတယ် ပြောလည်းမပြောကောင်းဘူး”တဲ့။ ကျနော်က “ဘာလို့လဲဗျ၊ နောက်ပြီး ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေဆိုတာ ဘယ်သူတွေလဲဗျ”ဆိုတော့။ “ဘုန်းကြီးတွေကိုပြောတာပါ၊ သူတို့က လူမဟုတ်တော့ လူတွေကိုပြောသလိုရေးသလို ပြောတာရေးတာမကောင်းဘူးဗျ၊ အန္တရာယ်ကြီးတယ်ဆိုတာ ဘုန်းကြီးက သံဃာရတနာဗျ။ သူတို့ရတနာထိရင် လူတွေက ခင်ဗျားကိုရန်လုပ်လိမ့်မယ်။ အနည်းဆုံး ဆဲမယ်ဆိုမယ်ပေါ့ဗျာ။ အဲ့သလိုတွေမလုပ်ကြဘူးဆိုရင်တောင် ခင်ဗျားပဲ အကုသိုလ်တက်ပြီး ငရဲကြီးမှာဗျ။ ဘုန်းကြီးဆိုတာ သူ့ဝိနည်း ၂၂၇ သွယ်နဲ့သူ ရှိပြီးသားဗျ။ ဖေါက်ရင် ဖေါက်တဲ့အမှုအကြီး အသေးပေါ်တည်ပြီး အကုသိုလ်ဖြစ်တာဗျ။ ငရဲခံရတာဗျ။ သူ့အမှားသူ့အကုသိုလ်နဲ့သူ သွားပါလိမ့်မယ်။ သူ့တရားသူ စီရင်ပါလိမ့်မယ်။ လူကဝင်ပြောနေလည်း အကျိုးမရှိပါဘူးဗျာ၊ မလုပ်ပါနဲ့”..တဲ့။ ကျနော် ပြုံးမိတယ်။ ရီရီမောမောနဲ့လည်း “ခင်ဗျားဗျာ ပြောစရာရှားလို့”ဆိုပြီး သူ့ကိုပြန်ပြောဖြစ်တယ်။ ပြုံးမိတဲ့တချက်က ပြောသူကြောင့်။ ပညာတတ်၊ နိုင်ငံရေးနောက်ခံရှိသူ၊ စစ်အာဏာရှင်စနစ်ကို ခုချိန်ထိဆန့်ကျင်နေသေးတယ်လို့ ယူဆနိုင်သူ၊ ယုံကြည်မှုနဲ့ပတ်သက်ရင် စာလေးဘာလေးဖတ်၊ တွေးတတ်တယ်လို့ထင်ခဲ့ဖူးသူ ဖြစ်နေလို့။ နှစ်တချက်က ပြောပုံပြောနည်းနဲ့ မျက်နှာထားကြောင့်။ ခြိမ်းခြောက်သံ၊ တရားချသံ၊ သတိပေးသံ၊ ချေချွတ်သံနဲ့အခြားအဓိပ္ပါယ်တွေပါဆောင်တဲ့ ပြောပုံဆိုပေါက်လေယူလေသိမ်းနဲ့မို့ပါ။ သုံးတချက်ကတော့ ဒီလိုပြောရင် “တဘက်သားငါ့ကို ဘယ်လိုထင်သွားမလဲ” ဆိုတာလေးလောက်တောင် တွေးနိုင်စွမ်းမရှိတော့တဲ့ သူ့အမြော်အမြင်ကြောင့်ပါ။

ကျနော် လူတွေအကြောင်းပြောနေ ရေးနေတာပါ။ အသက်မွေးဝမ်းကြောင်းသဘော၊ အလွှာသဘော၊ အတန်းအစားသဘော ဘယ်လိုပဲရှိရှိ အားလုံးဟာလူတွေပါ။ လူတွေကိစ္စ၊ လူတွေအကြောင်း လူကပြောတာပဲဗျာ။ သူများလည်းကိုယ့်အကြောင်းပြော ကိုယ်လည်းသူများအကြောင်းပြော ပြောနေကြတာပဲဟာ။ ရှေ့တင်လည်းပြော ကွယ်ရာလည်းပြော ပြောနေကြတာပဲဟာ။ ပါးစပ်နဲ့လည်းပြော စာနဲ့လည်းပြော ပြောနေကြတာပဲဟာ။ အနုပညာနဲ့လည်းပြော အခြားသဏ္ဍန်မျိုးစုံနဲ့လည်းပြော ပြောနေကြတာပဲဟာ။ အထူးအဆန်းကျလို့ဗျာ။ ပြောတာနဲ့ ဟောတာဆိုတဲ့ အသုံးအနှုန်းလေးပဲကွာတာပါ။ အမှန်ကတော့ ပြောတော့ပြောနေကြတာပါပဲ။ သူတော်ကောင်းတို့ သူတော်စင်တို့ဆိုတဲ့လူတွေတော့ သူများအကြောင်းပြော/မပြောတော့ ကျနော်မသိဘူးဗျ။ ပြောလည်းဘာမှမဖြစ်သလို မပြောလို့လည်းဘာမှမဖြစ်ပါဘူး။ ပြောလို့အပြစ်တင်စရာမရှိသလို မပြောလို့လည်းချီးမွမ်းစရာမှမရှိတာပဲ။ မပြောဘူးဆိုရင်၊ မပြောတာမှန်တယ်ဆိုရင်တော့ ထူးဆန်းတဲ့လူလို့ဆိုရမယ်ထင်တယ်။ အဲ့ဒီထက်ပိုစရာမှ မရှိတာပဲ။ ဆိုတော့ ကျနော်လည်း လူပဲ။ ပြောမှာပေါ့ဗျာ။ လူ့အကြောင်းလူပြောတာ သဘာဝကျတဲ့ကိစ္စကို ဘယ့်နှယ်မပြောကောင်းရတာလဲဆိုတာ နားမလည်ပါ။ တခုတော့ရှိတာပေါ့ဗျာ “အမျိုးဘာသာ သာသနာအတွက် ဒါမှမဟုတ် အခြားတခုခုအတွက် အခြားလူတွေကိုမုန်းတီးရမယ်၊ ခွဲခြားဆက်ဆံရမယ်”စသည်ဖြင့်ပြောတာမျိုးတွေကျ သင်္ကန်းဝတ်တဲ့လူမပြောနဲ့ ရိုးရိုးအဝတ်အစားနဲ့လူပြောရင်တောင် လူကြားမကောင်းသလို လူ့အပြုအမူမဟုတ်လူမဆန်တဲ့ကိစ္စမို့ ပြစ်တင်ရမှာပါပဲ၊ ရှုတ်ချရမှာပါပဲ၊ ဆန့်ကျင်ရမှာပါပဲ။ ဒီအတိုင်းလွှတ်ထားရင် လောကအတွက်အန္တရာယ်ရှိတာ မဟုတ်လား။ နောက်တခုက သူပြောတဲ့ဝိနည်းကိစ္စ။ လူဟာ ဘာနဲ့ပဲ အသက်မွေးမွေး သူ့နယ်ပယ်နဲ့သူ့စည်းကမ်းရှိတာပါ။ စစ်သားက စစ်စည်းကမ်းအတိုင်းနေရတာကို စကားလုပ်ပြောနေစရာမလိုသလို ဘုန်းကြီးကဝိနည်းနဲ့အညီနေနေတာလည်း အထူးအဆန်းလုပ်ပြောစရာလားဗျာ။ ကိုယ်ထမင်းစားနေတဲ့အလုပ်က သတ်မှတ်တဲ့စည်းကမ်းအတိုင်း မနေနိုင်ရင်တခြားနည်းနဲ့ ထမင်းရှာစားရုံပေါ့။ စစ်သားကစစ်စည်းကမ်းနဲ့မနေမှ ဘုန်းကြီးကဝိနည်းနဲ့မနေမှ ပြောရမှာမဟုတ်လား။ နေနေတယ်ဆို ဘာပြောစရာရှိမလဲ။ နောက်တချက်က စစ်သားက စစ်စည်းကမ်းကိုမလိုက်နာမဖြစ်လို့ လိုက်နာရတာမဟုတ်လား။ ဘုန်းကြီးကျတော့ အဲ့သလိုတွေးလို့ပြောလို့ မဖြစ်ဘူးထင်တယ်ဗျ။ စစ်သားကျ စစ်စည်းကမ်းဖေါက်ရင်လူကအရေးယူပြီး ဘုန်းကြီးကျဘုန်းကြီးစည်းကမ်းဖေါက်ရင် လူက ပြောတောင်မပြောနဲ့ဆိုတာလည်း မဟုတ်သေးဘူးထင်တယ်။
နောက်တခုက သူတို့လူတွေကရန်လုပ်မယ် အနည်းဆုံးဆဲကြလိမ့်မယ်ဆိုတဲ့ကိစ္စ။ ရန်လုပ်တာလည်း အထူးအဆန်းလားဗျာ။ တယောက်ချင်း၊ တစုချင်း၊ တအုပ်ချင်းတွေတောင်မကဘူး ကမ္ဘာနဲ့ချီရန်လုပ်ကြလို့ စစ်ကြီးတောင် ၂ ကြိမ်ဖြစ်ပြီးပြီ။ ခုလည်း ကမ္ဘာအနှံ့မှာ ဒေသန္တရစစ်အသေးစားတွေ ရှိနေတာပဲဟာ။ ဆဲတာတော့ပြောမနေနဲ့။ ပြောတိုင်းအဆဲခံရတာရော အချီးမွှမ်းခံရတော့ရှိတာပဲ။ ဒါလည်း ဆန်းသလားဗျာ။ ခင်ဗျားနဲ့ဘက်တူသူ၊ ခင်ဗျားကိုလိုလားသူက ခင်ဗျားကိုချီးမွမ်းမှာပဲ လက်ခုပ်တီးမှာပဲ။ မတူသူမလိုလားသူက ဆဲမှာပဲ ရှုတ်ချမှာပဲ။ ဘက်တူသူရဲ့လက်ခုပ်သံနဲ့ ဘက်မတူသူရဲ့ဆဲဆိုသံဆိုတာ အမှန်တော့ မတူတဲ့နည်းနဲ့အားပေးကြတာပဲဗျာ။ နည်းနာလေးပဲ ကွဲတာပါ။ ဆဲပေ့စေပေါ့ဗျာ။ သူတို့လည်း ဆဲချင်မှာပဲဟာ။ ကိုယ်လည်း တခါတခါ သူများကိုဆဲတာပဲဟာ။ ဒါလည်း အထူးအဆန်းမဟုတ်ပြန်ဘူး။ နောက်တစ်ခုက အကုသိုလ်ကိစ္စ၊ ငရဲကိစ္စ။ အကုသလနဲ့ နရရက်ဆိုတဲ့ဝေါဟာရတွေကို သူနည်းနဲ့သူနားလည်ထားပြီး သူ့ဘာသာသူ အမှန်တကယ်ရှိတယ်လို့ယုံတယ်ပဲထားဦး လူ့အကြောင်းလူကပြောလို့ ပြောသူငရဲကကြီးတယ်ဆိုရင် လောကမှာ လူတိုင်းငရဲရောက်မှာပဲဆိုတာလည်း သူတွေးမိပုံမပေါ်ဘူး။ ကျနော်က လူတွေကိုမုန်းဖို့၊ ရန်ရှာဖို့၊ ခွဲခြားဆက်ဆံနှိမ်ချတာမလုပ်ဖို့နဲ့၊ လုပ်တဲ့သူ လုပ်ဖို့ဟောပြောသူ တိုက်တွန်းသူ ခွင့်ပြုသူတွေကိုဆန့်ကျင်နေတာပဲဟာ (တနေရာရာရောက်စရာရှိတယ်ပဲထား) သူပြောတဲ့ ငရဲတော့ရောက်ပါ့မလားဗျာ။ မကောင်းတဲ့လူအကြောင်းပြောတာ မပြောကောင်းဘူးဆိုတော့ မခက်ဘူးလားဗျာ။ ကျနော့်လည်း ပြောပေါ့။ ပြောလည်းပြောနေကြတာပဲ မဟုတ်လား။ မျိုးမြင့်ချို

0 comments:

Post a Comment