Thursday, July 11, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်(အပိုင်း၁၇-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်(အပိုင်း၁၇-) (ပြီးပါပြီခင်ဗျား။ ဒါနောက်ဆုံးအခန်းပါ။ ကျနော် ဘာ့ကြောင့် ဒီအကြောင်းအရာကို ဒီလောက် ဇွဲနဘဲနဲ့လုပ်ရသလဲဆိုတာကို နောက်တော့မှ မကျဉ်းမကျယ်လေးရေးပါ့မယ်။ အမြည်းသဘော ပြောရရင်တော့ ဒီ ဝါဒဟာအင်မတန်ကိုလျှို့ဝှက်နက်နဲပြီး ပညာအရာအားကြီးသူ ဉာဏ်ပညာ ထိပ်တန်းရောက်သူတွေမှသာနားလည်နိုင်တဲ့ ပညာရှိတို့အရာလိုလိုပြောပြီး လူတချို့ကိုအမြင်မှောက်မှား၊ အထင်ကြီးအောင်လုပ်သူတွေနဲ့ ဆုံခဲ့ဖူးတာကြောင့်ပါ။ ဒါလေးတပုဒ်ဖတ်ရုံ လေ့လာရုံနဲ့ ဒီဝါဒကိုတီးခေါက်မိပြီလို့ မဆိုနိုင်ပေမယ့် “ဒါလည်း ဒဿနပညာနယ်ပယ်ထဲက ဒဿနတရပ်ပဲ၊ ဆက်လေ့လာဖို့အခြေခံကောက်ကြောင်းလေးမျှဖြစ်တယ်” ဆိုတာလောက်ကျန်တယ်ဆိုရင်ပဲ ကျနော် ဇက်နဲ့လက် အညောင်းခံရကျိုး နပ်ပြီဗျို့) (မျိုးမြင့်ချို)

(ဆ)။ ကျွန်တော့အနေနဲ့ ကနေ့ဒီနေရာမှာပြောဖို့ရည်ရွယ်ထားတာကတော့ ဖြစ်တည်မှုဝါဒကို အမျိုးမျိုးစွပ်စွဲပြီး ပြစ်တင်ရှူတ်ချထားကြတာတွေကို ဖြစ်တည်မှုဝါဒဘက်ကနေပြီး ပြန်လည်ချေပဖို့ဖြစ်တယ်။
ပထမဆုံးကတော့ ဖြစ်တည်မှုဝါဒဆိုတာ လူတွေကိုတွေဝေမိန်းမောစေတဲ့ အဖြေမရှိတဲ့အယူအဆ ထွက်ပေါက်မဲ့ဝါဒဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တယ်။ ဖြစ်တည်မှုဝါဒမှာ ဘာအဖြေ၊ ဘာထွက်ပေါက်မှ ပြမထားဘူး။ ဒီလောကမှာ လူသားတွေပြုမူလုပ်ဆောင်သမျှအားလုံးဟာ ဘာမှ အကျိုးသက်ရောက်မမရှိတဲ့ အချည်းနှီးကိစ္စတွေဖြစ်တယ်။ ဒါကြောင့် ဖြစ်တည်မှုဝါဒဟာ ဘာအဓိပ္ပါယ်မှမရှိတဲ့ စိတ်ကူးယဉ်ဒဿနတမျိုးသာဖြစ်တယ်။ စိတ်ကူးယဉ်တယ်ဆိုတာ ဇိမ်ခံတာတမျိုးဖြစ်တဲ့အတွက် ဖြစ်တည်မှုဒဿနဟာ ဘူဇွာဒဿနတရပ်သာဖြစ်တယ်လို့စွပ်စွဲကြပါတယ်။ ဒီလို စွပ်စွဲတာမျိုးကို ကွန်မြူနစ်တွေပြောဆိုလေ့ရှိတယ်။ အခြားတဘက်ကလည်း ဖြစ်တည်မှုဝါဒဆိုတာ လူသားကိုရှုတ်ချတဲ့ဝါဒဖြစ်တယ်။ လူ့သဘောလက္ခဏာကို အကောင်းတကွက်မှမမြင်တဲ့ဝါဒ ဖြစ်တယ်။ လူသားရဲ့ထွန်းလင်းလှပပြီး နှစ်လိုဖွယ်ကောင်းတဲ့အခြမ်းဘက်ကို လုံးဝလျစ်လျှူရှူထားပြီး မည်းမှောင်ဆိုးညစ် မနှစ်လိုဖွယ်ရာအခြမ်းဘက်ကို မီးမောင်းထိုးပြတဲ့ဒဿနဖြစ်တယ်လို့ ဆိုကြပါတယ်။ ဥပမာအားဖြင့် ကက်သလစ်ဝေဖန်ရေးသမား မာစီယား က ကျွန်တော်တို့ဖြစ်တည်မှုဝါဒီတွေဟာ ကလေးငယ်လေးတွေရဲအပြုံးကိုတောင် မြင်နိုင်၊ ခံစားနိုင်၊ လက်ခံနိုင်ကြသူတွေမဟုတ်ဘူးလို့ ဆိုပါတယ်။ နောက် ဘက်နှစ်ဘက်စလုံးက ကျွန်တော်တို့ကို သဘောရှူမြင်ထားတာ ရှိပါသေးသေးတယ်။ ဒါကတော့ ကျတော်တို့ဖြစ်တည်မှုဝါဒီတွေဟာ လူသားတွေရဲ့အဖွဲ့အစည်းအသင်းအပင်းနဲ့နေထိုင်မှုကို မျက်ကွယ်ပြုထားကြတယ်။ လူကို လူ့အဖွဲ့အစည်းကနေ သီးခြားခွဲထုတ်ပြီး အထီးကျန်အဖြစ်နဲ့ စဉ်းစားကြတယ်လို့ စွပ်စွဲကြပါတယ်။
ဒီလို စွပ်စွဲပုတ်ခတ်ထားတာတွေကို ကျွန်တော်က ဒီကနေကြိုးစားပြီး တုံ့ပြန်ဖြေရှင်းသွားမှာဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော့်ရဲ့ဟောပြောချက်ကို 'ဖြစ်တည်မှုဝါဒနဲ့လူသားဝါဒ' လို့ အမည်ပေးထားပါတယ်။
ဖြစ်တည်မှုဝါဒဟာ လူသားဝါဒတမျိုးဖြစ်တယ်လို့ဆိုတာနဲ့စပ်လျဉ်းပြီး ကျွန်တော် အမေးအမြန်းခံရတာ ရှိပါတယ်။ လူတချို့က ပြောကြတယ်။ 'အော်ဂလီဝတ္ထုမှာတုန်းက လူသားဝါဒီတွေဟာ လမ်းမှားလိုက်ကြသူတွေဖြစ်တယ်လို့ ခင်ဗျားပြောခဲ့ဖူးတယ်၊ ဒါ့အပြင် လူသားဝါဒတမျိုးတည်းကိုလည်း ခင်ဗျားပျက်ရယ်ပြုခဲ့တယ်။ ခုမှ ဘာဖြစ်လို့ လူသားဝါဒဆီ ပြန်ပြီးသွားချင်နေတာလဲ'လို့ ဆိုကြပါတယ်။ တကယ်တော့ လူသားဆိုတဲ့ဝေါဟာရမှာ အလွန်ခြားနားတဲ့အဓိပ္ပါယ် နှစ်မျိုးနှစ်စားရှိပါတယ်။ တမျိုးကတော့ လူသားကိုရည်မှန်းချက်အဖြစ်ခံယူပြီး လူသားသည် အမြင့်မြတ်ဆုံး၊ ၊ တန်ဖိုးအရှိဆုံးဖြစ်သည်ဟု လက်ခံတဲ့အယူအဆဖြစ်ပါတယ်။ 'လူသည် ကြီးကျယ်ခန်းနားလှပါတကား'လို့ ကြွေးကြော်နိုင်တဲ့ အဓိပ္ပါယ်မျိုးဖြစ်တယ်။ ကျွန်တော်ဟာ လေယာဉ်ပျံမတည်ဆောက်တတ်ဘူး။ ဒါပေမယ့် လေယာဉ်ပျံတည်ဆောက်တတ်တဲ့လူသားတွေရဲ့လုပ်ရပ်ကို လူသားတဦးအနေနဲ့ဂုဏ်ယူ ဝံ့ကြွားနိုင်တယ်။ လူသားတချို့ရဲ့ ထူးခြားထင်ရှားတဲ့လုပ်ရပ်တွေကိုအကြောင်းပြုပြီး လူသားကို တန်ဖိုးထား ဂုဏ်ပြုကြတယ်။ လူသာပဓနဖြစ်ကြောင်း၊ လူသာတန်ဖိုးအရှိဆုံး ဖြစ်ကြောင်းဆိုကြတယ်။ ဒီလို လူသားဝါဒမျိုးကတော့ ဘာမှအဓိပ္ပါယ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခွေးတွေ၊ မြင်းတွေတောင် ကျွန်တော်တို့လိုနေရာမှာရှိရင် ကျွန်တော်တို့လိုဘဲ ဂုဏ်ယူတတ်၊ ဂုဏ်ပြုတတ်ကြမှာကြောင့်ဖြစ်တယ်။
ဖြစ်တည်မှုဝါဒကတော့ လူသားကို ဘယ်တော့မှ ရည်မှန်းချက်ပန်းတိုင်အနေနဲ့မစဉ်းစားဘူး။ ဘာေ့ကြာင်လဲ့ဆိုတော့ လူဆိုတာအမြဲတမ်း မိမိကိုယ်မိမိ တည်ဆောက်ပုံဖော်နေကြတဲ့အတွက်ဖြစ်တယ်။ လူသားမျိုးနွယ်ကို ကိုးကွယ်ခြင်းဟာ ဖက်ဆစ်ဝါဒရဲ့ လူသားဝါဒကိုအမြင်ကျဉ်းမြောင်းတဲ့လူသားဝါဒအဖြစ် အဆုံးသတ်သွားစေမှာဖြစ်တယ်။ ဒီလိုလူသားဝါဒမျိုးနဲ့ ဖြစ်တည်မှုဝါဒဟာ လုံးဝမသက်ဆိုင်ဘူး။
လူသားဝါဒရဲ့ နောက်အဓိပ္ပါယ်တမျိုးရှိပါသေးတယ်။ ဒါကို အခြေခံအားဖြင့်ဖွင့်ဆိုရရင် လူဟာအမြဲတမ်း မိမိကိုယ်မိမိ ကျော်လွန်နေတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်တယ်။ လူသားဟာ မိမိကိုယ်မိမိကျော်လွန်ပြီး မိမိရဲ့လက်ရှိအဖြစ် အခြေအနေကိုကျော်လွန်ပြီး စီမံချက်ချမှတ်ဆောင်ရွက်သူဖြစ်တယ်။ ဒီလိုဆောင်ရွက်ပြီး မိမိဖြစ်တည်မှုကို မိမိဘာသာတည်ဆောက်ယူတာဖြစ်တယ်။ မြင့်မြတ်ထူးခြားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ကြိုးပမ်းအကောင်ထည်ဖော်ခြင်းအားဖြင့် မိမိရဲ့ဖြစ်တည်မှုကို တည်ဆောက်နိုင်သူဖြစ်တယ်။ လူဟာ မိမိကိုယ်ကိုမိမိ မြင့်မြတ်ထူးခြားစေနိုင်သူဖြစ်တယ်။ ဤ မြင့်မြတ်ထူးခြားမှုနဲ့ဆက်နွယ်ပြီး အရာဝတ္ထုအဖြစ်အပျက်တွေရဲ့ အနက်အဓိပ္ပါယ်တွေကို ဖော်ဆောင်ပေးနိုင်တယ်။ ဒါကြောင့်မို့ လူဟာ သူကိုယ်တိုင် သူ့မြင့်မြတ်ထူးခြားမှုရဲ့အသည်းနှလုံးဗဟိုချက်မ ဖြစ်တယ်။ လူသားရဲ့ပုဂ္ဂလဓိဌာန်ကျမှု စကြာဝဠာကလွဲပြီး ဘာမှမရှိဘူး။  ဒီလိုပုဂ္ဂလဓိဌာန်သဘောအားဖြင့် ဖြစ်တည်နေတဲ့ လူ့ရဲ့ထူးခြားမြင့်မြတ်မှုကို ဖွင့်ဆိုတဲ့လူသားဝါဒကိုသာ ဖြစ်တည်မှုဝါဒကလက်ခံထားတယ်။ ဖြစ်တည်မှုဝါဒဟာ လူသားဝါဒဖြစ်တယ်။ ဘာေ့ကြာင့်လဲဆိုတော့ ပုဂ္ဂလလူသားဟာ မိမိအတွက်ဥပဒေကို မိမိဘာသာချမှတ်သူဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။ မိမိကလွဲပြီး ဥပဒေချမှတ်ပြဌာန်းသူ ဘယ်သူမှ မရှိတဲ့အတွက်ဖြစ်တယ်။ လူဟာ မိမိအတွက် မိမိကိုယ်တိုင်အဆုံးအဖြတ်ပေးသူဖြစ်တယ်။ စစ်မှန်တဲ့လူသားအဖြစ် မိမိကိုယ်ကိုမိမိ ဖော်ဆောင်ဝင်စားနိုင်သူဖြစ်တယ်။ လူဟာ မိမိကိုယ်မိမိ ကယ်တင်နိုင်သူဖြစ်တယ်။ မိမိဘဝကိုကယ်တင်နိုင်သူဟာ မိမိကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူးဆိုတာ လူတွေ နားလည်သင့်တယ်။ ဒီသဘောတွေကြောင့် ဖြစ်တည်မှုဝါဒဟာ အဆိုးမြင်ဝါဒမဟုတ်ဘူး။ အကောင်းမြင်ဝါဒသာ ဖြစ်တယ်။ လူတွေကို စိတ်အားငယ်စေတဲ့ဝါဒ မဟုတ်ဘူး။ လူသားရဲ့ပြုမူဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်အယူဝါဒသာ ဖြစ်တယ်။
နောက်ဆက်တွဲတွေးခေါ်ရှင်များ
(၁) Berson, Henry (ဘာဆွန်၊ ဟင်နရီ) (၁၈၅၉­၁၉၄၁) စာပေနိုဘယ်ဆုရ ပြင်သစ်တွေးခေါ်ရှင်ဖြစ်သည်။ သူ၏စွမ်းအားဝါဒ(Vitalism) သည် မျက်မှောက်ခေတ် ဒဿနသမိုင်းတွင်ထင်ရှားသည်။ လူသား၏ အသိစိတ်အပါအဝင်ဖြစ်သော သဘာဝလောကနှင့်သဘာဝလောက တို့၏ အခြေခံမှာ ဘဝစွမ်းအား (Life force/ Elan Vitl) ဖြစ်သည်ဟု ဘာဆွန်ကခံယူသည်။ သူ၏ Creative Erolution (၁၉၁၁) စာအုပ်သည် ထင်ရှား၏။ ကမ္ဘာကျော် ပြင်သစ်စာရေးဆရာကြီး မာစယ်ပရိုးစ်အပေါ်တွင် သူ့အတွေးအခေါ်သည် များစွာသြဇာပြုလျွှမ်းမိုးခဲ့သည်။
(၂) Camus, Albert (ကမျူး၊ အဲဘဘတ်) (၁၉ဝ၃­၆ဝ)
စာပေနိုဘယ်ဆုရ ပြင်သစ်တွေးခေါ်ရှင် ဖြစ်သည်။ သူ၏ ရှေးဦးပိုင်းအယူအဆများသည် နတ္တိဝါဒ (Nihilism)ဘက်သို့ ယိမ်းယိုင်ခဲ့၏။ ထို့ကြောင့် သူ့ကို ဖြစ်တည်မှုဝါဒီမဟုတ်ကြောင်းဝေဖန်ကြသည်။ သူကိုယ်တိုင်ကလည်း ယန်းပေါဆာ့တ်တို့၏ ဖြစ်တည်မှုဝါဒနှင့် သူသည် မသက်ဆိုင်ကြောင်း တရားဝင်ပြောခဲ့သည်။ ဒဿနတရပ်ကို ဝတ္ထုပုံသဏ္ဍန်ဖြင့် အနုပညာမြောက်စွာ ဖန်တီးရာ၌ စံထားအပ်သူဖြစ်၏။ ဒဿန စာပေနှင့်ပတ်သက်၍ သူ၏ The Myth of Sisyphusနှင့်The Rebel တို့သည် ထင်ရှား၏။
(၃) Descartes, Rene ဒေးကား၊ ရီနီ (၁၅၆၉­၁၆၅ဝ)
မော်ဒန် အနောက်တိုင်းဒဿန၏ဖခင်ကြီးအဖြစ် သတ်မှတ်ခြင်းခံရသူ ပြင်သစ်တွေးခေါ်ရှင်ဖြစ်သည်။ သူသည် ကဲကုလသင်္ချာကို ဖော်ထုတ်ပေးခဲ့သော သင်္ချာပညာရှင် ဖြစ်သည်။ သင်္ချနည်းကို ဒဿနပညာတွင်သုံး၍ သူ၏ဆင်ခြင်မြင်အဓိကဝါဒ (Rationalism) ဒဿန စနစ်တရပ်ကိုတည်ဆောက်ခဲ့သူ ဖြစ်သည်။ သူ၏အယူအဆသည် မော်ဒန်ဒဿန၏ အဓိကလမ်းကြောင်းကြီးတရပ်ဖြစ်ခဲ့သည်။ သူ၏ Discourse on Method (၁၆၃၇)နှင့်Meditation (၁၆၄ဝ) တို့သည် မော်ဒန်ဒဿနတွင် မှတ်တိုင်ဖြစ်ခဲ့သော ဒဿနစာပေများဖြစ်ခဲ့၏။
(၄) Einsetein, Albert အိုင်းစတိုင်း၊ အဲဘဘတ် (၁၈၇၉­၁၉၅၅)
ကမ္ဘာကျော် ဂျာမန်­ဂျူး ရူပဗေဒပညာရှင် ဖြစ်သည်။ မျက်မှောက်ခေတ် သိပ္ပံဒဿနပညာရှင်တဦးလည်းဖြစ်သည်။ ရှေးအစဉ်အလာ လက်ခံခဲ့သည့် AbsoluteTimeand Space အယူအဆကို ဆန့်ကျင်ပယ်ဖျက်ခဲ့သည့် သူ၏နှိုင်းရသီအိုရီ (Relativity Theory)သည် နှစ်ဆယ် ရာစုတွေးခေါ်ပညရှများအပေါ် များစွာလွှမ်းမိုးခဲ့သည်။
(၅) Hegel, George Willheim Friedrich ဟေဂယ်၊ ဂျော့ဝီဟမ် ဖရက်ဒရစ်ခ်ျ (၁၇၇ဝ­ ၁၈၃ဝ) မော်ဒန်အနောက်တိုင်းဒဿန၏ အထွဋ်အထိပ်တွင်ရှိခဲ့သော ဂျာမန်နာမ်ဝါဒီ တွေးခေါ်ရှင်ကြီးဖြစ်၏။ သူ၏ အနန္တဝိဉာဉ်ဝါဒ (Absolute Idealism)သည် နှစ်ဆယ်ရာစု အနောက်တိုင်းအတွေးအခေါ်ပညာရှင်များအပေါ် များစွာလွှမ်းမိုးခဲ့၏။ သူ၏ ဒဿနစာပေများတွင်Science of logic (၁၈၁၂­၁၇)နှင့် Philosiphy of Right (၁၈၂၁) တို့သည် ထင်ရှား၏။ ဟေဂယ်၏နောက်လိုက်များသည် ဟေဂယ် ကွယ်လွန်ပြီးနောက် လင်္ကျာဟေဂယ်ဝါဒီနှင့် လက်ဝဲဟေဂယ်ဝါဒီဟူ၍ နှစ်မျိုးကွဲသွားသည်။ ကမ္တာကျော်ရုပ်ဝါဒီကြီး ကားလ်မာက်စ်သည် ငယ်စဉ်က လက်ဝဲဟေဂယ်ဝါဒီဖြစ်ခဲ့သည်။
(၆) Heidegger, Martin ဟိုင်ဒေဂါ၊ မာတင် (၁၈၈၉­၁၉၇၆)
မျက်မှောက်ခေတ် ဂျာမန်ဒဿနပညာရှင်ဖြစ်၏။ ဘုရားမဲ့ ဖြစ်တည်မှုဝါဒအခြေခံများကို ချမှတ်ပေးသူအဖြစ်ထင်ရှားသည်။ သူကိုယ်တိုင်ကမူ ဖြစ်တည်မှုဝါဒီဟူသောအမည်ကို မနှစ်သက်၊ မခံယူခဲ့။ သူ၏ဒဿနသည် Being ကို ဗဟိုပြုထားသော အတွေးအခေါ်ဖြစ်သည်ဟု ပြောခဲ့သည်။ သိပ္ပံပညာ၏လောင်းရိပ်မှကင်းလွတ်သောအတွေးအခေါ်တရပ်ကို ဖော်ထုတ်ရန်အားထုတ်ခဲ့သည်။ Bring and Time(၁၉၂၇)နှင့် What is Metaphysics (၁၉၂၉) တို့သည် သူ၏ထင်ရှားသောဒဿနကျမ်းများ ဖြစ်ကြသည်။
(၇) Heraclitus ဟေရာကလိုတပ်စ်(ဘီစီ ၅ ရာစု)
ရှေးဟောင်း ဂရိတွေးခေါ်ရှင်ဖြစ်သည်။ စကြာဝဠာကြီး၏သဘောသဘာဝမှ ပြောင်လဲခြင်းတရားဖြစ်၏။ ပြောင်းလဲခြင်းသာလျှင် အစစ်အမှန်တရားဖြစ်၍ အရာရာတိုင်းသည် အစဉ်အမြဲပြောင်းလဲနေသည်ဟု သူက ခံယူခဲ့သည်။
(၈) Jasper, Karl ယာစ်ပါး၊ ကားလ် (၁၈၈၃­၁၉၆၉)
ဘုရားရှိဖြစ်တည်မှုဝါဒီ ဂျာမန်တွေးခေါ်ရှင်ဖြစ်သည်။ ကဲကီးဂါးဒ်နှင့် နိရှေးတို့၏ စိတ်ပညာအယူအဆများကိုဆက်ခံခဲ့၏။ အကြီးအကျယ် ထိတ်လန့်မှု (ဥပမာ သေခြင်းတရား)နှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လိုက်ရသောအချိန်တွင် လူသားသည် ဖြစ်တည်မှု၏တကယ့်အစစ်အမှန် အဓိပ္ပါယ်ကို သိရှိနားလည်လာရသည်ဟုယူဆခဲ့သည်။ Philosophy of Existence (၁၉၃၈) သည် သူ၏ထင်ရှားသောဒဿနစာပေဖြစ်၏။
(၉) Kierkegaard, Soren ကဲကီးဂါးဒ်၊ ဆိုရန် (၁၈၁၃­၁၈၅၅)
ဒိန်းမတ်လူမျိုး တွေးခေါ်ရှင် ဘာသာရေးဗေဒပညာရှင်စာရေးဆရာ ဖြစ်သည်။ သူ့ခေတ်ကာလတွင် လွှမ်းမိုးထားသော နာမ်ဝါဒီကြီး ဟေဂယ်၏ ဒဿနစနစ်တည်ဆောက်ရေးကို အပြင်းအထန်ဆန့်ကျင်ခဲ့သူဖြစ်သည်။ အမှန်တရားသည် ပုဂ္ဂလလူသား၏အတွင်းအဇ္ဈတ သဘောနှင့် နက်ရှိုင်းစွာဆက်စပ်နေသည်ဟု ယုံကြည်ခဲ့သည်။ မော်ဒန်ဖြစ်တည်မှုဝါဒကိုအခြေတည်ပေးသူအဖြစ် သတ်မှတ်ကြသည်။ သူ၏ ထင်ရှားသောဒဿနစာပေများမှာ Either/or (၁၈၃၄)၊ The Concept of Dread (၁၈၄၄)နှင့်Cuoncluing Unscientific Postcrip (၁၈၄၆) တို့ ဖြစ်ကြသည်။
(၁ဝ) Marcel, Gabriel မာစယ်၊ ဂါဘရီးယယ် (၁၈၈၉­၁၉၇၃) ဘုရားရှိဖြစ်တည်မှုဝါဒကိုဦးဆောင်ခဲ့သောပြင်သစ်တွေးခေါ်ရှင်ဖြစ်၏။ ဒုတိယကမ္ဘာစစ်အပြီးတွင် ပြင်သစ်ဒဿနလောက၌ ယန်းပေါဆာ့တ်နှင့်ခေတ်ပြိုင်ထင်ရှားသူလည်းဖြစ်သည်။ ဝတ္ထု၊ ပြဇာတ်များရေး၍ သူ၏ ဒဿနကိုဖော်ထုတ်ခဲ့သည်။ Being and having (၁၉၃၅)၊ The Mystery of Being (၁၉၅ဝ) တို့သည် သူ၏ ထင်ရှားသောဒဿန လက်ရာများ ဖြစ်၏။
(၁၁) Marx, Karl မာ့က်စ်၊ ကားလ် (၁၈၁၈­၁၈၈၃)
ထင်ရှားသော ခေတ်သစ်ဂျာမန်ရုပ်ဝါဒီဖြစ်သည်။ ငယ်စဉ်က ဂျာမန် နာမ်ဝါဒီကြီးဟေဂယ်၏လွှမ်းမိုးမှုကို များစွာခံခဲ့ရသည်။ ကွန်မြူနစ်စနစ်၏ အခြေခံဒဿနဖြစ်သော ဒိုင်ယာလက်တစ်နည်းကျရုပ်ဝါဒကို ဖော်ထုတ်ခဲ့သူဖြစ်သည်။ ဤမည်ကိုအစွဲပြုထားသော မာက့်စ်ဝါဒသည် နှစ်ဆယ်ရာစုကမ္ဘာ၏ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်များတွင် အထူးအရေးပါပြီး တွင်ကျယ်ခဲ့သည်။ သူ၏ထင်ရှားသောဒဿနစာပေများမှာ The German Idiology (၁၈၄၆)၊ The porerty of Philosophy ( ၁၈၄၇)နှင့်Manifesto of the communist party (၁၈၄၈)တို့ ဖြစ်ကြသည်။
(၁၂) Nietzche, Friedrich နိရှေး၊ ဖရက်ဒရစ်(၁၈၄၄­၁၉ဝဝ)
ဂျာမန်တွေးခေါ်ရှင် ယဉ်ကျေးမှုဝေဖန်ရေးဆရာဖြစ်သည်။ ရှေးရိုးစဉ်လာခရစ်ယာန် ကိုယ်ကျင့်နီတိနှင့် လူတိုင်းသာတူညီမျှဖြစ်သည်ဟူသော လူထုအခြေပြုလူ့အဖွဲ့အစည်းခံယူချက်တို့ကို ပြင်းထန်စွာ ဆန့်ကျင်တိုက်ဖျက်ခဲ့သူ ဖြစ်သည်။ သူ၏ ထူးချွန်သူ လူ့ထက်လူ (Superman) အယူအဆသည် အလွန်ကျော်ကြားခဲ့သည်။ သူ၏အတွေးအခေါ်သည် နှစ်ဆယ်ရာစု အနောက်တိုင်းစာပေအပေါ် များစွာလွှမ်းမိုးခဲ့ပြီး သူ့ကို ဘုရားမဲ့ဖြစ်တည်မှုဝါဒ၏ အခြေခံတွေးခေါ်ရှင်အဖြစ်လက်ခံထားကြသည်။ သူ၏ Thus Spoke Zarathustra (၁၈၈၃) နှင့် Beyond Good and Evil (၁၈၈၆) တို့သည် ထင်ရှာသည်။
(၁၃) Plato ပလေတို(၄၂၈­၃၄၇)
ထင်ရှားသော ဂရိတွေးခေါ်ရှင် နာမ်ဝါဒီကြီးဖြစ်၏။ အနောက်တိုင်းတွင် ဒဿနပညာကို စနစ်တကျဖြစ်အောင် စတင်ဖော်ဆောင်ပေးသူ ဖြစ်၏။ ယနေ့ အနောက်တိုင်းတက္ကသိုလ်များ၏ မူလအစဖြစ်သော'အကယ်ဒမီကျောင်းတော်'ကို ဂရိနိုင်ငံအေသင်မြို့တွင် တည်ထောင်ခြဲ့ပီး ဒဿနပညာ၊ သင်္ချပညာနှင့်စာပေပညာတို့ကို သင်ကြားပို့ချခဲ့သည်။ သူ၏ စိတ်ကူးထည်သီအိုရီ (Theory of Idea) သည် အနောက်တိုင်း တွေးခေါ်ရှင်အဆက်ဆက်အပေါ် သြဇာပြုလွှမ်းမိုးခဲ့သည်။ ဆွေးနွေးပွဲဒဿနကျမ်းများစွာ ရေးသားပြုစုခဲ့သည်။ အထင်ရှားဆုံးမှာ 'သမ္ထတိံငိုငေံတာ်(The Republic)' ဖြစ်သည်။
(၁၄) Sartre, Jean­Paul ဆာ့တ်၊ ယန်းပေါ(၁၉ဝ၅­၈ဝ)
စာပေနိုဘယ်ဆုရ ပြင်သစ်တွေးခေါ်ရှင် စာရေးဆရာဖြစ်သည။် သူ၏ ဘုရားမဲ့ဖြစ်တည်မှုဝါဒသည် မျက်မှောက်ခေတ် ဒဿနသမိုင်းတွင် အင်အားကြီးမားသော ဒဿနလှုပ်ရှားမှုတရပ်ဖြစ်သည်။ လွတ်လပ်မှုနှင့်ပတ်သက်သော သူ၏အတွေးအခေါ်များအပေါ် ဂျာမန်တွေးခေါ်ရှင် ဖိခ်ျတေ (Fichte) ၏ လွှမ်းမိုးမှု များစွာရှိခဲ့သည်။ Being and Nothioness (၁၉၄၃) သည် သူ၏ အထင်ရှားဆုံးဒဿနကျမ်းဖြစ်သည်။
(၁၅) Socrates ဆောခ့ရတ္တိ ၄၇ဝ­၃၉၉ ဘီစီ)
ရှေး ဂရိတွေးခေါ်ရှင်ကြီး ဖြစ်သည်။ အနောက်တိုင်းအတွေးအခေါ်သမိုင်းတွင် သဘာဝအခြေပြုဒဿနလမ်းကြောင်းမှ လူသား အခြေပြုဒဿနလမ်းကြောင်းသို့ တဆစ်ချိုးပြောင်းလဲစေခဲ့သူဖြစ်သည်။ သူ၏တွေးခေါ်ကြံဆနည်းသည် ဆောခ့ရတ္တိနည်းဟူ၍လည်းကောင်း၊ ဒိုင်ယာလက်နည်းဟူ၍လည်းကောင်း ထင်ရှား၏။ သူကိုယ်တိုင် မည်သည့် ဒဿနကျမ်းကိုမျှ မရေးသားခဲ့။ သို့သော် သူ၏တပည့်ရင်း ပလေတို၏ 'ဆွေးနွေးပွဲကျမ်းစာမှတဆင့် အတွေးအခေါ်များကိုသိရှိရသည်။

ကိုးကားစာအုပ်များ
1. Aronson, Ronald, "Jean­Paul Sartre; Philosophy in the World", Verso, London, 1980.
2. Barrett, William, "Irrational Man", Mercury London, 1964.
3. Blackham, "Six Existentialist Thinkers", Routledge, London, 1989.
4. Collinson, Diane, "Fifty major Philosophers", Routledge, London, 1989. 5. Feibleman, "Understanding Philosopy", Horizon, New York, 1973.
6. Katen, Thomas, "Doing Philosophy", Pretice­Hall, U.S.A., 1973.
7. Kaufmann, Walter, "Existentialism From Dostoevsky to Sartre", Meridian, U.S.A., 1975.
8. Khlyabich, "an Outline History of Philosophy", Progress, Moscow, 1964. 9. Lafarage, Rene, "Jean­Paul Sartre", University of Notre Dame, U.S.A., 1970.
10. Macquarrie, John, "Existentialism", Pelican, England, 1976.
11. Murdoch, Iris, "Sartre", Collins, London, 1967.
12. Passmore, John, "A Hundred Years of Philosophy", Wyman & Son London, 1957.
13. Runes, Dagobert, "Dictionary of Philosophy", Littlefield, U.S.A., 1968.
14. Sartre, Jean­Paul, "Being and Nothingness", Philosophyical Library, New York, 1956.
15. Sartre, Jean­Paul, "Existentialism and Humanism", Methuen, London, 1955.
16. Sartre, Jean­Paul, "Nausea", Pennguin, England, 1956.
17. Sartre, Jean­Paul, "The Reprieve", Knoff, New York, 1947.
18. Stern, Alfread, "Sartre; His Philosophy and Psychoanalysis", Libreal Arts, New Yorks, 1953.
19. Streller, Justus, "To Freedom comdemned", Philosophical Library, New York, 1960.
20. White, Morton, "The Age of Analysis", Mentor, U.S.A., 1955.
21. Wilson, Colin, "Beyond the Outsider", Pan, London, 1965.
22. Wilson, Colin, "Outsider", Pan, London, 1970.
23. Winn, Ralph, "A Concise Dictionary of Existentialism", Philosophical Library, New York, 1960.

0 comments:

Post a Comment