တဖြတ်စာပေါင်းချုပ်ချက်နဲ့တရားဥပဒေစိုးမိုးရေးကိစ္စ
(မျိုးမြင့်ချို)
(၂၅)နှစ်တဖြတ်စာ ဒါမှမဟုတ် (၂၅)နှစ်တာပေါင်းချုပ်ချက်တရပ်
ထွက်လာမယ်လို့မျှော်လင့်မိကြောင်းနဲ့ ငွေရတုအဖြစ် ကျင်းပတာက
အောင်ပွဲခံနေသူတွေနဲ့သာဆိုင်ကြောင်း၊ ၂၅ နှစ်စာပေါင်းချုပ်ချက်မှာ
”စစ်အာဏာရှင်စနစ်ရှိသေးသလား မရှိတော့ဘူးလားနဲ့ ရှိသေးတယ်ဆိုရင် ဘယ်သဏ္ဍန်နဲ့ဆက်ရှိ၊
မရှိတော့ဘူးဆိုရင် ဘာ့ကြောင့်မရှိတော့ကြောင်း” တိကျရှင်းလင်းတဲ့ ဖွင့်ဆိုသတ်မှတ်မှု
ပါဖို့လိုမယ်လို့ မနက်ကရေးခဲ့တာ ကျနော့်သဘောထားပါ။ ဖြည့်ဖို့လိုဦးမယ်ထင်လို့ အခု
ဆက်ပါမယ်..ကျနော်ဆိုလိုတာက အရပ်သားစစ်စစ်အစိုးရ၊ ဒီမိုကရေစီစစ်၊ ဖက်ဒရယ်မူ၊
လူ့အခွင့်အရေးပြည့်ဝတဲ့အခြေအနေဟာ အပြီးသတ်ရည်မှန်းချက်အဖြစ်ထားတာပါ။
ဒါဆိုအဲ့ဒီရောက်မှ အပြီးသတ်နိဂုံးချုပ်ချက်ချရမှာဘဲဆိုတာမျိုးတော့
မဟုတ်သေးဘူးထင်ပါတယ်။ ဆိုလိုတာက ၂၅ နှစ်တဖြတ်စာ ကောက်ချက်နဲ့နိဂုံးချုပ်ချက်ချဖို့ပါ။
စစ်အာဏာရှင်စနစ်ရှိ/မရှိနဲ့- ရှိရင်ဘယ်လိုရှိ၊ မရှိရင်ဘာ့ကြောင့်မရှိတော့ဆိုတာ
ထင်းထင်းပီပီပြောနိုင်မှ ရှေ့ဘာဆက်လုပ်မယ်ဆိုတာကို စဉ်းစားရမှာလို့မြင်ပါတယ်။
နောက်တချက်က မိမိဘက်အကြပ်အတည်းနဲ့ သူတို့ဘက်ကအကြပ်အတည်း ၂ ခုလုံးကိုလည်း
ရှင်းရှင်းပြတ်ပြတ်သိမြင်ဖို့လိုမယ်ထင်ပါတယ်။ ဘက်တဘက်တည်းရဲ့အကြပ်အတည်းကို
ခရေစေ့တွင်းကျသိနေရုံနဲ့လည်း အလုပ်မဖြစ်ဘူးမြင်ပါတယ်။ ဆိုတော့
စစ်အာဏာရှင်စနစ်ရှိ/မရှိနဲ့ ရှိရင်ဘယ်လိုရှိ မရှိရင်ဘာ့ကြောင့်မရှိတော့ကို
တိကျရှင်းလင်းတဲ့ ဖွင့်ဆိုချက်တခု အရင်ကျအောင်လုပ်။ မိမိဘက်အကြပ်အတည်းနဲ့
သူ့ဘက်အကြပ်အတည်းတွေကို မချွင်းမချန်မညှာမတာကြည့်။ ကြည့်ရင်မြင်မှာပဲ။ မြင်ရင်
လုပ်ဟန်နည်းနာအပိုင်းမှာ ဘာတွေပြင်မလဲ။ ဖြည့်မလဲ၊ ဖြုတ်မလဲ
စသည်ဖြင့်ဆက်ပြောလို့ရမှာပါ။ ပြီးတော့မှ ရှေ့ဘယ်လိုခရီးဆက်မယ်ဆိုတဲ့
ဘုံသဘောဆောင်တဲ့အမြင်တခုချ။ အဲ့ဒီအထိုင်ပေါ်ကနေဆက်သွားကြရင် ခရီးပေါက်မယ်တွေးပါတယ်။
အဲ့သလိုမဟုတ်ရင် ဘယ်အခြေခံပေါ်ကနေ ဆက်ထွက်ကြမှာလဲဆိုပြီး ဝေဝါးနေမလားထင်ပါတယ်။
ရှစ်လေးလုံး ၂၅ နှစ်မြောက်ခြင်းကို ကြေကွဲအောက်မေ့ဖွယ်နေ့ရက်အဖြစ်တွေးကြမယ့်(ခံယူကြမယ့်)သူတွေအတွက်
ကျနော့်သဘောထားအမြင်ကို တင်ပြဆွေးနွေးတာပါ။ ဂျူဘလီတွေတော့ ကိုယ့်အယူ ကိုယ့်မူနဲ့ ကိုယ့်လူမို့
ကြိုက်သလိုယူနိုင်ပါတယ်။ နောက်တချက်က ထစ်ကနဲရှိထွက်ထွက်လာတဲ့
တရားဥပဒေစိုးမိုးရေးကိစ္စ။ တရားဥပဒေစိုးမိုးရေးဆိုတာ
တရားတဲ့ဥပဒေတွေကိုပြုထားတဲ့တိုင်းပြည်မှာ
တရားသဖြင့်အုပ်ချုပ်တဲ့အစိုးရတွေက တရားစီရင်ရေးနဲ့အုပ်ချုပ်ရေးကိစ္စတွေမှာ ချွတ်ချော်တိမ်းပါးတဲ့အခါပြောရမယ့်စကားပါ။
တရားရေးသဘောဥပဒေသဘော အုပ်ချုပ်ရေးသဘောအရပြောရမယ့် လုပ်ဟန်ကိစ္စမျှဖြစ်တယ်လို့မြင်ပါတယ်။
မတရားတဲ့အစိုးရနဲ မတရားတဲ့ဥပဒေဆိုတာက ဆန့်ကျင်တိုက်ဖျက်ဖို့ပါ။
စိုးမိုးဖို့မဟုတ်ပါဘူး။ (မျိုးမြင့်ချို) ဇူလိုင် ၁၄။ ၂ဝ၁၃
0 comments:
Post a Comment