ပုဏ္ဏားသိမ်း အသိမ်းတောင်မခံရတဲ့ ဈေးပေါင်ကျိုးဒေါင်းတွေ (မျိုးမြင့်ချို)
ကျနော်နေတဲ့ ဖို့တ်ဝိန်းမြို့မှာ Swap Meet လို့ခေါ်တဲ့ တောဈေးကြီးတခု ရှိတယ်ဗျ။ ဈေးဆိုတာထက် ပတ်လည်ပြည်နယ်တွေက တောသူတောင် သားတွေ လာကြလည်ကြ တယောက်နဲ့တယောက်တွေ့ကြ ပြုကြ ရောင်းကြဝယ်ကြတာအပြင် သူ့ပစ္စည်းကိုယ့်ပစ္စည်း အဖိုးသားနားတူ လဲကြလှယ်ကြတာလည်း ရှိတယ်ဗျာ။ ဗမာပြည်က နွားပွဲဈေးနဲ့ခတ်ဆင်ဆင်တူသလို ဆယ့်နှစ်ပွဲဈေးနဲ့လည်း မနီးရိုးစွဲလေးဗျာ။ လယ်သမားသုံးပစ္စည်းတွေ။ အမဲလိုက်သေနတ်တွေ၊ ပြောင်းတိုသေနတ်တွေ၊ ဓါး၊ လေးမြား၊ လှံ၊ တူ၊ တံဇဉ်၊ ထွန်းတုံးထွန်တံ စတာမျိုးတွေ၊ ရောင်းကြတာရှိသလို အမဲပစ်တောလည်တောလိုက်ရာကရလာတဲ့ အကောင်ဗလောင်မျိုးစုံတွေ၊ ကြက်၊ ဘဲ၊ ငန်း၊ ဆိတ်၊ သိုးလိုအကောင်တွေအပြင် ငှက်မျိုးစုံ၊ ခွေး၊ ကြောင် စတဲ့အိမ်မွေးတိရိစ္ဆာန်တွေ၊ အိမ်မြှောင်လိုလို တောက်တဲ့လိုလို သင်းခွေချပ်လိုလိုအကောင်တွေ မြွေကြီးတွေ၊ ပြီးတော့ဘာမှန်းမသိတဲ့ တောရိုင်းကောင်တွေလည်း အများကြီးဗျာ။ ခြံကျယ်ကြီးတွေထဲ မွေးထားတာတွေကို အရှင်လိုက် အကောင်လိုက်တွေ ချရောင်းကြလဲကြတာပေါ့ဗျာ။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ တလတကြိမ်လုပ်တာဆိုတော့ တနှစ်မှ (၄)ကြိမ်ထဲရယ်။ ကျနော် နှစ်တိုင်းရောက်တယ်။ အနည်းဆုံး တနှစ်ကို (၂)ကြိမ်တော့သွားတယ်။ လွန်ခဲ့တဲ့ရာစုနှစ်တွေက အမေရိကန်တွေရဲ့ဘဝနေနည်းကား တစေ့တစောင်းလည်းမြင့်ခွင့်ထိတွေ့ခွင့်နဲ့ အနံ့အသက်လေးရတာလည်းပါတော့ ပျော်မွေ့ကြည်နူးစရာပါ။ ခုနှစ်လည်း တမြန်နေ့က ဇူလိုင်လဈေးနေ့ရောက်တယ်။ ရောက်တဲ့နေ့(ဈေးလပတ်နေ့ကလည်း တိုက်တိုက်ဆိုင်ဗျာ။ ဗမာပြည်နဲ့ဆို ဆဲဗင်န်းဂျူလိုက်နေ့ဗျာ။ ထူးခြားတိုက်ဆိုင်မှုများ တခါတခါမယုံနိုင်စရာပါ) ကလည်း ဗမာပြည်ရဲ့အမှတ်ရစရာ မမေ့စရာနေ့ဗျာ။
ခုတခေါက် ထူးထူးခြားခြားသတိထားမိတာက ဒေါင်းဈေးဗျာ။ ဒေါင်းဈေးတွေက ထိုးကျသွားတယ်။ ဘာလို့လဲတော့မသိပါဘူး။ ဒေါင်းတွေပေါလာလို့လား၊ ဖမ်းမိပြီး ဈေးတင်ရောင်းခံရတာများလို့လား၊ လူကြိုက်နည်းသွားလို့လား၊ ဝယ်သူမရှိလို့လား ဘာလားတော့ အသေအချာမသိဘူးဗျာ။ ဈေးကျကုန်တာတော့ သေချာတယ်။ ဒီလောက် ဈေးထိုးကျပြီး ဈေးပေါင်ကျိုးနဲ့ ချရောင်းနေတာတာတောင် အဝယ်မလိုက်ဘူးဗျ။ မနှစ်ကအထိ ဒေါင်းတစ်ကောင် ၁၂ဝ လောက် ဈေးပေါက်တာဗျာ။ အထီး/အမအလိုက်၊ အသက်အရွယ်အလိုက် ဈေးတော့နည်းနည်းကွာ တာပေါ့။ ဒီနှစ်တော့ ဘယ်လိုဖြစ်တယ်မသိပါဘူး။ အထီးယူယူ အမယူယူ တစ်ကောင်မှ ၈ဝ တဲ့ဗျ။ ဈေးက အဲလောက်ကျနေတာတောင် ဝယ်သူကသိတ်မရှိဘူးဗျ။ ဒေါင်းမုဆိုးတွေ ဒေါင်းရောင်းသမားတွေ မျက်နှာပန်းမလှဘူးဗျာ။ အိမ်အပြန် ဒေါင်းတွေပြန်သယ်ရတော့မှာကိုး။ နောက်ပြီး ဈေးကွဲချိန်ဆို ပုဏ္ဏားသိမ်း သိမ်းပြီး လာလာဝယ်တတ်သူတွေတောင် ဒေါင်းတွေဘက်သိတ်မလာကြဘူး။ ခါတိုင်းဆို အဲ့ဒီ ဈေးပေါင်ကျိုးချိန် ဈေးကွဲချိန်ထိစောင့်ပြီး ပုဏ္ဏားသိမ်း သိမ်းသူတွေကြည့်လိုက်ရင် ဒေါင်းတန်းဘက်ခြေချင်းလိမ်နေတာလည်းတွေ့တယ်ဗျ။ ခုတော့ သိတ်မတွေ့မိဘူး။ လှောင်အိမ်ကျယ်ထဲကဒေါင်းတွေကြည့်တော့လည်း သိတ်ကြွားကြွားရွားရွား လှလှပပတက်ကြွကြွမရှိသလို တကောင့်တကောင်လည်း ထိုးလိုက်ဆိတ်လိုက်နဲ့ အော်တော့လည်း အသံသေးအသံကြောင်တွေနဲ့၊ မသာမယာကြီးဗျာ။ အိုးဝေ အိုးဝေလို့ တကောင်မှလည်း တွန်သံမကြားမိဘူးဗျ။ တကောင်ခြင်းလှောင်ချိုင့်စံဒေါင်းတွေ ကြည့်ပြန်တော့လည်း တုတ်တုတ်တောင် လှုပ်မရဘူးဗျာ။
ကျနော်က အဲ့ဒေါင်းတွေကြည့်ရင်း ရှစ်လေးလုံးအာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လူထုတိုက်ပွဲကြီးထဲကဒေါင်းတွေကိုလည်း အောက်မေ့မိတာပဲ။ ခု ၂၅ နှစ်မြောက်လည်လာတော့လည်း အမှတ်တရကျင်းပမယ့်ပွဲမှာ ဒေါင်းမဟုတ်တော့ပဲ ဂျိုး(ချိုး)ဖြစ်သွားတာတွေ့တော့လည်း ဒေါင်းကိုပဲအောက်မေ့မိတာပဲ။ အေးဗျာ ဒီဈေးနေ့မှာတော့ အမေရိကန်ဒေါင်းတွေ ဈေးပေါင်ကျိုးတာတောင် လူကြိုက်နည်းပြီးအဝယ်မလိုက်ဘူးဗျာ။ ဈေးကွဲချိန်ထိ တကောင့်တကောင် ထိုးရင်းဆိတ်ရင်း ဒေါင်းမုဆိုးရဲ့လှောင်ချိုင့်ကျယ်ထဲမှာတချို့၊ တုတ်တုတ်တောင်လှုပ်မရတဲ့ လှောင်ချိုင့်ကျဉ်းထဲမှာတချို့ကိုမြင်တော့ ဗမာပြည်ကဒေါင်းတွေရော နေကောင်းထိုင်သာနဲ့ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် တွန်နိုင်ကျူးနိုင် ခွပ်နိုင်တိုက်နိုင်မှ ရှိရဲ့လားလို့တွေးမိတယ်။ "ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေသောဝ် ဒေါင်းအိုးဝေရယ်တဲ့ တွန်စေကစေသောဝ်"လို့ စာချိုးခဲ့တဲ့ဘကြီးမှိုင်းကိုသတိရသလို ၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲလာတဲ့ ကွန်မြူနစ်ပါတီကိုယ်စားလှယ်တွေရဲ့ခေါင်းဆောင် ရဲဘော်ဌေးလက်ထဲပိုက်လာတဲ့ သခင်သန်းထွန်းရဲ့ ဘကြီးမှိုင်းအတွက်လက်ဆောင် ဒေါင်းပျိုလေးကိုလည်း အောက်မေ့မိတာပါပဲ။
ဒါနဲ့ ဖို့တ်ဝိန်းရောက်နေတဲ့ကိုသက်မှူးက ကျနော်နဲ့အတူလိုက်မယ်ပြောပြီး အိပ်ယာထနောက်ကျတာနဲ့ မလိုက်ဖြစ်တော့ အဲ့ဒေါင်းတွေအဖြစ်ကို သူ့မျက်စေ့နဲ့တပ်အပ်မမြင်လိုက်ရဘူးပေါ့ဗျာ။ မျိုးမြင့်ချို ဇူလိုင် ၈ ရက် ၂ဝ၁၃

0 comments:
Post a Comment