ပရိုတက်စတင့်အယူဝါဒသည်
ခြိုးခြံချွေတာရေး၊ သိက္ခာသမာဓိတည်ကြည်ရေး၊ အလုပ်ကြိုးစားရေး(အလုပ်သမားများအတွက်ရည်စူးချက်)တို့ကို ဟောပြောသွန်သင် သည်။ ထိုခေတ်က ရာနှင့်ထောင်နှင့်ချီ၍သေဆုံးသူတွေရှိခဲ့ရသော
ဘာသာရေးစစ်ပွဲ များဆိုသည်ကို အရင်းစစ်ကြည့်လိုက်လျှင် ဥစ္စာဓနထုတ်လုပ်ရေးအတွက် မတူညီ သည့်စည်းရုံးရေးနည်းနာ
(၂)ရပ်အပေါ်အခြေခံထားကြသော၊ လုံးဝကွဲပြားခြားနား သည့် လူ့အဖွဲ့အစည်းအသွင်သဏ္ဌာန် (၂)ရပ်အကြားကတိုက်ပွဲတွင်
ဘယ်ဘက်က အနိုင်ရမလဲဆိုသည်ကို အသက်များပေးအပ်၍ လောင်းကြေးထပ်ကြရသည့်
လောင်း ကစားပွဲကြီးများဟုဆိုနိုင်ပါသည်။ ဗြိတိန်မှာဆိုလျှင်
ဓနရှင်လူတန်းစားက သိသာစွာ အနိုင်ရလိုက်သည်။ သေကြေခဲ့ကြရသည်ကတော့ ပြည်သူများသာ။
စစ်ပွဲထဲဆွဲသွင်းခြင်းခံလိုက်ကြရသည့် ပြည်သူများသာ။ ဥရောပအရင်းရှင်စနစ်ခေတ် ဦးမှာ
ရာနှင့်ချီကာတိုက်ခိုက်ခဲ့ရသော ဤစစ်ပွဲတွေ…. ပြည်သူတွေ မရေမတွက်နိုင်အောင်
သေဆုံးခဲ့ကြရသည့် ဤစစ်ပွဲတွေ …. ဥရောပအရင်းရှင်စနစ်ခေတ်ဦးအကြောင်းပြောမည်ဆိုပါက
ဤအကြောင်းအရာများကို ဖယ်ချန်ထားခဲ့၍မရပါ၊ နောက်ပြီး ယင်းပဋ္ဋိပက္ခများသည်
ဘာသာရေးသက်သက်တိုက်ပွဲများမဟုတ်ဘဲ အရင်းခံအားဖြင့် လူတန်းစားတိုက်ပွဲများသာဖြစ်ကြကြောင်း သတိပြုစေလိုပါသည်။
ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း-၃)
ပုပ်ရဟန်းမင်းကြီး၏သြဇာအာဏာကိုတိုက်ဖျက်ရာတွင်လည်း
ဘုရင်နှင့်ဓနရှင်လူတန်းစားတို့ တသဘောတည်းညီညွတ်ခဲ့ကြဖူး သည်။ ထို့အပြင် ပြင်သစ်ပြည်တွင်
ဓနရှင်လူတန်းစားတို့လိုလားခဲ့ကြသော လွှတ်တော်နှင့်ပါလီမန်တို့သည် အင်္ဂလိပ်တို့၏ ပါလီမန်လောက်အရေးပါမှု
မရှိပါ။ မျက်မှောက်ခေတ် ပြင်သစ်ပြည်သည် လူဦးရေ (၅၆)သန်းကျော်ရှိပြီး
မြို့နေလူဦးရေက (၇၄)ရာခိုင်နှုန်းရှိသည်။ သူ၏မြို့တော်က ပဲရစ်။
ပြင်သစ်တော်လှန်ရေးစတင်ဖြစ်ပွားခဲ့သည့် (၁၇၈၉)ခုနှစ်တုန်းကမူ ပြင်သစ်၏လူဦးရေသည် (၂၅)သန်းသာရှိခဲ့သည်။ (၂၃)သန်းသော လူဦးရေတို့သည် ကျေးလက်များတွင်နေထိုင်ကြသည်။ တော်လှန်ရေးမတိုင်မီက ပြင်သစ်ပြည်သည် ပဒေသရာဇ်သက် ဦးဆံပိုင်စနစ်နိုင်ငံဟုဆိုနိုင်သည်။ ဥရောပတိုက်၏နိုင်ငံတခုဖြစ်သော ပြင်သစ်ပြည်သည် ထိုစဉ်က ဥရောပအရင်းရှင်စနစ်ဖြစ်ထွန်း တိုးတက်မှုလမ်းကြောင်းအတိုင်း သူသည်လည်း လိုက်ပါလျှောက်လှမ်းခဲ့သည်။
ဥရောပဓနရှင်လူတန်းစားသည် ပဒေသရာဇ်အာဏာကိုဖြိုချရာတွင် ပထမဆင့်အနေဖြင့် ဘုရင်နှင့်မဟာမိတ်ဖွဲ့ကြရသည်။ ပဒေသရာဇ်များနှင့်ဘုရင်အကြားကပဋိပက္ခသည် ကြီးမားလှပါသည်။ လယ်ယာမြေပိုင်ဆိုင်မှုကဲ့သို့သော စီးပွားရေးဘက်မှာပြိုင်ဆိုင် မှုရှိရုံသာမက အုပ်ချုပ်မှုအာဏာပြိုင်ဆိုင်မှုကလည်း အထွဋ်အထိပ်တွင်ရှိသည်။ ပဒေသရာဇ်အာဏာသည် ဘုရင့်အာဏာထက်ပို ကြီးခဲ့ပါသည်။ ဤအချက်ကို တွေ့ရှိထားသူဓနရှင်လူတန်းစားသည် ပဒေသရာဇ်များကိုဖြိုချရေးတွင် ဘုရင်ကိုသူ့ဘက်ပါအောင် ဆွဲယူအသုံးချလိုက်ခြင်းဖြစ်သည်။ ဘုရင်ကလည်း ပဒေသရာဇ်များကိုတိုက်ခိုက်ပြီး သူ့အာဏာပိုမိုတောင့်တင်းအောင်လုပ်ရေးတွင် ဖြစ်ထွန်းစဓနရှင်လူတန်းစား၏ထောက်ခံမှုနှင့်အကူအညီတို့ကို ရယူလိုက်ခြင်းဖြစ်သည်။ ၄င်းတိုက်ပွဲတွင် ကက်သလစ်ဘာသာရေး ဂိုဏ်းများ၊ ဘာသာရေးထိပ်ပိုင်းအလွှာနှင့်ပုပ်ရဟန်းမင်းကြီးတို့က ပဒေသရာဇ်တွေဘက်ကရပ်တည်ခဲ့ကြသည်။ တိုက်ပွဲများတွင် ဘုရင့်ဘက်ကအနိုင်ရရှိခဲ့သည့်အတွက် ဥရောပတိုက်သည် အမျိုးသားဘုရင်စနစ် နိုင်ငံတော်များဖြစ်တည်လာခဲ့ကြသည်။ ယင်းဘုရင်စနစ်နိုင်ငံတော်များသည် သက်ဦးဆံပိုင်အကြွင်းမဲ့ဘုရင့်အာဏာကို ကျင့်သုံးခဲ့ကြသည်။ ဥပမာအားဖြင့် အင်္ဂလန်နှင့်ပြင်သစ်။
ဓနရှင်လူတန်းစားသည် အရင်းရှင်စနစ်တိုးတက်ကြီးထွားရေးတွင် အဟန့်အတားဖြစ်နေသည့်အတွက် ပဒေသရာဇ်များကိုတိုက်ခဲ့ ရသည်။ အမျိုးသားဘုရင်စနစ်ပေါ်ပေါက်လာပြန်တော့လည်း၊ ၄င်းသည် အကြွင်းမဲ့သက်ဦးဆံပိုင်စနစ်သာ ဖြစ်နေပြန်သည်။ ဓနရှင် လူတန်းစားသည် တဖြည်းဖြည်းချင်းကြီးထွားဖွံ့ဖြိုးလာသည်။ သူ၏သြဇာအာဏာမှာလည်း စီးပွားရေးအရ ပိုမိုကြီးမြင့်လာသည်။ လုပ်ငန်းများလည်း ပိုမိုတိုးတက်လာသည်။ သူသည် စီးပွားရေးအရတစုံတရာလွတ်လပ်ခွင့်ရှိခဲ့သော်လည်း နိုင်ငံရေးနှင့်အုပ်ချုပ်ရေး ဘက်တွင်မူ သြဇာအာဏာမရှိရုံမျှသာမက ပါဝင်ခွင့်ပင်မရှိသောအဖြစ်မျိုးနှင့် ကြုံတွေ့လာရသည်။ အမှန်တကယ်က စီးပွားရေးဘက် တွင်လည်း အပြည့်အဝလွတ်လပ်ခွင့် ရှိသည်တော့မဟုတ်ပါ။ (ပြင်သစ်ပြည်တွင် ဤအချက်သည် ပိုမိုပေါ်လွင်သည်။ ထို့အပြင် ပြင်သစ်ပြည်တွင် ဘုရင်သည် ပဒေသရာဇ်စနစ်ကိုလုံးဝကုန်စင်အောင်ဖျက်သိမ်းနိုင်ခြင်း မရှိခဲ့ပါ။ ပြင်သစ်ဘုရင်များသည် ဘာသာရေးဂိုဏ်းတို့ကို ဆက်လက်အားကိုးအားထားလုပ်နေရဆဲ ဖြစ်သည်။ ဓနရှင်လူတန်းစားအနေဖြင့် သူ၏အရင်းရှင်စနစ်ကို အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်လိုသည်ဆိုပါက သူ့တိုးတက်ရာလမ်းခရီးရှိ အတားအဆီးမှန်သမျှကိုတိုက်ဖျက်ပစ်ရတော့မည်ဖြစ်သည်။ သူကိုယ်တိုင်က နိုင်ငံရေးအာဏာနှင့်အုပ်ချုပ်ရေးအာဏာတို့ကိုရရှိမှသာလျှင် သူ၏အရင်းရှင် စနစ်ကိုအစွမ်းကုန်ဖွံ့ဖြိုးတိုး တက်စေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ပဒေသရာဇ်သက်ဦးဆံပိုင် အကြွင်းမဲ့အာဏာကို ကျင့်သုံးနေသော ဘုရင်ကိုပါ တိုက်ဖျက်ပစ်ရမည့်အခြေအနေ ဖြစ်လာသည်။ ဤသည်မှာ ဓနရှင်အာဏာရှင်စနစ်သို့ သွားရာလမ်းခရီးပင်ဖြစ်သည်။

အင်္ဂလန်မှာရော
ပြင်သစ်ပြည်မှာပါ ဘုရင်နှင့်ဓနရှင်လူတန်းစားတို့၏တိုက်ပွဲကို အခိုင်အမာအားဖြင့်
ဘုရင်၏အကြွင်းမဲ့အာဏာရှင် စနစ်နှင့် ဓနရှင်လူတန်းစားတို့၏ပါလီမန်(သို့မဟုတ်)
လွှတ်တော်တို့၏တိုက်ပွဲများအသွင်ဖြင့် မြင်တွေ့ရပါသည်။ ပြင်သစ်ပြည်တွင်မူ
ဤဖြစ်စဉ်သည် ရှည်လျားသည်။ တပွဲပြီးတပွဲ ဆက်တိုက် တိုက်လာခဲ့ရသောတိုက်ပွဲများသာတည်း။
ပြင်သစ်ပြည်၏ပထမဦးဆုံးသောဓနရှင်တော်လှန်ရေးတိုက်ပွဲသည် (၁၇၈၉) ခုနှစ်တွင်
ဖြစ်ပွားခဲ့ပါသည်။ ရှေးဦးစွာ ပြင်သစ်အုပ်စိုးသူဘုရင်များ၏ဖြစ်စဉ်များကို လေ့လာကြည့်ဖို့လိုပါလိမ့်မည်။ ပြင်သစ်ဘုရင်များသည် ရှေးဦးစွာ မှူးကြီးမတ်ကြီး များနှင့်အာဏာလုပွဲတွေအကြိမ်ကြိမ်လုပ်ခဲ့ရသည်။
ဘုရင်က အနိုင်ရရှိခဲ့သည်။ ဖိလစ်သြဂတ်စတတ်(Philip Augustus) (၁၁၈ဝ-၁၂၂၆) လက်ထက်ရောက်ရှိသောအခါတွင်
ဘုရင်သည် နိုင်ငံရေးစစ်ရေးဘက်မှာပိုပြီး သြဇာကြီးလာပါသည်။ အမျိုးသား ဘုရင်စနစ်
ပိုပြီးအသာစီးရလာသည်ဟုဆိုနိုင်သည်။ ၄င်းဘုရင်လက်ထက်တွင် ဖွံ့ဖြိုးလာသောစီးပွားရေးအချက်အချာမြို့များမှ ခိုင်မာလာသော ဗျူရိုကရေစီအင်အားစုများ တနည်းအားဖြင့် ပေါ်ထွန်းစဓနရှင်လူတန်းစားနှင့်
မဟာမိတ်ဖွဲ့ခဲ့သည်။ ဤနည်းဖြင့် ဂျာမဏီနှင့်အီတလီတို့အထိ သူ၏တန်ခိုးအာဏာဖြန့်ကြက်နိုင်အောင်ကြိုးစားခဲ့သည်။
(၁၂)ရာစုမှသည် (၁၅)ရာစုအထိ ပြင်သစ် ဘုရင်နှင့်ပုပ်ရဟန်းမင်းကြီးတို့အားပြိုင်ခဲ့ကြသည်။
ဘုရင်က အနိုင်ရခဲ့သည်။ အင်္ဂလိပ်နှင့်ပြင်သစ်တို့သည် (၁၃၃၇)မှသည် (၁၄၅၃) ခုနှစ်အထိ
အနှစ်တရာစစ်ပွဲဖြစ်ခဲ့ကြသည်။ ၄င်းစစ်ပွဲများအနက် (၁၃၄၈)ခုနှစ် ကရီစီစစ်ပွဲ
(Crecy)၊ (၁၃၅၆)ခုနှစ်ပွိုင့်တိးယားစစ်ပွဲ (Piontier) တို့သည် ကျော်ကြားသောစစ်ပွဲများဖြစ်ခဲ့သည်။
(ပြင်သစ်က ဂျုန်းအော့ဖ်အတ် Joan of Arc ဆိုသော အာဇာနည်အမျိုး သမီးသည် ဤစစ်ပွဲများအတွင်း
အသတ်ခံခဲ့ရခြင်းဖြစ်၏)
ဤတိုက်ပွဲအပြီး ပြင်သစ်နိုင်ငံရရှိလိုက်သောအကျိုးကျေးဇူးများအနက်တခုမှာ
ပြင်သစ်နိုင်ငံအား သိမ်းပိုက်ရေးအကြံအစည်ကို အင်္ဂလိပ်တို့ စွန့်လွှတ်လိုက်ရခြင်းပင်ဖြစ်သည်။
နောက်ရလဒ်တခုမှာကား ပြင်သစ်ပြည်၏အမြဲတမ်းတပ်မတော်သည် ဘုရင့်လက်အောက်သို့ လုံးဝကျရောက်သွားသည်။ ဘုရင်၏အကြွင်းမဲ့အာဏာ ပိုမိုခိုင်မာလာသည်။ ယခင်က လွှတ်တော် Estate
ဆိုသည်မှာရှိခဲ့သော်လည်း ၄င်းနောက်ပိုင်းတွင် ဘုရင်ကလွှတ်တော်ကိုခေါ်ဆိုခြင်း
မပြုတော့။ ဘုရင်နှင့်ဘုရင့်ကောင်စီကသာ အုပ်ချုပ်ရေးတွင်စီမံကိုင်တွယ်ခဲ့ကြသည်။
သို့ရာတွင် လွှတ်တော်နှင့်ဘုရင့်အကြားကအားပြိုင်မှုသည် ဆက်လက်တည်ရှိနေဆဲ
ဟင်နရီ (၄) (Henery 4) လက်ထက်ရောက်သည့်အခါ လွှတ်တော်ကိုလုံးဝအလေးမထားတော့ဘဲ ဘုရင်တဦးတည်း၏အာဏာနှင့် နိုင်ငံတော်ကိုအုပ်ချုပ်တော့သည်။ လူဝီ(၁၃) (Louis (13) ၁၆၄၃-၁၇၁၅)လက်ထက်တွင် ပြင်သစ်ပြည်မှာ မကျေနပ်မှုတွေ၊ ဆူပူမှုတွေပေါ်ပေါက်လာသည်။ သည်အခါ လွှတ်တော်ကို မခေါ်လျှင်မဖြစ်တော့သည့်အခြေအနေသို့ဆိုက်ရောက်လာသဖြင့် (၁၆၁၄)ခုနှစ်မှာ လွှတ်တော်ကို ပြန်လည်ခေါ်ယူရတော့သည်။
လူဝီ(၁၄)(Louis (14) ၁၆၄၃-၁၇၁၅) လက်ထက်တွင် ပြင်သစ်အမျိုးသားဘုရင်စနစ်အထွဋ်အထိပ်သို့ရောက်ရှိခဲ့သည်ဟု ဆိုကြ သည်။ လူဝီ(၁၄) က I am the state “နိုင်ငံတော်ဆိုတာ ကျွန်ုပ်ပဲဖြစ်တယ်”ဟူ၍ အတိအလင်းကြွေးကြော်ခဲ့သူပါ။ တချက်လွှတ် အမိန့်အာဏာကိုကျင့်သုံးခဲ့သူဖြစ်သည်။ ဘုရင်က နိုင်ငံ၏အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့်ငြိမ်ဝပ်ပိပြားရေးတို့ကိုတာဝန်ယူပါသည်။ အချုပ်အခြာအာဏာပိုင်ဟာ ဘုရင်သာဖြစ်သည်။ ဘုရင်သည် အမိန့်စာချွန်တော်တွေထုတ်ပြီး မည်သူ့ကိုမဆိုဖမ်းဆီးနိုင်သည်။ အပြစ်ပေးနိုင်သည်။ သေဒဏ်ပေးနိုင်သည်။
(၁၆၄၈)ခုနှစ်နှင့် (၁၆၅၃)ခုနှစ်ကြားတွင် ဘုရင်နှင့်မှူးမတ်များ၊ ပါလီမန်အဖွဲ့ဝင်များအကြား တိုက်ပွဲတကြိမ်ဖြစ်ခဲ့သော်လည်း ဘုရင်ကသာ အနိုင်ရခဲ့သည်။ ၄င်းဘုရင်လက်ထက်တွင် (၁၆ဝ၈)ခုနှစ်က ကနေဒါ၌….(၁၆၂၆)ခုနှစ်က ကာရစ်ဘီယံနိုင်ငံများ၌….(၁၆၇၄)ခုနှစ်က အိန္ဒိယ၌အမြဲတမ်းကိုလိုနီနိုင်ငံထူထောင်နိုင်ခဲ့သည်။
ပင်လယ်ရပ်ခြား၌ ကိုလိုနီနိုင်ငံထူထောင်ရေးဘက်မှာ ပြင်သစ်တို့သည် အခြားဥရောပနိုင်ငံတွေလောက်ခြေမသွက်ပါ။ အစွမ်းလည်း မထက်ပါ။ အကြောင်းရင်းကတော့ စီးပွားရေးဖူလုံသောနိုင်ငံတနိုင်ငံဖြစ်သည့်ပြင်သစ်ပြည်သည် သူ့အတွက် ဥရောပဈေးကွက်နှင့် လုံလောက်နေ၍ဖြစ်သည်။ ထို့ကြောင့် သူသည် ဥရောပတိုက်တွင်းကူးသန်းရောင်းဝယ်ရေးကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့သည်။ သို့ရာတွင် ကိုလိုနီနိုင်ငံချဲ့ထွင်ရေး လုံးဝမလုပ်ခဲ့သည်တော့ မဟုတ်။ စီးပွားရေးပြိုင်ဆိုင်မှုနှင့် နိုင်ငံ့ဂုဏ်သိက္ခာမြင့်တက်ရေးအတွက် ကိုလိုနီ နယ်ပယ်ချဲ့ထွင်မှုလုပ်ခဲ့သည်များရှိသည်။ တခါတရံတွင်မူ ပြည်ပနှင့်ကူးသန်းရောင်းဝယ်နေရသောဓနရှင်လူတန်းစားက ကိုလိုနီ နယ်ပယ်ချဲ့ထွင်ဖို့လိုလားခဲ့သော်လည်း ဘုရင်က စိတ်မပါ။ အားမပေး။ ဤအဖြစ်မျိုးများလည်း ရှိသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံ မှာ အင်္ဂလိပ်တို့နှင့်ယှဉ်ပြိုင်ပြီး ကိုလိုနီနယ်ပယ်ချဲ့ထွင်ရေးကို ဘုရင်ကအားမပေးပါ။
(၁၉)ရာစု အနှောင်းပိုင်းကာလရောက်တော့မှသာ ပြင်သစ်တို့အနေဖြင့် ကိုလိုနီနယ်ပယ်ချဲ့ထွင်ရေးကို အသစ်တဖန်ပြန်လည် စိတ်ဝင်စားလာကြခြင်းဖြစ်သည်။ လူဝီ (၁၄)လက်ထက်တွင် ဘုရင်ကလွှတ်တော်ကို အနိုင်ယူနိုင်ခဲ့သော်လည်း သူ့နောက်ပိုင်း ဘုရင်များလက်ထက်တွင် ဖြစ်ထွန်းတိုးတက်လာသည့်ဓနရှင်လူတန်းစားသည် ဘုရင့်အာဏာကိုကန့်သတ်ဖို့ ပြန်လည်အားစုလာ ကြပြန်သည်။ ပြင်သစ်နိုင်ငံမှ ဖြစ်ထွန်းစဓနရှင်လူတန်းစားသည် ဘုရင်နှင့်လုံးဝမပူးပေါင်းဘဲနေခဲ့သည်တော့ မဟုတ်ပါ။ ဖိလစ်ဘုရင်လက်ထက်တွင် ပြည်ပမှာ သြဇာဖြန့်ကြက်နိုင်ရေးအတွက် သူတို့ ပူးပေါင်းခဲ့ကြဖူးသည်။ မဟာမိတ်ဖွဲ့ခဲ့ကြဖူးသည်။ ပဒေသရာဇ်လူတန်းစားကိုကိုယ်စားပြုသောမှူးမတ်များနှင့် ဘုရင်တို့ အကြားအားပြိုင်ပွဲတွင် ဓနရှင်လူတန်းစားက ဘုရင်ဘက်မှရပ် တည်ခဲ့ဖူးသည်။ ပုပ်ရဟန်းမင်းကြီး၏သြဇာအာဏာကိုတိုက်ဖျက်ရာတွင်လည်းဘုရင်နှင့်ဓနရှင်လူတန်းစားတို့ တသဘောတည်းညီ ညွတ်ခဲ့ကြဖူးသည်။ ထို့အပြင် ပြင်သစ်ပြည်တွင် ဓနရှင်လူတန်းစားတို့လိုလားခဲ့ကြသော လွှတ်တော်နှင့်ပါလီမန်တို့သည် အင်္ဂလိပ်တို့၏ပါလီမန်လောက် အရေးပါမှုမရှိပါ။

ပြင်သစ်ပါလီမန်၏အဓိကတာဝန်မှာ ဘုရင်၏အမိန့်နှင့်ဥပဒေတို့ကို
မှတ်တမ်းတင်ရခြင်းသာဖြစ်နေပါသည်။ သို့ရာတွင် ဘုရင်၏ အမိန့်ကို
ပါလီမန်ကကန့်ကွက်နိုင်သောအခွင့်အရေးတော့ရှိပါသည်။ ပါလီမန်အဖွဲ့ဝင်များအတွင်း
ပြုပြင်ရေးကိုလိုလားသည့် ပဒေသရာဇ်အသစ်များ ပါဝင်နေကြပါသည်။ သူတို့က သူကြွယ်မျိုးရိုးကဆင်းသက်လာသူတွေပါ။ ပါလီမန်သည် ဘုရင်၏အကြွင်းမဲ့ အာဏာရှင်စနစ်အောက်မှာ အခွင့်အရေးများကိုပြည့်ဝထိရောက်စွာအသုံးချနိုင်ခွင့်မရှိကြပါ။ လူဝီ(၁၄)လက်ထက်မှာ
ပါလီမန်၏ ခွင့်ပြုချက်မရှိဘဲအခွန်ကောက်ခွင့်မရှိစေရဟူသော အဆိုကိုတင်ခဲ့ဖူးသည်။
မအောင်မြင်ခဲ့ပါ။ လူဝီ(၁၅)လက်ထက်တွင်လည်း ပဲရစ်တရားရုံးက
ဘုရင်၏ဘဏ္ဍာရေးပြန်တမ်းတရပ် မှတ်ပုံတင်ခြင်းကို ငြင်းဆိုခဲ့ဖူးသည်။ ယင်းပဲရစ်တရားရုံးကို
သူကောင်းမျိုးတွေ က လွှမ်းမိုးထားခဲ့သည်။ ဤကဲ့သို့သော အခွန်အကောက်လုပ်ငန်းများ၊
ဘုရင်၏ဘဏ္ဍာရေးပြန်တမ်းများ စသည်တို့မှာ တိုင်းပြည်၏ စီးပွားရေးနှင့်တိုက်ရိုက်ဆက်စပ်နေသောကိစ္စများ ဖြစ်သည်။
အမျိုးသားဘုရင်စနစ်သည် ဓနရှင်လူတန်းစားတို့၏ကူးသန်းရောင်းဝယ်မှုအတွက် တစုံတရာအကူအညီပေးခဲ့သည်။ အချိန် အတွယ်နှင့် ငွေကြေးစနစ်ကို တညီတည်းဖြစ်အောင်လုပ်ပေးခဲ့သည်။ ရောင်းဝယ်ရေးတွင် ပိုမိုလွယ်ကူစေရန်အတွက် ပဒေသရာဇ်ခေတ်တုန်းကထက် အခွန်များ ပိုမိုလျှော့ပေးခဲ့သည်။ နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့် ပိုမိုရှိလာသည်။ သို့ရာတွင် အရင်းရှင်စနစ် သည့်ထက်ပိုမိုကြီးထွားရေးအတွက်ကျတော့ ဤမျှလောက်နှင့်မလုံလောက်။ အကန့်အသတ်များရှိနေဆဲဖြစ်သည်။ ဘုရင်တွေဆိုသည်က စီးပွားရေးတောင့်တင်းမှ နိုင်ငံရေးနှင့်စစ်ရေးမှာတန်ခိုးအာဏာအပြည့်အဝရှိသည်ဟူ၍ ယုံကြည်ကြသူတွေ။ သူတို့က စီးပွားရေးအင်အားတောင့်တင်းအောင် ရွှေငွေဘဏ္ဍာစုဆောင်းကြသည်။ ရွှေငွေဘဏ္ဍာစုဆောင်းရေးတွင် ပြည်ပကုန် သွယ်ရေးသည် တစုံတရာအရေးပါအရာရောက်သည်ဟူ၍ သူတို့ ထင်မြင်ယူဆကြသည့်အတွက် အားပေးခြင်းပြုသည်။ တိုင်းပြည် စီးပွားရေးတောင့်တင်းဖို့ဆိုလျှင် သွင်းကုန်ထက် ပို့ကုန်ကပိုမိုအရေးပါသည်ဟု ဘုရင်က ထင်သည်။ ထို့ကြောင့် ပြည်ပကို ပို့နိုင်ဖို့ အတွက် ပြည်တွင်းကလက်မှုထုတ်လုပ်ရေးလုပ်ငန်းကို အားပေးလာရသည်။ ဘုရင်တို့က ပြည်ပကုန် သွယ်ရေးကိုအားပေးခဲ့ သည်ဖြစ်စေကာမူ ရရှိသောရွှေငွေဘဏ္ဍာများကို တိုင်းပြည်အတွက်ပုံအောခဲ့ကြသည်မဟုတ်ပါ။ ဘုရင်၊ မိဘုရားနှင့်မှူးမတ်များတို့ သည် ဤဘဏ္ဍာများအပေါ်စည်းစိမ်ခံကာ သုံးကြဖြုန်းကြခြင်းများ ဓမ္မတာအတိုင်းရှိနေပါသည်။ ထိုအခါ ဘုရင်၏ဘဏ္ဍာရေးကို ထိန်းချုပ်ဖို့လိုအပ်လာသည်။ သည့်အတွက် ဘဏ္ဍာရေးဖြင့်ဘုရင်ကိုထိန်းချုပ်မှုတွေလုပ်ဖို့ ကြိုးပမ်းလာကြခြင်းဖြစ်သည်။ လူဝီ(၁၆)ဘုရင်၏ လက်ထက်ရောက်သောအခါတွင် ဘုရင်နှင့်ဓနရှင်လူတန်းစားတို့၏တိုက်ပွဲသည် အထွဋ်အထိပ်သို့ရောက်ရှိလာပြီး တော်လှန်ရေးကြီးပေါက်ကွဲ လာခဲ့လေသည်။

ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း-၄)
ပြင်သစ်ပြည်တော်လှန်ရေးများအကြောင်းကိုလေ့လာမည်ဆိုပါက
ဘုရင်များအကြောင်းသာမက Estate ဟု ခေါ်ဆိုသော အတန်း အစားကြီး (၃) ရပ် ရှိနေသည့်အကြောင်းကိုလည်း
နားလည်ဖို့လိုသည်။
ပထမအတန်းအစားအဖြစ်သတ်မှတ်ထားသည်က ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များဖြစ်သည်။ ပြင်သစ်ဘုရင်များသည် ဘာသာရေး ဂိုဏ်းများကိုအားကိုးအားထားပြုသည်။ ဘာသာရေးဂိုဏ်းများကလည်း အခွင့်အာဏာကြီးမားကြသည်။ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် ဘဏ္ဍာရေးဘက်တို့တွင် အခွင့်အာဏာကြီးခြင်းဖြစ်သည်။ ဆင်းရဲလယ်သမားစုစုပေါင်းတို့ပိုင်ဆိုင်ကြသောလယ်မြေပမာဏအချိုးအစား၏ (၁ဝ)ရာခိုင်နှုန်းကို အထက်တန်းလွှာဘာသာရေးဝန် ထမ်းအနည်းစုတို့ကပိုင်ဆိုင်ထားကြသည်။ ၄င်းမြေယာများကို သီးစားချထားသည်။ အခွန်ကောက်သည်။ ထိုမျှသာမက အလှူခံတာ လည်းလုပ်ကြသေးသည်။
အထက်တန်းလွှာဘာသာရေးပုဂ္ဂိုလ်များကို မြေရှင်ကြီးများ၊ ပဒေသရာဇ်ကြီးများဟုလည်းဆိုနိုင်သည်။ သူတို့သည် နန်းတော်တွင်း သို့လည်း တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာနိုင်သူများဖြစ်၏။ သူတို့၏နေထိုင်မှုဘဝတွင်လည်း ပုပ်သိုးဆွေးမြေ့မှုတွေပြည့်နှက်နေ သည်။ ဤအတန်းအစားထဲတွင် ဘာသာရေးဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်နှင့်အထက်တန်းလွှာသာသနာရေးဝန်ထမ်းများသာ ပါဝင်နေ ကြခြင်းဖြစ်သည်။ ကျေးလက်နေ သာသနာရေးဝန်ထမ်းများကတော့ ဆင်းရဲနွမ်းပါးကြပြီးအောက်တန်းလွှာထဲ ပါဝင်နေကြသူများ သာဖြစ်၏။
ပထမအတန်းအစားကြီးထဲမှာပါသော သာသနာ့ဝန်ထမ်းအထက်လွှာသည် အခွန်ကင်းလွတ်ခွင့်ရှိသည်။ အောက်လွှာကဘုန်းကြီးရဟန်းများ၊ သာသနာ့ဝန်ထမ်းများကမူ သာမန်လူတန်းစားများနည်းတူ အခွန်လည်းပေးဆောင်ရသည်။ အခွင့်အရေးလည်း ဘာမျှမရကြ။ ဒုတိယအတန်း အစားကြီးဆိုသည်မှာမူ ပဒေသရာဇ်များဖြစ်ကြသည်။ ၄င်းပဒေသရာဇ်များထဲတွင်လည်း နှစ်မျိုးနှစ်စားကွဲပြားခြားနားနေသည်။ ပဒေသရာဇ် အဟောင်းနှင့်အသစ်ဟု ဆိုနိုင်သည်။ ပဒေသရာဇ်အဟောင်းတို့သည် ပဒေသရာဇ်ဘိုးဘွားဘီဘင်များထံက အမွေဆက်ခံလာကြသူများဖြစ် သည်။ သူတို့ကို ဘုရင်အဆက်ဆက်က သူကောင်းပြုလာခဲ့ကြသဖြင့် ဘိုးစဉ်ဘောင်ဆက်သူကောင်းမျိုး Nobles of the sword ဟုလည်း ခေါ်ကြပါသည်။ သူတို့သည် အုပ်ချုပ်ရေးဘက်တွင် အခွင့်အရေးအမျိုးမျိုးရရှိပြီး နန်းတွင်းမှာလည်း အရေးပါသူများဖြစ်ကြသည်။ သူတို့သည် သွယ်ဝိုက်ခွန်အနည်းအပါးပေးရသည်ကလွဲပြီး အခွန်ကင်းလွတ်ခွင့်ရရှိသူများဖြစ်သည်။ ပဒေသရာဇ်အသစ်ဆိုသူများမှာမူ တဖြည်းဖြည်းချမ်းသာကြွယ်ဝလာရင်းက ပဒေသရာဇ်စာရင်းဝင်လာသူများ ဖြစ်သည်။ သူတို့ထဲက တချို့ကိုလည်း ဘုရင်က သူကောင်းမျိုး Noble of the Robe ခန့်ပါသည်။ သူတို့က အတွေးအခေါ်သစ်ကိုလက်ခံကြ သည်။ ပြုပြင်ပြောင်းလဲရေးကိုလိုလားကြသည်။ ထို့ကြောင့် သူတို့သည် ပါလီမန်ဟုခေါ်သော ဒေသန္တရတရားရုံး အဖွဲ့ဝင်များဖြစ် လာကြသည်။

တတိယအတန်းအစားကြီးထဲတွင်မူ
ဓနရှင်လူတန်းစားများ(အသိပညာရှင်၊ အတတ်ပညာရှင်များအပါအဝင်)၊ မြို့နေအလုပ် သမားများ၊
ဆင်းရဲသားများနှင့် ကျေးလက်တောင်သူလယ်သမားများပါဝင်ကြသည်။
ပြင်သစ်ဓနရှင်လူတန်းစားကိုကြည့်လျှင် ပြင်သစ်ပြည်အရင်းရှင်စနစ် ဖြစ်ထွန်းတိုးတက်လာမှုနှင့်ဆက်စပ်တွဲဖက်ကြည့်မြင်ရပေလိမ့်မည်။
ပြင်သစ်ဓနရှင်များသည် ပြည်ပကုန်သွယ်ရေးဘက်တွင် ကိုလိုနီနယ်ပယ်များ စတင်တိုးချဲ့လာနေကြပြီ။
အင်္ဂလန်မှာကဲ့သို့ လယ်ယာလုပ်ခင်းကြီးများလည်း ပိုင်ဆိုင်နေကြပြီ။
စက်မှုဘက်တွင်မူတိုးတက်ထွန်းကားမှုနှေးကွေးသည်။ ပြင်သစ်ပြည်တွင်
စက်မှုတော်လှန်ရေးပေါ်ပေါက်ခြင်းသည် အင်္ဂလန်ထက်နောက်ကျခဲ့သည်။ ပထမအကြိမ် (၁၇၈၉)ဓနရှင်တော်လှန်ရေးပေါ်ပေါက်ပြီးနောက်ပိုင်းမှ ပြင်သစ်ပြည်မှာ
စက်မှုတော်လှန်ရေးဖြစ်လာခဲ့ခြင်းသာဖြစ်၏။ စက်မှုတပိုင်းလက်မှုလုပ်ငန်းများကတော့ ထွန်းကားနေပါပြီ။ (၁၇၅၇)ခုနှစ်ကျမှ ကျောက်မီးသွေးကုမ္ပဏီစတင်ပေါ်ပေါက်လာခြင်း ဖစ်သည်။ အလုပ်သမား (၄ဝဝဝ)ခန့်ရှိသောလုပ်ငန်းဖြစ်၏။ ၄င်း ကျောက်မီးသွေး ကုမ္ပဏီနှင့်အတူ သံမဏိအရည်ကြိုလုပ်ငန်းလည်းတွဲဖက်ထားသည်။
စက်မှုလုပ်ငန်းအတွက်အစပျိုးမှုဟု ဆိုရမည်။ ထိုအချိန်တွင် ပြည်သစ်ပြည်၌
ပဒေသရာဇ်စနစ်ဟောင်းပုံစံက ဆက်လက်အားကောင်းဆဲရှိနေတုန်းပင်။
ဓနရှင်လူတန်းစားသည် စီးပွားရေးလုပ်ငန်းများတွင်
ချုပ်ကိုင်ခွင့်နှင့်လွတ်လပ်စွာလုပ်ခွင့် တစုံတရာရှိနေသော်လည်း
နိုင်ငံရေးဘက်နှင့်အုပ်ချုပ်ရေးဘက်တွင်မူပါဝင်ခွင့် မရကြပေ။ ဤကိစ္စအပေါ် သူတို့က
ကျေနပ်မှုမရှိကြ။ အရင်းရှင်စနစ် သည့်ထကပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင်
နိုင်ငံရေးနှင့်အုပ်ချုပ်ရေးဘက်မှာပါ သူတို့ ပါဝင်နိုင်မှဖြစ်ပေမည်။
စီးပွားရေးဘက်တွင် ဓနရှင်တို့ချုပ်ကိုင်ခွင့်ရှိသည်ဆိုသည်မှာလည်း အကန့်အသတ်နှင့်သာဖြစ်သည်။
စက်မှုလုပ်ငန်းတွင် ကန့်သတ်ချက်တွေများခဲ့သည်။ ကုန်သွယ်ရေးအခွင့်အာဏာနှင့်အဿပြာသုံးစွဲမှုတွင်လည်း ကန့်သတ်ချက်များရှိနေသည်။ ကုန်ပစ္စည်းအခွန်၊ အမြတ်တော်ခွန်
စသည့် အခွန်အတုတ်အမျိုးမျိုးကလည်း အရင်းရှင်စနစ်ဖွံ့ဖြိုးကြီးထွားရေးလမ်းကြောင်းတွင်
အတားအဆီး အနှောင့်အယှက် များဖြစ်နေကြသည်။
အလုပ်သမားများ၊ မြို့နေဆင်းရဲသားများသည် စီးပွားရေးကျပ်တည်းလွန်း၍ အခွန်တော်ထမ်းဆောင်နိုင်သည့် အခြေအနေပင် မရှိကြပါ။ အောက်ဆုံးလွှာ၏ အောက်အကျဆုံးအလွှာဟုပင်ဆိုရမည်။ ပဒေသရာဇ်ဖိနှိပ်မှုကိုရော၊ ဓနရှင်ဖိနှိပ်မှုတွေကိုပါခံစားကြရ သူများဖြစ်သည်။ တောင်သူလယ်သမားများကမူ တတိယအတန်းအစားကြီး၏ (၉၉)ရာခိုင်နှုန်းခန့်ရှိသည်အထိ အရေအတွက် များပြားစွာပါဝင်သူများဖြစ်ကြသည်။ လယ်ယာလုပ်ခင်းကိုင်ခင်းကြီးများပေါ်ပေါက်လာပြီးသည့်နောက်တွင် သူတို့၏ လယ်ယာမြေ များကို လုယက်ယူငင်သွားခြင်းခံရသည်။ သူတို့အားလုံး၏လယ်မြေပိုင်ဆိုင်မှုသည် လယ်ယာမြေစုစုပေါင်း၏ (၁ဝ)ရာခိုင်နှုန်းလောက်တောင် မရှိကြ။ ပဒေသရာဇ်တွေကသာ မြေယာပိုင်ဆိုင်မှုကိုကြီးစိုးထားကြသည်။ လယ်သမားများအတွင်း လယ်ကျွန်စနစ်ကအဓိကမဟုတ်တော့ဘဲ သီးစားဆက်ဆံမှုကအဓိကဖြစ်သည်ေ(၁၈)ရာစုသို့ရောက်ရှိသည့်အခါတွင်မူ လယ်သမားအများစုသည် မြေယာနှင့်ကုန်ထုတ်ကိရိယာများကိုပိုင်ဆိုင်လာကြပြီ။ သို့ရာတွင် မြေရှင်ဟောင်းကို မြေခွန်များပေးနေ ရဆဲ။ အစဉ်အလာအတိုင်း လယ်မြေရောင်းဝယ်ခွန်များပေးနေရဆဲ။ ထိုမျှသာမက မြေရှင်များပိုင်ဆိုင်သော ကြိတ်ဆုံကြီးများ၊ မီးဖိုကြီးများကိုအသုံးပြုနေရသည့်အတွက်လည်း အခွန်တော်ပေးနေရဆဲ။ တောင်သူလယ်သမားများက မြေရှင်ပဒေသရာဇ် အတွက် အခမဲ့အလုပ်အကျွေးပြုပေးကြရသည်။ ၄င်းတို့အတွက်လိုအပ်သော လမ်း၊ တံတားစသည်တို့ဖောက်လုပ်ပေးရသည်။ ကိုယ်ပိုင်သော မြေယာများတွင် ပဒေသရာဇ်တို့အမဲလိုက်ခြင်းကိုခွင့်ပြုပေးရသည်။ ခြုံလိုက်လျှင် လယ်သမားတို့အတွက် ကြီးမားသည့်နစ်နာချက်များရှိနေသည်။
ထို့ကြောင့် (၁၇)ရာစုနှင့် (၁၈)ရာစုအတွင်းတွင် လယ်သမားပုန်ကန်မှုများ အဆက်ပြတ်သည်ဟူ၍ မရှိခဲ့။ တတိယအတန်းအစားကြီး ထဲတွင်ပါဝင်ကြသည့် လူတန်းစားအားလုံးသည် အခွန်ထမ်းများချည်းဖြစ်သည်။ ပစ္စည်းခွန်၊ အမြတ်ခွန်နှင့်လူခွန်တို့အပြင် အကောက်ခွန်၊ ဆားခွန်နှင့်သာသနာရေးအခွန်တို့ကိုပါ ထမ်းဆောင်ရသည်။ ထို့ကြောင့် သူတို့သည် စီးပွားရေးအရ ဝန်ထုံ့ဝန်ပိုအပိ အခံရဆုံးလူတန်းစားများဖြစ်၏။ တတိယအတန်းအစားထဲ၌ထည့်သွင်းထားသည့် ကုန်သည်နှင့်စက်မှုတပိုင်းလက်မှုလုပ်ငန်းအရင်း ရှင်များကတော့ (လယ်သမားများ) ပိုပြီး သြဇာကြီးကြပါသည်။ တတိယအတန်းအစားကြီးထဲတွင်ပါဝင်နေကြသော လူတန်းစားများအနက် အရင်းရှင်စနစ်ဆက်လက်ဖွံ့ဖြိုးရေးအတွက် အတားအဆီးမရှိ အခွင့်အလမ်းများရယူလိုပြီး နိုင်ငံရေး အာဏာကိုပါရည်မှန်းသောဓနရှင်လူတန်းစားက တော်လှန်ရေးရည်ရွယ်ချက်ပိုမိုကြီးမားသောလူတန်းစားဖြစ်နေသည်။ အလုပ် သမားများနှင့်မြို့နေဆင်းရဲသားများသည်လည်း စီးပွားရေးကျပ်တည်းမှုအရသော်လည်းကောင်း၊ ဘဝအရသော်လည်းကောင်း တော်လှန်ရေးတွင်အကြမ်းဖက်ရုန်းကန်မှုပြုသည်အထိပါဝင်လာကြခြင်းဖြစ်သည်။ အခွန်ထမ်းသက်သက်ဘဝမှာသာနေရပြီး မည်သည့်အခွင့်အလမ်းမှမရှိသည့်အတွက် လယ်သမားများသည်လည်း တော်လှန်ရေးကိုလိုလားကြပါသည်။ ပြင်သစ်ဓနရှင်လူတန်းစားထဲမှာပါဝင်နေကြသော အသိပညာရှင်၊ အတတ်ပညာရှင်နှင့်အတွေးအခေါ်ပညာရှင်တို့၏ နိုင်ငံရေးအတွေးအခေါ်များကလည်း ပြည်သူလူထုထဲမှာ ပျံ့နှံ့နေပါပြီ။ (၁၈)ရာစု ပြင်သစ်ဒဿနဆရာများသည် အသိဉာဏ်ပွင့် လင်းမှုကိုရှေ့တန်းတင်ခဲ့ကြသည်။ ဉာဏ်သစ်လောင်းလှုပ်ရှားမှုလုပ်ခဲ့ကြသည့်အထဲမှာ ထင်ရှားပေါ်လွင်သောအတွေးအခေါ် ပညာရှင် မွန်တက်စကျု (၁၆၈၉-၁၇၅၅)သည် ဥပဒေတရားသူကြီးချုပ်လုပ်ခဲ့ဖူးသလို ပြင်သစ် တက္ကသိုလ်တွင်ကျောင်းအုပ်ကြီး လည်း လုပ်ခဲ့ဖူးသည်။ သူက ဗြိတိသျှသမိုင်းကိုသက်သေပြုပြီး ကန့်သတ်ချက်ချက်ဖြင့်ကြပ်မတ်ထားသော အစိုးရများသဘော တရားကိုတင်ပြသည်။ စည်းမျဉ်းခံဘုရင်စနစ်ကို သူက ပိုနှစ်သက်သည်။ နိုင်ငံတခုတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တည်းဟူသောအခြေခံမဏ္ဍိုင် (၃)ရပ်သည် တခုကိုတခု အပြန်အလှန်ထိန်းချုပ်ထားရမည်ဟုဆိုသည်။ “ပါရှားတို့၏ယုံကြည် ကိုးကွယ်မှု” “တရားဥပဒေစိတ်ဓာတ်” “ရူမေးနီးယား စည်ပင်ဖွံ့ဖြိုးခြင်းနှင့်ကျဆုံးသွားရခြင်းအကြောင်းရင်းများ” စသည့် စာအုပ်များကိုရေးသားခဲ့သည်။ ဘာသာရေးလွတ်လပ်ခွင့်ကိုလည်း တင်ပြခဲ့သည်။

ဗော်လ်တဲယား (Voltaire ၁၆၉၄ –
၁၇၇၈) ကမူ အကြွင်းမဲ့အာဏာပိုင်စနစ်ကိုပယ်ဖျက်ပြီး ဓနရှင်တို့ဦးဆောင်သောသမ္မတနိုင်ငံကို
လိုလားခဲ့သည်။ လူသားတို့၏မွေးရာပါအခွင့်အရေးကို မည်သူမျှထိပါးခွင့်မရှိဟူ၍ ရေးသားခဲ့သည်။
သူ၏မှတ်တမ်းများနှင့် ဝတ္ထုများတွင် ပညာတတ်တို့၏စိတ်နေသဘောထားကိုရေးဖွဲ့ထားသည်။ ရူးးဆိုး
(Rousseau ၁၇၁၂-၁၇၇၈)သည် တိုင်ကပ်နာရီ လုပ်စားသူ ဆင်းရဲသားအိမ်ထောင်စုမှဆင်းသက်လာသူဖြစ်သည်။ “လူသားတို့ တန်းတူမှုမရှိခြင်း၏အခြေခံအုတ်မြစ်” “လူ့အဖွဲ့အစည်း၏သဘောသဘာဝ”နှင့်“လူမှုပဋိညာဉ်”စသည့်ကျမ်းများတွင် လွတ်လပ်ရေးနှင့်တန်းတူရေးတို့ကို
ထည့်သွင်း တင်ပြခဲ့သည်။ ဆင်းရဲသားများဘက်မှ ရပ်တည်ခဲ့သည်။ နိုင်ငံတော်နှင့်တရားဥပဒေတို့သည်
ပုဂ္ဂလိကပိုင်ဆိုင်မှုစနစ်၏အခြေခံပေါ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟူ၍ တင်ပြခဲ့သည်။ သူက
လူသာမာန်တို့၏ စိတ်သဘောထားကောင်းမွန်ပုံ၊ ဖြူစင်ပုံတို့ကိုရေးဖွဲ့ပြ လိုက်သည့်အခါ
စာဖတ်သူတို့မှာ မင်းဧကရာဇ်များကိုဆန့်ကျင်လိုသောစိတ်ဓာတ်များပေါက်ဖွားလာသည်။
ရူးဆိုးက “အချုပ် အခြာအာဏာဆိုတာ ပြည်သူတွေထံမှာရှိတယ်။ အစိုးရဆိုတာ ပြည်သူ့ကိုယ်စားလှယ်ပဲ။
ပြည်သူတွေက မကျေနပ်ရင် အစိုးရ ကိုဖြုတ်ချပိုင်ခွင့်ရှိတယ်”ဟု
ရေးသားလှုံ့ဆော်ခဲ့သည်။ သူ့အတွေးအခေါ်မှာ ဒီမိုကရေစီစနစ်အပေါ်အခြေခံသည်။ တကယ် ဆန်းစစ်
ကြည့်လျှင်မူ သူ့အတွေးအခေါ်သည် “သမိုင်းစိတ်ဝါဒ”သာဖြစ်သည်။ သို့ရာတွင်
သူသည်အဖိနှိပ်ခံများဘက်မှရပ်တည်ခဲ့ သူဖြစ်ကြောင်းကိုမူ အသိအမှတ်ပြုရပေမည်။
(၁၇၅၁-၇၂) တွင်
စွယ်စုံကျမ်းတစောင် ပေါ်ထွက်လာသည်။ ပြုစုတည်းဖြတ်သူများမှာ ဒီဒါရို Diderot
(၁၇၁၃-၈၄)နှင့် အယ်လင်ဘာ Alenbert တို့ပါ။ ဤစွယ်စုံကျမ်းသည်
လက်တွေ့စက်မှုနည်းပညာကိုအသားပေးဖော်ပြထားခြင်း ဖြစ်သည်။ သည့်နောက်တွင်မူ
‘စွယ်စုံကျမ်းဂိုဏ်း’ဟူသောအဖွဲ့တဖွဲ့ ပေါ်ပေါက်လာသည်။ ဤအတွေးအခေါ်သစ်များနှင့်အတူ
နိုင်ငံရေးအတွေး အခေါ်သစ်များနှင့် စီးပွားရေးအတွေးအခေါ်
သစ်များထပ်မံပေါ်ထွက်လာကြပြန်သည်။ ဘုရင်နှင့်ဓနရှင်လူတန်းစားတို့
ကူးသန်းရောင်းဝယ်ရေးဟောင်း Mercantilism ကို ဓနရှင်တို့က မကြိုက်တော့။
ဖျက်သိမ်းပစ်ချင်လာသည်။ ဓနရှင်လူတန်းစားသည် စီးပွားရေးဘက်တွင်မည်သည့်အတားအဆီးကိုမျှ
အလိုမရှိတော့။ အင်္ဂလိပ်ဘောဂဗေဒပညာရှင် အဒမ်စမစ် Adamsmithတင်ပြသော ‘စီးပွားရေးလုပ်ငန်းတွေကို
လွတ်လွတ်လပ်လပ်ပြိုင်ဆိုင်လုပ်ကိုင်ခွင့်ပေးတာအကောင်းဆုံးပဲ’ဆိုသော အယူအဆကို
သဘောကျနှစ်သက်လာသည်။ ဤအတွေးအခေါ်များသည်လည်း ပြင်သစ်တော်လှန်ရေးကိုတွန်းအားပေးသည့် အချက်များဖြစ်၏။ ဉာဏ်သစ်လောင်းလှုပ်ရှားမှု သို့မဟုတ်
အသိဉာဏ်ပွင့်လင်းရေးအတွေးအခေါ်များသည် ပြင်သစ်တော် လှန်ရေး၏ အခြေခံအတွေးအခေါ်များဖြစ်လာသည်။
ဤသို့ဖြင့် တော်လှန်ရေးပေါက်ကွဲချိန် နီးကပ်လာသည်။
လူဝီ(၁၆) (၁၇၇၄-၁၇၉၂)၏လက်ထက်သို့ ရောက်ရှိလာသည်။

(၇၈၉ )ုနှစ်
ပြင်သစ်တော်လှန်ရေးပေါက်ကွဲလာခြင်းကို အောက်ပါအချက်များဖြင့်ခွဲခြားကြည့်မြင်နိုင်ပါသည်။
၁။ ။ အုပ်စိုးသူလူတန်းစားအတွင်း ပဋိပက္ခများ ပိုမိုသည်းသန်ပြင်းထန်လာခြင်း။
(၁၈)ရာစုအတွင်း ပြင်သစ်ပါဝင်ခဲ့သည့် (၇)နှစ်စစ်ပွဲ(၁၇၅၆-၁၇၆၃)နှင့်အမေရိကန်တော်လှန်ရေးစစ်ပွဲ(၁၇၇၆-၁၇၈၃)တို့ကြောင့် ပြင်သစ်ပြည် သည် စစ်ကြွေးများတင်ပြီးရင်း တင်နေသည်။ သည့်အတွက် ဘဏ္ဍာရေးပြဿနာပေါ်လာသည်။ ပြင်သစ်နှင့်အင်္ဂလိပ်တို့သည် (၁၈)ရာစု အတွင်း တိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ခဲ့ရသည်။ စစ်ပွဲ၏ အဓိကအကြောင်းအချက်မှာ ကိုလိုနီလုယက်ခြင်းဖြစ်သည်။ (၁၇၄ဝ-၄၈)စစ်ပွဲအပြီး အင်္ဂလိပ်က အမေရိကတိုက်မှ ပြင်သစ်ပိုင်ကိုလိုနီနယ်များကိုလုယက်သွားသည်။ (၁၇၅၆-၁၇၆၃)အမေရိကန်နှင့်ပြင်သစ် (၇)နှစ်စစ်ပွဲကာလ အတွင်းမှာလည်း အရင်းရှင်စနစ်အင်္ဂလိပ်က ပဒေသရာဇ်ပြင်သစ်ကိုအနိုင်ရသွားခဲ့သည်။ အင်္ဂလိပ်တို့သည် (၁၆၈၈)ခုနှစ်ကတည်းက ဓနရှင် တော်လှန်ရေးအောင်ပြီးခဲ့ပေပြီ။ (၇)နှစ်စစ်ပွဲအပြီး အမေရိကတိုက်တွင်ရှိသည့်ပြင်သစ်ကိုလိုနီများထဲမှ လူဝီစီးယားနား Louisina မှအပ ကျန် ကိုလိုနီနယ်ပယ်များကို အင်္ဂလိပ်အားပေးခဲ့ရသည်။ ယင်း‘လူဝီစီးနား’ကိုလည်း (၁၈ဝ၃)ခုနှစ်တွင် ပြင်သစ်တို့က အမေရိကန်ပြည်ထောင်စုကို ရောင်းချပေးခဲ့သည်။

0 comments:
Post a Comment