ဗမာပြည်ရဲ့ရာစုနှစ်တ၀က်ကျော်ကြာပြည်တွင်းစစ်ကြီး စတင်ဖြစ်ပေါ် ခဲ့တာမှာ
ဗမာပြည်စစ်အုပ်စုအဆက်ဆက်ရဲ့ရှေးဦးလမ်းဖောက်သူလို့ ပြောရမယ့် စစ်တပ်အတွင်းက
ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစသူတွေရဲ့ဆိုရှယ်လစ်အုပ်စုဟာ
အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ပါတယ်။ နောက်ပြီး ဖဆပလ-ပထစအစိုးရတွေရဲ့လက်ထက် တလျှောက်လုံးမှာလည်း သူတို့ဟာ ပြည်တွင်းစစ်ရပ်စဲရေးကို
အပြင်း အထန်ဆန့်ကျင်ပြီး အပြုတ်တိုက်ရေးကြွေးကြော်သံကို
စွဲစွဲမြဲမြဲဆုပ်ကိုင်ခဲ့ကြပါတယ်။ ဗမာပြည်မှာပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာက ၁၉၆၂မှာ
အာဏာသိမ်းခဲ့တဲ့ဗိုလ်နေ၀င်းက ၁၉၆၃ ခုနှစ်မှာ ခေါ်
ဆိုခဲ့တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်၊ အဲဒီတုန်းက တော်လှန်ရေးကောင်စီအစိုးရက
ဒီဆွေးနွေးပွဲကိုခေါ်ရတာရဲ့နောက်ခံက (၁) ၁၉၆၂ခုနှစ် အာဏာသိမ်းပွဲဟာ ပြည်သူလူထုက တဘက်စောင်းနင်း
ဝှဲချီးမဲပေးခဲ့တဲ့ ဦးနုရဲ့ပထစအစိုးရလက်ထဲကအာဏာသိမ်းတာမို့
တပြည်လုံးကမခံမရပ်နိုင်ဖြစ်နေချိန်ဖြစ်တယ်။ (၂) ၇ရက်ဇူလိုင်ကျောင်းသားသတ်ပွဲလို၊
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦကြီးဖြိုချတာလို
လူထုဆန့်ကျင်ရေးလုပ်ငန်းတွေကြောင့် စစ်အစိုးရဟာ ပြည်တွင်းပြည်ပမှာ
အကြီးအကျယ်နာမည်ပျက်ပြီးအထီးကျန်ဖြစ်နေရတယ်။ (၃) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့
အသစ်အဆန်းတခုကိုလည်းပွဲထုတ်တော့မှာမို့ အားလုံးကအထင်ကြီးမယ့်၊
အာရုံဆွဲဆောင်နိုင်တဲ့ စတန့်လုပ်ရပ်တခုလုပ်ပြဖို့လိုနေပါတယ်။ ဒါကြောင့်
၁၉၆၃ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကို ခေါ်ဆိုလိုက်တာပါ။ အဲဒီဆွေးနွေးပွဲတွေပြီးသွားတဲ့အခါကျတော့ စစ်အစိုးရအနေနဲ့
လက်နက်ကိုင်အဖွဲ့အစည်းတခုကခေါင်းဆောင်၂ ဦးကို ရာထူးပေး၊
အခွင့်အရေးပေးပြီးဝယ်ယူလိုက်နိုင်တာပဲ အဖတ်တင်ကျန်ရစ်ပါတယ်။
ကျန်လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်တော့ ကြီးမားတဲ့ထိုးစစ်ကြီးတွေ
ဆက်တိုက်ဆင်နွှဲခဲ့ပါတယ်။
ဒုတိယတကြိမ်က ၁၉၈၀-၈၁ တုန်းက ဗကပ၊ ကေအိုင်အိုတို့နဲ့
တိုးတိုးတိတ်တိတ်ခေါ်ဆိုကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာတွေပါ။
အဲဒါကလည်း ဗိုလ်နေ၀င်းတို့ကဆန္ဒရှိလို့ လက်ဦးမှုယူခေါ်ခဲ့တာမဟုတ်ပါဘူး။
တရုတ်က သူ့တိုင်းပြည်စီးပွားရေးတွန်းတင်ဖို့အတွက်
ဗမာပြည်နဲ့နယ်စပ်တလျှောက်မှာ စစ်တိုက်တာတွေရပ်စဲစေချင်လို့တိုက်တွန်းတာနဲ့
တရုတ်ခေါင်းဆောင်တွေကျေနပ်အောင် ဗိုလ်နေ၀င်းက
ဟန်ဆောင်ဆွေးနွေးပွဲခေါ်ခဲ့တာပါ။ ဗကပနဲ့ ကေအိုင်အိုတို့ကတော့ သူတို့အနေနဲ့
ငြိမ်းချမ်းရေးကိုတကယ်လိုလားကြောင်းဖော်ပြချင်တာနဲ့ သွားဆွေးနွေးကြပါတယ်။
ဒါပေမဲ့ မဆလအစိုးရဟာ ဗကပနဲ့ဆွေးနွေးပွဲကို တမနက်ပဲဆွေးနွေးပြီး
ဘာအကြောင်းပြချက်မှမယ်မယ်ရရမပြဘဲ ဖျက်ပစ်ခဲ့ပါတယ်။
ကေအိုင်အိုနဲ့ဆွေးနွေးတာကိုတော့ ရုပ်ပြကောင်းအောင်အချိန်ဆွဲထားပြီး
နောက်ဆုံးကျတော့လည်း ဘာအသီးအပွင့်မှ မတွေ့ကြရဘဲ
စစ်ပြန်ဖြစ်ခဲ့တာဒီနေ့အထိပါပဲ။
တတိယအကြိမ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးလို့ ၁၉၉၀
ခုနှစ်ရွေးကောက်ပွဲလုပ်တော့မယ့် အချိန်တ၀ိုက်မှာ ပါ။
အားလုံးသိကြတဲ့အတိုင်းပါပဲ အဲဒီအချိန်လောက် စစ်အစိုးရအထီးကျန်ဖြစ်တာ
ဘယ်တုန်းကမှမရှိပါဘူး။ သူတို့မှာ
အင်အားကြီးလှတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူလူထုကြီးကို
ရင်ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ စစ်မျက်နှာတွေအများကြီးမဖွင့်နိုင်ပါဘူး။
အဲဒီတုန်းက သူတို့ရဲ့စစ်အင်အားဟာ အဓိကအားဖြင့် ဆန္ဒပြလူထုကိုဖြိုခွဲဖို့
အရံတပ်အဖြစ်ထားရှိရပါတယ်။ ဒီလိုအခါမှာ န၀တအစိုးရဟာ “အပစ်ရပ်”လှုပ်ရှားမှုကို
အကောင်အထည်ဖော်ခဲ့ရပါတယ်။ နောက်ပြီး အဲဒီတုန်းက
တိုင်းရင်းသားတပ်တွေကလမ်းခွဲလိုက်တဲ့ ဗကပကို
ခြေကုပ်အသစ်မရအောင်လုပ်ဖို့ကလည်း အထူးလိုအပ်နေပါတယ်။ ဒီလိုနဲ့
အနှစ်နှစ်ဆယ်နီးပါးကြာတဲ့ စစ်လည်းမဖြစ်၊
ငြိမ်းချမ်းရေးလည်းမဟုတ်ဆိုတဲ့အနေအထားတခုကို
တိုင်းပြည်ရဲ့သယံဇာတတွေအဆုံးအရှုံးခံပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတုန်းက ဗိုလ်ခင်ညွန့်ကို အကူအညီအထောက်အကူတွေအများကြီးပေးခဲ့တဲ့
ဘိန်းဘုရင်လော်စစ်ဟန်နဲ့သူ့သားကို စစ်အုပ်စုက သူတို့ပိုင်
မူးယစ်ဆေးဝါးကရတဲ့ငွေစက္ကူတွေခ၀ါချဖို့အတွက် တခြားလုပ်ငန်းအမျိုးမျိုး
လုပ်ကိုင်ခွင့်ပေးတာအပြင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် စားပေါက်တွေ
ဖန်တီးဆုချခဲ့ပါတယ်။ အခု အငြိမ်းစားဗိုလ်ချုပ်ကြီးဦးသိန်းစိန်ရဲ့လက်ထက်မှာ
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်ခေတ်ထလာပါတယ်။ ဒီတခါဟာလည်း
သူတို့ရဲ့“အပြောင်းအလဲ” ဇာတ်လမ်းသစ်အတွက်
ရုပ်ပြကောင်းဖို့လိုအပ်နေချိန်ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်အပါ
အနောက်နိုင်ငံတွေရဲ့အသိအမှတ်ပြုဆက်ဆံမှုကို အရမ်းလိုချင်နေချိန် ဖြစ်ပါတယ်။
ပြည်တွင်းစစ်ကို အနှစ် ၆၀ ကျော်တိုက်လာတဲ့စစ်တပ်အနေနဲ့
ဒီစစ်ကိုနိုင်အောင်တိုက်လို့မရဘူးလို့ သဘောပေါက်လာတာကလည်း
တကြောင်းဖြစ်နိုင်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ရဲ့“ငြိမ်းချမ်းရေး”
ခေါ်ဆိုတယ်ဆိုတာတွေ ကိုပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ
သူတို့ရဲ့နိုင်ငံရေးအကြပ်အတည်းကိုကျော်လွှားဖို့၊ ဒါမှမဟုတ်
ပြည်ပအင်အားကြီးတွေကိုမျက်နှာချိုသွေးဖို့၊ မီဒီယာအမြတ်ထုတ်ဖို့
”ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဇာတ်ခင်းလေ့ရှိတယ်ဆိုတာကို တွေ့ရမှာပါ။
တနည်းပြောရရင် ဒီကွေ့မျိုးကို ဒီတက်နဲ့မှ ကျော်လို့ရတယ်ဆိုတာ
စစ်ဗိုလ်ချုပ်တွေကောင်းကောင်းသိနေပါပြီ။ ဗိုလ်နေ၀င်းလက်ထက်ကစလို့
ပြည်တွင်းစစ်ကို တမင်မွေးထားတဲ့စစ်အုပ်စုဟာ နောင်မှာလည်း ဒီလို
“ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဇာတ်လမ်းတွေလိုအပ်ရင်လိုအပ်သလို
ခင်းနေဦးမယ်ဆိုတာ သေချာပါတယ်။
ဒီနေ့ကာလမှာ ပြည်တွင်းစစ်ကိုဖြစ်ပေါ်စေတဲ့၊ ပြည်တွင်းငြိမ်းချမ်းရေးကိုပျက်ပြားစေတဲ့အရာတွေဟာ ကြံ့ဖွတ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မတရားသင်းဥပဒေ၊ ပုဒ်မ (၅) တို့လို ဥပဒေတွေထဲမှာ တည်ရှိနေပါတယ်။ အဲဒီ ဥပဒေတွေကိုမဖျက်သိမ်းဘဲ ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာဟာ ရေပေါ်မှာသဲပုံစေတီတည်သလိုသာ ဖြစ်ပါလိမ့်မယ်။
ကြံ့ဖွတ်အစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုခေါ်ဆိုရာမှာ တကယ်တမ်းသာ ရိုးသားတယ်ဆိုရင် တဘက်အင်အားစုတွေကိုဖြိုခွဲဖို့၊ ဥစ္စာဓနအခွင့်အရေးနဲ့ဆွဲဆောင်တာ မဖြစ်ဖို့လိုပါတယ်။ စစ်အစိုးရတွေနဲ့ “ဆွေးနွေး”လို့ အဖွဲ့အစည်းတွေအတွင်း ကွဲတယ်ပြဲတယ်ဆိုတာဟာ ၁၉၆၃-၆၄ခုနှစ်တွေကတည်းက တွေ့ခဲ့ရပြီးပါပြီ။ အခုအခါမှာလည်း တဖွဲ့ချင်း၊ တစုချင်း၊ တဦးချင်း ပဲ့ထွက်၊ ကွဲထွက်တာတွေ မမြင်ချင့်အဆုံး တွေ့နေရပါတယ်။
ဗိုလ်နေ၀င်းရဲ့ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲတုန်းက ဗိုလ်နေ၀င်းဟာ “လက်နက်ကိုင်တိုက်ခိုက်နေကြသော တောတွင်းအဖွဲ့အစည်းအားလုံးသို့”လို့ လိပ်မူပြီး တိုင်းပြည်တနံတလျားကို ဆွေးနွေးပွဲဖိတ်ခေါ်ကြောင်း အတိအလင်းကြေညာခဲ့ပါတယ်။ ဒါနဲ့ပြောင်းပြန် ကြံ့ဖွတ်အစိုးရကတော့ “ကြားခံ” လူတွေကတဆင့် ခိုးကြောင်ခိုးဝှက်လုပ်၊ အခြေအနေတခုရောက်ရင် လူသိရှင်ကြားကြေညာ ဆိုတာမျိုးတွေလုပ်နေပါတယ်။
အဲဒီအခါတုန်းက နှစ်ဘက်သဘောတူညီချက်တွေမရှိပေမဲ့ နှစ်ဘက်ဟာစစ်ရပ်ထားသလို ပြုမူကြပါတယ်။ ဒီနေ့ ကြံ့ဖွတ်အစိုးရကတော့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ထဲမှာ ထိုးစစ်အကြီးအသေးတွေကို ရပ်ထားခြင်းမရှိတဲ့အပြင် ဒီလို စစ်တိုက်ပြီးဆွေးနွေးပွဲတွေမှာ ဖိအားပေးတာတွေတောင်လုပ်နေပါတယ်။
၁၉၆၃ ခုနှစ်တုန်းက ရန်ကုန်မှာ (၇) ခရိုင်ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး၊ မန္တလေးမှာ (၅) ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးတွေကို လူတွေသိန်းချီတက်တာရှိခဲ့ပါတယ်။ ဒါတွေကို ဗိုလ်နေ၀င်းက “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” တွေ မဖျက်သိမ်းမချင်း ခွင့်ပြုထားပါတယ်။ (ဆွေးနွေးပွဲတွေပြီတော့မှ အားလုံးကို ၀ါးလုံးသိမ်းလိုက်ဖမ်းပါတယ်) ဒါနဲ့မတူ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဦးသိန်းစိန်ကတော့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” တွေလုပ်နေတယ်ဆိုတဲ့ကာလအတွင်းမှာပဲ ညမှာအိပ်နေတဲ့ သံဃာတော်တွေ (သူတို့ထက်ငြိမ်းချမ်းစွာဆန္ဒပြတာမရှိ) ကို မီးလောင်တိုက်သွင်းတာ၊ အနယ်နယ်အရပ်ရပ်က သပိတ်သမားတွေကို ဖမ်းဆီးနှိပ်စက်တာတွေလုပ်နေပါတယ်။
ဗိုလ်နေ၀င်းကစလို့ ဗိုလ်သိန်းစိန်အထိ စစ်အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာတွေမှာ ထူးထူးခြားခြား တူညီချက်နှစ်ချက်ကတော့ ဒီဆွေးနွေးပွဲတွေထဲမှာ ထောက်လှမ်းရေးကအဓိကပါဝင်နေတာနဲ့ အစိုးရဟာ လူထုကိုလှုံ့ဆော်ကျင်းပတာမျိုးမလုပ်တာပါပဲ။ တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်အလိုလားဆုံးသူဟာ ပြည်သူလူထုတွေပါ။ တကယ်တမ်း ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် သူတို့တတွေအင်မတန်ဝမ်းမြောက်ဝမ်းသာဖြစ်ရုံမက တက်တက်ကြွကြွ ပါဝင်ကြမှာပါ။ ဒါပေမဲ့ စစ်အစိုးရတွေကတော့ အဲဒါနဲ့ပြောင်းပြန် လူထုကိုခြောက်လှန့်တာတွေတောင် လုပ်ထားကြပါတယ်။
၁၉၆၃ ခုနှစ် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”ဆိုတာနဲ့ အမ်အိုင်တင်ဦး၊ ၁၉၉၀ ခုနှစ် တ၀ိုက်က “အပစ်ရပ်ဆွေးနွေးပွဲ”တွေနဲ့ ဗိုလ်ခင်ညွန့်၊ ဒီနေ့လုပ်နေတဲ့”ငြိမ်းချမ်းရေးဆွေးနွေးပွဲ”တွေနဲ့ဗိုလ်အောင်မင်း (ဗိုလ်အောင်မင်းဟာ တပိုင်းက ထောက်လှမ်းရေးအလုပ်ကို လုပ်နေတယ်ဆိုတာလူတိုင်းသိကြပါတယ်)၊ ခွဲမရနိုင်တဲ့ လက်သည်တွေလို့ပြောနိုင်ပါတယ်။ ဒါဟာ စစ်အစိုးရဘက်က ရိုးသားမှုမရှိတာကိုဖော်ပြနေတာလို့ပြောရင်မမှားပါဘူး။
ဗိုလ်ချုပ်ကြီးဟောင်း သန်းစိန်တို့အနေနဲ့ တကယ်တမ်းငြိမ်းချမ်းရေးဖော်ဆောင်ချင်တယ်ဆိုရင်
(၁) တနိုင်ငံလုံးကို ကြေညာပြီးအဖွဲ့အစည်းအားလုံးနဲ့တတန်းတည်းဆက်ဆံလုပ်ကိုင်ပါ။
(၂) ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် တက်တက်ကြွကြွ ပါဝင်ခွင့်ပြုပါ။
(၃) ပြည်တွင်းငြိမ်းချမ်းရေးကို အတားအဆီဖြစ်နေတဲ့၊ ပြည်တွင်းစစ်ဆက်လက်တည်ရှိရေးအတွက် အကျိုးပြုနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါ မတရားတဲ့၊ နိုင်ငံရေးလက္ခဏာဆောင်တဲ့အမိန့်ဥပဒေတွေကို ဖျက်သိမ်းပစ်ပါ။
(၄) ကိုယ့်နိုင်ငံရေး၊ ဒါမှမဟုတ် စီးပွားရေး၊ ဒါမှမဟုတ် သံတမာန်ရေးအကြပ်အတည်းတွေကိုကျော်လွှားနိုင်ရုံ တနပ်စားဖြေရှင်းနည်းတွေနဲ့ မဖြေရှင်းပါနဲ့။
ရဲဘော်ဖိုးသံချောင်း
(ယူတာက ဒီနေရာကဖြစ်ပါတယ်) http://www.naytthit.net/?p=31965
0 comments:
Post a Comment