Monday, December 17, 2012

ရှာမှရှားတဲ့သတင်းစာ လူထုသတင်းစာခေါင်းကြီးပိုင်းများမှ

0 comments
စာမွေ့သူတဦး ကျေးဇူးပြုသည် .. လူထုခေါင်းကြီးနှင့်ဝေဘန်ချက်များ
ဒီမိုကရေစီ ဆိတ်သုဉ်းပြီ
ဒီမိုကရေစီ၏အခြေခံသည် ပြည်သူ့ဆန္ဒမဲဖြင့်တက်သည့်အစိုးရဆိုပါလျှင်လည်း မဲဆန္ဒရှင်တို့၏ အဝေဖန်ကိုခံကြရသည်။ ပြည်သူ့ဘဏ္ဍာဖြင့် လခပေး၍ထားရသော အရာထမ်းအမှုထမ်းများအားလည်း အခွန်ထမ်းပြည်သူတို့က လွတ်လပ်စွာဝေဖန်ပြောဆို ရေးညွှန်ပြနိုင်ပေသည်။ ယခုသော်ကား”အားလုံးကောင်းပါသည်ခင်ဗျား” ဟူ၍ထောက်ခံမှုကလွဲ၍ ဘာဝေဖန်ချက်ကိုမှလက်မခံဟုဆိုပါလျှင် ဒီမိုကရေစီနိုင်ငံဟူ၍ အဓိပ္ပာယ်မရှိတော့ ဖက်ဆစ်နိုင်ငံဖြစ်သည်ဟူ၍ ကြေညာရန်ရှိတော့သည်။
လူထုသတင်းစာခေါင်းကြီး။၂၃-၈-၁၉၅၄ ။မှ
ဒီမိုကရေစီဥပဒေများ
ဒီမိုကရေစီအမည်ခံတိုင်းပြည်များ၌ ရေးဆွဲထားသောဥပဒေများသည် ကြွယ်ဝသူများအဖို့ချည်းဖြစ်၏။ ကြွယ်ဝသူဖြစ်ခဲ့လျှင် တရားရုံးတခုတွင် ရှုံးသော်လည်း အထက်ရုံးသို့တက်၍ တဆင့်မှတဆင့် အမြင့်ဆုံးသောရုံးသို့တက်နိုင်၏။ ထိုကဲ့သို့တက်နိုင်သည့်အတွက်ကြောင့် အနိုင်ရသော အမှုသည်များလည်း မြောက်များစွာရှိ၏။ လူမွဲဖြစ်ခဲ့လျှင် တရုံးတွင်ရှူံးကာမျှနှင့် တခါတည်းရှုံးရချေတော့မည်။ သို့ဖြစ်၍ ဒီမိုကရေစီတိုင်းပြည် များတွင် ဥပဒေများသည် ကြွယ်ဝသူများအတွကိဖြစ်နေ၍ ထိုကဲ့သို့ဖြစ်စေနိုင်ရန် တမင်တကာရေးဆွဲထားခြင်းဖြစ်သည်ဟူ၍ ကျွန်ုပ်တို့က ဆို လိုက်ရပေသည်။ အကြောင်းမူကား ၎င်းဥပဒေများမှာ လူဆင်းရဲများရေးဆွဲနိုင်ခွင့်ရှိကြသည်မဟုတ်ဘဲ ကြွယ်ဝသူများအတွက်ကိုယ်စားလှယ် ပြုသောလူများကရေးဆွဲထားကြခြင်း ဖြစ်ပေသောကြောင့်တည်း။
လူထုသတင်းစာခေါင်းကြီး(၂၇-၁၂-၁၉၅၂) မှ
လူထုခေါင်းဆောင်
ပြည်သူလူထု၏ဆန္ဒနှင့်ဆန့်ကျင်သောခေါင်းဆောင်၊ နိုင်ငံရေးသမား၊ အဖွဲ့အစည်းသည် တနေ့သောအခါ ကျဆင်းရမည်သာဖြစ်သည်။ ပြည်သူလူထုကိုအခြေခံခြင်းမဟုတ်သောလုပ်ငန်းမှန်သမျှမှာ ဒီမိုကရေစီထွန်းကားသည်နှင့်အမျှ ကျဆုံးရမည်ဖြစ်ရာ လမ်းလွဲကိုလိုက်မိမှား နေလျှင် အမြန်ဆုံးပြင်၍ လူထုဆန္ဒဖြင့်ရပ်တည်ခိုင်မြဲကြဖို့ သတိပေးနှိုးဆော်လိုက်ပါသည်။
လူထုသတင်းစာခေါင်းကြီး။၂၂ -၅ -၁၉၅၈ မှ
ဒီမိုကရေစီတဲ့လား
ဒီမိုကရေစီအခွင့်အရေးသည် လူသားတိုင်း၏အခွင့်အရေးကြီးတခုဖြစ်၏။ သွေးစွတ်သောနှလုံးသားတိုင်းတွင် လွတ်လပ်စွာထွန်းတောက် နေရမည်ဖြစ်၏။ လူသားတိုင်း၏ အချစ်ဆုံးသောအရာတခုလည်းဖြစ်၏။ ထို့ကြောင့် ကမ္ဘာ့လူသားတိုင်းနှလုံးသည်းပွတ်မှ သွေးပေါက်သွေး စက်များ စီးယိုကျဆင်းလာသည့်တိုင်အောင် ဒီမိုကရေစီအခွင့်အရေးကို ကာကွယ်တိုက်ခိုက်ခဲ့ကြ၏။ ”မတော်တရော်”တွေချည်းလုပ်နေ ကြပါက ဒီမိုကရေစီသည် နံမည်အပျက်ကြီးပျက်ရပေတော့မည်။ တကဲ့ဒီမိုကရေစီသမားများက ”ဒါဒီမိုကရေစီတဲ့လား” ဟုမေးငေါ့ခြင်း ခံကြရပေလိမ့်မည်ဖြစ်သတည်း။
လူထုသတင်းစာခေါင်းကြီး။၃-၅-၁၉၅၂ မှ
အမှန်ကို ဖွင့်မည့်သူများ
မည်သည့်ကိစ္စတွင်မဆို အမှန်တည်းဟူသောသစ္စာတရားသည် အခိုက်အတန့်အားဖြင့် တိမ်မြှပ်၍နေရတတ်သော်လည်း တချိန်တွင်ကား အင်နှင့်အားနှင့် ထွန်းလင်းတောက်ပရမြဲပင်ဖြစ်ပေသည်။ လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာယုံကြည်ခွင့် လွတ်လပ်စွာစည်းရုံးခွင့်တည်း ဟူသော လူ့အခွင့်အရေးများသည်လည်း သဘာဝကျ၍တရားသည်သာမှန်ပါက ဘယ်ကဲ့သို့သောဖောက်ပြန်ရေးသမားက အဘယ်မျှ နှောင်ဖွဲ့သည်ဖြစ်စေ၊ ဖျက်ဆီးသည်ဖြစ်စေ တိတိကျကျပြည့်ပြည့်၀၀ ခံစားခွင့်ပေါ်ပေါက်ရဦးမည်သာဖြစ်သတည်း။
လူထုသတင်းစာခေါင်းကြီး။၁၇၊၇၊၁၉၅၂။ မှ
နိုင်ငံရေးဆိုသည်မှာ ကိုယ်ယုံ၍ကိုယ့်စေတနာအလျောက် ရွက်ဆောင်ကြသည့်ကိစ္စဖြစ်သည်။ ဤကိစ္စမျိုး၌ ယနေ့အဖြူပါဟုပြောနေပြီး နက်ဖြန်တွင်အမည်းပါဟုပြောလာသည်ဆိုပါလျှင် ထိုသူသည် မိမိကိုယ်မိမိ ဘယ်အဖြစ်သို့ရောက်ရှိရသည်ဆိုခြင်းကို မစဉ်းစားမိသောကြောင့် သာလျှင် ဤလိုပေါ့ပေါ့တန်တန် မျောက်ခုန်သလိုခုန်ပြဝံ့ခြင်း ဖြစ်တန်ရာသည်။ လူဟူသည်ကား ဘယ်သင်းကောင်း၏ ဘယ်သင်းကမကောင်း ဆိုသောယုံကြည်ချက်ရှိသည့် သတ္တ၀ါမျိုးဖြစ်သည်။ ဤယုံကြည်ချက်ရှိခြင်းနှင့်အညီသည်ပင်လျှင် သွားလာလှုပ်ရှားတွေးတောဆင်ခြင်မှု တွေ့ထိဆက်ဆံမှုများကို ပြုကြခြင်းဖြစ်ပေသည်။ ထို့ကြောင့်ယုံကြည်ချက်သည် လူ့အဖို့အသက်ထက်အရေးကြီးပေသည်။ ယုံကြည်ချက် တခုသည် လူတယောက်၏ပဲ့နှင့်တူသည်။ လူတသက်တာ မိမိလှုပ်ရှားမှုမှန်သမျှကို ထိုယုံကြည်ချက်ကသာလျှင်ပဲ့ပြင် ဦးတည်ပေးရသည်။
လူထုသတင်းစာခေါင်းကြီး။၁၀၊ ၁၁၊ ၁၉၅၈ မှ
ဒီမိုကရေစီအရိပ်အရောင်-
အစိုးရအာဏာရသူများက အာဏာဖြင့်နိုင်ထက်စီးနင်းလုပ်ခြင်းများ၊ခါးပိုက်ဆောင်တပ်နှင့်လက်နက်ရှိသူများက တရားဉပဒေကို ချိုးဖောက် ခြင်းများပြုချေသော် အမှားပြုသူ မတရားပြုသူများကို ကျွန်ုပ်တို့ပြည်သူများက အပြစ်မြင်ကြ လူထုနည်းဖြင့်အရေးယူကြရမည်ဖြစ်သတည်း။
လူထုသတင်းစာခေါင်းကြီး (၁၁-၆-၁၉၅၈) မှ
မှားပါသည်၊ချွတ်ယွင်းပါသည်ဆိုခြင်းကိုဝန်ခံသောနည်း
ပရိယာယ်ကိုအထပ်ထပ်သုံးနေမည့်အစား၊ မှားယွင်းခဲ့သမျှကို ပြင်ဆင်ပြုပြင်ဖို့ လိုအပ်လေပြီ။ တိုင်းပြည်ဧ။်ကံကြမ္မာကိုဖန်တီးခွင့်ရသည် ဆိုခြင်းမှာ ကြီးမားလှသည့်တာဝန်ရှိသည်ဖြစ်ရာ နုံချာသောဆေးဆရာကဲ့သို့သဘောထားပြီး မှားယွင်းလျှင်လည်းမထောင်းတာဟု သဘော မထားသင့်ပေ။ ပြည်သူတို့ခံရသည့်ဒဏ်မှာကြီးမားလှသည်ဖြစ်ရာ မူလကတည်းကမမှားဖို့ မှားပြန်လျှင်လည်းပြင်နိုင်ဖို့လိုအပ်ကြောင်း စေတနာကောင်းနှင့်သတိပေးလိုက်ပါသတည်း။
လူထုသတင်းစာခေါင်းကြီး(၂၈-၇-၁၉၅၇) မှ
ဒီမိုကရေစီအခွင့်အရေးကို များများကြီးပေးမည်။ ပြည့်ပြည့်ကြီးပေးမည်ဟုကြံရွယ်ပါလျှင် (၁၀)နှစ်(၁၀)မိုးကာလက ပြည်သူလူထုဘယ်လိုနေခဲ့ ရသည်၊ အတိုက်အခံများ ဘယ်လိုအသက်ရှုခဲ့ရသည်၊ သတင်းစာဆရာများ စာရေးဆရာများ ဘယ်ပုံခံခဲ့ရသည်များကို အစိုးရတို့ဆင်ခြင်သင့် ကြပေသည်။ ဒီမိုကရေစီထူထောင်ရေးတွင် ဒီမိုကရေစီနှင့်မနီးစပ်သောဉပဒေများကိုရုပ်သိမ်းဖယ်ရှားဖို့မှာ ရှေ့ဆုံးပိုင်းကအစီအစဉ်တရပ်ဖြစ် သင့်ကြောင်း သို့မှပင်ပြည်သူလူထုအားထားမှုနှင့်နီးစပ်မည်ဖြစ်ကြောင်း အစိုးရအား သတိပေးနှိုးဆော်လိုက်ပါသည်။
လူထုသတင်းစာခေါင်းကြီး-၂၅၊၈၊၁၉၆၀။ မှ
-အယုံအကြည်မရှိအဆို
ပြည်သူလူထုအလိုရှိသည်မှာ ဆရာတော်ကြီးများ မေတ္တာရပ်ခံထားသည့်ပြဿနာရပ်များကို လက်နက်နှင့်ဖြေရှင်းရေးမဟုတ်သော ဒီမိုကရေစီ နည်းအရဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနည်းပင်ဖြစ်ပေရာ ပြည်သူလူထုဧ။်ဆန္ဒကိုဆန့်ကျင်သူများသည် ဗြုံးကနဲလတ်တလောအားဖြင့် အာဏာရ ချင်ရမည်ဖြစ်သော်လည်း ရေရှည်တွင်ကား ပြည်သူ့ဆန္ဒကိုရနိုင်ဖို့ဝေးသည်ဖြစ်ကြောင်း သတိရှိကြဖို့လိုလှပေသည်။
လူထုသတင်းစာခေါင်းကြီး (၇-၆-၁၉၅၈) မှ

“အာဏာအလွဲသုံးစားမပြုရေး”
ဒီမိုကရေစီနိုင်ငံတွင် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းမှ နှစ်ပေါင်း (၄၀) အာဏာရနိုင်မည်ဟု မဆိုနိုင်ပေ။ မည်သို့သောဖိနှိပ်ချုပ်ချယ်သည့် နည်းများကိုပင်အစွမ်းကုန်သုံးသုံး မည်သို့သောငွေကြေးများကိုရှာဖွေပြီးသုံးသုံး အာဏာကိုအလွဲသုံးစားလုပ်သူများသည် မည်သည့်နိုင်ငံတွင်မှ ကြာကြာအစိုးရမဖြစ်နိုင်။ လူထုဆန့်ကျင်ရေးသမားများဖြစ်ပြီး လူထုဧ။်ဒဏ်ခတ်ခြင်းကို တနည်းမဟုတ်တနည်း ခံရစမြဲဖြစ်လေသည်။ အာဏာရပါတီက အခွင့်အရေးများကိုအလွဲသုံးစားပြုလုပ်ခြင်းများမှာ စင်စစ်အားဖြင့် ဒီမိုကရေစီကို ရိုက်ချိုးခြင်းသာဖြစ်သည်။ တင်းမာမှုကို ဖန်တီးခြင်းလည်းမည်သည်။ တရားမျှတမှုနှင့်ဥပဒေအုပ်စိုးရေးကို ဖျက်ဆီးရာလည်းရောက်သည်။
။လူထုသတင်းစာခေါင်းကြီး (၉-၁၁-၁၉၆၀) မှ
နာမည်ကြီးသောပုဒ်မ ၅
ရာဇ၀တ်မှုခင်းတခုခုအတွက် အရေးယူစရာအကြောင်းရှိလျှင် သက်ဆိုင်ရာပုဒ်မနှင့် တိုက်ရိုက်အရေးယူဖို့သာရှိပေသည်။ ထိုပုဒ်မနှင့် အရေးယူလျှင် အာမခံပေးလိုက်မည်ဖြစ်သောကြောင့် ပုဒ်မ၅နှင့် အရေးယူရပါသည်ဆိုသောအတွေးအခေါ်မျိုးကား မရှိသင့်ကြတော့ပေ။” အမှုနောက်မှရှာ၊လူကိုအရင်ဖမ်းလိုက်”ဆိုသည်မျိုး၊ စိတ်မချ၍ ပုဒ်မ(၅)နှင့်ဖမ်းထားရသည်ဆိုသည့်အကြောင်းပြချက်မျိုးသည် ဒီမိုကရေစီ အာမခံချက်ပေး၍တက်လာသောအစိုးရလက်ထက်တွင် လုံးဝမရှိသင့်တော့ပေ။
လူထုသတင်းစာခေါင်းကြီး-၂၃၊၁၀၊၁၉၆၁။ မှ
“လူ့ရာဇ၀င်ကို ဘယ်တော့မှ မသုံးသပ်သူများ”
ခက်လိုက်သည်မှာ အရင်းရှင်တို့အသိုက်အ၀န်း၌ လောဘဇောတိုက်၍ လောဘသာလျှင်လွှမ်းမိုးနေသည့်အခါ ဘယ်ရာဇ၀င်သင်ခန်းစာကိုမှ မရယူနိုင်သောလူမိုက်များက ဟောတယောက် ဟောတယောက် ပေါ်ထွက်လာတက်လေသည်။ ဤလို လူမိုက်တွေသည် ပိုက်ဆံရှိ၍ ဒီမိုကရေစီအထိ ၀ယ်ယူလာနိုင်သည့်အခါ လူ့ရာဇ၀င်၌ သွေးချောင်းစီးရခြင်း မကြာခဏဖြစ်နေရခြင်းဖြစ်လေသည်။ ထို့ကြောင့် ဤကမ္ဘာမြေ ပေါ်မှ အရင်းရှင်စနစ်မကွယ်ပျောက်မချင်း တကယ်တန်းငြိမ်းချမ်းရေးနှင့် တကယ်တန်းလုံခြုံရေးတို့ မရှိမည်မှာကား သေချာလှပါသတည်း။
လူထုဒေါ်အမာ-လှုပ်ရှားနေသောကမ္ဘာ့ရေးရာများ
လူထုသတင်းစာ(၂၄-၁၀-၁၉၆၁) မှ
အမျိုးသားနေ့ကျောင်းသားနှင့်ပြည်သူ
အမျိုးသားနေ့နှင့်အတူ ယနေ့အမျိုးသားရေးပြဿနာများကို ကျွန်ုပ်တို့မျက်စေ့မှိတ်ထား၍ မဖြစ်သေးပေ။ ကျွန်ုပ်တို့တမျိုးသားလုံး ယနေ့ ရင်ဆိုင်နေရသောပြဿနာကြီးများ ရှေ့တွင်မားမားကြီးရှိ၍ နေသေးသည်မဟုတ်လော။ ကျွန်ုပ်တို့၏အချုပ်အခြာအာဏာပိုင်မှုကို ခြိမ်းခြောက် ၍နေသည့် စစ်ရေးကျူးကျော်မှုများ နယ်ချဲ့သမားအန္တရာယ်များ ကျွန်ုပ်တို့၏စီးပွားရေးတွင် ၀င်ရောက်ချယ်လှယ်သွေးစုတ်နေသည့် စီးပွားရေး မလွတ်လပ်မှုများရှိသေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယနေ့ညီညွတ်နေသည့်စည်းလုံးမှုမျိုးနှင့်ပင် စစ်ရေးကျူးကျော်မှု၊ စီးပွားရေးချုပ်ချယ် မှု၊ ဒီမိုကရေစီရေးဆုံးရှုံးမှု၊ ပြည်တွင်းမငြိမ်းချမ်းမှုနှင့်ကမ္ဘာ့ငြိမ်းချမ်းမှုများကို မရမနေတောင်းဆိုတိုက်ခိုက် ယူငင်ကြပါစို့။
ယနေ့အဓိဋ္ဌာန်အဖြစ်နှင့်တကယ့်အမျိုးသားရေးဖြစ်သော့
တခဲနက်ညီညွတ်သွေးစည်းရေး
အမျိုးသားလွတ်မြောက်ရေး
ဒီမိုကရေစီရေး
ပြည်တွင်းငြိမ်းချမ်းရေး
ကမ္ဘာ့ငြိမ်းချမ်းရေးများကို မရအရယူကြပါစို့။
လူထုသတင်းစာခေါင်းကြီး(၁၁-၁၁-၁၉၅၂) မှ
ရှေနှစ်ခါ တန်ဆောင်မုန်း
အမျိုးသားတွေညီညွတ်မှ အမျိုးသားလွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်သည်။ အမျိုးသားလွတ်လပ်ရေးခိုင်မြဲမှ အမျိုးသားပညာရေး၊ သခင်ပညာရေးကိုတည်ဆောက်နိုင်မည်ဖြစ်ရာ အမျိုးသားနေ့ကြီးကျင်းပနိုင်ရေးကို အမျိုးသားတိုင်းအားသွန်ခွန်စိုက် ကြိုးပမ်းသင့်လှ ပါသတည်း။
လူထုဒေါ်အမာ-လူထုသတင်းစာ(၁၂၊၁၁၊၁၉၆ဝ) မှ

အောက်ဆုံးလွှာတွင် ဒုက္ခအမျိုးမျိုးခံနေကြရပြီဖြစ်သောလူထု မည်မျှဆင်းရဲတွင်းနက်နေပြီ။ မည်သို့ ခံစားနေကြရပြီဆိုသည်ကို အစိုးရ သိအောင်လုပ်နိုင်ရေးမှာ အရေးကြီးလှသောပြဿနာတရပ် ဖြစ်လာတော့သည်။ ယနေ့လူလောကသည် ထိုအောက်ဆုံးလွှာကလူတို့ ခံနေရ သည်များကို အထက်လူတို့ကသိရှိပါမှ သက်သာရာရရှိအောင်စီမံနိုင်ပါမှ သာယာသင့်သလောက်သာယာနိုင်မည်ဖြစ်ရာ ဤသို့ပင်လျှင် ဘယ်သူတွေဘယ်လောက်ဆင်းရဲ၍ ဘာတွေဘယ်လိုဖြစ်နေသည် မသိသူများအရာရှိလုပ်နေလေသမျှ ယခုအတိုင်းပင် ကမောက်ကမ လောကကြီးအဖြစ်နှင့် လွတ်လပ်စွာမှ ငတ်ပြတ်ခွင့်မရှိ၊ ငတ်ရမွဲရပါမို့လားဟု ဓါးပြရိုက်ခံရသည့်ခေတ်ဆိုးနှင့် တိုး၍သာကြုံကြိုက်နေကြရမည် ဖြစ်ပါသတည်း။
လူထုဒေါ်အမာ လူထုသတင်းစာခေါင်းကြီး(၇-၇-၁၉၅၆) မှ
အလုပ်သမားလယ်သမားကို အလုပ်သမားလယ်သမားဟူ၍သဘောထားပြီး ၎င်းတို့၏လုပ်အားကို တန်ဖိုးကြီးကြီးထားကာ တိုင်းပြည်အတွက် ပါဝင်တည်ဆောက်စေရန် အရေးကြီးလှပေသည်။ အလုပ်သမားလယ်သမားကို ပါတီအရေးအတွက်လည်း အသုံးချဦးမည်၊ ကိုယ့်ပါတီကို မထောက်ခံဟုထင်လျှင် ခွဲခြားနှိပ်ကွပ်မည်ဆိုပါက ဗမာပြည်၏တည်ဆောက်ရေးလုပ်ငန်းများ၌ အကြီးအကျယ် ထိခိုက်နစ်နာမှုရှိမည်ကို စိုးရိမ်မိပေသည်။
လူထုဒေါ်အမာ။ လူထုသတင်းစာခေါင်းကြီး (၃၀၊၅၊၁၉၅၆) မှ
ပြည်တွင်းစစ်ဖြစ်ပြီဆိုလျှင် သာသနာ့ဝန်ထမ်း ရဟန်းသံဃာသူတော်ကောင်းတို့သည်လည်း ကင်းအောင်လွတ်အောင်နေပါသည်ဆို၍ နေမရ။ ပစ်သမျှခတ်သမျှအကြား၌ အသက်ဆံဖျားရှိရခြင်း၊ သူသေ ငါသေသ၊ သတ်ငါသတ်ဆိုသည်များကို မည်မျှရွံကြောက် စက်ဆုတ်သော်လည်း ရှောင်ကွင်း၍မရခြင်းများ ရှိရသည်ချည်းဖြစ်လေသည်။ ထို့ကြောင့်လည်း ရဟန်းတော်များကပါ ပြည်တွင်းစစ်ရပ်စဲကြပါ။ ဘုရားအလိုတော်ကျ စေ့စပ်ဆွေးနွေးဖြေရှင်းခြင်းဖြင့် ဖြေရှင်းကြပါ။ လက်နက်စွဲကိုင်မှုကို စွန့်လွှတ်ကြပါဟုမေတ္တာရပ်ခံပန်ကြားတော်မူလာကြရခြင်း ဖြစ်လေသည်။ ဤပြည်တွင်းစစ်မီးကို လူရှင်ရဟန်း ကြိုးပမ်းငြိမ်းသက်ကြမှ အေးငြိမ်းသွားလိမ့်မည်အမှန်ဖြစ်လေသတည်း။ လူထုဒေါ်အမာသတင်းစာခေါင်းကြီး- အထွေထွေဝေဖန်ချက်(၁၀၊၉၊၁၉၅၆) မှ
လူထုဒေါ်အမာ“ငြိမ်းချမ်းစွာ အတူတကွနေကြပါစို့”
လက်နက်အားကိုးသူသည် လက်နက်ကိုဖက်၍အိပ်ရမှ စိတ်ချစ္ဂ္ဂာအိပ်ပျော်သည်ဆိုသကဲ့သို့ ၎င်းတို့အဖို့ ပြည်သူ့ဆန္ဒကိုဆန့်ကျင်သည်နှင့်အမျှ ပြည်သူ့မေတ္တာရေကို မခံယူရသည်နှင့်အမျှ လက်နက်ကိုသာလျှင် ပို၍ပို၍အားကိုးသည့်စိတ်များ တိုးပွားပေလိမ့်မည်။ ပြည်သူကသာလျှင် လက်နက်သည် ယခုခေတ်မျိုး၌ ဘာကိုမှမဖြေရှင်းနိုင်။ ပြဿနာများရှိသည်ဆိုက ငြိမ်းချမ်းစွာတွေ့ဆုံ ဆွေးနွေးညှိနှိုင်းဖြေရှင်းနည်းဖြင့် သာလျှင် ဖြေရှင်းရလိမ့်မည်။ လက်နက်တပ်ဆင်မှု စစ်တပ်ကြီးများဖွဲ့စည်းမှုသည် ပြည်သူတို့၏ သက်သာချောင်ချိမှုများခေါင်းပါးစေရန် စာသင်ကျောင်းအစားစစ်တန်းလျား၊ ဆေးရုံမှဆေးဝါးအစား ကျည်ဆံ၊ အားကစားနှင့်ယဉ်ကျေးမှုအစား စစ်ဖိနပ်နှင့်ယူနီဖောင်းဖိုးတို့တွင် ကုန်ဆုံးပြုန်းတီးရသည်ဟူသောအသိဖြင့် တက်ကြွစွာကန့်ကွက် ဆန့်ကျင်နေကြခြင်းဖြစ်လေသည်။
လူထုသတင်းစာခေါင်းကြီး(၂၉၊၉၊၁၉၅၆)မှ
ဖိနှိပ်၍ထားခြင်းသည် အဟန့်အတားဖြစ်ပါဧ။်လော။
လူ့သမိုင်းတွင်လူကိုမည်သည့်ခေတ်အခါက ဖိနှိပ်ဟန့်တားခဲ့ရာ၌ အောင်မြင်မှုရှိခဲ့ပါသနည်းဟုမေးလျင် လုံးဝမအောင်မြင်၊ လူကိုဖိနှိပ်၍ရရိုး ထုံးစံမရှိဟူ၍ပင်ဖြေရပေလိမ့်မည်။ ဤအဖြေကို မဖြေလို၍မရ။ ယနေ့လူ့သမိုင်းသည်ပင်လျှင် ဖိနှိပ်မှုတို့အောက်မှပေါက်ဖွားတိုးတက်လာ ရခြင်းဖြစ်သောကြောင့် ထိုအဖြေကိုသာကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လူစကားပြောသူတိုင်း ဖြေရပေလိမ့်မည်။ သို့သော် ဖိနှိပ်၍နေဆဲရှိကြသူများကမူ သူတို့ကိုယ်သူတို့ သိကြားဟုထင်မှတ်နေကြလေသည်။ ဘယ်ခေတ်ဘယ်အခါကမှ မရခဲ့စေကာမူ ငါဖိနှိပ်လျှင် ရရမည် ဟုအထင်ရောက်၍နေကြလေသည်။ ထိုသူများအဖို့ သနားဖွယ်လည်းကောင်းသည်၊ ရယ်ဖွယ်လည်း ကောင်းလှသည်။ ဖိနှိပ်တိုင်းသာ လျှင် ပြားပြားဝပ်သွားကြလျှင် လူသားသည် ယခုတိုင် ကြေးခေတ်ကျွန်ခေတ်က တက်လိမ့်မည်မဟုတ်သည်ကို ထိုဖိနှိပ်သူတို့ မသိမြင်နိုင် အောင် မောဟဖုံးလွှမ်းခြင်းမှာ သနားစရာသာကောင်းတော့သတည်း။
လူထုဒေါ်အမာ-သတင်းစာခေါင်းကြီး-အထွေထွေဝေဖန်ချက်-“ရယ်စရာဖြစ်နေပြီ”(၂၊၆၊၁၉၅၆) မှ
လူထုဒေါ်အမာ-တိုး၍ဖိနှိပ်ချုပ်ချယ်လာမှုများ-
ပြည်သူတို့အနေဖြင့် ဖိနှိပ်သည်ထက်ဖိနှိပ်လာခြင်းသည် အုပ်ချုပ်သူလူတန်းစားတို့အကြောင်းပြသည်ကဲ့သို့ နိုင်ငတော်သာယာ၍ ငြိမ်ဝပ်ပိပြား ရေးအတွက်ဟုမမြင်။ အာဏာရရှိနေသူများ၏ အာဏာတည်မြဲရေးအတွက်သာဟု မြင်ကြလေသည်။ ထို့ပြင် အာဏာဖြင့်ပိုမိုဖိနှိပ်ထားခြင်း သည် ထာဝစဉ် ရစကောင်းသလောဟုလည်း မြင်၍လာပေမည်။ သို့ဖြစ်လေရာ ယခုကဲ့သို့ အုပ်စိုးသူလူတန်းစားအတွက်ဥပဒေတမျိုး အအုပ်ချုပ်ခံလူတန်းစားအတွက်ဥပဒေတမျိုး စသည်ဖြင့် ဥပဒေအမျိုးမျိုးနှင့် ဖိနှိပ်ချုပ်ချယ်၍စိုးမိုးနေမည့်အစား ငါတို့သည်ပြည်သူတို့က သဘောကျ ရွေးကောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြသည်။ ပြည်သူတို့ဆန္ဒရှိသည့်အတိုင်း ငါတို့လုပ်ဆောင်၍ပေးနေသည် ဟူသောယုံကြည်ချက်ဖြင့် အုပ်စိုးသူများလည်း လိပ်ပြာသန့်သန့် ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ်နေနိုင်ရန်ကြိုးစားပါ။ ပြည်သူအား လည်း ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ်ထားနိုင်ရန်ကြိုးစားပါဟူ၍သာ ကျွန်ုပ်တို့က တိုက်တွန်းလိုလှသတည်း။
လူထုဂျာနယ်ခေါင်းကြီး အမှတ်၅၃(၁-၉-၁၉၅၄) မှ

ရွှေဉဒေါင်း-ပြည်သူ့ဆန္ဒပြပွဲများ၌ရဲများအရေးကြီးပုံ-
ပြည့်သူ့ဆန္ဒပြပွဲများသည် ကိုယ်ရေးကိုယ်တာအတွက် မဟုတ်။ ပြည်သူလူထု၏ကိစ္စကြီးဖြစ်ခြင်းကို ပြည်သူလူထုလည်းသိ၏။ အစိုးရလည်း သိ၏။ ရဲများပင် သိသင့်လောက်ပေသည်။ လက်နက်မကိုင်ဆောင်သောပြည်သူလူထုအဖို့မှာ မိမိတို့၏လိုအင်ဆန္ဒကိုရံဖန်ရံခါ အစိုးရသိအောင် ဖော်ပြခြင်းသည် ဒီမိုကရေစီလမ်းစဉ်အနေဖြင့် တကမ္ဘာလုံးတွင်ကျင့်သုံးလျက်ရှိကြ၏။ သို့ရာတွင် ထိုကဲ့သို့ဆန္ဒပြကြရာ၌ သွေးထွက်သံယို မဖြစ်စေဘဲ ငြိမ်းချမ်းစွာဖြစ်စေရန်မှာ အစိုးရ၌၎င်း၊ ဆန္ဒပြကြသောပြည်သူလူထုအဖို့၌၎င်း နှစ်ဖက်စလုံးတွင်တာဝန်ရှိပေသည်။ ဤအတိုင်းမှန် ကန်လျှင် အစိုးရသည် ဆန္ဒပြကြသောလူထုကို’ကိုင်တွယ်’မည့်ရဲအရှိများနှင့် ရဲသားများရွေးချယ်ရာတွင် အထူးသတိရှိဖို့လိုပေသည်။ ဖြစ်သင့် သည်မှာကား သွေးဆူလျက်ရှိသောလူထုကိုကိုင်တွယ်မည့်အမှုထမ်းများသည် ရိုက်ချင်နှက်ချင်လူများ၊ စိတ်တိုသောလူများ ရိုင်ဖယ် သေနတ် ကို’ရာဇနှင်တံ’မှတ်ထင်တတ်သူများ၊ ထစ်ခနဲဆိုလျင်ပစ်ချင်ခတ်ချင်၍ ‘လက်ရွ’လျက်ရှိသူများမပါဝင်စေရဘဲ ပြည်သူလူထု၏ ရည်ရွယ်ချက်ကို နားလည်၍ ကိုယ်ချင်းစာတရားကပ်သူများဖြစ်ရမည့်ပြင် ဆန္ဒပြကြသောလူအုပ်ထဲတွင် မိမိတို့၏ညီအရင်း တူအရင်းသားရင်းများ (မယားပါ သားမဟုတ်)ပါဝင်သည့်နှယ် ကြင်နာသောစိတ်ထားမျိုးရှိသည့် အမှုထမ်းများချည်းဖြစ်စေရမည်။ ရဲအမှုထမ်းတို့မည်သည် လက်နက်မပါဘဲ ဆန္ဒပြသောလူထုကိုကိုင်တွယ်ရာ၌ အနည်းအကျဉ်းမျှအပွန်းအပဲ့ခံဖို့လောက်ကို ၀တ္တရားတခုအနေဖြင့် သဘောထားထိုက်၏။
လူထုသတင်းစာ-၂၃၊၂၊၁၉၆၁။မှ

လူထုဒေါ်အမာ-ရဲနှင့်ဝန်ထမ်းစိတ်-
ကျွန်ုပ်တို့နိုင်ငံကပုလိပ်များမှာ ပြည့်တံဆာခေါင်းများထံက မိုက်ကြေးခွဲ၍စားခြင်း၊ ကစားဝိုင်းဖဲဝိုင်းမှ လစဉ်ကြေးယူ၍စားခြင်းများကိုသာ ကြားသိရပြီး ဒါးပြတိုက်၍သွားတိုင်ပါသော်လည်း မိအောင်ဖမ်းနိုင်သည်မရှိ။ ကျောင်းသားတို့စီတန်းလှည့်လည်လျှင် မြင်းနှင့်တိုက်၍ ရိုက်နှက်ခြင်း၊ ရဟန်းတော်များပါစီတန်းလှည့်လည်သည်ကို သေနတ်နှင့်ပစ်ခြင်းများပြုသည်ကို တွေ့ကြုံခဲ့ရခြင်းဖြစ်လေသည်။ ယခုကား နယ်ချဲ့သမားလက်အောက်မှ လွတ်မြောက်လေပြီ၊ အမျိုးသားအစိုးရဖွဲ့စည်းနိုင်ပြီးဖြစ်လေသည်။ ကျွန်ုပ်တို့ရဲ များသည်ဘယ်ကဲ့သို့သောရဲမျိုး၏ ဘ၀ကိုခံယူကြမည်နည်း။ ကိုလိုနီပုလိပ်များ၏ဘ၀ကိုပင် ဆက်လက်ခံယူမည်လော။ အရင်းရှင်နိုင်ငံများ၏ပုလိပ်ဘ၀ကိုပင် ခံယူမည်လော။ ပြည်သူ့ဒီမိုကရေစီနိုင်ငံမှ ပုလိပ်များ၏ဘ၀ကိုခံယူမည်လောဟူသည်ကို စဉ်းစားသင့်လှသည်။ လူသည် ကိုယ့်ဘ၀တလျောက်၌ ငါ..ဘာကို လုပ်နေခြင်းဖြစ်သည်ကို အလေးအနက်ပြန်လည်စဉ်းစားရိုး ထုံးစံရှိသည်ချည်းဖြစ်သည်။ ရဲသည် ပြည်သူ့ဝန်ထမ်း။ ရဲသည်ပင် ပြည်သူတို့၏ အားကိုးအားထားပြုရာ။ ရဲသည်ပင် ပြည်သူဆိုသည့်အဖြစ်မျိုးကို ဗမာနိုင်ငံမှရဲများခံယူသင့်လှပါသည်။
လူထုသတင်းစာခေါင်းကြီး-၅၊၆၊၁၉၅၆။ မှ
နိုင်ငံတစ်နိုင်ငံ၏အမျိုးသားပိုင်ပစ္စည်းတစ်ရပ်ဖြစ်သော မြေပေါ်မြေအောက်ဘဏ္ဍာများကို တိုင်းတပါးအရင်းရှင်တို့က ကမ္ဘာတည်သမျှကာလ ပတ်လုံး ၄င်းတို့ချည်းအပြုံးမပျက်စားသုံးခွင့်ရှိရမည်ဟူ၍ ဘယ်ကမ္ပည်းတွင်မှ ရှိနေမည်မဟုတ်ပေ။ တခေတ်တခါက လူသူလက်နက်အင်အား တို့ဖြင့်ခြိမ်းခြောက်၍ လာရောက်အပိုင်စီးပြီး မတရားစာချုပ်များတဖက်သက်ချုပ်ဆို၍ စားသောက်ဝါးမျိုနေကြခြင်းသာ ဖြစ်ပေသည်။ ဤခေတ် ဤအခါမျိုး၌ ထိုကဲ့သို့သောစားသောက်ဝါးမျိုမှုကို ၄င်းတို့စိုက်ထုတ်ထားရပါသည်ဆိုသော အရင်းအနှီးတန်ဖိုးဆိုသည်များကိုလျော်ကြေးအဖြစ် ပေးပါလျက် သိမ်းယူခြင်းကိုမခံနိုင်ဟုဆိုလေလျှင် မခံနိုင်ဆိုသူသာလျှင်အဆိုးဖြစ်၍ ကိုယ့်ပစ္စည်းကိုယ်ပြန်၍သိမ်းသူက မဆိုးနိုင်ပေ။ အလားတူလည်း သိမ်းယူကြရဦးမည်ဖြစ်ပေသည်။
လူထုဒေါ်အမာ-
နယ်ချဲ့စနစ်မရှိတော့လေဟန် မည်သူတွေက မည်မျှပင် ဖုံးကွယ်ရန်ကြိုးစားစေကာမူ ကျွန်ုပ်တို့နိုင်ငံ၌ စီးပွားရေးနယ်ချဲ့မှုကို အလူးအလဲ ခံရဆဲပင် ဖြစ်ပေသည်။
လူထုဒေါ်အမာ-လူထုသတင်းစာခေါင်းကြီး -၂၂၊၉၊၁၉၅၆ မှ
ဤမျှဆိုးဝါးနေပြီဖြစ်သော လူသတ်ဝါဒကြီးကို ပြည်သူတို့အနေဖြင့် လက်ပိုက်ကြည့်နေလို့ မဖြစ်တော့ပြီ။ ဤလူသတ်ဝါဒဆိုးကို တခါတည်း စွန့်လွှတ်ကြရန် အပြင်းအထန်တောင်းဆိုမှ ဖြစ်ပေတော့မည်။ အမြို့မြို့အနယ်နယ် အရပ်ရပ်တို့တွင် လူသတ်ဝါဒကို ပြည်သူတွေကလက်မခံ ပြင်းထန်စွာရှုတ်ချသည်ဟု ရှုတ်ချပွဲများလုပ်ဆောင်ကြရပေလိမ့်မည်။ လူသတ်ဝါဒကန့်ကွက်ရှုတ်ချရေးစည်းဝေးပွဲများ ဗမာတပြည်လုံးတွင် လုပ်သင့်လှပြီ။ လက်နက်ဝါဒကိုစွန့်လွှတ်ကြပါတော့ဟု ဗမာပြည်သူတရပ်လုံးကတောင်းဆိုရမည့်အချိန်သို့ ရောက်ရှိနေလေပြီ။
လူထုဒေါ်အမာ-လူသတ်ဝါဒစွန့်လွှတ်ကြ-
လူထုသတင်းစာခေါင်းကြီး-၃၀၊၆၊၁၉၅၆။ မှ
 (ယူတာက)http://bobolansin.wordpress.com/

0 comments:

Post a Comment