Saturday, December 1, 2012

မြို့တော်ခန်းမထက်ကအလံတော် အပိုင်း-၄ (မောင်လှဝင်း-မြင်းခြံ)

0 comments

အာဖရိကတိုက်မှနေ၍ နီဂရိုးများကိုကျွန်များအဖြစ် အတ္တလန္တိတ်သမုဒ္ဒရာ ကိုကျော်ဖြတ်ပြီးသယ်ဆောင်လာရာတွင် လမ်းခရီးမှာပင် နီဂရိုး ကိုးသန်းခန့်သေဆုံး သွားခဲ့ကြသည်။ (၁၅)သန်းလောက်သာ အသက်ရှင်ပါလာခဲ့သည်ဟုဆိုသည်။ ၄င်း ကျွန်များ၏ တဝက်လောက်သော အရေအတွက်ကို ဗြိတိသျှသင်္ဘောများနှင့် သယ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဗြိတိသျှဓနရှင်တို့၏လုပ်ငန်းကြီးများ ဖြစ်ထွန်းကြီးပွား လာခြင်း၏ ပထမဆုံးအကြောင်းရင်းမှာ ဤအချက်ပင်ဖြစ်သည်။ ထို့ကြောင့် ဆိုရိုး စကားတခုရှိခဲ့ဖူးသည်။ “ဗြိတိသျှတို့၏နယ်မြေအုတ်ရိုးတံတိုင်းများကို နီဂရိုးအမျိုးသား တို့၏သွေးများဖြင့် အင်္ဂတေကိုင်ပြီးတည်ဆောက်လာခဲ့ခြင်းဖြစ်သည်”တဲ့။ ဤသို့ဆိုလျှင် ဥရောပတိုက်၏ အရင်းရှင်စနစ်ခေတ်ထလာမှုကို မည်သို့ကြည့်မြင်သုံးသပ်သင့်ပါသနည်း၊ ဥရောပတိုက်ဓနရှင်လူနည်းစုလက်တွင်း စုပြုံရောက်ရှိသွားသောအရင်းအနှီးများဆိုသည်မှာ…. အမေရိကတိုက်မှအင်ဒီးယန်းအမျိုးသားများနှင့် အာဖရိကတိုက်မှနီဂရိုးများ၊ တိုင်းရင်းသားများတို့၏သွေးတုံးသွေးခဲများပင်ဖြစ်သည်။ ကိုလိုနီအဖြစ်ကျွန်ပြုခြင်းခံရသည့် အရှေ့တိုင်းသားများ၏သွေးတုံးသွေးခဲ များလည်းဖြစ်သည်။ ၄င်းအပြင် ဥရောပတိုက်မှာပဲ ပင်တိုင်အဆက်မပြတ်သွေးစုပ်ခံခဲ့ကြရသည့် ဥရောပတိုက်သားတို့၏သွေး တုံးသွေးခဲများလည်း ကြီးမားသောအတိုင်းအတာဖြင့်ပါဝင်သည်၊ ဥရောပတိုက်၏ အရင်းရှင်စနစ်ကို ဤလူသားတို့၏သွေး ရည်သွေးခဲများဖြင့် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

၂၊ ပစ္စည်းမဲ့လူတန်းစား ကြီးထွားဖွံ့ဖြိုးလာခြင်း
ဥရောပအရင်းရှင်စနစ်ခေတ်ထပြီး ဖွံ့ဖြိုးတိုးတက်လာသည့်အကြောင်းကိုဖော်ပြရာတွင် ပစ္စည်းမဲ့လူတန်းစားကြီးထွားဖွံ့ဖြိုးလာပုံ အကြောင်း မပါဘဲပြည့်စုံနိုင်လိမ့်မည်မဟုတ်ပေ၊ အရင်းရှင်စနစ်သည် ပစ္စည်းမဲ့လူတန်းစားအပေါ်သွေးစုပ်ဖိနှိပ်မှုနှင့်အတူကြီးထွား လာသည်ဟူသောသုံးသပ်ချက်သည် အခြေခံကျသောအချက်ပင်ဖြစ်၏။ ဓနရှင်လူတန်းစားသည် အနာဂတ်သူ့သင်းချိုင်းကိုတူးပေး မည့်သူ တနည်းအားဖြင့် သူ့ကိုမြေမြုပ်သင်္ဂြီုဟ်မည့်သူကို သူကိုယ်တိုင်မွေးဖွားပေးခဲ့ခြင်းဖြစ်၏။ ဓနရှင်လူတန်းစားဆိုသည်မှာ လူမှုထုတ်လုပ်ရေးပရိဘောဂများကိုပိုင်ဆိုင်ပြီး  အခစားအလုပ်သမားများအားခိုင်းစားနေသူ ခေတ်သစ်အရင်းရှင်လူတန်းစားကို ဆိုလိုသည်။ ပစ္စည်းမဲ့လူတန်းစားဆိုသည်မှာ မိမိကိုယ်ပိုင်ထုတ်လုပ်ရေးပရိဘောဂများမရှိကြသောကြောင့် မိမိတို့အသက်ရှင်ရပ် တည်နိုင်ရေးအတွက် မိမိလုပ်အားကိုမလွှဲမရှောင်သာ ရောင်းစားနေကြရသော ခေတ်သစ်အလုပ်သမားလူတန်းစားပင်ဖြစ်သည်။ ဓနရှင်လူတန်းစားများ(တနည်းအားဖြင့်-အရင်းအနှီး)တိုးများလာသည့်အချိုးအစားနှင့်အညီ ပစ္စည်းမဲ့လူတန်းစားတိုးများ လာခြင်းဖြစ်သည်။ ဤအလုပ်သမားလူတန်းစားသည် အလုပ်ရှိမှသာလျှင်အသက်ရှင်နေထိုင်နိုင်စွမ်းရှိသည်၊ သူတို့၏အလုပ်က အရင်းအနှီးကိုတိုးပွားစေမှသာ သူတို့အလုပ်ရနိုင်သည်။ အလုပ်ဆက်လက်လုပ်ကိုင်နိုင်သည်။ အလုပ်သမား လူတန်းစားသည် မိမိကိုယ်မိမိ အလီလီရောင်းစားရသည်။ အခြားအရောင်းအဝယ်ပစ္စည်းများနည်းတူ အလုပ်သမားများသည်လည်း ကုန်စည်တမျိုးပင်ဖြစ်၏။ ထို့ကြောင့် အရင်းရှင်တို့၏ပိုင်ဆိုင်မှုစနစ်ဖြစ်ပေါ်လာသည့်အပြောင်းအလဲအားလုံး၊ ဈေးကွက်၏မတည်ငြိမ်မှုအားလုံး၊ အားလုံးသောအခြင်းအရာတွေ၏ဂယက်ရိုက်မှုကို သူ ခံရသည်။ အရင်းရှင်တွေခံရသည့်နည်းတူ အလုပ်သမားလည်းခံရသည်။ ဓမ္မတာအတိုင်းပင် အလုပ်သမားများမှာ အလုပ်ရှိမှအသက်ရှင်ရသူဖြစ်သောကြောင့် ဤသိုသော ဂယက်ရိုက်မှုဒဏ်ကိုပိုမိုခံရသည်။ သို့ဖြင့် အလုပ်သမားများသည် စက်ရုံ၏အဆွယ်အပွားများဖြစ်လာသည်။ သူ့အား အရိုးဆုံး၊ အပြောင်းအလဲမရှိဆုံး၊ အလွယ်ကူဆုံးဖြစ်သောကျွမ်းကျင်မှုရှိဖို့ကိုသာတောင်းဆို(သူ့တွင်လိုအပ်သည်)သည်။ ထို့ကြောင့် အလုပ်သမားတယောက်၏ထုတ်လုပ်ရေးစရိတ်ကို သူ အသက်ရှင်နေထိုင်နိုင်ဖို့နှင့်မျိုးဆက်ပြန့်ပွားရေးတို့အတွက်လိုအပ်သော ဘဝတည်မြဲရေးပစ္စည်းများရရှိစေရုံလောက်သာ ကန့်သတ်ထားသည်။ သို့ရာတွင် တဘက်က ကုန်ဈေးနှုန်းများတက်လာသည်နှင့် အမျှ လုပ်ခသည်လျော့ပါးလာသည်။ အလုပ်ချိန်ကတော့ ပိုတိုးလာသည်။ သတ်မှတ်ထားသည့်အလုပ်ချိန်အတွင်း အလုပ်ပမာဏ တိုးလာသည်။ အလုပ်၏ဝန်ထုပ်ဝန်ပိုး(ဝန်ထုံ့ဝန်ပို)များ အလုပ်သမားအပေါ် ပိုမိုကျရောက်လာခြင်းဖြစ်သည်။ စက်ရုံမှာစုပြုံနေသော အလုပ်သမားထုကြီးကို စစ်သားများကဲ့သို့စုစည်းဖွဲ့စည်းလိုက်သည်။ စက်မှုတပ်မတော်ကြီး၏သာမန်တပ်သားများအဖြစ် တပ်မှူး တပ်ကြပ်အဆင့်ဆင့်တို့၏ကွပ်ကဲအုပ်ချုပ်မှုအောက်မှာ စနစ်တကျထားရှိလိုက်သည်။ သူတို့သည် ဓနရှင်လူတန်းစား၏ကျေးကျွန်ဖြစ် ရုံသာမက ဓနရှင်နိုင်ငံတော်၏ကျေးကျွန်များလည်းဖြစ်ကြသည်။ ထိုမျှသာမက စက်ကိရိယာ၊ ကြီးကြပ်သူနှင့်အဓိကအားဖြင့် တဦးချင်းစက်ပိုင်ရှင် ဓနရှင်ကိုယ်တိုင်၏ကျွန်ပြုမှုကို နေ့စဉ်နှင့်အမျှ နာရီနှင့်အမျှခံကြရသည်၊ ဓနရှင်လူတန်းစားက အမြတ်အစွန်း ရရှိရေးကိုသူ၏အဆုံးစွန်ရည်ရွယ်ချက်အဖြစ် ပိုမိုဗြောင်ကျစွာဖော်ထုတ်လာသည်နှင့်အမျှ စက်ရုံအတွင်း ဓနရှင်၏မင်းမူအုပ်စိုးမှု၊ နိုင်ငံတော်၏မင်းမူအုပ်စိုးမှုတို့သည် ပိုပြီး ပိုပြီး မုန်းတီးစရာကောင်းလာသည်။ ပိုပြီးရက်စက်လာသည်။ ခေတ်သစ်စက်မှုလုပ်ငန်း ပိုမိုတိုးတက်လာသောအခါ ကာယအလုပ်မှာ ကျွမ်းကျင်မှုသိပ်မလိုတော့ပါ။ အားစိုက်ရမှုနည်းလာသည်။ သည်အခါ ယောင်္ကျားသားတို့၏အလုပ်ကို မိန်းမသားများနှင့်အစားထိုးလာသည်။ အလုပ်သမားလူတန်းစားအတွက် အသက်ခြားနားမှု၊ ကျားမခြားနားမှုများသည် မည်ကဲ့သို့သောထင်ရှားသည့်(တမူခြားနားသည့်) လူမှုရေးအဓိပ္ပာယ်မှရှိမနေတော့။ အားလုံးတို့သည် အလုပ်ကိရိယာများဖြစ်ကုန်ကြတော့သည်။ အလုပ်သမားများသည် စက်ရုံပိုင်ရှင်များ၏သွေးစုပ်မှုကိုခံရပြီးနောက် လုပ်ခကိုလက်ငင်းရလိုက်သည်။ ဤသည်မှာ သွေးစုပ်ပြီးသားလုပ်ခငွေကိုရရှိခြင်းဖြစ်သည်။ ယင်းသို့ လုပ်ခရပြီးသည်နှင့် တပြိုင်နက် ဓနရှင်လူတန်းစား၏တခြားသောအစိတ်အပိုင်းဖြစ်သည့် အိမ်ပိုင်ရှင်ကြီးများ၊ဆိုင်ပိုင်ရှင်ကြီးများ၊ အပေါင်ခံစားသူ များသည် အလုပ်သမားများအပေါ် ထပ်မံသွေးစုပ်လိုက်ကြပြန်သေးသည်။ (ပဲရစ်ဘုံအဖွဲ့က သူတို့ အာဏာရရှိလိုက်သည့်အချိန်တွင် အပေါင်ဆိုင်များကိုပိတ်ပင် တားမြစ်လိုက်ခြင်းသည် ဤအချက်အပေါ်တွင်မူတည်သည်) အလယ်အလတ်အောက်လွှာ (Lower Middle class)လူတန်းစားများဖြစ်ကြသော လုပ်ငန်းပိုင်ရှင်ကလေးများ၊ ဆိုင်ပိုင်ရှင်ကလေးများ၊ လုပ်ငန်းမှအနားယူသွားရသည့် (ဓနရှင်စနစ်ကြီးထွားဖွံ့ဖြိုးမှုက ဖျက်သိမ်းမောင်းထုတ်ခြင်းကိုခံလိုက်ရသော)လုပ်ငန်းပိုင်ရှင်အားလုံးနီးပါး၊ လက်မှုပညာသည်များ၊ ၄င်းအပြင် လယ်သမားများတို့သည် တစတစနှင့် ပစ္စည်းမဲ့လူတန်းစားတပ်ဖွဲ့အတွင်းသို့ ကျရောက်သက်ဆင်းလာကြသည်။
လယ်သမားလူတန်းစားထဲမှတစိတ်တပိုင်းသည် ဘာကြောင့် ပစ္စည်းမဲ့လူတန်းစားအတွင်းသို့ရောက်ရှိလာကြရပါသနည်း။ ဥရောပတိုက်မှလယ်သမားများသည် လယ်မြေများလုယက်ခြင်းခံခဲ့ကြရသည်၊ လယ်မြေကို မွေးမြူရေးစားကျက်မြေများ အဖြစ်ပြောင်းကာ သိုးမွှေးထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ကြသောဓနရှင်များကြောင့်ဖြစ်သည်။ ထို့အပြင် လယ်ယာမြေလုပ်ငန်း အတွင်းမှာလည်း ဓနရှင်နည်းနာတွေရောက်ရှိလာခဲ့သည်။ လယ်ယာလုပ်ငန်းတွင် ဓနရှင်များကဲ့သို့မြှုပ်နှံစရာအရင်းအနှီး မရှိကြသောကြောင့် လယ်သမားများက သူတို့၏လယ်သမားဘဝကိုစွန့်လွှတ်လိုက်ကြသည်လည်းရှိသည်။ ဓနရှင်လူတန်းစားသည် ကျေးလက်များအား မြို့များ၏စိုးမိုးမှုအောက်တွင်ထားရှိခြင်းသည်လည်း အကြောင်းအချက်တခုဖြစ်သည်။ မြို့ကြီးများကို အသစ်တည်ထောင်လာကြသည်။ မြို့နေလူဦးရေကိုအလွန်အမင်းတိုးပွားလာစေပြီး ကျေးလက်လူဦးရေအတော်များများကို ထိုင်းမှိုင်းသည့်ကျေးလက်ဘဝမှ ဆွဲထုတ်ပစ်လိုက်သည်။
နောက်ထပ်အကြောင်းအချက်တခုလည်းရှိသေးသည်။ လယ်သမားများကြုံတွေ့ရသည့်အုပ်စိုးသူလူတန်းစား၏ဖိနှိပ်မှုများ၊ ပဒေသရာဇ်အနှောင်အဖွဲ့များနှင့်စီးပွားရေးဘေးဒုက္ခများကြောင့် လယ်သမားတို့က သူတို့၏လယ်သမားဘဝမှရုန်းထွက်ဖို့ ကြိုးစားကြည့်ကြခြင်းဖြစ်သည်၊။
ထို့အပြင် ဥရောပတိုက်၏အရှေ့ဘက်မှနေ၍ ပုလိပ်ရောဂါကူးစက်ကျရောက်လာသဖြင့် (၁၃၄၈)ခုနှစ်မှသည် (၁၃၅ဝ)ခုနှစ်အထိ ဥရောပတိုက်၏လူဦးရေထက်ဝက်လောက် သေကြေပျက်စီးကုန်ကြသည်။ ထို့ကြောင့် လျော့ပါးလစ်လပ်သွားသည့်အလုပ်သမား များ၏နေရာတွင် လယ်သမားများဝင်ရောက်လုပ်ကိုင်လာကြသည်လည်းရှိသည်။
ဤသို့ဖြင့် ဓနရှင်လူတန်းစားသည် ပြန့်ကျဲနေသည့်လူဦးရေကို စုစည်းပြွတ်သိပ်စေလိုက်သည်။ အသေးစားထုတ်လုပ်ရေးပရိဘောဂနှင့် ပိုင်ဆိုင်မှုအသေးစားများကို ပို၍ပို၍ဖျက်ဆီးပစ်သည်။ သည်အခါ ထုတ်လုပ်ရေးပရိဘောဂများစုစည်းခြင်းဖြစ်လာရသည်။ တနည်းအားဖြင့် ထုတ်လုပ်ရေးပရိဘောဂများ လူနည်းစုလက်တွင်းသို့ စုစည်းရောက်ရှိသွားသည်။ ယင်းသို့ ထုတ်လုပ်ရေးပရိဘောဂများကို ခေတ်သစ်စက်မှုလုပ်ငန်းက စုစည်းလာသည်နှင့်အမျှ လုပ်ငန်းများပိုမိုကြီးထွားလာသည်။ အရင်းအနှီးပို၍များပြားလာရသည်။ ပိုမိုများပြားသောအရင်းအနှီးရရှိဖို့အတွက် သွေးစုပ်မှုနည်း နာများချဲ့ထွင်ရှာကြံလာရသည်။ ရှာကြံရရှိသည့်အခါတွင် ထပ်မံရင်းနှီးမြှုပ်နှံမှုပြုသည်။ အရင်းအနှီးမြှုပ်နှံမှု ပိုမိုကြီးမားလာသည်နှင့် အမျှ လုပ်ငန်းကလည်းပိုမိုကြီးထွားလာပြန်ပါသည်။ ဤအခါတွင် အလုပ်အတွက် လိုအပ်သောအလုပ်သမားများထပ်မံစု ဆောင်းခြင်း ပြုလုပ်ရပြန်တော့သည်။
၎င်းအပြင် ပစ္စည်းမဲ့လူတန်းစားသည် အရေအတွက်တိုးများလာရုံသက်သက် မကပါ။ ပိုကြီးသောထုထည်အဖြစ် စုစည်းလာသည်။ သူ့အင်အား တနေ့တခြား ပိုမိုကြီးမားလာပြီး ဤသို့ကြီးမားလာကြောင်းကိုလည်း မိမိတို့ကိုယ်တိုင် ခံစားသိရှိလာကြသည်။ အစပိုင်းတွင် အလုပ်သမားများသည် မိမိတို့ကိုတိုက်ရိုက်သွေးစုပ်နေသောဓနရှင်တဦးချင်းကိုပဲ တိုက်ပွဲဆင်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းကျတော့ ဓနရှင်နှင့်ပစ္စည်းမဲ့လူတန်းစားတို့အကြားကတိုက်ပွဲသည် ပို၍ပို၍ လူတန်းစားနှစ်ရပ်ကြားက တိုက်ပွဲလက္ခဏာဆောင်လာသည်။ အလုပ်သမားတို့သည် မိမိလုပ်ခကိုကာကွယ်ရေးအတွက် အလုပ်သမားအချင်းချင်းပူးပေါင်း လာကြရသည်။ တဆင့်တက်၍ ပိုမိုစည်းကမ်းရှိသောအလုပ်သမားသမဂ္ဂများ ဖွဲ့စည်းလာကြရသည်။ ရံဖန်ရံခါဖြစ်ပေါ်လာတတ်သော ပုန်ကန်မှုများအတွက် အမြဲတမ်းအစည်းအရုံးများတင်ကြိုပြီးတည်ထောင်ထားရသည်။ တချို့နေရာများ၌ ဓနရှင်နှင့်ပစ္စည်းမဲ့လူတန်း စားတို့အကြားအားပြိုင်မှုသည် အတိအလင်းပုန်ကန်မှုအဖြစ် ပေါက်ကွဲသွားတတ်သည်လည်းရှိသည်။
ဤအဆင့်မတိုင်ခင်ကမူ အလုပ်သမားများပေါင်းစည်းရေးအတွက် ဓနရှင်လူတန်းစားကိုယ်တိုင်က ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ဓနရှင်လူတန်းစားသည် ပဒေသရာဇ်လူတန်းစားအပေါ်အနိုင်ရရှိဖို့နှင့် အရင်းရှင်အချင်းချင်းပြိုင်ဆိုင်မှုများတွင် အနိုင်ရရှိရေးတို့အတွက် အလုပ်သမားလူတန်းစားတရပ်လုံးကိုအကူအညီတောင်းခံရသည့်အဖြစ်လည်း ဆိုက်ရောက်လာသည်၊ တနည်းဆိုလျှင် ဓနရှင်လူတန်းစားကအလုပ်သမားတို့အင်အားကို အသုံးချလိုက်ခြင်းပင်။
ထိုအဆင့်မှာဆိုလျှင် ပစ္စည်းမဲ့လူတန်းစားသည် သူ၏တိုက်ရိုက်ရန်သူဖြစ်သော ဓနရှင်လူတန်းစားကိုတိုက်ပွဲဆင်တာမဟုတ်တော့ဘဲ “မိမိရန်သူ၏ရန်သူများဖြစ်ကြသော” သက်ဦးဆံပိုင်အကြွင်းအကျန်များ၊ မြေရှင်များ၊ စက်မှုလုပ်ငန်းမလုပ်သည့်ဓနရှင်နှင့် ဓနရှင်ပေါက်စလူတန်းစားများတို့ကို တိုက်ပွဲဆင်ခဲ့ကြရသည်။ ပြင်သစ်ပြည်ဓနရှင်တော်လှန်ရေးများတွင် ရှုပ်ထွေးလှသောအဖြစ် အပျက်များအကြား ဤသို့သောတိုက်ပွဲဆင်ခြင်း ဖြစ်စဉ်များကိုတွေ့ရှိနိုင်သည်။ ယင်းခေတ်ကာလက သမိုင်းလှုပ်ရှားမှုတရပ်လုံးသည် ဓနရှင်လူတန်းစား၏လက်တွင်းတည်ရှိနေခဲ့သည်။ ရရှိသောအောင်ပွဲတိုင်းသည်လည်း ဓနရှင်လူတန်းစား၏အောင်ပွဲများသာ။
သည့်နောက်ပိုင်းကာလရောက်ရှိတော့မှ….
အထက်ပါအကြောင်းအချက်များသည် ဥရောပတိုက်ဓနရှင်လူတန်းစား ကြီးထွားလာသည့်ဖြစ်စဉ်ကို ခြုံငုံသုံးသပ်ကြည့်မြင်ခြင်း ပဲဖြစ်သည်။
၎င်းအပြင် နောက်ထပ်ထပ်မံရှင်းလင်းဖို့လိုအပ်နေသောအကြောင်းအချက်မှာ အရင်းရှင်စနစ်ခေတ်ထလာမှုနှင့်အတူ လယ်သမားများ
မြေယာလုယက်ခံရသည့်အကြောင်းအချက်များပင် ဖြစ်သည်။ ဓနရှင်စနစ်ဖြစ်ထွန်းတိုးတက်လာမှုက လယ်သမားများ၏ဘဝကိုဖျက်ဆီးပစ် ခဲ့ကြောင်းပုံပေါ်စေလို၍ ဖြစ်သည်။
လယ်သမားများမြေယာလုယက်ခံကြရသည့်ကိစ္စတွင် အဓိကကျသောသဏ္ဌာန် (၂)မျိုးရှိသည်။
ပထမသဏ္ဌာန်မှာ (၁၅)ရာစုအကုန်ကာလက အင်္ဂလန်တွင် သိုးနွားတိရစ္ဆွာန်မွေးမြူရေးအတွက် စားကျက်ကြီးများလိုလာခြင်းဖြစ်သည်။ ထို့ကြောင့် လယ်သမားများကို လယ်ယာမြေတွေကနေ အနုနည်းရောအကြမ်းနည်းပါ
(၂)မျိုးစလုံးသုံးပြီး မောင်းထုတ်ပစ်ခဲ့သည်။ သည်အခါ လယ်ယာလုပ်ခင်းကိုင်ခင်းကြီးတွေ ပေါ်လာသည်။ ယင်းလယ်ယာလုပ်ခင်းကြီးများကို သူဌေးကြီးများနှင့်မင်းညီမင်းသားတွေက ပိုင်ဆိုင်ကြသည်။
လယ်ယာလုပ်ငန်းတွင် ဓနရှင်နည်းနာများဝင်ရောက်နေရာယူမှုဟုလည်း ဆိုနိုင်ပါသည်။ စားကျက်များဆိုသည်မှာလည်း ဓနရှင်တို့၏ သိုးမွှေးထုတ်လုပ်ရေးလုပ်ငန်း၊ အသားထုတ်လုပ်ရေးလုပ်ငန်းတို့အတွက် ဖြည့်ဆည်းပေးရခြင်းဖြစ်သည်။ လယ်ယာမြေများတွင် ကောက်စိုက်စက်များ (၁၇ဝ၁)ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည်၊ လယ်ကွင်းအကျယ်ကြီးတွေကို ခြံကြီးများကဲ့သို့ကာရံပြီး အသားစားဖို့တိရစ္ဆွာန်အများအပြားမွေး မြူလာကြသည်။ မွေးမြူရေးတခေတ်ဆန်းလာသည်။ ဓနရှင်တို့သည် နိုင်ငံခြားနှင့်ကုန်သွယ်ရေးလုပ်ငန်းအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှလည်း အမြတ်အစွန်းစို့စို့ပို့ပို့ရရှိခဲ့ကြသည်။ ဤအမြတ်အစွန်းများ ပေါင်ငွေ (၅၄)သန်းခန့်စုဆောင်းမိလာသောအချိန်တွင် ဘဏ်များ၊ စတော့ ဈေးဖလှယ်ရာဌာနများ စတင်ထူထောင်ကြတော့သည်။ ဤနည်းဖြင့် စက်မှုအရင်းရှင်များဘဝမှ ဘဏ်အရင်းရှင်များဘဝသို့ စတင်ကူးပြောင်း လာကြခြင်းဖြစ်သည်။ လယ်သမားများ မြေယာလုယက်ခံခဲ့ရခြင်း၏ နောက်သဏ္ဌာန်တခုမှာ ကိုလိုနီနယ်မြေများအဖြစ်သိမ်းပိုက်လုယက် ခြင်းခံရခြင်း ဖြစ်သည်။ ဤကိစ္စကို အထက်တွင်တင်ပြပြီးပါပြီ)
ဥရောပတိုက်တွင် အရင်းရှင်စနစ်ခေတ်ထလာမှုနှင့်အတူ ဥရောပယဉ်ကျေးမှုသည်လည်း ထွန်းကားလာခဲ့လေသည်။ (၁၄)ရာစုနှင့် (၁၅) ရာစုတို့တွင် အီတလီပြည်သည် ဥရောပယဉ်ကျေးမှုအထွန်းကားဆုံးတိုင်းပြည်ဖြစ်လာခဲ့သည်။ ဥရောအရင်းရှင်စနစ်ခေတ်ဦး တွင် စာပေ၊ ပန်းချီပန်းပုအနုပညာ၊ ဒဿနိကဗေဒစသည့် ယဉ်ကျေးမှုတို့ဘက်စုံဖွံ့ဖြိုးတိုးတက်လာသည်။ ပဒေသရာဇ်ခေတ်မှာလည်း စာပေ၊ ပန်းချီပန်းပုနှင့်အတွေးအခေါ်၊ ယဉ်ကျေးမှုတို့ပေါ်ပေါက်ဖြစ်ထွန်းခဲ့သည်ပင်ဖြစ်၏။ သို့ရာတွင် ပဒေသရာဇ်တို့သည် သူ့လူတန်းစားအကျိုးနှင့်ကိုက်ညီသည့်ယဉ်ကျေးမှု(သို့မဟုတ်) သူ့လူတန်းစားအကျိုးကိုမထိခိုက်သည့် ယဉ်ကျေးမှုတို့ကိုသာခွင့်ပြုသည်။ ပဒေသရာဇ်တို့မလိုလားသော စာပေအနုပညာနှင့်ယဉ်ကျေးမှုတို့သည် ပိတ်ပင်တားဆီးခြင်း ခံခဲ့ရသည်၊ လူတန်းစားအကျိုးနှင့်မကိုက်ညီသည့်အရာတွေအပေါ်ဖိနှိပ်ချုပ်ချယ်မှုသည် ကျွန်ပိုင်ရှင်ခေတ်ကတည်းက တည်ရှိလာခဲ့ခြင်းဖြစ်သည်။ ‘ဆိုကရေးတီး’သည် သူ့ယုံကြည်ချက်၊ သူ့အယူအဆအတွက် အသက်ပေးသွားခဲ့ရသည်။ ဤသည်မှာ ယင်းခေတ်ယင်းအခါက ထူးဆန်းသောအယူအဆသစ်ဖြစ်သည့် သူ့အတွေးအခေါ်ကို သက်ဦးဆံပိုင်တွေက လက်မခံနိုင်သည့် အတွက် ဖိနှိပ်ပစ်ခဲ့ခြင်းဖြစ်သည်။ အလားတူ ဥရောပတိုက်တွင် ဘီစီ (၅၂၇)နောက်ပိုင်း ပလေတို၏အကယ်ဒမီကျောင်းကို ပိတ်ပစ်ခဲ့ခြင်းမှာလည်း ဤသဘောအတိုင်းပင်ဖြစ်သည်။ ဓနရှင်စနစ်ခေတ်ဦးရောက်တော့လည်း သူတို့၏ဓနရှင်စနစ်ဖြစ်တည်ဖို့နှင့် ကိုလိုနီလုယက်ဖို့အတွက် အမေရိကတိုက်မှ အဆင့်အတန်းမြင့်မားခဲ့သည့် ‘မာယာ’(Maya) ‘အင်ကာ’(Inca)ယဉ်ကျေးမှုတို့ကို မြေမြှုပ်ဖျက်ဆီးပစ်ခဲ့ကြသည်။
သို့ရာတွင် နှိုင်းယှဉ်ခြင်းအရပြောရလျှင် ပဒေသရာဇ်လူ့အဖွဲ့အစည်းထက် အရင်းရှင်လူ့အဖွဲ့အစည်းက ပိုမိုတိုးတက်ခဲ့သည်။ ပိုမိုလွတ်လပ်ခွင့်ရှိသည်။ ထို့ကြောင့် စာပေအနုပညာနှင့်ယဉ်ကျေးမှုတို့သည် အရင်းရှင်စနစ်ခေတ်ဦးကာလတွင် နှိုင်းယှဉ်ချက် အရပိုမိုလွတ်လပ်ပြီး ပိုမိုတိုးတက်လာခြင်းဖြစ်သည်၊ ထိုစဉ်က ဥရောပတိုက်တွင် အီတလီ။ ဂျာမနီနှင့်ဒတ်ခ်ျတို့တွင် ပန်းချီနှင့်ပန်းပုပညာများ အားကောင်းကောင်းနှင့်ဖွံ့ဖြိုးတိုးတက်လာသည်။ ဥရောပတိုက်၏ အနုပညာအကျော်အမော်တဦးဖြစ်သော မိုက်ကယ်အင်ဂျလို(၁၄၇၅-၁၅၆၄) ပေါ်ထွန်းခဲ့သည်။ ကဗျာလင်္ကာဘက်တွင် အင်္ဂလန်က စပင်ဆာ(၁၅၅၂-၉၉)သည် ထင်ရှားသည်၊ ပြဇာတ်ဘက်တွင်မူ ရှိတ်စပီးယား(၁၅၆၄-၉၉) သည် ဥရောပတိုက်အကန့်အသတ်ဘောင်ကိုကျော်လွန်ပြီး ကမ္ဘာ့အတိုင်းအတာဖြင့် ယနေ့ထက်တိုင်ကျော်ကြားသြဇာကြီးမားသူ ဖြစ်လာသည်။ (၁၅)ရာစုက ဂျာမနီမှ ပန်းချီပန်းပုလက်ရာ များသည် ကက်သလစ်ဘာသာဝင် အုပ်စိုးသူလူတန်းစား၏သြဇာအာဏာကို ပြည်သူလူထုအကြားရောက်ရှိပျံ့နှံ့အာင် ဖြန့်ချိပေးခဲ့ရခြင်းသာဖြစ်သည်။
(၁၄)ရာစုနှစ်နောက်ပိုင်းတွင် ဂျာမနီလူမျိုး ဂူတင်ဘတ်ဆိုသူက ပုံနှိပ်စက်ကိုတီထွင်နိုင်ခဲ့သည့်အတွက် စာပေဖြန့်ချိရေးကို ကြီးမားစွာတွန်းဆော်ပေးလိုက်သည်။ ၄င်းပုံနှိပ်စက်ကိုအတုယူပြီး ပြင်သစ်၊ အီတလီနှင့်အင်္ဂလန်တို့က ပိုမိုကောင်းမွန်အောင်ပြုပြင် ကာ ထွန်းကားစေခဲ့ခြင်းဖြစ်သည်။ ပုံနှိပ်စက်ကြောင့် (၁၇)ရာစုဂျာမနီတွင် ဝတ္ထုစာပေတို့သည် အကျယ်အပြန့်နေရာယူလာနိုင်ခဲ့ ကြသည်။ သို့ရာတွင် ယင်းဝတ္ထုစာပေအများစုမှာ ဓနရှင်လူကုံထံလောကကို အမွှန်းတင်ထောက်ခံအားပေးသည့်ဝတ္ထုစာပေများသာ ဖြစ်ခဲ့သည်။ ဓနရှင်လူတန်းစား၏တော်လှန်ရုန်းကန်မှုက စာပေယဉ်ကျေးမှုအပေါ်ရိုက်ခတ်ထင်ဟပ်ချက်ဟုတော့ဆိုနိုင်သည်။ ဤသို့သော ယဉ်ကျေးမှုဘက်မှ တိုးတက်လာမှုတွေကို ကားလ်မာ့က်စ်က အောက်ပါအတိုင်းခြုံငုံသုံးသပ်ခဲ့သည်။
“ဥရောပတိုက်၏ယဉ်ကျေးမှုနှင့် အသိပညာဖန်တီးမှုများသည် ဓနရှင်လူတန်းစား ကြီးထွားလာမှုနှင့်တိုက်ရိုက်ဆက်စပ်မှုရှိခဲ့သည်။ ထိုမျှသာ မကပါ။ အမျိုးသားတရပ်၏ အသိပညာဖန်တီးမှုသည် အများပိုင်ပစ္စည်းဖြစ်လာခဲ့သည်။ ဓနရှင်တို့၏ထုတ်လုပ်ရေးပစ္စည်းများကမ္ဘာ့လွှမ်းခြုံမှု၊ ဓနရှင်တို့အတွက်ကုန်ကြမ်းကို ကမ္ဘာ့ဒေသအသီးသီးမှဖြည့်တင်းပေးရမှု ဒေသအသီးသီး၊ ဈေးကွက်အသီးသီးတို့၏လိုအပ်မှုအသစ်ကိုဓနရှင်လူတန်းစားကလိုက်လံနေရမှု….ဤသည်တို့ကြောင့် အမျိုးသား(တိုင်းပြည်)အသီးသီးတို့သည် တဦးနှင့်တဦးဆက်သွယ်လာခဲ့ကြရသည်၊ အပြန်အလှန်မှီခိုမှု ဖြစ်လာကြရသည်။ အမျိုးသား တဘက်သတ်ကျမှု(အစွန်းရောက်မှု)နှင့်အမျိုးသားအမြင်ကျဉ်းမှုတို့သည် ပို၍ ပို၍အကန့်အသတ်ခံလာခဲ့ကြရသည်။ အရေအတွက်များပြားလှသော အမျိုးသားနှင့်ဒေသဆိုင်ရာစာပေယဉ်ကျေးမှုမှ ကမ္ဘာာ့စာပေယဉ်ကျေးမှု ပေါ်ထွန်းလာစေခဲ့သည်”
(၁၆)ရာစုတွင် ပဒေသရာဇ်ကိုးကွယ်ယုံကြည်မှုနယ်ပယ်တွင်လည်း ထိုးဖောက်ဆန့်ကျင်မှုများ ပေါ်ထွက်လာခဲ့သည်။ “လူ့တန်ဖိုးကို လေးစားသင့်တယ်”ဟူသော အယူအဆပေါ်လာသည်။ လူ့အင်အား၊ လူ့တန်ဖိုးကိုဝါဒဖြန့်ရင်းက“ဘုရားသခင်က အရာရာကို ဖန်ဆင်းသည်”ဆိုသော ခရစ်ယာန်ဘာသာကိုလည်း ဆန့်ကျင်လာကြသည်။ လူသာ Luther (၁၄၈၃-၁၅၄၆)က ‘တရားကျင့်တာတို့၊ ကောင်းမှုပြုတာတို့ဟာ လွတ်မြောက်မှုဆီသို့ မပို့ဆောင်နိုင်။ ယုံကြည်မှုကသာ လွတ်မြောက်မှုဆီပို့ဆောင်နိုင်လိမ့်မယ်’ဟု ဟောပြောခဲ့သည်။ သူက (၁၅၂၅)ခုနှစ်မှာ သမ္မာကျမ်းစာကိုဘာသာပြန်ခဲ့သူ ဖြစ်သည်၊ ဘာသာရေးစာတမ်း (၉၅)စောင်ကိုလည်း တင်သွင်းခဲ့သည်။ ထို့ကြောင့် သူ့ကို ခရစ်ယာန်အသင်းတော်က ဝိုင်းပယ်ခဲ့ကြသည်၊ (၁၅၂၄-၂၅)ခုနှစ်များက ဂျာမနီတွင်ပဒေသရာဇ်ဆန့်ကျင်ရေး၊ ခရစ်ယာန်ဘာသာဆန့်ကျင်ရေးလယ်သမားစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ၄င်းလှုပ်ရှားမှုသည် ဘာသာရေးထိပ်သီ်းများနှင့် မင်းမျိုးမင်းနွယ်များကိုဦးတည် ဆန့်ကျင်ခဲ့ကြခြင်းဇြစ်သည်။ ၄င်းတိုက်ပွဲအတွင်း လယ်သမားဦးရေ၏ သုံးပုံ နှစ်ပုံပါဝင်ခဲ့ကြသည်။ ၄င်းအရေးတော်ပုံ ရှုံးနိမ့်သွားခဲ့ရသော်လည်း ဘာသာရေးပြုပြင်ပြောင်းလဲမှုများကိုဖြစ်စေခဲ့သည်။ ယင်းလယ်သမားသူပုန်ကို “လူသာ”၏အကူအညီနှင့် နှိမ်နင်းခဲ့ခြင်းဖြစ်ပါသည်။ ခရစ်ယာန်အသင်းတော်က ဝိုင်းပယ်ခြင်းခံခဲ့ရသော လူသာသည် လယ်သမားသူ ပုန်ကန်မှုကျတော့ ဘယ်ဘက်ကရပ်သွားသလဲဆိုတာ သင်ခန်းစာယူစရာဖြစ်သည်၊ လယ်သမားများရက်ရက်စက်စက် အသတ်ခံခဲ့ကြရသည်။
အလယ်ခေတ်ခရစ်ယာန်လောကတွင် ဘာသာရေးအချေအတင်ဆွေးနွေးပွဲများ၊ ဆန့်ကျင်တိုက်ခိုက်မှုများ ပေါ်လာခဲ့သည်။ ဘုန်းကြီးများ၏လာဘ်စားမှုတွေပွင့်ကျကုန်သည်။ မကျေနပ်သူတွေက ဆန့်ကျင်ဆူပူတာတွေဖြစ်လာသည်။ (၁၅၃၄)ခုနှစ် အင်္ဂလန်တွင် အဋ္ဌမမြောက်ဟင်နရီဘုရင်ကြီးက အင်္ဂလိပ်အမျိုးသားအာဏာပိုင်တို့ကို ကက်သလစ်ဘုရားရှိခိုးကျောင်းနှင့် အဆက်ဖြတ်ခိုင်းလိုက်သည်။ ဘုရားကျောင်းပိုင်ပစ္စည်းတွေကိုသိမ်းယူသည်၊ ပရိုတက်စတင့်ကျင့်ဝတ်များကို ပြဋ္ဌာာန်းသတ်မှတ်ပေးသည်။
ဂျာမနီပြည်မှာလည်း ဟက်စ်ဘတ် (Hapsburg)မင်းဆက်က ကက်သလစ်အယူဝါဒကို ပြန်လည်အသက်သွင်းသည့်အခါ (၂၅)နှစ်ကြာတိုက်ပွဲများဖြစ်ပွားခဲ့ရသည်။ အနှစ်သုံးဆယ်စစ်ပွဲ (၁၆၁၈-၄၈)ပြီးဆုံးသွားသည့်အခါကျမှ (၁၅၅၅)ခုနှစ်တုန်းက ဆုံးဖြတ်ခဲ့သော ငြိမ်းချမ်းရေးစာချုပ်အရ ဒေသန္တရမင်းညီမင်းသားများနှင့်ပြည်သူများအား ဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့သည်။ ဂျာမနီတပြည်လုံးသည် ဘာသာရေးစစ်ပွဲများကြောင့်ယိုယွင်းပျက်စီးမှုများ ဖြစ်ခဲ့ရသည်။ ကက်သလစ်တို့က ဘာသာရေးပြုပြင်ပြောင်းလဲရေးကို ကိုင်တွယ်ထိန်းချုပ်လာသည့်အခါတွင် ပရိုတက်စတင့်ဘာသာ၏ဆန့်ကျင်မှုတို့နှင့် ရင်ဆိုင်ရသည်။ ပိုလန်၊ ဟန်ဂေရီ၊ ဂျာမနီတောင်ပိုင်းတို့မှာ ဘာသာရေးပြုပြင်ပြောင်းလဲမှုများလုပ်ခဲ့ရသည်။ ဤသို့ဖြင့် ဘာသာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာစစ်ပွဲများသည် နှစ်ပေါင်း (၁၅ဝ)တိုင်ရှည်ကြာခဲ့သည်။ ဤသို့သောကိစ္စမျိုးတွေ အရင်းရှင်စနစ်ခေတ်ဦးမှာ ဘာကြောင့်ပေါ်ထွက်လာခဲ့ရတာပါလဲ။ ဒါဟာ ဘာသာရေးသက်သက်လား။ အရင်းရှင်စနစ် သို့မဟုတ် ဓနရှင်လူတန်းစားတို့နှင့် ဆက်စပ်မှုရှိသလား။
ပုပ်ရဟန်းမင်းကြီးကဲ့သို့သော ဘာသာရေးအကြီးအကဲများသည် ပဒေသရာဇ်လူတန်းစားဘက်က ရပ်တည်လာခဲ့ကြသူတွေ သာဖြစ်၏။ မြေရှင်ပဒေသရာဇ်ခေတ်တုန်းကဆိုလျှင် ဥရောပတဝန်းလုံးတွင် ဘာသာရေးဘက်မှာသာမက နိုင်ငံရေးဘက်မှာပါ ပုပ်ရဟန်းမင်းကြီိးက အထွဋ်အထိပ်ဖြစ်သည်။ သူက အမြင့်ဆုံးအာဏာပိုင်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားတိုင်းပြည်များတွင် တက်သစ်စဓနရှင်လူတန်းစားကို အားပေးထောက်ခံသောအမျိုးသားဘုရင်နှင့် ပဒေသရာဇ်တို့ဘက်ကရပ်တည်သော ဘာသာရေးအကြီးအကဲများ ထိပ်တိုက်တွေ့ကြရတော့သည်။
(၁၂)ရာစုမှသည် (၁၅)ရာစုအထိ ပြင်သစ်ပြည်မှာ ဘုရင်နှင့်ပုပ်ရဟန်းမင်းကြီးတို့အားပြိုင်ခဲ့ရာတွင် ဘုရင်ကအနိုင်ရရှိခဲ့သည်။ (အင်္ဂလန်မှာ ၁၅၃၄ ခုနှစ်တုန်းက ဟင်နရီဘုရင်က ကက်သလစ်ဘာသာကိုဆန့်ကျင်ခဲ့ကြောင်း ဖော်ပြခဲ့ပြီးပြီ။) ပရိုတက်စတင့်ဘာသာအကြောင်းကိုလည်း အကြမ်းဖျင်းနားလည်ထားဖို့လိုအပ်သည်။ ဂျာမနီနိုင်ငံတွင် (၁၅၁၇)ခုနှစ်နောက်ပိုင်းမှာ ပရိုတက်စတင့်ဂိုဏ်း စတင်ပေါ်ထွက်လာခဲ့ပါသည်။ ဘုရင်နှင့်ဘူဇွာ(ဓနရှင်လူတန်းစား)တို့က ပရိုတက်စတင့်ဘာသာကို ထောက်ခံလိုက်ကြသည်။ ဤသည်မှာ ပုပ်ရဟန်းမင်းကြီးနှင့် ရောမကျောင်းတော်၏သြဇာအောက်မှ ရုန်းထွက်လိုက်ခြင်းပင်ဖြစ် သည်။ ထိုခေတ်ထိုအခါတုန်းက ဘာသာရေးသင်းအုပ်ဆရာတော်များနှင့် ကျောင်းထိုင်ဘုန်းတော်ကြီးများဦးစီးသည့် ခရစ်ယာန်ဘုရားကျောင်းများသည် ပေါ်ထွန်းစမြို့နေဓနရှင်လူတန်းစား၏လှုပ်ရှားမှုအတော်များများကို “ဒုစရိုက်မှုများ”အဖြစ် တိုက်ခိုက်ခဲ့ကြသည်။ ပဒေသရာဇ်စနစ်ကို ထောက်ခံအားပေးသောအမြင်များကို ဖြန့်ဖြူးပေးခဲ့ကြသည်။ ထို့ကြောင့် (၁၆) ရာစုနှင့် (၁၇)ရာစုနှစ်များတုန်းက ဂျာမနီ၊ ဟော်လန်၊ ဗြိတိန်နှင့်ပြင်သစ်တို့တွင် အလယ်အလတ်လူတန်းစား (စက်မှုလုပ်ငန်းပိုင်ရှင်များ ကိုဆိုလိုသည်။ ယင်းတို့သည် လက်ဝါးကြီးအုပ်စုစည်းမှုရှိကြသည့် ခေတ်မီအကြီးစားစက်မှုလုပ်ငန်းပိုင်ရှင်များအဆင့်သို့ မရောက်ကြသေးပါ။) သည် သူတို့ကိုယ်တိုင်၏ဘာသာရေးအသစ်တရပ် ဖြစ်တည်လာအောင်ဝိုင်းဝန်းဖန်တီးခဲ့ကြသည်။ အလယ်ခေတ်ပဒေသရာဇ်တို့ ယုံကြည်လာခဲ့ကြသည့်ဘုရားသခင်နှင့်ဆန့်ကျင်ပြီး သူတို့ကိုယ်တိုင်၏ဘုရားတဆူကိုဖန်တီးခဲ့ကြခြင်းပါ။ ပရိုတက်စတင့်ဘာသာသည် ဤနည်းဖြင့် ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါသည်။

0 comments:

Post a Comment