လူ့အဖွဲ့အစည်း၊ လူမှုဗေဒနှင့်ဥပဒေ
ဥပဒေသည် လူ့အဖွဲ့အစည်းအတွင်းရှိအရာကိစ္စတိုင်းကို
မလွှမ်းခြုံပါ။ နေရာတကာတွင် ဥပဒေနှင့်ဖြေရှင်း၍မရ၊ ဖြေလည်း မဖြေရှင်းသင့်ပါ။
သို့ရာတွင် ဥပဒေအားလူ့အဖွဲ့အစည်းက မွေးထုတ်ပေးလိုက်သဖြင့် ဥပဒေပြသနာများ[i] အား
စဉ်းစားသုံးသပ်ရာတွင် လူ့အဖွဲ့အစည်း[ii]နှင့် ကင်းကွာ၍မရပါ။ ဥပဒေသည်
လူ့အဖွဲ့အစည်း၏အစိပ်အပိုင်းတရပ်မျှသာ ဖြစ်သည်။
လူ့အဖွဲ့အစည်းက ဥပဒေကိုလွှမ်းမိုးသည်။
တချိန်တည်းမှာပင် လူ့အဖွဲ့အစည်းက ဥပဒေအပေါ်မှီလည်း မှီခိုရသည်။ သို့ဖြစ်၍ လူ့အဖွဲ့အစည်းနှင့်ဥပဒေသည်
နီးကပ်သည့်ဆက်ဆံရေး[iii] ရှိသည်။ လူ့အဖွဲ့အစည်းအကြောင်းကိုလေ့လာသည့်
လူမှုဗေဒပညာ[iv] နှင့် ဥပဒေ[v] သည် ဆက်စပ်လျှက်ရှိသည်။ တချိန်တည်းမှာပင်
ယင်းနှစ်ခုသည် သီးခြားစီလည်းဖြစ်သည်။ လူမှုဗေဒပညာကကျယ်ပြန့်၍ ယျေဘုယျဆန်သည်။ လူ့အဖွဲ့အစည်းတခုလုံးကို
လေ့လာသည်။ ဥပဒေက ကျဉ်းမြောင်း၍တိကျသည်။ လူ့အဖွဲ့အစည်း၏လူမှုနိုင်ငံရေးရှုဒေါင့်များ[vi] မှသာ လေ့လာသည်။ ဥပဒေက အခိုင်အမာအချက်အလက်ရှိသေဖြစ်ရပ်များကိုသာ
စူးစိုက်သည်။ အခိုင်အမာအချက်အလက်မရှိသည့်ဖြစ်ရပ်များကို မစူးစိုက်။ လူမှုဗေဒပညာက
နှစ်ခုလုံး[vii]ကို စူးစိုက်သည်။
မြန်မာနိုင်ငံ၏တိုင်းရင်းသားအရေးကို လူမှုဗေဒနှင့် ဥပဒေအခြေခံများမှ မည်သို့ချည်းကပ်မည်နည်း။
ပြည်ထောင်စုတည်ဆောက်ခြင်း၊ ပြည်ထောင်စုတည်ဆောက်ရာမှာ
ပါဝင်ခြင်း၊ ညီညွတ်ခြင်း၊ ပြိုကွဲခြင်း၊ ပေါင်းစည်းလိုစိတ်ရှိခြင်း၊
ခွဲထွက်လိုစိတ်ရှိခြင်း စသည်တို့အား လူ့အဖွဲ့အစည်းတခုလုံးတည်ရှိနေသည့်အနေအထားများအပေါ်တွင်
အခြေပြု၍ လူမှုဗေဒပညာကလေ့လာသည်။ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်း၏ဦးဆောင်စည်းရုံးမှုအရ
လူများစုဖြစ်သည့်မြန်မာများနှင့်အတူတကွ လွတ်လပ်ရေးအရယူရန် ရှမ်း၊ ကချင်၊
ချင်းစသည့်တိုင်းရင်းသားများက ဆုံးဖြတ်ခဲ့ကြသည်။ ဤအခြေအနေကြီးတရပ်လုံးမှာ လူမှုဗေဒနှင့်ဆိုင်သည်။
ဥပဒေနှင့် အကြုံးမ၀င်သေးပါ။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို စုပေါင်းလက်မှတ်ရေးထိုးလိုက်ကြသောအခါ ယင်းစာချုပ်သည် လူမှုဗေဒအရ လူ့အဖွဲ့အစည်း၏အဆင့်အမြင့်ဆုံးသဘောတူညီချက်
ဖြစ်သွားခဲ့သည်။ ဤအဆင့်အထိလည်း ဥပဒေ၏အခန်းကဏ္ဍ မပါသေးပါ။
ပင်လုံစာချုပ်ကို လက်တွေ့အရမည်သို့အကောင်အထည်ဖေါ်မည်နည်းဟူရာတွင်မူ
ဥပဒေကိစ္စဖြစ်လာသည်။ လူ့အဖွဲ့အစည်း၏ အဆင့်အမြင့်ဆုံးသဘောတူညီချက်ကို စနစ်တကျဖေါ်ဆောင်ရေးအတွက်
ဥပဒေ၏အခန်းကဏ္ဍလိုအပ်လာသည်။ ပင်လုံစာချုပ်ကိုဖေါ်ဆောင်နိုင်ရန်
ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်နှင့် အခြားလိုအပ်သောဥပဒေတစုံလုံးကို အတည်ပြုကျင့်သုံးရပါမည်။
ယင်းသို့ အတည်ပြုပြီးသောဥပဒေများကို ပြန်လည်မှီခိုကာ လူ့အဖွဲ့အစည်းတရပ်လုံးလည်ပတ်စေရ ပါမည်။
ဤသည်မှာ မြန်မာနိုင်ငံလက်တွေ့အရ လူ့အဖွဲ့အစည်းနှင့်ဥပဒေဆက်စပ်လည်ပတ်မှုဖြစ်သည်။
လူမှုဗေဒသဘောအရ ပြည်ထောင်စုတခုလုံးတည်ဆောက်မှု၏အခြေခံသည် ပင်လုံစာချုပ်ဖြစ်သည်။
ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်တွေ့အကောင်အထည်ဖေါ်ရမည့်ဥပဒေများသည် ယင်းစာချုပ်၏အခြေခံကိုဆန့်ကျင်၍ မရပါ။ ပင်လုံစာချုပ်ကို ဘက်နှစ်ဘက်မှ ရှုမြင်ဖို့လိုသည်။
တဘက်တွင် ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်ပါဝင်သည့်ပြည်နယ်များ၏ တာဝန်ဖြစ်သည်။
ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်ပါဝင်ရန်သဘောတူလိုက်သည့်အချိန်တွင် လွတ်လပ်သည့်သီးခြားနိုင်ငံတည်ထောင်ခွင့်ကိုလက်လွှတ်လိုက်ရသည်။ အခြားတဘက်တွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏အခွင့်အရေးဖြစ်သည်။
စာချုပ်အရ ပြည်နယ်တခုစီအတွင်းတွင် ဒီမိုကရေစီအခွင့်အရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်
အခွင့်အရေးနှစ်ရပ် ပေးရသည်။ ဤနှစ်ခုလုံးကိုတပြိုင်နက်ထိမ်းသိမ်းနိုင်မှသာ
ပင်လုံစာချုပ်ကို ဖေါ်ဆောင်ခြင်းဖြစ်ပါမည်။
လက်ရှိအချိန်တွင်
မည်သည့်တိုင်းရင်းသားအင်အားစုမျှ လွတ်လပ်သည့်သီးခြာနိုင်ငံတည်ထောင်ရန် တိုက်ပွဲဝင်နေခြင်းမရှိပါ။
တိုင်းရင်းသားများသည် ပင်လုံစာချုပ်၏ဘက်တဘက်ကို လိုက်နာနေပြီးဖြစ်သည်။ ပြသနာမှာ
တန်းတူရေးအပေါ်အခြေခံသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်
နိုင်ငံရေးအခွင့်အရေးများအား တိုင်းရင်းသားများ မရရှိသေးခြင်းဖြစ်သည်။
တိုင်းရင်းသားများအနေဖြင့် ယင်းအခွင့်အရေးများမရမခြင်း ပြည်တွင်းစစ်မီးကို ငြိမ်းနိုင်မည်မဟုတ်ပါ။
တိုင်းရင်းသားများအတွက်
နိုင်ငံရေးအခွင့်အရေးရရှိရေးနှင့် အပစ်ရပ်ရေး ဘယ်ဟာ အရေးကြီးသလဲ။
အပစ်ရပ်လိုက်ရုံမျှနှင့်
ပြည်တွင်းငြိမ်းချမ်းရေး ရမည်လား။
လူထုအများစု၏နားလည်မှုမှာ အပစ်ရပ်လျှင်
ပြည်တွင်းငြိမ်းချမ်းရေးရမည်ကဲ့သို့ဖြစ်နေသည်။ “အပစ်အခတ် ချက်ခြင်းရပ်” ဟူသည့်
ဆန္ဒပြတောင်းဆိုမှုအချို့ကို တွေ့ရသည်။ တိုက်ပွဲများမဖြစ်စေလိုသည့်အတွက်
စေတနာကောင်းနှင့်တောင်းဆိုသူ လူထုများ၏ဆန္ဒကိုလေးစားရပါမည်။ သို့ရာတွင် တိုင်းရင်းသားများတောင်းဆိုနေသော
နိုင်ငံရေးအခွင့်အရေးကို ပထမဦးစွာပေးအပ်ဖို့လိုသည်။ အပစ်ရပ်ရေးမှာ ဒုတိယဦးစားပေးသာဖြစ်သင့်သည်။
ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)
သည် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည်။ သို့ရာတွင် မည်သည့်နိုင်ငံရေးအခွင့်အရေးမျှ မရခဲ့ပါ။
၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများပြန်ဖြစ်လာခဲ့ပြီးနောက် ကေအိုင်အိုအနေဖြင့်
ပင်လုံစာချုပ်ကိုကိုးကားလျှက် ကချင်အမျိုးသားများအပါအ၀င်
တိုင်းရင်းသားများရသင့်သည့် နိုင်ငံရေးအခွင့်အရေးများရရှိရေးအတွက်အဓိကဆွေးနွေးရန်
တောင်းဆိုလာခဲ့သည်။ စာရေးသူသည် ကချင်လူမျိုးမဟုတ်၊ မြန်မာတဦးသာ ဖြစ်သည်။
စာရေးသူအနေဖြင့်မူ ကေအိုင်အို၏တောင်းဆိုချက် လမ်းမှန်သည်ဟုယူဆသည်။ တနှစ်ခွဲကြာသွားခဲ့ပြီဖြစ်သော်လည်း
ဦးသိန်းစိန်ဦးဆောင်သည့်အစိုးရသည် ကေအိုင်အိုကတောင်းဆိုသည့်နိုင်ငံရေးဆွေးနွေးမှုကို
တိတိကျကျ မလုပ်၊ တရားဝင် မလုပ်။ ဟိုလိုလိုသည်လိုလိုနှင့် အချိန်ဆွဲလာခဲ့သည်။
အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့်ဆွေးနွေးမှုများမှာလည်း
အလားတူပင်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း က အလွတ်သဘောတွေ့ဆုံမှုများဖြင့်သာ
ချွေးသိပ်ထားခဲ့သည်။ မည်သည့်အဖွဲ့၏တောင်းဆိုချက်ကိုလက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်
ထည့်သွင်းကာ ဥပဒေပါအခွင့်အရေးအဖြစ်ပြဌာန်းပေးလိုက်သည်ဟူ၍ တကြိမ်တခါမျှ မရှိ။ ၂၀၀၈
ဖွဲ့စည်းပုံကိုမထိမခိုက်ထားရှိပြီး ယင်းအောက်ကိုသာ
တနည်းမဟုတ်တနည်းနှင့်ဆွဲသွင်းရန် အစိုးရက တဘက်ကကြိုးစားလာခဲ့သည်။ အခြားတဘက်က အပစ်အခတ်ရပ်စဲရေးကိုသာဖိအားပေးခဲ့သည်။ ကေအိုင်အိုကိုတိုက်နေသောစစ်တွင်
ဦးသိန်းစိန်အစိုးရ၏နည်းဗျူဟာရည်မှန်းချက်မှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရေးအတွက်
စစ်ရေးအရဖိအားပေးရန်ဖြစ်သည်။ မဟာဗျူဟာရည်မှန်းချက်မှာ
ကချင်ပြည်နယ်အတွင်းရှိမြေယာကို ထင်သလိုစီမံခန့်ခွဲခွင့်ရရန်၊ အဓိကအားဖြင့်
ဖားကန့်ကျောက်စိမ်းမြေကို ပြန်လည်ထိမ်းချုပ်အမြတ်ထုတ်ရန်ဖြစ်သည်။
ကချင်စစ်ပွဲ
ဒီဇင်္ဘာလ (၁၄) ရက်နေ့ကပင် ၁၂၀ နှင့် ၁၀၅
မီလီမီတာလက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များကိုသုံးကာ အစိုးရစစ်တပ်က လိုင်ဇာကို
ထိုးစစ်ဆင်ခဲ့သည်။ ခရစ်စမတ်ကာလအတွင်းမှာပင် အမြှောက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။
အင်အားကြီးသူက အင်အားငယ်သူကိုအနိုင်ကျင့်ခြင်း၊ မတရားမှုပြုနေခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးအတွက်နိုဗယ်ဆုရထားသောလူထုခေါင်းဆောင်သည် ဤစစ်ပွဲမှာ သူမနှင့်မည်သို့မျှပတ်သက်ခြင်းမရှိဟုများ သဘောထားနေလေရော့သလားဟု မပြောရက်ပါ။ သို့သော် ဤသို့ပြောရမလိုဖြစ်နေသည်။ ငြိမ်သက်လွန်းလှသည်။
ကချင်စစ်ပွဲသည် “အင်အားကြီးသူက
အင်အားငယ်သူကိုအနိုင်ကျင့်ခြင်း၊ မတရားမှုပြုခြင်း” ထက် ပိုသောအဓိပ္ပါယ်ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးဆောင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အပေါ်အခြေပြု၍
ကချင်ပြည်နယ်သည် ပြည်ထောင်စုအတွင်းသို့ပါဝင်လာခဲ့သည်။ ပင်လုံစာချုပ်၏
တရားဝင်ခိုင်ကျည်မှုကို ယနေ့အထိ မည်သူမျှမငြင်းနိုင်။ ပင်လုံစာချုပ်အရ ကချင်တို့သည်
မိမိတို့ပြည်နယ်ကို မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်။ မိမိတို့ပြည်နယ်အစိုးရကို
မိမိတို့ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။ မိမိတို့မြေယာကို မိမိတို့စီမံခန့်ခွဲခွင့်ရှိသည်။ ပြည်ထောင်စုအစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်းမှ မြေပေါ်မြေအောက်သယံဇာတများကို
တူးဖေါ်ထုတ်လုပ်ရောင်းချလိုသည်ဆိုလျှင် ကချင်လူထုထံမှသဘောတူညီချက်ယူရမည်။
ကချင်ခေါင်းဆောင်များနှင့် ညှိရမည်။
ကချင်ပြည်နယ်အပါအ၀င်တိုင်းရင်းသားပြည်နယ်များ
ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာခြင်းမှာ မိမိတို့ပြည်နယ်အတွင်းရှိမြေယာများအား
ပြည်ထောင်စုအစိုးရကထင်သလိုစီမံခန့်ခွဲပါဟု ၀ကွက်အပ်နှံလိုက်ခြင်း မဟုတ်။
မိမိတို့ပြည်နယ်အား မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံများကိုမပျက်စေဘဲ
ပြည်ထောင်စုအတွင်းသို့ဝင်ရောက်လာခြင်းဖြစ်သည်။ ဤသဘောတရားသည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအားလုံးကို
လွှမ်းခြုံသည်။ မည်သည့်ပြည်ထောင်စုအစိုးရတွင်မျှ
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းရှိမြေယာအပေါ် ထင်သလိုစီမံခန့်ခွဲခွင့်မရှိပါ။
ယခုလက်ရှိဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရသစ်တွင် ပို၍ပင်မရှိပါ။
အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုအစိုးရစစ်စစ် မဟုတ်သောကြောင့်ဖြစ်သည်။
မြေယာအပေါ်စီမံခန့်ခွဲခွင့်ကို
လက်ပံတောင်းတောင်နှင့် ဖားကန့်နိုင်းယှဉ်ခြင်း
လက်ပံတောင်းတောင်သည် စစ်ကိုင်းတိုင်းတွင်
ရှိသည်။ ဖားကန့်သည် ကချင်ပြည်နယ်တွင် ရှိသည်။ ၄င်းဒေသနှစ်ခု၏ တူညီချက်နှင့်ကွာခြားချက်တို့ကိုနှိုင်းယှဉ်ကြည့်ကြရအောင်ပါ။ လက်ပံတောင်းတောင်ရှိလယ်သမားများတွင်
လယ်မြေကို တဦးချင်းပိုင်ဆိုင်ခွင့် (လယ်လုပ်သူလယ်ပိုင်ခွင့်) နှင့် ၄င်းတို့အခြေစိုက်နေထိုင်လျှက်ရှိသော ကျေးရွာဝန်းကျင်ရှိမြေယာများအား စုပေါင်းအသုံးချခွင့်ရှိသည်။
ဆိုလိုသည်မှာ လက်ပံတောင်းဒေသခံလူထုတွင်
တဦးချင်းအခွင့်အရေးနှင့်စုပေါင်းအခွင့်အရေးများ ဟူ၍ အခွင့်အရေးနှစ်ရပ်ရှိသည်။
ထိုနည်းတူစွာပင် ဖားကန့်ဒေသခံ ကချင်လူထုတွင်လည်း အလားတူအခွင့်အရေးနှစ်ရပ်ရှိသည်။
ကွာခြားချက်သည် အဘယ်နည်း။
စစ်ကိုင်းတိုင်းသည် ပြည်နယ်မဟုတ်ပါ။
စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သည် အဆင့်အတန်းခြင်း မတူပါ။ ကချင်ပြည်နယ်သည် ပင်လုံစာချုပ်အခြေခံတွင်
ပြည်ထောင်စုဖွဲ့စည်းရာမှာပါဝင်လာသောအဖွဲ့ဝင်ယူနစ်ကြီး[viii] တခု ဖြစ်သည်။
စစ်ကိုင်းတိုင်းသည် ယင်းသို့မဟုတ်ပါ။ စစ်ကိုင်းတိုင်းသည် စာရေးသူကဲ့သို့သောမြန်မာလူမျိုးအများစုနေထိုင်ရာဒေသကြီး
တနည်းအားဖြင့် (ပြည်ထောင်စုအဖွဲ့ဝင်ယူနစ်ကြီး) ၏အစိပ်အပိုင်းတရပ်သာ ဖြစ်သည်။
စစ်ကိုင်းတိုင်းတခုတည်းက ပြည်ထောင်စုဖွဲ့စည်းရာမှာပါဝင်သည့်အဖွဲ့ဝင်ယူနစ်ကြီးတခု မဟုတ်ပါ။ သို့ဖြစ်၍ ပြည်နယ်ဟုမခေါ်ဘဲ တိုင်းဟုသာခေါ်ထားခြင်းဖြစ်သည်။
ပြည်နယ်အတွင်းနေထိုင်သောလူထုက
တိုင်းအတွင်းနေထိုင်သောလူထုထက်သာလွန်သည့် အခွင့်အရေးတရပ်ရှိသည်။ ယင်းမှာ မြေယာအပေါ်
ပြည်နယ်များအလိုက်စီမံခန့်ခွဲခွင့်ဖြစ်သည်။ တိုင်းများသည်လည်း ယင်းအခွင့်အရေးကိုလိုချင်လျှင်
တိုင်းများအားလုံးကိုစုပေါင်း၍ ပြည်နယ်တခုအဖြစ်ပြန်လည်ဖွဲ့စည်းရပါမည်။
ပြည်ထောင်စုအဖွဲ့ဝင်ယူနစ်တခုအဖြစ် အသွင်ပြောင်းရပါမည်။
မြေယာအပေါ်စီမံခန့်ခွဲခွင့်သည်
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ်အခြေခံသည့်
လုပ်ပိုင်ခွင့်အာဏာအတွင်းတွင်ပါဝင်သည်။ ဤသည်ကို “နိုင်ငံတော်”ဟူသော
စကား၏အဓိပ္ပါယ်နှင့်ဆက်စပ်လျှက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ တွင်
အောက်ပါရှင်းလင်းဖွင့်ဆိုချက်တွင် လေ့လာနိုင်သည်။
“နိုင်ငံတော်”ဟူသောစကားမှာ
ပြည်ထောင်စုနိုင်ငံ၏ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်၏အုပ်ချုပ်မှုအခွင့်အာဏာကို
သော်လည်းကောင်း၊ ဥပဒေပြုမှုအခွင့်အာဏာကိုသော်လည်းကောင်းဆိုလိုသည်။
၎င်းအရ “နိုင်ငံတော်” ဟူသောစကားလုံးကို
ပြည်ထောင်စုတခုတည်းက ကိုယ်စားပြုသုံးစွဲခွင့်ရှိသည်မဟုတ်။ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များလည်းကျင့်သုံးခွင့်ရှိသည်။ လက်တွေ့အရ မြေယာအပေါ်စီမံခန့်ခွဲခွင့်ကို
ပြည်ထောင်စုနှင့်ပြည်နယ် ပူးတွဲ၍ကျင့်သုံးခွင့်ရှိသည်ဟု မှတ်ယူရပါမည်။ ယင်းမှာ
ပြည်ထောင်စု၏ပူးပေါင်းစုစည်းမှုသဘောကိုလည်းပြ၊
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တခုခြင်းစီ၏ စီမံခန့်ခွဲခွင့်ကိုလည်း အသိအမှတ်ပြုရာရောက်သည်။
အဖွဲ့ဝင်ပြည်နယ်တခု၏ဓနချမ်းသာအားလိုအပ်ပါက ပြည်ထောင်စုအဖွဲ့ဝင်အခြားပြည်နယ်များ၏
အကျိုးစီးပွားအတွက်မျှဝေခံစားခွင့်ရကြစေရန် ဦးတည်သည်။ ဤသည်မှာ
ပင်လုံစာချုပ်၏အခြေခံနှင့်ကိုက်ညီကြောင်းတွေ့ရပါမည်။
ပြည်ထောင်စုတခုလုံး၌
လက်ရှိဖြစ်ပေါ်နေသောပြသနာမှာ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုးကားလျှက် “နိုင်ငံတော်”
ဟူသည်ကို ဦးသိန်းစိန်အစိုးရတခုတည်းကကိုယ်စားပြုသုံးစွဲကာ ကချင်ပြည်နယ်အပါအ၀င် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းရှိ မြေယာများအပေါ် အစိုးရအနေဖြင့်ထင်သလိုစီမံခန့်ခွဲနေခြင်းဖြစ်သည်။
တိုင်းရင်းသားပြည်နယ်တိုင်းနီးပါး၌ ဒေသခံပြည်နယ်လူထု၏ စီမံခန့်ခွဲခွင့်နှင့်အကျိုးစီးပွားမှာ
ပျောက်ဆုံးလျှက်ရှိနေသည်။
ဖားကန့်ကျောက်စိမ်းမြေကို စီမံခန့်ခွဲမှုပြဿနာ
ဦးသိန်းစိန်အစိုးရသည် ပြည်ထောင်စုအဖွဲ့ဝင်ကချင်ပြည်နယ်အတွင်းရှိ
ကချင်လူထုရသင့်သည့်နိုင်ငံရေးအခွင့်အရေးမပေးဘဲ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန်သာ
ကေအိုင်အိုအားဖိအားပေးကာ ထိုးစစ်များဆင်နွှဲလျှက်နေသည်။ “သမတဦးသိန်းစိန်က
အပစ်ရပ်ဖို့ သူ့တပ်ကိုအမိန့်ပေးထားတယ်လို့ တဘက်ကပြောနေပေမယ့် အခြားတဘက်ကတော့
လက်နက်ကြီးတွေ စစ်ရဟတ်ယဉ်တွေပါသုံးပြီး ကေအိုင်အိုကို ထိုးစစ်ဆင်နေတယ်” ဟု
ထောက်ပြသူများရှိလာသည်။ လက်တွေ့အရ ယင်းထောက်ပြချက်များမှန်ကန်ကြောင်း မည်သူမျှမငြင်းနိုင်ပါ။
“စစ်တပ်က သမတအမိန့်ကိုမနာခံလို့ဘဲ” ဟု ဝေဘန်သူများရှိလာသည်။
ယင်းဝေဘန်ချက်နှင့်စပ်လျှဉ်း၍မူ လက်ခံသည့်အပိုင်းရှိသလို ဖြည့်စွက်ချင်သည့်အပိုင်းလည်းရှိသည်။
လက်ခံရခြင်းမှာ သမတအနေဖြင့် စစ်ခေါင်းဆောင်သစ်များကြီးစိုးထားသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ)ကို အမိန့်မပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ကာလုံကပေးလိုက်သည့်ညွှန်ကြားချက်ကိုသာ
ဦးသိန်းစိန်က လိုက်နာနေရခြင်းကြောင့်ဖြစ်သည်။ စစ်ခေါင်းဆောင်ဟောင်းဖြစ်သောဦးသိန်းစိန်သည်
စစ်ခေါင်းဆောင်သစ်များဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ကို
အမိန့်ပေးနိုင်သူမဟုတ်၍ဖြစ်သည်။
ဤသည်မှာ ၂၀၀၈
ဖွဲ့စည်းပုံ၏လက်တွေ့ဖြစ်သည့်အပြင် ဤဖွဲ့စည်းပုံတည်ရှိနေသမျှ လူထုတရပ်လုံးရင်ဆိုင်ရမည့်ပြသနာကြီးလည်းဖြစ်သည်။ ဖြည့်စွက်ချင်သည့်အပိုင်းမှာ ကေအိုင်အိုကို
ထိုးစစ်များပြန်လည်ဆင်နွှဲနေခြင်းမှာ သမတနှင့်စစ်ခေါင်းဆောင်များအကြားတွင် သဘောထားကွဲလွဲ၍
မဟုတ်ပါ။ သဘောထားကွဲချင်ယောင်ပြု၍ ထိုးစစ်ဆင်နေခြင်းသာဖြစ်သည်။ အဘယ်ကြောင့်နည်း။
စီးပွားရေး အကျိုးအမြတ်ကြောင့် ဖြစ်သည်။ ဖားကန့်ကျောက်စိမ်းဒေသကို ပြန်လည်လွှမ်းမိုးအမြတ်ထုတ်လိုခြင်းနှင့်
ကေအိုင်အိုက လိုင်ဇာမှတဆင့်ထိမ်းချုပ်ထားသည့်
တရုတ်နှင့်ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးလိုခြင်းတို့ကြောင့်ဖြစ်သည်။
ဖားကန့်ဒေသ၏အခြေအနေကို
အကြမ်းဖျင်းလေ့လာကြည့်ရအောင်ပါ။ ဖားကန့်ဒေသမှထွက်သောကျောက်စိမ်းများအား ကမ္ဘာ့ဈေးကွက်သို့တင်ပို့ရောင်းချပြီး နှစ်စဉ်ပင် စစ်အစိုးရအဆက်ဆက်က
အမေရိကန်ဒေါ်လာသန်းပေါင်းမြောက်များစွာရနေကြောင်း အားလုံးအသိဖြစ်သည်။
ဦးသိန်းစိန်အစိုးရတွင် ဘဏ္ဍာရေးအရအကြပ်အတည်းနှင့် လက်ရှိရင်ဆိုင်ရလျှက်ရှိသည်။
ကေအိုင်အိုနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက်တွင် ဦးသိန်းစိန်အစိုးရက
ကျောက်စိမ်းတူးဖေါ်ခွင့်လိုင်စင်ချပေးထားသည့်ကုမ္ပဏီကြီးငယ်ပေါင်း ၃၇၀ ကျော်မှာ
လုပ်ငန်းများရပ်ဆိုင်း ထားရသည်။ ၄င်းတို့ရှာဖွေထားသည့် ကျောက်စိမ်းအမြောက်အများမှာ
ဖားကန့်ဒေသမှအပြင်သို့မထုတ်နိုင်သေးဘဲ ဂိုဒေါင်များအတွင်း
ယခုတိုင်အောင်းလျှက်ရှိနေသည်။
0 comments:
Post a Comment