ဒီဇင်ဘာ ၂၇ ရက် ၂ဝ၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား…
စစ်အစိုးရပြောပြောနေတဲ့ ငြိမ်းချမ်းရေးအဖွဲ့ (၁၇)ဖွဲ့လို့ဆိုတဲ့အထဲက နောက်ဆုံးအဖွဲ့ကတော့
(၉၇)ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှာ စစ်အစိုးရဆီ အကြွင်းမဲ့လက်နက်ချခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ရခိုင်အဖွဲ့)ပဲဖြစ်ပါတယ်။
အရင်တုန်းကတော့ ဗမာပြည်ကွန်မြူနစ်ပါတီရခိုင်ပြည်နယ်ပါတီခွဲအဖြစ်နဲ့လည်း သိကြပါတယ်။
လက်နက်ချတဲ့အချိန်မှာ အဖွဲ့ခေါင်းဆောင်က ဦးစောထွန်းဖြစ်ပါ တယ်။ ခုချိန်ထိ ကျနော်တင်ပြလာခဲ့တဲ့
ဒီ(၁၇)ဖွဲ့ဟာ (၁၉၈၉)ကနေ(၉၇)အထိအပစ်ရပ်ခဲ့တဲ့အဖွဲ့တွေပါ။ (၉၇)အထိ စစ်အစိုးရနဲ့ အပစ်မရပ်ကြသေးဘဲ
ဆက်တိုက်နေခဲ့ပေမဲ့ နောက်ပိုင်းကျမှ အပြောင်းအလဲဖြစ်ခဲ့တဲ့အဖွဲ့တွေလည်းရှိပါတယ်။ ဥပမာပြရရင်
ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအင်န်ပီပီ)၊
ရှမ်းပြည်တော်လှန်ရေးတပ်ပေါင်းစု တပ်မတော်(အက်စ်ယူအာရ်အေ)၊ ချင်းအမျိုးသားတပ်ဦး(စီအင်န်အက်ဖ်)နဲ့
ရခိုင်လွတ်မြောက်ရေးပါတီ(အေအယ်လ်ပီ)တို့လို အဖွဲ့အစည်းကြီးတွေဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..ခု
ကျနော့်တင်ပြချက်တွေဟာ (၁၉၉၇)အထိသာဆစ်ပိုင်းနေတာဖြစ်လို့ အဲ့ဒီနောက်ပိုင်းအပစ်ရပ်ကြ၊
ပြန်ကျိုးပေါက် ကြ၊ တောထဲပြန်ဝင်သွားကြ၊ လက်နက်ချကြ၊ ပြည်သူ့စစ်ဖြစ်ကြ၊ နယ်ခြားစောင့်ဖြစ်ကြ
စတဲ့ဖြစ်ထွန်းမှုတွေကိုတော့ ခု ယာယီသဘောချန်ထားခဲ့ ပါတယ်။ တစ်ခါ အပစ်မရပ်ရသေးတဲ့ မိခင်အဖွဲ့ကြီးဆီကနေ
အင်အားတချို့ခွဲထွက်လာပြီး အစိုးရနဲ့အပစ်ရပ်လိုက်တာ၊ လက်နက်ချလိုက်တာမျိုးလည်းရှိပါတယ်။
နောက်တစ်ခါ မိခင်အဖွဲ့ကြီးနဲ့အတူအပစ်ရပ်ပြီးကာမှ ပြန်ပဲ့ထွက်ပြီး တောထဲပြန်သွားတာတွေလည်း
ရှိပါသေးတယ်။ (၉၇)ခု နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးအကြောင်းတွေတင်ပြတဲ့အခါ အဲ့ဒါတွေကိုခြုံငုံမိအောင်
ဆွေးနွေးလိုပါတယ်။ ခုတော့ အပစ်အခတ်ရပ်စဲရေးကို ဘယ်ပုံလုပ်ခဲ့တယ်ဆိုတာ လက်လှမ်းမီသလောက်
စုစည်းတင်ပြပါ့ပေးမယ်။
သောတရှင်များခင်ဗျား..လက်နက်ကိုင်တိုက်နေကြတဲ့သူတွေ
အပစ်ခတ်ရပ်စဲကြတယ်ဆိုတာဟာ ကိစ္စကောင်းတခုလို့ ယေဘုယျသဘောဆိုကြရပေမဲ့၊ အပစ်ရပ်ကြတဲ့ရည်ရွယ်ချက်နဲ့
အပစ်ရပ်ပြီးနောက်လုပ်ဆောင်ချက်တွေပါကောင်းမှ တစုံလုံးကောင်းပါလိမ့်မယ်။ အပစ်အခတ်ရပ်တာဟာ
ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစပျိုးခြေလှမ်းဟုတ် မဟုတ်ဆိုတာနဲ့ချိန်ထိုးကြည့်ပြီး၊
ဟုတ်တယ်ဆိုရင် ကောင်းတယ်လို့ဆိုရမှာပါ။ အဲ့သလိုမဟုတ်ခဲ့တဲ့အတွက် ခု ကျနော်တိုင်းပြည်မှာ
ပြောစရာတွေဖြစ်နေတာလို့မြင်ပါတယ်။ ဗမာ့နိုင်ငံရေးမှာ ပြည်တွင်းစစ်ပြဿနာကိုကောက်ကိုင်လိုက်တာနဲ့
လူမျိုးစုအရေးနဲ့တန်းတိုးမိကြမှာ သေချာပါတယ်။ ဒါ့ကြောင့်မို့လို့ (လူမျိုးစုပြဿနာကိုနားမလည်ရင်
ဗမာ့နိုင်ငံရေးနားလည်သူလို့ပြောဖို့ခက်တယ်)လို့ ဆိုကြတာနေမှာပါပဲ။ အဲ့ဒီအရေးဟာ ရှုပ်ထွေးမှုရှိတန်သလောက်ရှိတာမှန်ပေမယ့်
ရှင်းမရအောင်ခက်တဲ့ကိစ္စကြီးတော့လည်းမဟုတ်ပါဘူး။ ပါဝင်ဖြေရှင်းကြသူတွေရဲ့အမြော်အမြင်၊
စိတ်ရှည်သီးခံမှုနဲ့စေတနာအပေါ်မှာပဲတည်ပါတယ်။ ဆွေးနွေးတယ်ဆိုတာဟာ အပြန်အလှန်အပေးအယူလုပ်ကြရတာပါ။
ဒီအခါမယ် စကားလုံးဝေါဟာရနဲ့ အနက်အဓိပ္ပါယ်တွေဟာအရေးပါလာတာမို့၊ အပစ်အခတ်ရပ်စဲခြင်းနဲ့လက်နက်ချခြင်းဆိုတဲ့
ဖြစ်စဉ် (၂) ခုကြားကခြားနားမှုကို အကျဉ်းသဘောတင်ပြပါရစေ။ ဘာလို့လည်းဆိုတော့ စစ်အစိုးရအဆက်ဆက်ဟာ
အပစ်ရပ်အဖွဲ့တွေကိုရော လက်နက်ချအဖွဲ့တွေကိုပါ ငြိမ်းချမ်းရေးအဖွဲ့တွေဆိုပြီးရောထွေးသုံးစွဲနေတော့
လူထုနဲ့တပ်ထဲမှာပါ အမြင်ရှုပ်ထွေးမှုတွေဖြစ်လာနေလို့ပါပဲ။။ အမှန်ကတော့ လက်နက်ချချခြင်းနဲ့အပစ်အခတ်ရပ်စဲရေးလုပ်ခြင်း
(၂)ခုစလုံးဟာ ငြိမ်းချမ်းရေးလုပ်ခြင်းနဲ့တခြားစီပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချက်တွေအပေါ်မကွဲပြားသူတချို့ဆီက
ငြိမ်းချမ်းရေးဆိုပြီး ဘာလို့လက်နက်ကိုင်ထားကြတာလဲ၊
ဘာလို့နိုင်ငံရေးအခွင့်အရေးတွေ မရကြတာလဲ စတဲ့အမေးတွေထွက်လာတတ်တာဖြစ်ပါတယ်။
သောတရှင်များခင်ဗျား…လက်နက်ချကိစ္စပြောမယ်ဆိုရင်တောင်
ပြောစရာတွေရှိပါလိမ့်ဦးမယ်။ အစုအဖွဲ့သဘောအရ ရှိသမျှသေနတ်အကုန် အပ်၊ တပ်ဖျက်တဲ့အပြင်၊
အဖွဲ့အစည်းပါဖျက်ပြီးအရှူံးပေးသွားတာမျိုးကို အကြွင်းမဲ့လက်နက်ချလို့ဆိုပြီး အဲ့ဒီသူတွေဟာ
ခုရော နောင်ပါ နိုင်ငံရေးအခွင့်အရေးတွေ မရတတ်တော့ပါဘူး။ ဒါပေမယ်လို့ အဖွဲ့ခေါင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုနဲ့ငွေကြေးတွေကိုတော့
လူသိမခံတဲ့သဘောတူညီမှုနဲ့ ထားတတ်ကြပါတယ်။ နောက်တစ်မျိုးက သေနတ်အကုန်အပ်၊ တပ်လည်းဖျက်၊
အဖွဲ့အစည်းကိုတော့မဖျက်ဘဲ ပါတီထောင်၊ မြေပေါ်နိုင်ငံရေးလုပ်ခွင့်ရှိနေတာမျိုးကို ဆိုလိုပါတယ်။
အဲ့ဒါမျိုးကိုတော့ အကြွင်းမဲ့လက်နက်ချလို့ ဆိုလေ့မရှိပါဘူး။ ဒီ့ (၂) ခုပြင် တခြားအသွင်သဏ္ဍန်တွေလည်း
ရှိနေနိုင်ပါသေးတယ်။ တဦးချင်းလက်နက်ချလို့ဆိုရာမှာလည်း အလားတူအကန့်အသတ်နဲ့ခြွင်းချက်တွေ
ရှိနေပါတယ်။ ဒီနေရာမှာပြောစရာရှိတာက အရင့်အရင်ခေတ်တွေတုန်းကဆိုရင်တော့ သာမန်ပြည်သူတွေရဲ့အမြင်မှာ
လက်နှစ်ဘက်မိုးပေါ်မြှောက် သေနတ်ကြီးရှေ့ချ ခေါင်းငိုက်စိုက်နဲ့ဓါတ်ပုံအရိုက်ခံနေတာတွေတွေ့မှ
လက်နက်ချသရုပ် ပေါ်ကောင်းပေါ်နိုင်ပေမဲ့ ဒီဘက်ခေတ်ကျတော့ လက်နက်ချသရုပ်သကန်က တမျိုးဖြစ်သွားပါတယ်။
လက်နက်ချပွဲတွေမှာ လက်နက်ချတွေနဲ့အစိုးရဘက်သားတွေ တရုန်းရုန်းနဲ့ပခုံးဖက်ခါးဖက်နဲ့ဓာတ်ပုံတွေအရိုက်ခံကြ၊
အရက်ခွက်တွေကိုယ်စီမြှောက်ပြီး သောက်ကြစားကြနဲ့မို့ လက်နက်ချရတာကိုပဲ ပျော်စရာကြီးလို့
ထင်သူကထင်သွားနိုင်ပါတယ်။ ဒီဘက်ခေတ် လက်နက်ချလာသူတွေထဲမှာ ခွန်ဆာလိုခေါင်းဆောင်တချို့ဟာ
ဘိန်းနဲ့ရလာတဲ့ ငွေမည်းတွေ ငွေဖြူသွားရုံတင်မကပဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်တွေ
စက်ရုံပိုင်ရှင်ကြီးတွေဖြစ်ပြီး အလုပ်သမားတွေရဲ့
ကျေးဇူးရှင်နေရာကတောင် တက်ထိုင်နေကြတာတွေ့ရမှာပါ။
သောတရှင်များခင်ဗျား..လူတဦးချင်းဆိုင်ရာလက်နက်ချကိစ္စကိုပြန်ကောက်ရရင်
လူမှာ အခြေအနေအရလက်နက်ချနဲ့ အတွေးအခေါ်အရ လက်နက်ချဆိုပြီး ခွဲခြမ်းစိတ်ဖြာထားတာ တွေ့ရမှာဖြစ်ပါတယ်။
တိုက်ပွဲမှာ ဒါမှမဟုတ် အခြားအခြေအနေတခုခုမှာ ဆန့်ကျင်ဘက်လူတွေ လက်ထဲရောက်သွားလို့၊
ခုခံနိုင်တဲ့အနေအထားမရှိတော့လို့အရှူံးပေးလိုက်ရသူကို အခြေအနေအရလက်နက်ချသူလို့ဆိုကြပါတယ်။
သူက အခြေအနေအရသာ အရှူံးပေးလိုက်ရပေမယ့် သူ့ယုံကြည်တဲ့အတွေးအခေါ်နဲ့နိုင်ငံရေးအယူအဆကိုဆက်လက်စွဲမြဲနေသူလို့
ပြောရမယ်ထင် ပါတယ်။ ဒါနဲ့ပြောင်းပြန် မိမိယုံကြည်တဲ့အယူအဆအတွေးအခေါ်နဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို
လုံးလုံးစွန့်လွှတ်သွားပြီး မိမိဆန့်ကျင်ခဲ့ဖူး တာမှာ ပြောင်းလဲစွဲမြဲသွားသူကိုတော့
အတွေးအခေါ်အရလက်နက်ချလို့ဆိုကြတာကို မှတ်သားမိဖူးပါတယ်။
သောတရှင်များခင်ဗျား..အပစ်အခတ်ရပ်စဲတာနဲ့
ငြိမ်းချမ်းရေးတည်ဆောက်တာကြားကခြားနားချက်တွေကို နောက်တပတ်မှာ ဆက်လက်တင်ပြပါရစေ။
ကျနော်
မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment