Monday, July 25, 2016

ဘယ်မှာနေသလဲ(မျိုးမြင့်ချို)

0 comments
အပစ်ရပ်နဲ့ငြိမ်းချမ်းရေးကိစ္စတွေမှာ စစ်တပ်သဘောထားက
လက်ရှိအစိုးရနဲ့အတူတူပဲ ကွဲလွဲမှုမရှိဘူးဆိုတော့ လက်ရှိအစိုးရကရော
စစ်တပ်နဲ့သဘောထားအတူတူပဲလို့ ယူဆလို့ရတယ်။ ကာချုပ်မူ(၆)ချက်နဲ့
အပစ်ရပ်ဖို့ တနည်းပြောရရင် လက်နက်ချပြီးမှ
နိုင်ငံရေးစကားပြောမယ်ဆိုတဲ့အပေါ်မှာ
လက်ရှိအစိုးရအနေနဲ့ ဖားလား ငါးလားကွဲပြားအောင် သဘောထားတခု
အတိအလင်းထုတ်ပြန်မှဖြစ်လိမ့်မယ်။ နို့မို့ဆို ရှုပ်ထွေးမှုတွေပိုများပြီး
လူမျိုးစုံပြည်သူလူထုကြားမှာ သံသယတွေ မယုံသင်္ကာမှုတွေ
စိတ်ဝမ်းကွဲပြားမှုတွေ ပိုကြီးထွားလာစရာရှိတယ်။


အမျိုးသားပြန်လည်သင့်မြတ်ရေး
(ရင်ကြားစေ့ရေး)ဆိုတာ စစ်တပ်နဲ့ အင်န်အယ်လ်ဒီ အလိုတူလို့
အာဏာကိစ္စအယားပြေနသားပါယားလုပ်ကြတာ နိုင်ငံရေးပလူးကြတာလို့
အဓိပ္ဗါယ်မထွက်ဘူး။

လူမျိုးစုတွေကြားမှာ အချင်းချင်း အပြန်အလှန်ထိုးနှက်နေတာ ဖိနှိပ်နေတာ စစ်ရေးအရတိုက်ခိုက်နေတာ မရှိဘူး။ မသင့်မမြတ်ဖြစ်နေတာ မရှိဘူး။ ရင်ဘတ်ဟပြဲလည်းဖြစ်မနေဘူး။

နောက်တချက် စကားလုံးအရ တွေးရမှာက
“ရင်ကြားစေ့တယ်“ဆို ကြားလူက ဝင်လုပ်ပေးရတာရှိသလို သက်ဆိုင်သူတွေချည်း မျက်နှာချင်းဆိုင်ထိုင်ပြီး ပြေလည်ရာပြေလည်ကြောင်း လုပ်ရတာလည်းရှိတယ်။
အင်န်အယ်လ်ဒီ(ဒေါ်အောင်ဆန်းစုကြည်)အနေအထားကဘာလဲ မေးခွန်းထုတ်ရမှာတွေရှိလာပြီ။ ကြားလူလား။ ခုံသမာဓိလား၊
စစ်အုပ်စုအလိုကျအသွင်းခံမယ့်“အပင်း”လား။
“သက်ဆိုင်သူ“တွေထဲရောပါလား။ ပွဲခရော ပွဲညွန့်ရောရဖို့ မျှော်မှန်းတာလား။

ဗမာပြည်မှာ အစဉ်အဆက် မသင့်မမြတ်ဖြစ်နေတာ ရင်ကြားစေ့မရတာက
ဗမာအပါအဝင် လူမျိုးစုံပြည်သူတွေအချင်းချင်းကြားမှာဖြစ်နေတာမဟုတ်ဘူး။
တိုင်းပြည်အပေါ် နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး အဖက်ဖက်ကလက်ဝါးကြီးအုပ်
ချယ်လှယ်သွေးစုပ်ဖိနှိပ်နေတဲ့စစ်အုပ်စုကတဘက် (လက်နက်ကိုင်
လက်နက်မကိုင်) အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုကြီးကတဘက်
ဖြစ်နေတာ။

အဖိနှိပ်ခံတွေအားလုံးက ဘက်တဘက်တည်းမှာ ရှင်းရှင်းလင်းလင်း
ရပ်တည်နေကြတယ်။ စစ်အုပ်စုလည်း သူ့ဘက်မှာသူ အခိုင်အမာ
ရပ်တည်နေတယ်။ ၂ ဘက်လုံးမှာ ကိုယ့်မူနဲ့ကိုယ် ခိုင်ခိုင်ကျည်ကျည်ရှိတယ်။
၂ ဘက်လုံး ကိုယ်စီကိုင်စွဲတဲ့မူတွေအပေါ် ထိန်းညှိချိန်ဆပြုပြင်ကြပြီး သွားမှ
ခရီးကပေါက်မှာပဲ။ အဓိက ကတော့ စစ်အုပ်စုပေါ်မူတည်တာပဲ။
စစ်တပ်အကြီးဆုံးကိုင်ထားတဲ့ကောင်က အင်အားနဲ့ဗိုလ်ကျတာကို ဆက်မကိုင်စွဲဖို့ပဲ။
အမျိုးသားရင်ကြားစေ့ရေး အသံကောင်းဟစ်နေသူတွေကလည်း
စစ်အုပ်စုဘက်က မ “ပင်း“ဖို့ပဲ။ သူ့လူကိုယ့်ဘက်သား ကိုယ့်လူသူ့ဘက်သား
မဖြစ်ဖို့ပဲ။

လက်ရှိအစိုးရအနေနဲ့
သင့်မြတ်ရေး ရင်ကြားစေ့ရေးက ဘယ်သူနဲ့ ဘယ်သူကြားမှာလုပ်ရမှာလဲကို
နိုင်ငံရေးအရ တရားအရ လက်တွေ့အရ ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်သလို
မိမိနေရာ မိမိရပ်ခံချက်နဲ့ မိမိသဘောထားကိုလည်း တိတိလင်းလင်း ချပြမှဖြစ်မယ်။
မျိုးမြင့်ချို(ဇူလိုင် ၂၂။ ၂ဝ၁၆)

0 comments:

Post a Comment