အရေးတော်ပုံဂျာနယ်
စာတည်းအဖွဲ့ရဲ့အမှာ
“အပစ်အခတ်ရပ်စဲရေး
တဖြစ်လဲ ၂၁ ရာစု ပင်လုံညီလာခံ”(၁)
ဦးသိန်းစိန်ကြံ့ဖွံ့
စစ်အစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူစာချုပ်ဆိုတာ ပေါ်ခဲ့တယ်။ ခု ဒီချုပ်အရပ်သားတပိုင်းအစိုးရတက်လာတော့ ‘၂၁ ရာစုပင်လုံညီလာခံ’
လို့ ဆိုင်းဘုတ်ပြောင်းချိတ်ပါတယ်။
နိုင်ငံတော်(သမ္မတ)အတိုင်ပင်ခံပုဂ္ဂိုလ်က
‘ကိုယ်ဘာလိုချင်သလဲ မပြောနဲ့၊ ကိုယ်ဘာပေးနိုင်တယ်ဆိုတာပဲ ပြောကြပါ’ လို့ လမ်းညွှန်ချက်ပေးတယ်။
သူနဲ့ကာချုပ်တွေ့ခဲ့တာတွေမှာ ဘာတွေပေးပြီး ဘာတွေယူခဲ့ကြတယ်ဆိုတာ ထုတ်မပြော - တခါမှာတော့
‘တပ်မတော်က လုပ်ကိုင်ခွင့်ပေးသလောက်ပဲလုပ်နိုင်ပါတယ်’ လို့ ပြောခဲ့တာရှိတယ်။
ကာချုပ်လုပ်သူကတော့
‘၂ဝဝ၈ ခြေဥနဲ့ တပ်မတော်မူ ၆ ချက်ပေါ်မှာ ရပ်တည်နေပါကြောင်း’
အခါအခွင့်သင့်တိုင်း (အထူးသဖြင့်) နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါတိုင်း ပြောတတ်တယ်။
သူတို့အတွက်စိတ်ချရပြီသေချာမှ စစ်တန်းလျားပြန်နိုင်မယ်ဆိုတဲ့သဘော ဖော်ပြတယ်။
တိုင်းရင်းသားတွေကတော့
၂ဝဝ၈ ခြေဥ (ဘောင်)အောက်မှာ ကိုယ်ဘာပေးနိုင်တယ်၊ ခင်ဗျားက ဘာပေးပါပြောဖို့ခက်တယ်။ ဒါကြီးကို
ချောင်ထိုးထားလို့ရရင်တော့ စိတ်ဖြောင့်ဖြောင့်နဲ့ ပြောထွက်လာကြမှာပါ။ သူတို့ဘက်က ပေးထားတာပဲများလှပြီလို့ထင်တဲ့သူက
ထင်နေတယ်။ နောက်တခုခက်နေတာက တိုင်းရင်းသားတွေဘက် (ဥပဒေတွင်း၊ ဥပဒေပ)မှာလည်း ရှုပ်ရှုပ်ထွေးထွေးတွေ
ရှိနေတယ်။ ခြေလှမ်းမညီကြဘူး။ စစ်ဘက်နဲ့အရပ်ဘက်အုပ်စိုးသူများအပေါ် သဘောထားပုံချင်းလည်း
မတူကြဘူး။
(၂)
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ
‘ယုံကြည်မှုတည်ဆောက်ရေး’ဆိုတဲ့စကား တွင်ကျယ်လာတယ်။ ရှင်းပါတယ်။ မယုံကြည်ကြလို့ ခုမှ
တည်ဆောက် နေရတာပါ။ ဒီအထဲက ထူးခြားချက်တခုပေါ်လာတယ်။
တိုင်းရင်းသားတွေဘက်က
စစ်အုပ်စုဘက်ကိုမယုံတာ အဆန်းမဟုတ်ပါ။ ပါးစပ်ကတမျိုးပြော၊ လုပ်တော့တမျိုးလုပ်နေတာ ခံရပေါင်းများလို့
ဖြစ်တယ်။ ခု ဒီချုပ်ကိုလည်းမယုံဘူးဆိုတာ ပြောထွက်လာတာကတော့ အဆန်းပဲ။
ယူအင်န်အေအစည်းအဝေးမှာ
ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ‘ဒီချုပ်ကို ယုံမှတ်လို့ပုံအပ်ခဲ့တယ်။ ခု ယုံလို့မရတော့ဘူး။ ကိုယ့်ဘာသာ
အားကိုး ကြရတော့မယ်’ လို့ ပြောလာခဲ့တယ်။
ရခိုင့်တပ်မတော်
(အေအေ) ကပြောတဲ့စကားတခွန်းဟာ အတော်တာသွားတယ်။ ‘ယုံမိတဲ့သူက သားကောင် ဖြစ်သွားတတ်တယ်’
တဲ့။ တိုင်းပြည်အတွေ့အကြုံကို နိဂုံးချုပ်ထားပုံပဲ။
၂၁
ရာစု ပင်လုံညီလာခံ အောင်မြင် မအောင်မြင်အပေါ်မှာတော့ အားလုံးက မယုံမရဲပဲ။ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ကတော့ ‘တိုင်းရင်းသားများလိုချင်သည့်
ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရန် အလားအလာအင်မတန်နည်းပါးကြောင်း’
နိမိတ်ဖတ်ထားပါတယ်။
(၃)
ဦးသိန်းစိန်အစိုးရဆင်းပေးသွားတော့
‘တွင်းတူးထားခဲ့တာ အများကြီး’ တဲ့။ အဓိပ္ပာယ်က ထောင်ချောက်တွေ အများကြီးဆင်ထားခဲ့တယ်လို့
ပြောချင်တာပါ။ ထိလွယ်ရှလွယ်ပြဿနာတွေ စီတန်းပြီး ချန်ထားခဲ့တယ်။ အကိုင်မတတ်ရင် ချောက်ထဲကျပြီမှတ်
- ပဲ။ အဲဒီပြဿနာတွေကို လက်တွေ့ တကယ် ကိုင်တွယ်ဖြေရှင်းနေသူတွေက ကာချုပ်ခန့်ဝန်ကြီး(၃)
ဦးနဲ့ နအဖလက်ကျန် စစ်ထွက်ဗျူရိုကရက်တွေပဲ ဖြစ်နေတယ်။ ကာချုပ်လုပ်သူက သူဖြစ်စေချင်တာကို
စန္ဒရားတီးသလို ခလုတ်ထိုင်နှိပ်နေရုံပဲ။
မဆလ
ခေတ်မှာ သူတို့ကေဒါတွေ လက်မထောင်ပြီး ပြောတတ်တဲ့စကားတခွန်းရှိတယ်။
“နေလာနှင်းပျောက်”တဲ့။
ဗိုလ်နေဝင်းလည်း တက်လာရော အခုအခံအတားအဆီးတွေ အကုန်ပျောက်ပေးရတယ်ဆိုတဲ့သဘော -
ခု
‘စုနိုင်၊ စုရောက်၊ ပြဿနာပျောက်’ ဖြစ်မလား။
ပေါ်နေတဲ့
ပြဿနာတွေကတော့ မြင်တဲ့အတိုင်းပါပဲ။
စာတည်းအဖွဲ့
(၂၅၊
၆၊ ၂ဝ၁၆)
0 comments:
Post a Comment