Monday, November 21, 2016

ဒေါ်နယ်လ်သေနတ်(မျိုးမြင့်ချို)

0 comments
အခု ဒီ လေးငါးလအတွင်းမှာ ဖို့တ်ဝိန်းနေ ဗမာတွေ သေနတ်အတော်ဝယ်ကြတာ သတိထားမိတယ်။ အတိုရော အရှည်ရောပဲ။

အရင်က အကောင်ပလောင်လေးပစ်ဖို့ သေနတ်လိုင်စင်မလို အမဲပစ်လိုင်စင်သာလိုတဲ့ ပြောင်းရှည်တွေလောက် ရှိတဲ့သူလည်း ခုဆို လိုင်စင်ယူရတဲ့ ပြောင်းတိုတွေ ဆောင်လာကြတယ်။ အရင်က သေနတ်ဆိုလို့ သရက်သီးသနပ်တောင် မစားတဲ့သူတွေ ခုတော့ အတိုလေးတွေ မိန်းမကိုင်လေးတွေ ဝယ်ဆောင်ကြပြီ။

ဟိုနေ့က ကျေးလက်မင်းကြီး Rural King လို့ခေါ်တဲ့ လယ်သမားပစ္စည်းရောင်းတဲ့ဆိုင်သွားပြီး ကြက်စာဝယ်တော့လည်း သေနတ်ရောင်းတဲ့ဆက်ရှင်မှာ လူတွေ ဝယ်နေလိုက်ကြတာမှ မနည်းဘူး။ အဝယ်လိုက်နေတဲ့သဘောပဲ။ မနှစ်က ဒီအချိန်ဆို တခါတလေ တယောက်စ နှစ်ယောက်စလောက်ပဲတွေ့ရတတ်တာ။ 

ရဲမော်ထူးကိုရောက်ဖူးတယ်ရှိအောင် အဲ့ဒီဆိုင်ကို မနှစ်ကဒီအချိန် ခေါ်သွားတော့ သူတောင် တတောင့်ချင်းမောင်းပြန် ပြောင်းရှည်ရိုင်ဖယ်လ်တလက်ကို ဆွဲထုတ်ပြီး ကိုင်ကြည့်၊ ချိန်ကြည့်ဆကြည့်၊ စနိုက်ပါထဲကနေကြည့် ကြည့်၊ ကျည်မပါပဲမောင်းတင်ကြည့်၊ ချောက်ကနဲ မောင်းဖြုတ်ာကည့်တွေလုပ်နေသေးတာ။
ဈေးမေးကြည့်တော့ ၄ ရာ နီးပါးပဲ။ ဘာအမျိုးအစားမှန်း မှတ်တော့ မမှတ်မိတော့ဘူး။ မန်နေဂျာကတော့ အလွန်နံမည်ကျော်တဲ့သေနတ်လို့ပြောတာပဲ။

အင်း ဖေဖေဒေါ့်လက်ထက်မှာ လူဖြူကြီးစိုးရေးတွေဖြစ်လာပြီး အဖြူမဟုတ်တဲ့လူတွေကို ပတ်မှတ်ထားပြီး သရော်မော်ကားရန်စတာ လုတာယက်တာ အိမ်ဖေါက်တာ ဓါးမြတိုက်တာ အနုကြမ်းစီးတာ ကားလုပြေး ပိုက်အိပ်လုပြေးတာမျိုးတွေကနေ တစတစနဲ့ ကွန်မြူနတီအလိုက် အကြမ်းဖက်တိုက်ခိုက်မှုတွေအထိ ဖြစ်လာနိုင်မလားလို့ တွေးပူနေကြရပြီ။

သေနတ်နဲ့ကောင်ကို ဥပဒေနဲ့ရှင်းမရလို့ တ္တောနဲ့ရင်ဆိုင်မရမှန်းသိလာကြလို့ သေနတ်တွေ ဝယ်ဆောင်လာကြတဲ့သဘောများလား။ ဥပဒေနဲ့ဥပဒေစိုးမိုးရေးတွေ၊ မျက်နှာမလိုက်တဲ့တရားစီရင်မှုတွေ၊ လူထုဘဝလုံခြုံရေးတွေ၊ လူလူခြင်း ဘာသာ လူမျိုး အသားအရောင် ကျားမ စတာတွေမတူလို့ ခွဲခြားဆက်ဆံမှုမပြုရတွေ ဘယ်လိုပဲရှိရှိ အုပ်စုဖွဲ့ကျူးလွန်တဲ့ရာဇဝတ်မှုဆန်ဆန်တွေ တရားမဝင်ခြိမ်းခြောက်တိုက်ခိုက် လုယက်သတ်ဖြတ် နိုင့်ထက်စီးနင်းတွေလုပ်လာရင်တော့ ဥပဒေကြောင်းအရ ရာဇဝတ်ကြောင်းအရကနောက်မှ လောလောဆယ် ကိုယ်အရင်ခံရ ဆုံးရှူံးရ သေရကြေရမှာဆိုတော့ မိမိအသက်အိုးအိမ်စည်းစိမ် မိမိမိသားစုဘဝတွေကို မိမိဘာသာတာဝန်ယူကာကွယ်ကြရတော့မယ့်အနေအထားများ ရောက်သွားတော့မှာလား။

အသက်ကိုသေစေတတ်သော လက်နက်ပစ္စည်း ထုတ်လုပ် ရောင်းဝယ်ဖေါက်ကားပြီးအသက်မွေးတဲ့ “မိစ္ဆာအာဇီဝသမားတွေ“ ကြီးပွားသထက်ကြီးပွားကြမယ့် ကိန်းပဲ။

လူသတ်လက်နက်ဆိုတာ လူသတ်ဖို့ မဟုတ်လား။ သေနတ်ဆိုတာ
မောင်းခလုပ်ဖြုတ်မယ့်သူ လိုတယ်မဟုတ်လား။ သေနတ်ဆိုတာ ကျည်မရှိရင်
တုတ်လောက်တောင် အသုံးမတည့်ဘူး မဟုတ်လား။

သေနတ်လည်းရှိ ကျည်လည်းရှိ မောင်းဖြုတ်မယ့်လူလည်းရှိလို့ကတော့ သေနတ်ဆိုတာ ဧည့်ခန်းမှာ အလှပြချိတ်ထားစရာမဟုတ်တော့ဘူးလေ။
နိုဝင်ဘာ ၂ဝ၊ ၂ဝ၁၆ မျိုးမြင့်ချို

0 comments:

Post a Comment