Monday, November 21, 2016

လက်သန်းပြာ အဌကထာဆရာများ (မျိုးမြင့်ချို)

0 comments
ရှင်အနုရုဒ္ဓါနဲ့ ရှင်ဗုဒ္ဓဃောသတို့အပါအဝင် လက်သန်း အဌကထာဆရာတွေက မြတ်ဗုဒ္ဓရဲ့တရားဒေသနာတွေ အဘိဓမ္မာတွေဟာ နက်နဲလွန်းလို့ လူသာမန်တွေသဘောမပေါက်နိုင်ဘူး၊ ဒါ့ကြေင့် လူ့နလပိန်းတုံးတွေနားလည်အောင် ချဲ့ပြ ဖွင့်ပြရမယ်ဆိုပြီး ချဲ့လိုက်ဖွင့်လိုက်ကြတာမှာတင် သူတို့အာဘော်တွေပါပါလာပြီး ဒွေးရောယှက်တင်တွေဖြစ်ကုန် ရှုပ်ထွေးကုန်တော့တာပဲလို့ ဆရာသမားတွေဆိုတာ မှတ်ဖူးတယ်။ တရားရင်းနဲ့ လက်သန်းအဌကထာ ဘယ်လိုကွာနေတယ်ဆိုတာကို အပိုဒ်လိုက်ထောက်ပြ ယှဉ်ပြ နှိုင်းပြတာလည်း ဖတ်ဖူးတယ်။
ကျနော်တွေးတာက မြတ်စွာဗုဒ္ဓဟာ သိစရာရှိသမျှ အကြွင်းမဲ့သိမြင်သွားသူဖြစ်တော့ သူပြောရင် ဟောရင် လူတိုင်းနားလည်မယ့် စကားတွေ ဝေါဟာရတွေပဲသုံးမှာပါ။ သူနဲ့ ခေတ်ပြိုင် (ဘုရားတွေပဲထားပါ) ဖီလော်ဆော်ဖာတွေနဲ့ တရားနိုင်စကားစစ်ထိုးကြရင်တော့ ပညာရပ်ဆန်ဆန် ပြောမှာဆိုမှာလို့တွေးပါတယ်။ သူ့တရားနာပြီး သူ့နောက်လိုက်ဖြစ်လာတဲ့သူတွေထဲက ထိပ်ပိုင်း လက်တဆုပ်စာလောက်ပဲ မင်းညီမင်းသား သူဌေးသူကြွယ် စာတတ်ပေတတ် ပညာတတ်တွေဖြစ်ပြီး အများစုသံဃာထုကြီးက ဆင်းရဲသား ကျောမွဲတွေ ကျွန်တွေ၊ လယ်သမားတွေ၊ စာဆိုလို့ နကန်းတလုံးတောင် မသိသူတွေချည်းပါပဲ။ ဒီလူတွေသာ မြတ်ဗုဒ္ဓရဲ့ တရားဒေသနာကို အဘိဓမ္မာကို နားမလည်ရင် ဘာကိစ္စ သံဃအစုအဝေးထဲ ရောက်လာစရာအကြောင်းရှိမလဲ။ အဲ့ဒီခေတ်က စာဆိုတာ ပညာဆိုတာ အုပ်စိုးသူနဲ့ ဘာသာရေးဆရာတွေလောက်ပဲသင်ခွင့် တတ်ခွင့်ရှိတဲ့အရာမဟုတ်လား။ သာမန်လူတွေ အဖိနှိပ်ခံတွေကတော့ စာဆိုရင် စာကလေးငှက်လောက်ပဲထင်ကြရှာမှာပါ။
ပြောချင်တာက ကမ္ဘာပေါ်မှာ ထွန်းခဲ့တဲ့ဘုရားတိုင်း တမန်တော်တိုင်းဟာ လူတိုင်းနားလည်မယ့်စကားနဲ့ သူတို့တရားကိုဖြန့်ခဲ့တာပါ။ စကားပြောကောင်းသလို တရားဟောလည်း ထူးချွန်ခဲ့ကြတာပါ။ ဘယ့်နှယ်လို့ လူနားမလည်မယ့်စကားနဲ့ သူတို့တရားကို ဟောပါ့မလဲ။ သူတို့ အဲ့သလောက် ခေရင် ဘုရားတွေ တမန်တော်တွေမပြောနဲ့ ညစောင့်တောင်မဖြစ်ဘူး။
ခု ဗမာ့နိုင်ငံရေးမှာလည်း လက်သန်းအဌကထာဆရာတွေ ပေါများလွန်းလှတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘယ်အခြေအနေမှာ ဘယ်စကားကို ဘယ်လိုပြောခဲ့ ဘာကြောင့်ပြောခဲ့တယ်ဆိုတာ လူတိုင်းနားလည် သဘောပေါက်ပါတယ်။ ဒါကိုလိုက်ပြီး အနက်ဖွင့်ပေးနေစရာ အကျယ်ချဲ့ပေးနေစရာမလိုပါဘူး။
ဘာသာရေးမှာဖြစ်ဖြစ် နိုင်ငံရေးမှာဖြစ်ဖြစ် လက်သန်းအဌကထာဆရာတွေ ဝင်ရှင်းရင် ပိုရှုပ်သွားတတ်ပါတယ်။
ကျနော်တို့ သတိရှိကြဖို့ပါ။
နိုဝင်ဘာ ၁၈၊ ၂ဝ၁၆

0 comments:

Post a Comment