Monday, November 21, 2016

ကြွေးနွံ (မျိုးမြင့်ချို)

0 comments
ကြွေးနွံ (မျိုးမြင့်ချို)
ရွှေပြည်ကြီးကလူတွေဟာ မိခင်ဝမ်းကြာတိုက်မှာ ကာလလရေကြည်သန္ဓေတည်ကတည်းက အကြွေးလည်ပင်းခိုက်ရတဲ့ဘဝတွေပါ။ တက်လာသမျှအစိုးရအဆက်ဆက်က နိုင်ငံတော်အမည်ခံပြီး နိုင်ငံတကာက၊ ကမ္ဘာ့ဘဏ်က၊ နိုင်ငံငံတကာငွေကြေးအဖွဲ့အစည်းတွေကနေ ဘာစီမံကိန်းအတွက် ဘာဖွံ့ဖြိုးရေးအတွက် ဘာနှိမ်နင်းရေးအတွက် ဘာအတွက်ညာအတွက် အကြောင်းပြချက်တွေနဲ့ လက်ဖြန့်တောင်းတဲ့အခါတောင်း မျက်နှာပြောင်တိုက်ပြီး ချေးတဲ့အခါချေးခဲ့ကြတယ်။ လက်ဖြန့်လို့ရတာတွေက စေတနာသုံးတန်ပြဌာန်းပြီး ဘာမှမမျှော်ကိုးပဲပေးတိုက်တာတွေရှိသလို နောက်ကွယ်ကအကြံအစည်နဲ့ပေးတာတွေလည်းရှိပါတယ်။

ချေးငွေမှာကြတော့ တချို့ဟာတွေက အတိုးမဲ့ဆိုပေမယ့် နှောင်ကြိုးမမဲ့ဘူး။ တချို့ချေးငွေတွေက အတိုးနှုန်းနည်းတယ်ဆိုပေမယ့် အတိုးမသတ်နိုင်ရင် အတိုးပေါ်အတိုးထပ်ပေးရတယ်။ တချို့ချေးငွေတွေက ဘယ်နှနှစ်အတွင်း အပြီးပြန်ဆပ်ရမယ်ဆိုတာတွေပါတယ်။ တချို့ချေးငွေတွေကြတော့ အကျိုးလိုလို့ ညောင်ရေလောင်းတာ။ ထားပါတော့ အဲ့ဒီ နိုင်ငံစကာငွေကြေးစနစ်တွေ အတိုးအကြောင်းတွေ ချေးငွေကိစ္စတွေ ကျနော်လည်း ဘာမှသိတ်သိတာမဟုတ်ပါဘူး။ မသိတဲ့ကိစ္စကို ခနထားပြီး ခံစားရတဲ့ကိစ္စကိုပြောချင်ပါတယ်။

ဆိုတော့ အစိုးရဆိုတာတွေက နိုင်ငံတော်အမည်ခံပြီး ငွေတွေချေးကြတယ်။ သူတို့လုပ်ခဲ့တဲ့ စီမံကိန်းတွေ စီမံချက်တွေ ဖွံ့ဖြိုးရေးတွေဟာ စာရွက်ပေါ်မှာတော့ မစားရဝခမန်းချည်းပဲ။ တကယ့်လက်တွေ့မှာ သူတို့ပြောသလို ပြောသလောက်သာအောင်မြင်ခဲ့ရင် ဗမာပြည်ဟာ သာယာပြီး ဖွံ့ဖြိုးတိုးတက်နေမှာ အသေအချာပဲ။ တိုင်းပြည်စီးပွားရေးရော လူတဦးချင်းဝင်ငွေတွေရောမြင့်နေမှာဖြစ်သလို ကုန်ဈေးနှုန်းတွေ တည်ငြိမ် ငွေကြေးတွေ ပွလိုက်ကျစ်လိုက်မဖြစ်၊ လူတွေလည်းပညာတတ်ကြ၊ ဒီမိုကရေစီတွေ လူ့အခွင့်အရေးထွန်းကား ညီညာတဲ့ပြည်သာကြီးဖြစ်နေတာကြာပြီ။ လူအားလုံးနိုင်ငံသားအခွင့်အရေးတွေတန်းတူရနေသမို့ ပြည်တွင်းစစ်ကြီးလည်းမရှိ၊ စစ်နဲ့လုပ်စားနေတဲ့ စစ်အာဏာရှင်စနစ်လည်း ချုပ်ငြိမ်း ကဲ ဘယ်လောက်ပျော်စရာကောင်းမလဲ။ စိတ်ကူးယဉ်ချင်စရာကောင်းမလဲ။
တကယ့်လက်တွေ့မှာ တိုင်းပြည်နဲ့လူထုဟာ အဲ့ဒါတွေနဲ့ပြောင်းပြန်ဖြစ်နေတာ လူတိုင်းအမြင် လူတိုင်းအသိပဲ။

ဒါဆို အဲ့ဒါတွေလုပ်မယ်ဆိုပြီး တောင်းလို့ရတဲ့ငွေနဲ့ ချေးလို့ရတဲ့ငွေတွေက ဘယ်ရောက်သွားသလဲ။ ဘာလို့ ချေးငွေတွေပြန်ဆပ်ဖို့ နေနေသာသာ အတိုးတောင် အပြည့်မသတ်နိုင်ရသလဲ၊ ဘာလို့တိုင်းပြည်ဟာ အရှေ့တောင်အာရှမှာ အကြွယ်ဝဆုံးအနေအထားကနေ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်း ဝင်သွားရသလဲ။ အရပ်ပြောဆို ဘာလို့ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝကို ခံယူလိုက်ရတာလဲ စတာတွေရဲ့အဖြေကို တခွန်းတည်းနဲ့ယတိပြတ်ပြောရရင် စစ်အာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားနဲ့ စစ်အစိုးရတွေကြောင့်ပဲလို့ ထွက်ပါတယ်။ ဒါကို အကျယ်ချဲ့နေစရာမလိုတော့ပါ။

သူတို့ နိုင်ငံတော်အမည်ခံချေးယူပြီး ကိုယ်ကျိုးသုံးခဲ့ကြတဲ့ငွေတွေကို ကျနော်တို့ပြည်သူတရပ်လုံးက ခါးစည်းခံပြီးဆပ်ပေးနေကြရတာပါ။ သူတို့ ကြွယ်ဝချမ်းသာပြီး ဆယ်သက်စားမကုန်ဖြစ်နေချိန်မှာ ပြည်သူတချို့ ထမင်းနပ်မမှန်ဖြစ်နေရတာပါ။ သူတို့ စစ်မွေးပြီး အာဏာငန်းဖမ်းနေချိန်မှာ ပြည်သူတွေ စစ်ဘေးသင့်စစ်ပြေးဒုက္ခသည်ဘဝတွေ ရောက်ကြရတာပါ။ ပြောရရင် များပါတယ်။ တောသုံးတောင်ပါ။
လူတိုင်းသိနေ ခံစားနေရတာမို့ ဒီ့ထက်ပို ပြောဖို့မလိုတော့ပါ။

ခု ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအမည်ခံပြီး သိန်းစိန်အစိုးရလုပ်တော့ ထုံးစံအတိုင်း ကမ္ဘာပတ်ပြီးလက်ဖြန့်ပါတယ်။ တောင်းပါတယ် ချေးပါတယ်။ ရသင့်သလောက် ရပါတယ်။ အကြွေးလျှော်ပေးသူ လျှော်ပေးပါတယ်။ အတိုး မယူတော့တဲ့သူ မယူတော့ဘူးပြောပါတယ်။ စစ်အုပ်စုအတွက် စစ်ခရိုနီတွေအတွက် သပိတ်ဝင်အိပ်ဝင်ဖြစ်သွားတဲ့ ငွေကြေးအလုံးအရင်းနဲ့စီမံကိန်းတွေ တပုံတမဖြစ်သွားကြလို့ သူတို့ လက်မထောင်ကြတယ်ဆိုပေမယ့် အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေ ဥရောပသမဂ္ဂနိုင်ငံတွေ စကင်ဒီနေးဗီးယာန်းနိုင်ငံ(နော်ဝေ) တို့က စစ်အုပ်စုအပေါ်ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားမှု မပွင့်သေးတော့ အပြည့်တော့ မမော်နိုင်ခဲ့ကြပါ။

ခုတော့ အဲ့ဒီ ဆန်ရှင်လည်း မကျန်တော့သလောက်ပွင့်သွားပါပြီ။ ဒေါ်စုကလည်းပြော အန်ကယ်လ်ဆမ်ကလည်း ဖြုတ်ချင်နေချိန်မို့ ထီးလိုမင်းလိုဖြစ်သွားတာပါ။ အပြကောင်းမယ့်သူရဲ့အတောင်းဆိုကို အမေရိကန်ဘက်က အချိန်ပေးပြီးတော့ကို စောင့်ခဲ့တာပါ။ ခုဆို စစ်အုပ်စုနဲ့စစ်ခရိုနီတွေလက်ထဲ ပိတ်မိနေတဲ့ငွေကြေးတွေဟာ အခွန်လေးဘာလေးဆောင်ဆက်ပြီး ကမ္ဘာတလွှား တရားဝင်ရင်းနှီးမြှုတ်နှံတော့မယ့် အရင်းအနှီးဖြစ်သွားပါပြီ။ ငွေမည်းနေတုန်းက ငွေကြေးအဖြစ်ပဲရှိရာက ခု ငွေဖြူသွားတော့ အရင်းအနှီးဖြစ်သွားတဲ့သဘောပါ။ ပိတ်ဆို့မှုလက်ကျန်လေးက လက်နက်မရောင်းတာလောက်ပဲ ကျန်တော့တာပါ။ ဒါလည်း တိုက်ရိုက်မဝယ်မရောင်းတောင် ကြားကလက်နက်ကုန်သည်တွေ စစ်ပွဲစားတွေကနေတဆင့်လက်သိပ်ထိုးလုပ်လို့ ထိုက်သလောက်ဖြစ်ပါတယ်။

အခု ငွေချေးတဲ့အလုပ် လက်ဝါးဖြန့်တဲ့အလုပ်ကို ဒေါ်အောင်ဆန်းစုကြည်ကို ခိုင်းထားပါပြီ။ တနည်းပြောရရင် သူတို့အကျိုးအတွက် ခိုင်းစားထားပြီးကြပါပြီ။ ခက်တာက ကိုယ့်ဘုရားကလည်း မယားဘက် ခတ်ပါပါဖြစ်နေတာဆိုတော့ ပြည်သူတွေအဖို့ အောင့်အီးခံနေရတဲ့အဖြစ်ပါ။ ဘုရားဆိုတော့လည်း ဖနောင့်နဲ့ထပေါက်လို့မဖြစ်သလို ဂုတ်ဆွဲပြီး ခြံပြင်ထုတ်လို့လည်းမဖြစ်ပါ။

အခု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အမည်ခံပြီး အကူအညီတွေ ချေးငွေတွေပြန်ယူပြန်တောင်းပြန်ပါပြီ။ အကူအညီတွေကတော့ သူ့နှောင်ကြိုးနဲ့သူသေချာတွက်ချက်ပြီး ညောင်ရေလောင်းလိုက်တာမို့ အတိုးပေးဖို့နေနေသာသာ ပြန်တောင်ဆပ်စရာမလိုပါ။ သူတို့ဘာသာသူတို့နည်းနဲ့ ကျေရုံတင်မက အမြတ်အစွန်းထွက်တဲ့အထိ တဖြည်းဖြည်းချင်း ကဲ့ယူသဲ့ယူသွားကြမှာပါ။ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်ကြမှာပါ။

အကူအညီယူတာကို အပြစ်မဖို့ပါ။ အကူအညီမယူလို့မဖြစ်တဲ့နိုင်ငံဘဝရောက်အောင် အလုပ်ခံထားရတဲပြည်ဆိုတော့ အကူအညီတော့ယူရမှာပါပဲ။ ဒါပေမဲ့ သိဖို့လိုတာက ဖုန်းတောင်းယာစကာပြည်ဖြစ်အောင် ဘယ်သူတွေလုပ်ခဲ့သလဲဆိုတာဖြစ်ပါတယ်။

ချေးငွေတွေကတော့ အတိုးသတ်ရင်း အရင်းကြေအောင်ပြန်ဆပ်ရမှာပါ။ ဆိုတော့ စာရွက်ပေါ်ကစီမံကိန်းတွေ ဖွံ့ဖြိုးရေးစီမံချက်တွေ ဘယ်လောက် ဘယ်တော့ အောင်မြင်မယ် မမြင်မယ်သာ အပ်ချမတ်ချ မပြောနိုင်သေးပေမယ့် ပြည်သူတွေအဖို့တော့ အကြွေးပင်လယ်ထဲကနေ အကြွေးသမုဒ္ဒရာထဲအထိ ရေစုန်မျောသွားပါပြီ။ ကုန်ဈေးနှုန်းဒဏ်၊ ဥပဒေမဲ့ရာဇဝတ်မှုအကျူးလွန်ခံရတဲ့ဒဏ်။ အစိုးရရဲ့ဖိနှိပ်တဲ့ဒဏ်၊ စစ်ဘေးစစ်ဒဏ်တွေပိပြီး ဒဏ်ရာဗလဝနဲ့ လူလုံးမလှဖြစ်နေပါပြီ။ တပြိုင်တည်းမှာပဲ စစ်အုပ်စုဝင်တွေနဲ့ သူတို့ရဲ့ အိုးစားဘက်၊ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ခရိုနီတွေအတွက်လည်း ငွေတောင်ကြီးတွေမှိုလိုပေါက်ပြီး၊ ဒေါ်လာမြစ်ကြီးထဲ ရွှေလှေလေးတွေနဲ့ လေညှင်းခံဖို့ဖြစ်သလောက်ဖြစ်သွားပါပြီ။


မျေက်ပြဆန်တောင်းတာပဲဖြစ်ဖြစ် ဆင်ဖြူတော်မှီ ကြံစုပ်တာပဲဖြစ်ဖြစ် မျောက်ရှင်ဆန်ရသလို ဆင်ထိန်းလည်း ကြံချိုချိုစုပ်ရပါတယ်။ ပြည်သူတွေကတော့ မျောက်ရှင်ဘဝလား ဆင်ထိန်းဘဝလားတော့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။
ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ နိုင်ငံတော်အမည်ခံချေးငွေတွေကတော့ လူထုပခုံးပေါ်ထပ်ကျလာပြန်ပါပြီ။ ကြွေးတင် ရှင်ဘုရင်မဆပ်ပါ။ လူထုခါးစည်းခံကုန်းရုန်းဆပ်ရတာပါ။

ဒေါ်အောင်ဆန်းစုကြည်က အချိန်တန်တော့ ကွယ်လွန်သွားမှာပါ။ အကြွေးတွေကတော့ ဆုံးပါးသွားမှာ မဟုတ်ပါဘူး။ အလားတူပဲ ပြည်သူဆိုတာလည်း မျိုးတုန်းတတ်တဲ့အရာမဟုတ်သလို တိုင်းပြည်ဆိုတာကလည်း ကမ္ဘာ့မြေပုံပြင်ဆင်ရေးဆွဲတာ(ကမ္ဘာနဲ့ချီဖြစ်တဲ့စစ်ကြီးတွေ) မဖြစ်သရွေ့ ပျောက်ကွယ်သွားရိုးမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ ထားခဲ့တဲ့အကြွေးဟာ ဘယ်အထိ သံသယာလည်ဦးမလဲကတော့ မပြောတတ်သေးပါ။ ခရိုနီတွေကတော့ မြက်မြက်ကလေးရနိုင်တာမို့ လက်ခုပ်တဖြောင်းဖြောင်း လက်ခမောင်းတခတ်ခတ်ပါ။ ဒေါ်စုစကားနဲ့ဆို ဒီလူတွေဟာ ခရိုနီကောင်းဖြစ်တဲ့တွေပါ။

ကျနော်ကတော့ အီလျာအာရင်ဘတ်ရေးပြီး ဆရာမြသန်းတင့်ဘာသာပြန်တဲ့ လူများ၊ သက္ကရာဇ်များ၊ ဘဝ စာအုပ်ထဲကလို ခုချိန်ဟာ နာဇီတွေထဲက နာဇီကောင်းတွေရှာနေရမယ့်အချိန်မဟုတ်ဘူးဆိုတာကို အမှတ်ရမိသလို ကျနော်တို့တွေဟာ စစ်ခရိုနီကောင်းတွေကိုများ သည်းသည်းမည်းမည်း ရှာနေမိကြပြီလားလို့ တွေးမိပါတယ်။
မျိုးမြင့်ချို
နိုင်ဝင်ဘာ ၂၁၊ ၂ဝ၁၆

0 comments:

Post a Comment