Sunday, November 13, 2016

အမေရိကန် ဖောင်ကားစားမောင်မောင်သမ္မတ (မျိုးမြင့်ချို)

0 comments
(အမေရိကန် ဖောင်ကားစားမောင်မောင်သမ္မတ)
ဝီလျံ ဟင်နရီ ဟဲရစ်ဆင်န်ဟာ သမ္မအဖြစ်နဲ့ ကိုယ်စွမ်းကိုယ်စ ပြခွင့်မရလိုက်ရှာတဲ့၊ သက်တမ်းအတိုဆုံး အမေရိကန်သမ္မတပါ။ သူဟာ ၁၈၁၂ ဇွန်ကနေ ၁၈၁၅ ဖေဖော်ဝါရီအထိ အမေရိကန်နဲ့ဗြိတိသျှတို့ဖြစ်ခဲ့တဲ့စစ်ပွဲမှာ ရက်ဒ်အင်ဒီယန်းတွေကို အပီချေမှုန်းနိုင်တဲ့၊ စစ်တိုက်ကောင်းတဲ့ ဗိုလ်မှူးချုပ်ကြီးဆိုပြီး နံမည်ကြီးခဲ့သူဖြစ်ပါတယ်။ သမ္မတအင်န်ဒရူးဂျက်ဆင်လည်း သူ့လိုပဲ အဲ့ဒီစစ်ပွဲတွေမှာ နံမည်ထွက်ခဲ့သူပါဘဲ။ အဲ့ဒီစစ်ပွဲမှာ ဗြိတိသျှတို့ရဲ့ မြောက်အမေရိကမဟာမိတ်က ဒေသခံရက်ဒ်အင်ဒီယန်းတွေဖြစ်ပါတယ်။

သူဟာ ဗဂျီးနီးယားပြည်နယ် ချားလ်စီးတီးကောင်တီက မြေရှင်သူကြွယ်ကြီးလည်းဖြစ် နိုင်ငံရေးသမားလည်းဖြစ်တဲ့ ဘင်ဂျမင်ဟဲရစ်ဆင်န်ရဲ့ သားသမီး ၇ ဦးအနက် သားထွေးလေးဖြစ်ပါတယ်။ ဘင်ဂျမင်န်ဟာ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းမှာ လက်မှတ်ထိုးခဲ့သူဖြစ်သလို တော်လှန်ရေးကြီးအပြီးမှာ ဗဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးလည်းဖြစ်ခဲ့ပါတယ်။

ဝီလျံလေးဟာ အသက် ၁၄ နှစ်သားမှာ ဟမ့်ဒန် ဆစ်ဒနီကောလိပ်ကိုတက်ခဲ့ပေမယ့် ဖီလာဒဲလ်ဖီးယားက ဒေါက်တာဘင်ဂျမင်န်ဆီမှာ ဆေးပညာသင်မယ်ဆိုပြီး ကောလိပ်တပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ပါတယ်။ ၁၇၉၁ မှာ သူ့ဖခင်ကြီး တိမ်းပါးသွားပြီးနောက် အသက် ၁၈ နှစ် ရှိပြီဖြစ်တဲ့ဝီလျံဟာ ဆေးပညာသင်နေတာကိုရပ်လိုက်ပြီး စစ်ထဲလိုက်ပါတော့တယ်။ ဝင်ဝင်ချင်း အရာရှိအဖြစ် တန်းခန့်ခံရပါတယ်။ အနောက်မြောက်တိုင်းဒေသက ဗိုလ်ချုပ်ကြီးအန်သနီဝိန်းရဲ့ လက်ထောက်ဗိုလ်တယောက်ဖြစ်လာပြီး ရက်ဒ်အင်ဒီးယန်းတွေနဲ့ စစ်ပွဲပေါင်း များစွာ နွှဲခဲ့သူပါပဲ။ ၂၂ နှစ်သားရောက်တဲ့အခါ ကက်ပတိန်ရာထူးတိုးပေးခံရပြီး (အခု အိုဟိုင်းယိုးပြည်နယ်က စင်ဆင်နတီလို့ဆိုတဲ့) ဝေါ်ရှင်တန်ခံတပ်ရဲ့တပ်မှူးဖြစ်လာပါတယ်။

သူ အဲ့မှာ တပ်မှူးလေးဖြစ်နေတုန်းမှာပဲ မြေရှင်ကြီးတယောက်ရဲ့သမီး အင်နာဆင်မ်းမက်စ်နဲ့ အကြောင်းပါခဲ့ပြီး သားသမီးဆယ်ယောက် ထွန်းကားခဲ့ပါတယ်။ သူ့သား ဂျွန်စကော့တ်ဟဲရစ်ဆင်န်ဆိုရင် အမေရိကန်ရဲ့ ၂၃ ဦးမြောက်သမ္မတ ဘင်ဂျမင်န်ဟဲရစ်ဆင်န် အဖေပါ။ သဘောက ဝီလျံ တင် သမ္မတဖြစ်ခဲ့တာမဟုတ် သူ့မြေးပါ သမ္မတဖြစ်ခဲ့တာပါ။ သမ္မတမြေးအဖိုး ဆိုပါတော့။

၁၇၉၈ မှာ သမ္မတအေဒမ်စ်က သူ့ကို အနောက်မြောက်ဒေသရဲ့ဝန်ကြီး ခန့်ခဲ့ပါတယ်။ ဝန်ကြီးဖြစ်ပြီးနောက်တနှစ် အသက် ၂၆ လည်း ရောက်ရော ကွန်ဂရက်စ်လွှတ်တော်မှာ အနောက်မြောက်ဒေသရဲ့ ပထမဆုံးကိုယ်စားလှယ်အဖြစ် အခန့်အအပ်ခံရပါတယ်။ ၁၈ဝဝ ပြည့်နှစ်မှာ အနောက်မြောက်ဒေသရဲ့ အနောက်ဖက်တခြမ်းကို အင်ဒီယားနားအဖြစ် အသိအမှတ်ပြုလိုက်တဲ့အခါမတော သမ္မတအေဒမ်စ်က သူ့ကို ပြည်နယ်အုပ်ချုပ်ရေးမှူးခန့်လိုက်ပါတော့တယ်။ သူ အဲ့ဒီရာထူးမှာ နှစ်တော်တော်ကြာကြာမြဲခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက်၊ ၁၈၁၁ ခုနှစ်မှာ ရှောင်န်နီးလူမျိုးစုရက်ဒ်အင်ဒီးယန်းတွေနဲ့ အကြိတ်အနယ်ချခဲ့တဲ့စစ်ပွဲမှာ ဝီလျံဟာ ပြည်သူ့စစ်တွေကို ဦးစီးပြီးအနိုင်တိုက်ခဲ့လို့ တပြည်လုံးမှာ သူ့နံမည်ဟိုးလေးတကြော်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီစစ်ပွဲမှာ အမေရိကန်လူဖြူတွေက ရက်ဒ်အင်ဒီးယန်းတွေ ထံက မြေဧကပေါင်း ၃ သန်းလောက် သိမ်းပိုက်ခဲ့တာပါ။ ၁၈၁၂ စစ်ပွဲဖြစ်လာတော့ သူ့ကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီး အနောက်မြောက်တိုင်း တိုင်းမှူးအဖြစ် ခန့်ခဲ့ပါတယ်။ နောက်နှစ်လည်းကြရော ဗိုလ်ချုပ်အထိဖြစ်လာပါတယ်။ အောက်တိုဘာ ၅၊ ၁၈၁၃ မှာ သူဟာ တပ်အင်အား ၃ ထောင်ကိုဦးစီးပြီး ကနေဒါနယ်ထဲအထိဝင်ချသွားပြီး ဗြိတိသျှ-ရက်ဒ်အင်ဒီးယန်းမဟာမိတ်တပ်တွေကို ထိုးစစ်ဆင်ပါတယ်။ Tippecanoe လို့ ကျော်ကြားတဲ့အဲ့ဒီစစ်ပွဲမှာ စစ်တိုက်ရာမှာ လူတကာဖိန့်ဖိန့်တုန်ရတဲ့ရက်ဒ်အင်ဒီးယန်း (ရှောင်န်နီး)ခေါင်းဆောင် Tecumseh ကျဆုံးသွားခဲ့ရပြီး ဝီလျံတို့ နိုင်လိုက်ပါတယ်။

၁၈၁၄ ခု ရောက်တော့ သူဟာ ရာထူးကနှုတ်ထွက်အငြိမ်းစားယူပြီး အိုဟိုင်းယိုးပြည်နယ် နော့သ်ဘင်န်းက သူ့ လယ်တောမှာ ပြန်နေခဲ့ပါတယ်။ ဒါပေမယ်လို့ ၁၈၁၆ ခုနှစ် ကွန်ဂရက်စ်လွှတ်တော်မှာ အမတ်နေရာ လစ်လပ်သွားတာနဲ့ သူ့ကို လွှတ်တော်အမတ်အဖြစ် ခန့်လိုက်ကြပြန်ပါတယ်။ နောက်တော့ ဆီနိတ်တာ(အထက်လွှတ်တော်အမတ်)အဖြစ် ဝင်အရွေးခံတာနိုင်လို့ အိုဟိုင်းယိုးပြည်နယ်ဆီးနိတ်မှာ ၆ နှစ် သက်တမ်း ထမ်းဆောင်ခဲ့ပါတယ်။ ၁၈၂၅ လည်းရောက်ရော ပြည်နယ်ဥပဒေပြုလွှတ်တော်က သူ့ကို အမေရိကန်ပြည်ထောင်စုဆီးနိတ်တာအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ အဲ့ဒီ ပြည်ထောင်စုအထက်လွှတ်တော်မှာ သူဟာ စစ်ရေးဆိုင်ရာကော်မတီရဲ့ဥက္ကဌ ဖြစ်လာပါတယ်။ သူ့ရှေ့က ဥက္ကဌကတော့ အင်န်ဒရူးဂျက်ဆင်န်ပါ။

၁၈၂၈ မှာ သမ္မတ ဂျွန် ကွမ်စီ အေဒမ်စ်က သူ့ကို ကိုလံဘီယာဆိုင်ရာ အမေရိကန်သံအမတ်ကြီးခန့်တာနဲ့ ဆီးနိတ်တာအဖြစ်ကနေ နှုတ်ထွက်ပါတယ်။ ဒါပေမယ့် နောက်တနှစ်မှာ အင်န်ဒရူးဂျက်ဆင် သမ္မတလည်းဖြစ်လာရော သူ့ကို အဲ့ဒီရာထူးကနေပြန်ရုပ်သိမ်းတာ ခံလိုက်ရပါတယ်။ အင်န်ဒရူးသမ္မတဖြစ်နေတဲ့တလျှောက်လုံး ဝီလျံဟာ ရွာပြန်ပြီး ခတ်လျှိုလျှိုနေရပါတယ်။ ၁၉၃၄ မှာ သူဟာ ဟယ်လ်မင်တန်ခရိုင် ပြည်သူ့အယူခံတရားရုံးမျာ ရုံးစာရေးလုပ်ခဲ့ပါတယ်။ တနှစ်ကို ဒေါ်လာတသောင်းလောက်ရပါတယ်။

အင်မတိအင်မတန်ရှုပ်ထွေးပွေလီလှတဲ့ ၁၈၄ဝ ခု မဲဆွယ်ပွဲတွေမှာ Whig Party က တင်တဲ့ ကိုယ်စားလှယ်လောင်းတွေဟာ လက်ရှိသမ္မတမာတင်ဗန်ဘူရင်န်းနဲ့ ထိပ်တိုက်တွေ့ကြတာပါ။။ ဗဂျီနီးယားကတိုင်လာလို့ဆိုတဲ့ သူ့ လုပ်ဖော်ကိုင်ဘက်ကြီးနဲ့တွဲပြီး ဝတ်ဂ်ပါတီညီညွတ်ရေး လုပ်နိုင်ခဲ့ပါတယ်။ သူတို့ ၂ ယောက် လူတွေကိုဖမ်းစားခဲ့တဲ့ ကြွေးကြော်သံကတော့ Tippecanoe and Tyler Too ဖြစ်ပါတယ်။ ၁၈၃၇ စီးပွားပျက်ကပ်ကြီးရဲ့ ဒဏ်တွေကြောင့်ဖြစ်ရတဲ့ ကဖြဲကရုန်းနိုင်နေမှုတွေဟာ ဝတ်ဂ်ပါတီအတွက် အခွင့်ကောင်းဝင်ခဲ့ပါတယ်။ ဝီလျံဟာ အမျိုးသားရေးပြဿနာတွေ ကို လက်ရှောင်ပြီး စစ်မှုထမ်းမှတ်တမ်းနဲ့ဘဲ ပွဲထွက်ခဲ့ပါတယ်။ မဲဆွယ်ပွဲတွေမှာ ဗန်ဘူရင်န်းရဲ့လူတွေက (လောင်းရဲတယ် မောင်၊ ခေါင်ရည် တစည်နဲ့ တနှစ် ဒေါ်လာ ၂ သောင်းလောက်သာ အဲ့ငတိကိုပေးထား၊ သစ်လုံးအိမ်ထဲထိုင်ပြီး အူကြောင်ကြားဖြစ်နေမှာ)ဆိုပြီး ရယ်ပွဲဖွဲ့ခဲ့ ကြတယ်။ ဝတ်ဂ်ပါတီဝင်တွေဘက်ကလည်း ဒါကို ချက်ခြင်းတန်ပြန် ထိုးနှက်ခဲ့ကြတာပါ။ ဗန်ဘူရင်န်းကို နူးယော့ခ်က အာဏာမက်တဲ့ ဇောတိကကြီးအဖြစ်လှောင်ပြီး သူ့ကိုတော့ အဝတ်အစား ဘိုသီဘတ်သီနဲ့ နယ်သစ်ပယ်သစ်တွေ တိုက်ခိုက်ရှာဖွေပေးသူ၊ သစ်လုံးအိမ် လေးထဲမှာ ခေါင်ရည်တစည်နဲ့ ချို့ချို့ငဲ့ငဲ့နေနေရသူအဖြစ်ပုံဖော်ခဲ့ကြပါတယ်။ မဲဆွယ်ပွဲသီချင်းကလည်း ဗန်ဘူးရင်န်းကို ထေ့လုံးငေါ့လုံးတွေနဲ့ ပါဘဲ။ ပြောရရင် အဲ့ဒီရွေးကောက်ပွဲဟာ အဲ့ဒီခေတ်မှာ ရှေ့တန်းရောက်ခဲ့တယ်လို့ဆိုရပါမယ်။ ၁၈၃၆ သမ္မတရွေးကောက်ပွဲကထက် လူတသန်းကျော် ပိုပြီး မဲပေးခဲ့ကြပါတယ်။ သမ္မတလောင်းဟာ ထောက်ခံမဲတသန်းကျော်ရခဲ့တဲ့ ပွဲပါ။ ဟဲရစ်ဆင်န်က လူထုမဲ ၁၂၇၄၆၂၄ ရပြီး၊ ဗန်ဘူးရင်န်းက ၁၁၂၇၇၈၁ ရခဲ့ကြပါတယ်။ ၂၃၄ မဲရှိတဲ့ အလက်တိုရယ်ဘုတ်မှာ ဗန်ဘူရင်န်းက မဲ ၆ဝ ဘဲရပြီး ခွက်ခွက်လန်အောင် ရှူံးသွားပါတယ်။ လွှတ်တော်အမတ်နေရာတွေလည်းအများစုနိုင်လို့ သမိုင်းမှာ Whig ပါတီအနေနဲ့ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် သမ္မတနေရာရော၊ လွှတ်တော် ၂ ရပ်လုံးရော ထိမ်းချုပ်နိုင်တဲ့အနေအထား ရခဲ့တာဖြစ်ပါတယ်။

မတ်ခ်ျ ၄ ရက်၊ ၁၈၄၁ မှာ ဝီလျံဟာ သမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ မိုးတွေသည်း၊ လေတွေတိုက် ခိုက်ခိုက်တုန်အောင်အေးခဲနေတဲ့ကြားက သူ့ပရိသတ်ဟာ ရာသီဥတုဒဏ်ကိုမမှုပဲ ဒီအခမ်းအနားကို တက်ခဲ့ကြပါတယ်။ သူ့အောင်ပွဲဟာ သမ္မတဂျွန်ကွင်စီအေဒမ်စ်ရဲ့စကားနဲ့ဆို (၁၇၈၉ ကတည်းကစလို့ ဘာနဲ့မှ ပမာနှိုင်းမရတဲ့ လူကြိုက်များလှတဲ့ အခမ်းအနားကြီး)တခုပါပဲ။ သူဟာ အဲ့ဒီအချိန်က ဖြစ်ခဲ့သမျှသမ္မတတွေအနက် အသက်အကြီးဆုံးဖြစ်ပါတယ်။ သူဟာ လွှတ်သဘင်ရဲ့ အရှေ့ဘက်လှေကားထစ်တွေပေါ်မှာ ခေါင်းဆောင်းဦးထုတ်မပါပဲ မတ်တပ်ရပ်ရင်း သွယ်ဝိုက်လွန်းလှတဲ့ ကျမ်းကျိန်ပွဲမိန့်ခွန်းရှည်ကြီးကို ဖတ်ခဲ့ပါတယ်။ မိန့်ခွန်းရေးသူက သူရဲ့နိုင်ငံခြားရေးဝန်ကြီးသစ် ဒန်နီယယ်လ် ဝဘ်စ်တာပါ။ ဒီ တနံတလျားမိန့်ခွန်းကြီးချွေရင်း သူ အအေးမိခဲ့ပါတယ်။ အဲ့ဒီ အအေးမိတာကပဲ နောက်တလမှာ သေဖို့ဖြစ်လာတာပါ။

အဲ့ဒီနေရာမှာပဲ သူက သမ္မတအကြာကြီးလုပ်ရင် ဘုရင်စိတ်ပေါက်လာနိုင်တယ်လို့ ရှုတ်ချပြောဆိုပြီး သမ္မတသက်တမ်းကိုလည်း တကြိမ်သာထားဖို့ ဖွဲ့စည်းပုံဥပဒေနဲ့ကန့်သတ်သင့်ကြောင်းပြောခဲ့ရုံမက သူ့ဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သမ္မတအဖြစ် ဒုတိယသက်တမ်း ထမ်းဆောင်လိမ့်မှာမဟုတ်ဘူးလို့လည်း အတိအလင်းပြောခဲ့ပါတယ်။ ဥပဒေပြုလွှတ်တော်မှာ သမ္မတဝင်ပါတာဟာ မသင့်တော်ဘူးလို့ အတိအလင်းပြောခဲ့သလို ဖွဲ့စည်းပုံကပြောတဲ့ သမ္မတအလုပ်ဟာဘာလဲဆိုတာ သိနားလည်ဖို့လို့ သမ္မတက သမ္မတအလုပ်လုပ် လွှတ်တော်ကလွှတ်တော်အလုပ် လုပ်ဆိုတဲ့သဘောပြောခဲ့ပါတယ်။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် အလုပ် လုပ်နေကြတဲ့ ဝန်ကြီးဌာနတွေအပြင် အခြားအာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း သမ္မတကနေ ဝင်ထိမ်းပေးဖို့လိုတယ်လို့ သူမယူဆကြောင်းတွေ အပါအဝင်က အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေးကိစ္စတွေနဲ့ပတ်သက်လို့ သူ့အမြင် သူ့အယူအဆတော်တော်များများ ပြောခဲ့ပါတယ် အထူးသဖြင့် အစိုးရအလုပ်နဲ့ သမ္မတအလုပ်၊ သမ္မတအလုပ်နဲ့ လွှတ်တော်အလုပ်တွေကို ဇောင်းပေးပြီးပြောခဲ့တာပါ။(စာရှည်မစိုးလို့ ချန်ခဲ့ပါတယ်)

သမ္မတဖြစ်ပြီး နောက်ပိုင်း ရက်သတ္တပတ်တွေမှာ Whig ပါတီထဲက နေရာလိုချင်တွေသူတွေရဲ့ အမျိုးမျိုးဒုက္ခပေးတာကို သူခံခဲ့ရပါတယ်။ ဒါပေမယ့် ပါတီအပေါ်သစ္စာရှိပြီးရောဆိုပြီး ကိုယ့်လူတွေကိုနေရာပေးဖို့ လက်ရှိအစိုးရအရာရှိတွေကို ဖြုတ်ခဲ့တာမျိုးတော့ သူမလုပ်ခဲ့ပါဘူး။ သမ္မတဝီလျံကို နယ်ရုပ်လေးလို ကိုင်ကစားလို့ရမယ်လို့တွက်ခဲ့တဲ့ ဆီနိတ်တာစ္စတာကလေး Senator Clay ကတော့ သမ္မတဟာ သူ့လူတွေကိုချည်းပဲ နေရာတွေပေး ရာထူးတွေခန့်ခဲ့တယ်လို အတိအကျပြောခဲ့တာရှိပါတယ်။ သူက ဆီနိတ်တာကလေးကို မင်းဟာ စကားပြော တော်တော် တဇောက်ကန်းနိုင်တဲ့ကောင်လို့ပြောပြီး အိမ်ဖြူတော်ကနေ ကန်ထုတ်ခဲ့ပါတယ်။ ဒါနဲ့ မစ္စတာကလေးလည်း ဒေါသထွက်ပြီး ကင်န်တပ်ကီပြန်သွားပါတယ်။

အအေးကလည်းမိထား လူလည်း ပင်ပမ်းပြီးချုံးချုံးကျနေတဲ့ ဝီလျံဟဲရစ်ဆင်န်ဟာ ၁၈၄၁ ခု မတ်ခ်ျ ၂၇ ရက်မှာတော့ အိပ်ယာပေါ် ဘုန်းဘုန်းလဲပါတော့တယ်။ (ကျမ်းကျိန်ခဲ့တာက မတ်ခ်ျ ၄ ရက်နေ့ဖြစ်ပါတယ်)။ နောက်တနေ့မှာတော့ ဆရာဝန်က သမ္မတမှာ အဆုပ်ရောင်ရောဂါရနေပြီလို့ ဆိုပါတယ်။ ၁၈၄၁ ခု၊ ဧပြီ ၄ ရက် ည ၁၂ နာရီ ခွဲမှာ ဝီလျံဟန်နရီဟဲရစ်ဆင်န်ဟာ ရာထူးလက်ဝယ်ရှိတုန်း ကွယ်လွန်ခဲ့တဲ့ ပထမဆုံးအမေရိကန်သမ္မတဖြစ်သွားခဲ့ရပါပြီ။

သူမကွယ်လွန် သူ့ဆရာဝန်ကို (ဆြာ..အစိုးရရဲ့ တကယ့်အခြေခံမူတွေဟာ ဘာဆိုတာ ခင်ဗျား နားလည်စေချင်တဲ့ဆန္ဒ ကျနော့်မှာရှိပါတယ်။ ကျနော် အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိခဲ့တယ်။ ဒီ့ထက်ပိုပြီး ဘာမှတော့ မတောင်းဆိုပါဘူး)လို့ နောက်ဆုံးစကားအဖြစ် အမှာထားခဲ့ပါတယ်။
မျိုးမြင့်ချို
နိုဝင်ဘာ ၁၃၊ ၂ဝ၁၆
(မှတ်ချက် ရနောင်မောင်မောင်တုတ်လို့ပြောတာက သက်တမ်းတိုတာလေးကိုပဲ ကွက်ပြီး ညွှန်းတာပါ။ တခြားဘာမှ မဖွယ်မရာ မဆိုပါ)

0 comments:

Post a Comment