Friday, November 18, 2016

မရွယ်ပဲမင်းဖြစ်တဲ့ စော်ကဲသမ္မတ ဇက်ကရီတေလာ (မျိုးမြင့်ချို)

0 comments

(မရွယ်ပဲမင်းဖြစ်တဲ့ စော်ကဲသမ္မတ ဇက်ကရီတေလာ)
ဇက်ကရီတေလာဟာ နိုင်ငံရေးအတွေ့အကြုံ နှမ်းတစေ့တောင်မရှိဘဲ သမ္မတအဖြစ်အရွေးချယ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲ့သလိုမရှိတဲ့ အကျိုးဆက်က ဧကနဲ့ဒွေး ထွေးနေတဲ့ကိစ္စတွေနဲ့ နိုင်ငံရေးပြဿနာတွေအတွက် ကြံစည်တာတာမှန်သမျှ ဖင်တခြားခါးတောင်းကျိုက်တခြား ဖြစ်ခဲ့ပါတယ်။ ဝီလျံဟင်န်ရီဟဲရစ်ဆင်နည်းတူ တေလာ့ကိုလည်းပဲ Whig ပါတီက ပါတီတွင်းသမ္မတလောင်းလျာတွေက စစ်သူရဲကောင်းကြီး ဖြစ်ခဲ့တာတခုတည်းနဲ့ ဝိုင်း ထိုးတင်ရွေးကောက်လိုက်ကြတာဖြစ်ပါတယ်။ ဟဲရစ်ဆင်န်လိုပဲ တိုင်းပြည်ရင်ဆိုင်နေရတဲ့ကိစ္စတွေကို ကိုင်တွယ် နိုင်စွမ်းရှိမရှိ သက်သေထူမပြရခင်မှာ ကိစ္စချောနှင့်တဲ့သမ္မတဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အမေရိကန်ဟာ ပြည်တွင်းစစ်ဆီကို ဦးတည်နေပါပြီ။ ဒီပြည်တွင်းစစ်ကို သူ့နောက်ပိုင်းသမ္မတဖြစ်ခဲ့သူတွေ ဖြေရှင်းခဲ့ကြရတာဖြစ်ပါတယ်။ သူက ၁၂ ယောက်မြောက်သမ္မတဖြစ်ပြီး လင်ကွန်းက ၁၆ ယောက်မြောက်သမ္မတပါ။ သူနဲ့ လင်ကွန်းကြားမှာ ၃ ယောက်ပဲခြားပါတယ်။
တေလာ့ စစ်သက်က အနှစ်လေးဆယ်ရှိခဲ့ပါတယ်။ ရက်ဒ်အင်ဒီးယန်းတွေနဲ့တိုက်ခဲ့သလို နယ်ခြားစောင့်စခန်းတွေမှာလည်း တပ်မှူးလုပ်ခဲ့ ပါတယ်။ အမေရိကန်-မက္ကဆီကန်စစ်မှာ သူ့တပ်အင်အား လေးဆကျော်တိုးသွားခဲ့တဲ့ ဗျုနားဗစ္စတာတိုက်ပွဲ နိုင်လိုက်တာကြောင့် တန်ခိုး ထွားလာတယ်လို့ဆိုရမှာပါ။ စကားပြောရင် ဟောဟောဒိုင်းဒိုင်း၊ အဝတ်အစားကြတော့လည်း ဝတ်ချင်သလိုဝတ်တတ်တာမို့ သူ့ရဲဘော်တွေက သူ့ကို လက်ပြင်ထားတဲ့လူကြမ်းကြီးလို့ခေါ်ကြပါတယ်။ စစ်တိုက်နေတဲ့အချိန်မျာတောင် ယူနီဖေါင်းထက် အရပ်ဝတ်ကိုပိုကြိုက်သူပါ။ ပုပုပြတ်ပြတ်ဂင်တိုတိုနဲ့မို့ စစ်သူရဲကောင်းရုပ် တစက်မှမပေါက်သူဖြစ်ပါတယ်။ မြင်းပေါ်အတက်မှာ ခြေကားယားလက်ကားနဲ့မို့ ကြည့်ရ အလွန် ဆိုးပါတယ်။ မွေးချင်းကိုးယောက်ရှိတဲ့အနက် နောက်ဆုံးသုံးယောက်က သားချည်းဆက်တိုက်ဖြစ်ပြီး သူက အငယ်ဆုံးပါ။ ၁၇၈၄ ခု၊ နိုဝင်ဘာ ၂၄ ရက်ဟာ သူ့မွေးနေ့ဖြစ်ပါတယ်။ ဗဂျိးနီးယားပြည်နယ် အောရိန့်ဂ်ျခရိုင်ဟာ သူ့ချက်မြုတ်ပါ။ အခါလည်မပြည့်ခင်မှာဘဲ သူ့အဖေ ဗိုလ်မှူးကြီးက သူ့ကို အမေရိကန်အနောက်ဖက်ဒေသကို ခေါ်သွားခဲ့ပါတယ်။ သူ့အဖေ ဗိုလ်မှူးကြီးဖြစ်တယ်ဆိုတာလည်း အမေရိကန် တော်လှန်ရေးမှာပါခဲ့လို့ရခဲ့တဲ့ ဆုလဘ်ဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကင်န်တပ်ကီဒေသမှာ ဘာအတန်းကျောင်းမှမရှိတာမို့ က ကညစ်ပေမှာ ခြစ်တွေဘာတွေကို ဝိုင်းဆရာအိမ်ခေါ်ပြီးသင်ခဲ့ရတာဖြစ်ပါတယ်။ သူ့အဖေကလည်း ကျူရှင်ဆရာတွေအိမ်ငှားသင်ဖို့ အမြဲမပြတ် လုပ်ပေးခဲ့ ပါတယ်။
တေလာ ၂၃ သားရောက်တော့ ဒုဗိုလ်အဖြစ်နဲ့ စစ်ထဲဝင်အမှုထမ်းဖို့ ကော်မရှင်ရပါတယ်။ ဒါကလည်း ဂျိမ်းစ်မက်ဒီဆင်န်ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းဖြစ်နေလို့ပါ။ ဂျိမ်းစ်မက်ဒီဆင်န်ဟာ သူနဲ့ဆွေမျိုးတော်သလို အဲ့ဒီအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ ၁၈၁ဝ ခုလည်းရောက်ရော သူ့ကို ဗိုလ်ကြီးအထိ ရာထူးတိုးပေးခဲ့ပြါတယ်။
အဲ့ဒီ ၁၈၁ဝ မှာပဲ မာဂရက်စမစ်သ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ မာဂရက်ဟာ ကွန်ကော့ဘ်ဆေးတံဖွာရတာကြိုက်တဲ့ မစ္စစ်အင်ဒရူးဂျက်ဆင်န် လိုဘဲ နယ်စပ်စခန်းတွေမှာကြုံရတဲ့ဒုက္ခပေါင်းစုံကို တေလာနဲ့အတူ ခါးစည်းခံခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံမှာ သားသမီး ၆ ယောက် ထွန်းကား ခဲ့ပေမယ့် သားယောက်ျားကတော့ တယောက်တည်းပါ။ ရစ်ချာ့ဒ်လို့ခေါ်တဲ့ဒီကလေးဟာ နောက်ပိုင်း အမေရိကန်ပြည်ထောင်စုတပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးအထိဖြစ်ခဲ့ပါတယ်။ တေလာ့သားသမီးတွေထဲက ဆယ်ရာဟာ အဖေသဘောမတူတဲ့ကြားက တောင်ပိုင်းပြည်နယ်များရဲ့သမ္မတ လောင်းလျာ ဒုဗိုလ်လေး ဂျက်ဖါဆင်န်ဒေးဗစ်နဲ့ ထိမ်းမြားခဲ့ပါတယ်။ လက်ထပ်ပြီး ၃ လအကြာမှာ ဆယ်ရာကွယ်လွန်သွားခဲ့ပေမယ့် သမီးယောက္ခမ မျက်နှာကြောမတည့်ကြပါဘူး။ ဗျူနာဗစ္စတာတိုက်ပွဲအပြီးမှာမှ ပြန်အလွမ်းသင့်ပြတာပါ။ အဲ့အချိန်မှာ ဒေးဗစ်ဟာ ဒုဗိုလ်မှူးကြီး ဖြစ်နေပါပြီ။
၁၈၁၂ ခုနှစ် ရက်ဒ်အင်ဒီယန်း ရှောင်န်နီးမျိုးစုခေါင်းဆောင် Tecumseh ရဲ့တပ်တွေက အင်ဒီယားနားပြည်နယ် ဖို့ဒ်ဟဲရစ်ဆင်န်ခံတပ်ကို တိုက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ တေလာဟာ သူ့အစွမ်းအစပြခွင့်ရသွားပြီး အစမ်းခန့်ဗိုလ်မှူးရာထူးရခဲ့ပါတယ်။ စစ်ပွဲလည်းပြီးရော သူ့နဂိုရာထူး ဖြစ်တဲ့ ဗိုလ်ကြီးဘဝကို ပြန်လျှောကျခဲ့ပါတယ်။ ဒါနဲ့ သူ တပ်ကထွက်ပါတယ်။ တနှစ်ပဲကြာလိုက်တယ် သူ့ကို ဗိုလ်မှူးအဆင့်ပြန်ပေးလို့ တပ်ထဲပြန်ဝင်ခဲ့ပါတယ်။ ၁၈၁၉ မှာ သူ့ကို ဒုဗိုလ်မှူးကြီးရာထူးတိုးပေးခဲ့ပါတယ်။ အဲ့ဒီရာထူးနဲ့ ၁၃ နှစ်ကြာခဲ့ပါတယ်။ နောက်တော့ Black Hawk စစ်ဆင်ရေးမှာ ဗိုလ်မှူးကြီးဖြစ်လာပါတယ်။ အမှတ်တစ် ခြေမြန်တပ်မကြီးရဲ့တပ်မမှူးအဖြစ် အောင်ပွဲတွေခံခဲ့ပါတယ်။ Black Hawk ဆိုတာက ရက်ဒ်အင်ဒီယန်းမျိုးနွယ်စု တစုဖြစ်ပါတယ်။ အဲ့ဒီစစ်ဆင်ရေးမှာ အဲ့ဒီလူမျိုးစုအကြီးအကဲ လက်နက်ချပွဲကို ကိုယ်တိုင်တက်ရောက် လက်ခံခဲ့ပါတယ်။ နောက် ၅ နှစ်အကြာမှာတော့ ဆီမိုင်နိုးလ်အင်ဒီးယန်း Seminole Indians ကိုတိုက်ဖို့ ဖလော်ရီဒါဘက် စေလွှတ်ခံရပါတယ်။ ၁၈၃၇ ခုနှစ် ခရစ္စမတ်နေ့မှာ ဆီမိုင်နိုးလ်တွေကို လက်စတုံးသုတ်သင်ပြီးနောက် ဗိုလ်မှူးချုပ်ရာထူးအထိတက်လာပါတယ်။ ဖလော်ရီဒါတပ် အားလုံးရဲ့ တပ်မှူးကြီးလည်းဖြစ်လာပါတယ်။ နောက်တော့ လူဝီဇီးယားနားမှာ ခြံတွေမြေတွေဝယ်တော့တာပါပဲ။ လူမည်းကျွန်တွေနဲ့ ဧရာမ မြေရှင်ကြီးဖြစ်လာပါတယ်။
၁၈၄၅ ခုမှာ တက္ကဆက်ကို ပြည်ထောင်စုထဲဆွဲသွင်းလိုက်တဲ့အခါမှာတော့ မက္ကကိုကတိုက်လာခဲ့ရင် ဘာမဆိုပြန်လုပ်နိုင်တဲ့ အာဏာကုန် လွှဲအပ်ခြင်းရတဲ့တပ်မှူးကြီးဖြစ်လာပါတယ်။ မက္ကဆီကိုနဲ့စစ်ဖြစ်လာတဲ့အခါမှာ ရိုင်ယိုဂရန်းဒီမှာရှိတဲ့တပ်အားလုံးရဲ့တပ်မင်းကြီး ဖြစ်လာပါတယ်။ နောက်တော့ သူ့တပ်တွေကိုကွပ်ကဲပြီး မက္ကဆီကိုနိုင်ငံရဲ့မြောက်ပိုင်းပြည်နယ်တွေထဲကို လျှပ်တပြက်ထိုးစစ်တွေနဲ့ ကျူးကျော်သိမ်းပိုက် ခဲ့ပါတယ်။ အောင်ပွဲတွေကြောင့်ရေပန်းစားလာတဲ့သူ့ကို ပြည်နယ်သမ္မတ Polk က မနာလိုတိုရှည်ဖြစ်လာပါတယ်။ ဒါနဲ့ သူ့လက်အောက်ခံ တပ်အင်အားတွေကိုလျှော့ချပြီး မက္ကဆီကိုအလယ်ပိုင်းကို ထိုးဖေါက်တဲ့တပ်ပေါင်းစုက ဗိုလ်မှူးချုပ် ဝင်းဖီးလ်ဒ်စကော့တ်ရဲ့ လက်အောက်ခံ တပ်မှူးအဖြစ်ထားလိုက်ပါတယ်။ သမ္မတက စစ်သည်အင်အား ငါးထောင်လောက်လေးပေးပြီး သူ့ကို လူလုံးမလှအောင် လုပ်ခဲ့တာပါ။ ၁၈၇၄ ခု၊ ဖေဖော်ဝါရီထဲမှာ မက္ကဆီကန်သမ္မတ စန်တာအင်န်နာဦးဆောင်တဲ့ အင်အား ၂ သောင်းကျော်က ဗျူနာဗစ္စတာမှာ တေလာ့ရဲ့ အင်အား ၅ ထောင်လောက်တပ်ကလေးကိုဝင်တိုက်လို့ ဖရိုဖရဲနဲ့ဆုတ်ခွာရတာမျိုးဖြစ်အောင်လုပ်တာပါ။ အဲ့သလိုဖြစ်ခဲ့ရင် တေလာ့ဂုဏ်သတင်း ကျော်ကြားမှု မှေးမှိန်သွားလိမ့်မယ်လို့ တွက်ခဲ့တာဖြစ်ပါတယ်။ Polk အစိုးရအဖွဲ့ရဲ့စစ်ဆင်ရေးအခင်းအကျင်းကြောင့် စိတ်ပျက်ဒေါသထွက် လာတဲ့ တေလာဟာ ခွင့်မဲ့ပျက်ကွက်အဖြစ်ခံပြီး လူဝီဇီးယားနားကသူ့အိမ်ကို ပြန်လာခဲ့ပါတယ်။
ဗျူနာဗစ္စတာမှာဖြစ်ခဲ့တဲ့သတင်းတွေ အမေရိကန်ကိုရောက်လာတယ်ဆိုရင်ပဲ Whig ပါတီက တေလာ့ကို သမ္မတလောင်းအဖြစ် ကောက်ကာ ငင်ကာ အမည်စာရင်းတင်သွင်းတော့တာပါဘဲ။ တကယ်က အဲ့ဒီနေ့မှာ သူဘယ်လိုရပ်တည်ခဲ့တာဆိုတာကို သူအပါအဝင် ဘယ်သူမှ တိတိပပ သိခဲ့ကြတာမရှိပါဘူး။ အားလုံး ဘုမသိဘမသိတွေချည်းဖြစ်ခဲ့ကြတာပါ။ ၁၈၄၈ ခု ဇွန်လ ဖီလာဒဲလ်ဖီးယားမှာလုပ်တဲ့ Whig ပါတီညီလာခံ ကနေ တေလာ့ကိုသမ္မတလောင်း၊ နူးယော့ခ်က မီးလာ့ဒ်ဖီလ်မိုးကို ဒုသမ္မတလောင်းအဖြစ်ရွေးခဲ့ပါတယ်။ ဒီမိုကရက်ပါတီက မစ်ချီဂန်ပြည်နယ် ဆီနိတ်တာလူးဝစ္စက်စ်ဟာ တေလာ့ရဲ့ပြိုင်ဘက်ဖြစ်လာပါတယ်။ မာတင်ဗန်ဘူရင်န်းကလည်း ကျွန်စနစ်ဆန့်ကျင်ရေးသမားဆိုပြီး လွတ်လပ်မြေ Free Soil ပါတီရဲ့ သမ္မတလောင်းအဖြစ် သမ္မတနေရာပြန်ရဖို့ ဝင်ပြိုင်ပါတယ်။
ရွေးကောက်ပွဲမှာ တေလာက လူထုမဲ တသန်းသုံးသိန်းကျော်၊ လူးဝစ္စကက်စ်က တသန်း နှစ်သိန်းကျော်ရပြီး ၁၆၃ မဲရှိတဲ့ အလက်တိုရယ်လ် ဘုတ်မှာ တေလာက ၁၂၇ မဲရခဲ့ပါတယ်။ ဒီလိုနဲ့ စစ်သူရဲကောင်းကြီးတေလာ့ရဲ့ ၁၈၄၈ ရွေးကောက်ပွဲကြီး ပြီးဆုံးသွားခဲ့ပါတယ်။ ဗန်ဘူရင်န်း သမ္မတလောင်းပြန်အရွေးခံ့တဲ့ အဲ့ဒီနှစ်မှာပဲ နူးယော့ခ်ဒီမိုကရက်ပါတီတွင်း အကွဲအပြဲတွေဖြစ်ခဲ့ပါတယ်။ နူးယော့ပြည်နယ်ရဲ့ အလက်တိုရယ်လ် ဘုတ် သုံးဆယ့်ခြောက်မဲစလုံး တေလာ့ဘက်ကျသွားခဲ့ပါတော့တယ်။ အဲ့ဒီ ၃၆ မဲကဘဲ လက်ပြင်ထားတဲ့လူကြမ်းကြီးကို သမ္မတနေရာပို့ခဲ့တာ ဖြစ်ပါတယ်။
ကျမ်းကျိန်ရမယ့် ၁၈၄၉ မတ်ခ်ျ ၄ ရကက်နေ့ဟာ တနင်္ဂနွေဖြစ်နေလို့ တေလာက တနင်္လာကို ရက်ရွှေ့ခဲ့ပါတယ်။ ဖြစ်ခဲ့သမျှသမ္မတတွေအနက် သူပြောခဲ့တဲ့ ကျမ်းကျိန်ပွဲမိန့်ခွန်းဟာ အတိုဆုံးဖြစ်ပါတယ်။ တိုင်းပြည်အတွက် သူဘာတွေလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေလည်း ချမပြခဲ့ပါဘူး။ လွှတ်တော်တွေကိုပဲရည်ညွှန်းပြီး အကျိုးစီးပွားခြင်းပဋိပက္ခဖြစ်နေတာတွေကို ဟာမိုနီဖြစ်အောင်လုပ်ပြီး ပြန်လည်ပေါင်းစည်းရေးတွေလုပ်ကြဖို့၊ မိမိတို့ရဲ့မျှော်လင့်ချက်နဲ့စိတ်စေတနာရဲ့ အထွဋ်အမြတ်နေရာမှာ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူသင့်ကြကြောင်း ဒီလောက်ပါဘဲ။ တကယ်လို့ သူ့စိတ်ထဲမှာ မဖြစ်မနေလုပ်ချင်တဲ့ စီမံကိန်းတွေရှိနေခဲ့တယ်ဆိုရင်တောင်မှ အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော် ၂ ရပ်လုံးကို ဒီမိုကရက်ပါတီက စီးထားနိုင်လို့ပါဘဲ။
တေလာ့လက်ထက်မှာပဲ တောင်ပိုင်းနဲ့မြောက်ပိုင်းကြားမှာ အကြိတ်အနယ်ငြင်းခုန်ပွဲတွေဖြစ်ခဲ့ပါတယ်။ မက္ကဆီဆီကနေ သိမ်းပိုက်ရထားတဲ့ ဒေသတွေမှာ ကျွန်စနစ်ထားသင့် မထားသင့်ဆိုတဲ့အပေါ်မှာ တည်ပြီးဖြစ်ခဲ့တာပါ။ ဒါကို Free and Slave လို့ခေါ်ပါတယ်။ ကျွန်စနစ် ဆက်ထားတဲ့ပြည်နယ်တွေကို Slave States လို့သမုတ်ပြီး ကျွန်စနစ်ဖျက်သိမ်းတဲ့ပြည်နယ်တွေကိုတော့ Free States လို့ အမည်တွင်စေ ပါတယ်။ ၁၈၄၉ ခုမှာ ကယ်လီဖိုးနီးယားသားတွေက ကွန်စတီကျူးရှင်န်းတခုဆွဲပြီး သူတို့ပြည်နယ်ကို ဖရီးစတိတ်အဖြစ်ခွင့်ပြုဖို့ ပြည်ထောင်စု ကို အဆိုတင်လာပါတယ်။ အထက်လွှတ်တော်မှာလည်း ဖရီးစတိတ်နဲ့ ဆလေ့ဗ်စတိတ်တွေကြား အမျက်သိုစရာတွေဖြစ်ခဲ့ပါတယ်။ မွေးရာပါ တောင်ပိုင်းသားစစ်စစ်ဖြစ်ပေမယ့်လည်း တေလာဟာ ကယ်လီဖိုးနီးယားရဲ့တောင်းဆိုချက်ကို ခွင့်ပြုလိုက်လျောဖို့ ကွန်ဂရက်စ်ကိုတိုက်တွန်း ခဲ့ပါတယ်။ ဒါပေမယ့် ကွန်ဂရက်စ်က ဥပဒေပြဌာန်းမပေးပဲ ပယ်ချခဲ့ပါတယ်။ ဆလေ့ဗ်စတိတ်ဖြစ်တဲ့တက္ကဆက်က နူးမက္ကဆီကိုဒေသကို သူအပိုင်ဖြစ်တယ်လို့ တောင်းလာတဲ့အခါမှာ ကယ်လီဖိုးနီးယားလို ပြဿနာမပေါ်ရလေအောင် တေလာဟာ သူတတ်နိုင်သလောက် အားထုတ်ခဲ့ပါတယ်။ နူးမက္ကဆီကိုဒေသဟာ အမေရိကန်ပြည်ထောင်စုက ဝယ်ယူထားခဲ့တဲ့မြေဖြစ်တယ်ဆိုတာကိုကိုင်စွဲပြီး ပြည်ထောင်စုရဲ့ စီမံခန့်ခွဲမှုအောက်မှာသာရှိရမယ် တက္ကဆက်နဲ့မဆိုင်ဘူးလို့ အပြတ်ငြင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၄ ရက်၊ ၁၉၄၉ နေ့မှာ ကွန်ဂရက်စ်မှာပြောခဲ့တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း State of the Union မှာ သူက နူးမက္ကဆီကိုနဲ့ကယ်လီဖိုးနီးယားကိုဝယ်ရတာရယ် မက္ကဆီကိုနဲ့ဖြစ်တဲ့စစ်စားရိတ် ထောင်းတာရယ်တွေကြောင့် တိုင်းပြည်မှာ အကြွေး ၁၆ သန်းတင်နေပြီ။ ဒါ့ကြောင့် ဒီ ဘဋာရေးနှစ်ကို ဒီအကြွေးနဲ့ပဲ ဘတ်ဂျတ်ပိတ်ဖို့၊ သွင်းကုန်နဲ့ ပြည်တွင်းအခွန် ၂ ခုလုံးအပေါ် အခွန်နှုန်းတိုးမြှင့်ဖို့၊ အမေရိကန်စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့တွေတိုးပေးဖို့ ပြောခဲ့ပါတယ်။ ပြည်တွင်းစက်မှုလုပ်ငန်းတွေကိုအားပေးဖို့ဆိုတာ ကွန်ဂရက်စ်ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်ဆိုတဲ့အပေါ်မှာ ကျနော် ဘာသံသယမှမရှိပါဘူး။ ဒီလုပ်ငန်းတွေကပဲ တိုင်းပြည်ကြီးပွားကြီးပွားကြောင်း အရင်းအမြစ်ဖြစ်သလို လူတယောက်ခြင်းစီရဲ့ ဓနနဲ့ဥစ္စာကို တိုးပွားစေတာလည်းဖြစ်ပါတယ်လို့ပြောရင်း တဆက်တည်း စက်မှုလယ်ယာဖြစ်လာဖို့လည်း အားသွန်ခွန်စိုက်လုပ်ဖို့လိုကြောင်း ပြည်တွင်း အလုပ်သမားတွေအတွက် မြဲမြံမယ့်အလုပ်နေရာတွေဖန်တီးဖို့လိုကြောင်း၊ ကုန်သွယ်ရေးလုပ်ငန်းတွေလည်း ချဲ့ထွင်ဖို့လိုကြောင်း စတာတွေ အပြင် ခိုင်မာပြီး ရေရှည်လည်းခံ အကျိုးအမြတ်လည်းဖြစ် အလုပ်နေရာတွေလည်းဖော်နိုင်မယ့်စနစ်မျိုး ထူထောင်ဖို့လိုတာတွေလည်း ပြော ခဲ့ပါတယ်။
ပြည်တွင်းရေးပေါ်လစီတွေ နိုင်ငံခြားရေးပေါ်လစီတွေ ဒေသတွင်းဆိုင်ရာပေါ်လစီတွေ ရေပိုင်နက် မြေပြင်ပိုင်နက်ကိစ္စတွေလည်း မိန့်ခွန်းမှာ စုံစုံလင်လင် ပါပါတယ်။ (စာရှည်မစိုးလို့ ချန်ခဲ့ပါတယ်)
၁၈၅ဝ ခု၊ န်နဝါရီမှာ လွှတ်တော် ၂ ရပ်လုံးကို သူက နူးမက္ကဆီကိုသားတွေနဲ့ ကယ်လီဖိုးနီးယားသားတွေကို သူတို့ပြည်နယ်တွေဘာဖြစ်ရမယ် ဆိုတာ သူတို့ဘာသာဆုံးဖြတ်ကြပါစေ။ အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းပါမူတွေအပေါ်အခြေခံပြီး ဆုံးဖြတ်ခွင့်ပေးကြဖို့ တောင်းဆိုခဲ့ ပါတယ်။ ပြည်ထောင်စုကိုအန္တရာယ်ရောက်စေမယ့် ဘယ်လိုအငြင်းပွားမှုမျိုးထဲမှာမှ ကွန်ဂရက်စ်က ဝင်မပါပဲ လက်ရှောင်ပေးပါလို့လည်း တိုက်တွန်းခဲ့ပါတယ်။
လွှတ်တော်တွေထဲကအငြင်းပွားမှုတွေ ပိုပြီး သည်းသန်ပြင်းထန်လာတဲ့အခါမှာတော့ တောင်ပိုင်းပြည်နယ်တွေက သူတို့ဆီဖြန့်ချထားတဲ့ ပြည်ထောင်စုတပ်တွေကို ပြဿနာဖြစ်နေတဲ့နူးမက္ကဆီကိုကနေ မောင်းထုတ်ခဲ့ပါတယ်။ အင်ဒရဂူးဂျက်ဆင်ရဲ့ စစ်ရည်ဝပြီး စစ်သားဆန်ဆန် တုံးတိတိလေသံနဲ့ နိုင်ငံတော်သစ္စဖေါက်သူ မည်သူ့ကိုမဆို လည်ပင်းကြိုးကွင်းတပ်သုတ်သင်စေဟု ကျွန်ပ်ကိုယ်တိုင် ပြည်ထောင်စု တပ်မတော်အားအမိန့်ပေးမည်ဟု ကြေညာခဲ့ပါတယ်။ ၁၈၅ဝ ခုမှာ ပြဿနာတွေ ပြေလည်ရာပြေလည်ကြောင်း ဆီနိတ်တာမစ္စတာကလေး၊ မစ္စတာဝဘ်စ်တာ၊ မစ္စတာကယ်ဟွန်းတို့က အပြုသဘောဆောင်တဲ့ အပေးအယူတခုကို တင်ခဲ့ကြပါတယ်။ ဒါပေမယ့် တေလာက ဒါကို ပမာမခန့်လုပ်ပြီး ချောင်ထိုးခဲ့ပါတယ်။ တကယ်လို့ သူသာ အသေမစောခဲ့ရင် အဲ့ဒီအပေးအယူကိစ္စကို တချက်လွှတ်အမိန့် Veto သုံးပြီး ပယ်ချဖြစ်ဖို့များပါတယ်။ တေလာ အနိစ္စရောက်သွားလို့ ၁၈၅ဝ ခုမှာ ပြည်တွင်းစစ်ကြီး ထမဖြစ်ခဲ့တာလို့ ဝဘ်စ်တာက ကောက်ယူခဲ့ပါတယ်။
ဇူလိုင် ၄ ရက်၊ ၁၈၅ဝ ခုမှာ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ သမ္မတတေလာဟာ ဝေါ်ရှင်တန်က လွတ်လပ်ရေးကျောက်တိုင်ကြီးအခြေမှာ နာရီပေါင်းများစွာလဲလျောင်းရင်း နေစာလှုံခဲ့လို့ အပူရှပ်ပြီး အဖျားဝင်ပါတော့တယ်။ အိမ်ဖြူတော်ပြန်ရောက်တဲ့အခါမတော့ သူ့မှာအဖျားသွေးက အတော်ကြီးကိုတက်နေပါပြီ။ ဒီလိုနဲ့ ၅ ရက်ကြာပြီးတဲ့နောက် ဇူလိုင် ၉ ရက်၊ ၁၈၅ဝ ခုမှာ ကွယ်လွန်ခဲ့ပါတယ်။ သမ္မတကွယ်လွန်ပြီဖြစ်ကြောင်း ဒုသမ္မတမီးလာ့ဒ်ဖီးလ်မိုးက ကွန်ဂရက်စ်ကိုကြေညာရင်း တေလာရဲ့နောက်ဆုံးစကားကို ပြောပြခဲ့ပါတယ်။
“I have always done my duty. I am ready to die. My only regret is for my friends I leave behind me’ ပါတဲ့ခင်ဗျား။
မျိုးမြင့်ချို
နိုဝင်ဘာ ၁၈၊ ၂ဝ၁၆

0 comments:

Post a Comment